ပြည့်စုံပြီးသား ဟောကိန်းများ
ရှေ့ဆောင်းပါးမှာ ဖော်ပြထားတဲ့ ကရီးဆပ်ဟာ ဒယ်လဖီနတ်ကွန်းရဲ့ အထင်မှားစေတဲ့ ဟောကိန်းကြောင့် ပါးရှားဘုရင်ရဲ့ အနိုင်ယူခြင်း ခံလိုက်ရတယ်။ ကျမ်းစာမှာတော့ ပါးရှားဘုရင်နဲ့ပတ်သက်တဲ့ ဟောကိန်း ပါပြီး အသေးစိတ် ပြည့်စုံခဲ့တယ်။
ပါးရှားဘုရင် မမွေးခင် နှစ်ပေါင်း ၂၀၀ လောက်မှာ ဟီဘရူးပရောဖက် ဟေရှာယက ဗာဗုလုန်မြို့ကြီးကို ဆိုင်းရပ် ဘယ်လို အနိုင်ယူမယ့်အကြောင်း နာမည်နဲ့တကွ ဖော်ပြခဲ့တယ်။
ဟေရှာယ ၄၄:၂၄၊ ၂၇၊ ၂၈။ “ယေဟောဝါ ပြောတာက– ‘ငါဟာ . . . ရေထုကြီးကို “အငွေ့ပြန်စေ။ မြစ်တွေအားလုံး ခန်းခြောက်စေ” လို့ ပြောတဲ့အရှင်ပဲ။ ဆိုင်းရပ်နဲ့ပတ်သက်ပြီး “သူဟာ ငါခန့်အပ်တဲ့ သိုးထိန်းပဲ။ ငါအလိုရှိတာမှန်သမျှ တစ်ခုမကျန် သူပြည့်စုံစေမယ်” လို့ ပြောတဲ့အရှင်၊ ဂျေရုဆလင်နဲ့ပတ်သက်ပြီး “ဒီမြို့ကို ပြန်တည်ဆောက်လိမ့်မယ်” လို့ပြောတဲ့အရှင်၊ ဗိမာန်တော်ကိုလည်း “ဒီအုတ်မြစ်ကို ပြန်ချလိမ့်မယ်” လို့ပြောတဲ့အရှင်ပဲ။’”
ဂရိသမိုင်းပညာရှင် ဟီရိုဒိုးတပ်စ်အဆိုအရ ဆိုင်းရပ်ရဲ့ စစ်တပ်က ဗာဗုလုန်မြို့ထဲ ဖြတ်သန်းစီးဆင်းတဲ့ ယူဖရေးတီးမြစ်ရေကို လမ်းကြောင်းလွှဲခဲ့တယ်။ ဒီနည်းဗျူဟာကြောင့် ဆိုင်းရပ်ရဲ့ စစ်သည်တွေ မြစ်ကို ဖြတ်ပြီး မြို့ထဲ ဝင်ရောက်နိုင်ခဲ့ကြတယ်။ မြို့သိမ်းပြီးတဲ့နောက် ဗာဗုလုန်သုံ့ပန်းဘဝ ရောက်နေတဲ့ဂျူးတွေကို လွှတ်ပေးပြီး လွန်ခဲ့တဲ့နှစ် ၇၀ တုန်းက ဖျက်ဆီးခံခဲ့ရတဲ့ ဂျေရုဆလင်မြို့ကို ပြန်တည်ဆောက်ခွင့် ပြုလိုက်တယ်။
ဟေရှာယ ၄၅:၁။ “ငါယေဟောဝါက ဆိုင်းရပ်ကို ဘိသိက်ပေးထားတယ်။ သူ့ညာလက်ကို ငါကိုင်ထားမယ်။ လူမျိုးတွေကို သူနှိမ်နင်းမယ်။ ဘုရင်တွေရဲ့ လက်နက်တွေကို ရုပ်သိမ်းမယ်။ မြို့တံခါး ပွင့်သွားအောင် တံခါးရွက်နှစ်ခုကို ဆွဲဖွင့်မယ်။”
ပေါ့ပေါ့ဆဆ ဖွင့်ထားတဲ့မြို့တံခါးကြီးကနေ ပါးရှားစစ်သည်တွေ မြို့ထဲ ဝင်နိုင်ခဲ့ကြတယ်။ ဆိုင်းရပ်ရဲ့ အကြံကိုသာ ဗာဗုလုန်တွေ ကြိုသိခဲ့ရင် မြို့တံခါးအားလုံးကို ပိတ်ထားကြမှာပဲ။ ဒါပေမဲ့ မြို့တော်ဟာ အကာအကွယ် မဲ့နေခဲ့တယ်။
ဒါဟာ အတိအကျ ပြည့်စုံခဲ့တဲ့ ကျမ်းစာဟောကိန်း (ပရောဖက်ပြုချက်) တွေထဲက တစ်ခုပါ။a လူ့ဟောကိန်းတွေဟာ နတ်ဘုရားတွေဆီက လာတယ်လို့ မှတ်ယူလေ့ရှိကြတယ်။ ကျမ်းစာဟောကိန်းတွေကတော့ “နောက်ဆုံးရလဒ်ကို အစကတည်းက ငါကြိုဟောခဲ့တယ်။ မလုပ်ဆောင်ရသေးတဲ့ အရာတွေကို ရှေးကတည်းက ကြိုဟောခဲ့တယ်” လို့မိန့်ဆိုတဲ့အရှင်ဆီက လာတယ်။—ဟေရှာယ ၄၆:၁၀။
ယေဟောဝါလို့ နာမည်ရှိတဲ့ စစ်မှန်တဲ့ ဘုရားသခင်သာလျှင် အဲဒီလို မိန့်ဆိုနိုင်တယ်။ ဘုရားသခင့်နာမည်ဟာ “ကိုယ်တော် ဖြစ်လာစေတယ်” လို့ အဓိပ္ပာယ်ရတယ်။ အဲဒီနာမည်က အနာဂတ်ကို သိနိုင်စွမ်း ရှိကြောင်း၊ အလိုတော်နဲ့အညီ ဖြစ်ပေါ်စေနိုင်စွမ်း ရှိကြောင်း ဖော်ပြတယ်။ ကတိတော်မှန်သမျှ ပြည့်စုံစေမယ်ဆိုတာကိုလည်း စိတ်ချစေတယ်။
ယနေ့ ပြည့်စုံနေတဲ့ ဟောကိန်းများ
ကျွန်တော်တို့ခေတ်နဲ့ပတ်သက်တဲ့ ကျမ်းစာဟောကိန်းတွေအကြောင်း သိချင်ပါသလား။ “နောက်ဆုံးကာလ” ဟာ “အလွန် ခက်ခဲကျပ်တည်းမယ်” လို့ လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ ခန့်က ကျမ်းစာမှာ ကြိုဟောထားတယ်။ ဘာရဲ့ “နောက်ဆုံးကာလ”လဲ။ လူတွေနဲ့ ကမ္ဘာမြေရဲ့ နောက်ဆုံးကာလ မဟုတ်ဘူး။ နှစ်ပေါင်းထောင်ချီ လူတွေ ခံစားနေရတဲ့ ရန်လိုမုန်းတီးမှု၊ ဖိနှိပ်မှု၊ ဆင်းရဲဒုက္ခတို့ရဲ့ အဆုံးပါ။ “နောက်ဆုံးကာလ” ဖြစ်ကြောင်း သိရှိစေတဲ့ ဟောကိန်းတချို့ကို ဆန်းစစ်ကြည့်ရအောင်။
၂ တိမောသေ ၃:၁-၅။ ‘နောက်ဆုံးကာလမှာ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကိုတပ်မက်သူ၊ ဝါကြွားသူ၊ မောက်မာသူ၊ ဘုရားကို စော်ကားပြောဆိုသူ၊ မိဘစကား နားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ ချစ်ခင်တွယ်တာစိတ် မရှိသူ၊ ညှိနှိုင်းလို့ မရသူ၊ သွားပုပ်လေလွင့်ပြောသူ၊ မချုပ်တည်းနိုင်သူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ရာကို မုန်းတီးသူ၊ သစ္စာဖောက်သူ၊ တဇောက်ကန်းနိုင်သူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကို မချစ်ဘဲ အပျော်အပါးကိုသာ နှစ်သက်သူ၊ ဘုရားတရား ကြည်ညိုဟန်ရှိပေမဲ့ တရားကို လက်တွေ့မကျင့်သူတွေ ဖြစ်ကြလိမ့်မယ်။’
အခုချိန်မှာ အဲဒီလိုအကျင့်ရှိသူတွေ တိုးများလာတယ်ဆိုတာ သဘောတူတယ် မဟုတ်လား။ ကျွန်တော်တို့ ဝန်းကျင်ကလူတွေဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူတွေ၊ ငွေတပ်မက်သူတွေ၊ မာနကြီးသူတွေ ဖြစ်နေမှန်း သတိထားမိတယ် မဟုတ်လား။ ညှိနှိုင်းလို့ မရသလို အလျှော့လည်း မပေးတတ်ကြတာကို သတိပြုမိတယ် မဟုတ်လား။ မိဘစကား နားမထောင်တဲ့သူတွေ၊ ဘုရားသခင်ကို မချစ်ဘဲ အပျော်အပါးကိုသာ နှစ်သက်သူတွေ တိုးများလာတာကို သတိထားမိမှာ သေချာပါတယ်။ အခြေအနေ ဆိုးသည်ထက် ဆိုးလာတယ်။
မဿဲ ၂၄:၆၊ ၇။ “ရပ်နီးရပ်ဝေးက စစ်မက်သတင်းတွေကို ခင်ဗျားတို့ ကြားရလိမ့်မယ်။ . . . လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။”
၁၉၁၄ ခုနှစ်ကတည်းက စစ်ပွဲတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် သေဆုံးသူ သန်း ၁၀၀ ကျော်သွားပြီလို့ ခန့်မှန်းကြတယ်။ အဲဒါက နိုင်ငံများစွာရဲ့ စုစုပေါင်း လူဦးရေထက် ပိုများတယ်။ ဒါတွေကြောင့် ကျခဲ့ရတဲ့ ကြေကွဲမျက်ရည်တွေ၊ ဆင်းရဲဒုက္ခတွေကို မြင်ယောင်ကြည့်ပါ။ လူတွေဟာ အမှားကနေ သင်ခန်းစာ ယူပြီး စစ်ကို အဆုံးသတ်ကြပြီလား။
မဿဲ ၂၄:၇။ “အစာခေါင်းပါးတာ . . . ဖြစ်လိမ့်မယ်။”
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဒီလိုဆိုတယ်– “ယောက်တိုင်းအတွက် အစားအစာ အလုံအလောက် ရှိပေမဲ့ လူ ၈၁၅ သန်း (ကိုးယောက်မှာ တစ်ယောက်) ဟာ ဗိုက်ဟောင်းလောင်းနဲ့ အိပ်ရာဝင်နေရတယ်။ သုံးယောက်မှာ တစ်ယောက်က အာဟာရ ချို့တဲ့မှုဝေဒနာ တစ်မျိုးမျိုးကို ခံစားနေကြတယ်။” နှစ်တိုင်း ကလေး သုံးသန်းလောက်ဟာ ငတ်မွတ်မှုကြောင့် သေဆုံးနေကြတယ်လို့ ခန့်မှန်းရတယ်။
လုကာ ၂၁:၁၁။ “ငလျင်တွေ အကြီးအကျယ် လှုပ်လိမ့်မယ်။”
နှစ်စဉ် ငလျင် ၅၀,၀၀၀ နီးပါး လှုပ်တယ်။ ငလျင် ၁၀၀ လောက်က ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေတယ်။ နှစ်တိုင်း အင်အားပြင်းငလျင်ကြီးတစ်ခု လှုပ်တတ်တယ်။ ခန့်မှန်းချက်တစ်ခုအရ ၁၉၇၅ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်အတွင်းမှာ ငလျင်ကြောင့် လူပေါင်း ၄၇၁,၀၀၀ သေဆုံးခဲ့တယ်။
မဿဲ ၂၄:၁၄။ “လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော်သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။ ပြီးမှ အဆုံးရောက်လာလိမ့်မယ်။”
ယေဟောဝါသက်သေ ရှစ်သန်းကျော်ဟာ ဘုရားနိုင်ငံတော် သတင်းကောင်းကို ကမ္ဘာတစ်ဝန်း နယ်မြေပေါင်း ၂၄၀ လောက်မှာ ဟောပြောသက်သေခံနေကြတယ်။ မြို့ကြီးပြကြီးတွေ၊ နယ်စွန်နယ်ဖျားဒေသတွေ၊ တောတောင်တွေအထိ သတင်းကောင်း ဟောပြောနေကြတယ်။ ဘုရားကျေနပ်တဲ့အထိ ဟောပြောပြီးတဲ့အခါ “အဆုံး ရောက်လာလိမ့်မယ်” လို့ ကြိုဟောထားတယ်။ ဘာကို ဆိုလိုသလဲ။ လူ့အုပ်ချုပ်မှု အဆုံးတိုင်ပြီး ဘုရားနိုင်ငံတော် စတင်အုပ်ချုပ်မှာကို ဆိုလိုတယ်။ ဘုရားနိုင်ငံတော်အောက်မှာ ဘယ်ကတိတွေ ပြည့်စုံလာမလဲ။ ဆက်ဖတ်ကြည့်ပါ။
a “ဟောကိန်း တိကျမှန်ကန်ကြောင်း အသံတိတ်သက်သေ” ဆောင်းပါးကို ကြည့်ပါ။