မဿဲ
၂၅ “ကောင်းကင်နိုင်ငံကို မီးခွက်+ ကိုယ်စီကိုင်ပြီး သတို့သားကို+ ထွက်ကြိုတဲ့ အပျိုစင်ဆယ်ယောက်နဲ့ ခိုင်းနှိုင်းနိုင်တယ်။ ၂ အပျိုစင်ငါးယောက်က ဉာဏ်မရှိဘူး။ ကျန်တဲ့ငါးယောက်ကတော့ သတိပညာရှိတယ်။+ ၃ ဉာဏ်မရှိတဲ့ ငါးယောက်က မီးခွက်ယူသွားပေမဲ့ ဆီအပို မယူသွားဘူး။ ၄ သတိပညာရှိတဲ့ ငါးယောက်ကတော့ မီးခွက်ကိုယ်စီပါတဲ့အပြင် ဆီအပိုကိုလည်း ဘူးနဲ့ထည့်ပြီး ယူသွားတယ်။ ၅ သတို့သားက တော်တော်နဲ့ ရောက်မလာတော့ သူတို့အားလုံး ငိုက်ပြီး အိပ်ပျော်သွားကြတယ်။ ၆ သန်းခေါင်ယံမှာ ‘သတို့သား လာနေပြီ၊ သွားကြိုကြ’ ဆိုတဲ့အော်သံ ကြားရတယ်။ ၇ အဲဒီအခါ အပျိုစင်အားလုံး နိုးလာပြီး မီးခွက်တွေကို အသင့်ပြင်တယ်။+ ၈ ဉာဏ်မရှိတဲ့ အပျိုစင်တွေက ‘ငါတို့မီးခွက် ငြိမ်းတော့မှာမို့လို့ ဆီနည်းနည်းလောက် ပေးပါလား’ ဆိုပြီး တောင်းတဲ့အခါ၊ ၉ သတိပညာရှိသူတွေက ‘တို့ရဲ့ဆီက အားလုံးအတွက် လောက်မှာမဟုတ်ဘူး။ ဒီတော့ ဆီရောင်းတဲ့သူဆီမှာ သွားဝယ်ကြ’ လို့ပြန်ပြောတယ်။ ၁၀ သူတို့ ဆီသွားဝယ်နေတုန်းမှာ သတို့သား ရောက်လာတယ်။ အသင့်ရှိနေတဲ့ အပျိုစင်တွေက သတို့သားနဲ့အတူ ဧည့်ခံကျွေးမွေးတဲ့နေရာကို ဝင်သွားတယ်။+ အဲဒီနောက် တံခါးပိတ်သွားတယ်။ ၁၁ ကျန်တဲ့အပျိုစင်တွေ ရောက်လာပြီး ‘သခင်၊ သခင်၊ ကျွန်မတို့ကို တံခါးဖွင့်ပေးပါဦး’+ လို့ တောင်းပန်တော့၊ ၁၂ သတို့သားက ‘ခင်ဗျားတို့ကို ကျွန်တော် လုံးဝမသိဘူး’ လို့ပြောလိုက်တယ်။
၁၃ “ဒါကြောင့် အဲဒီနေ့၊ အဲဒီအချိန်ကို ခင်ဗျားတို့ မသိတဲ့အတွက်+ သတိနဲ့စောင့်နေကြပါ။+
၁၄ “ကောင်းကင်နိုင်ငံဟာ တိုင်းတစ်ပါးသွားခါနီး ကျွန်တွေကိုခေါ်ပြီး ပစ္စည်းတွေအပ်တဲ့လူနဲ့ တူတယ်။+ ၁၅ သူက ကျွန်တစ်ယောက်စီရဲ့အရည်အချင်းကို ကြည့်ပြီး တစ်ယောက်ကို ငါးတဲလင့်၊* နောက်တစ်ယောက်ကို နှစ်တဲလင့်၊ နောက်တစ်ယောက်ကိုကျတော့ တစ်တဲလင့်ပေးပြီး ခရီးဝေးထွက်သွားတယ်။ ၁၆ ငါးတဲလင့်ရတဲ့သူက ချက်ချင်းပဲ အဲဒီငွေနဲ့ အရောင်းအဝယ်လုပ်တဲ့အတွက် နောက်ထပ်ငါးတဲလင့် အမြတ်ရတယ်။ ၁၇ နှစ်တဲလင့်ရတဲ့သူကလည်း နှစ်တဲလင့် အမြတ်ရတယ်။ ၁၈ တစ်တဲလင့်ရတဲ့ ကျွန်ကတော့ ထွက်သွားပြီး အဲဒီငွေကို မြေကြီးထဲမှာ မြှုပ်ထားလိုက်တယ်။
၁၉ “အချိန်အတော်ကြာပြီးတဲ့နောက် သခင်ပြန်လာပြီး ကျွန်တွေကို ငွေစာရင်း ရှင်းခိုင်းတယ်။+ ၂၀ ငါးတဲလင့်ရတဲ့ကျွန်က အမြတ်ငွေ ငါးတဲလင့်ကိုပါ ယူလာပြီး ‘သခင်၊ ကျွန်တော့်ကို ငါးတဲလင့် အပ်ခဲ့တာ။ အခု နောက်ထပ်ငါးတဲလင့် အမြတ်ရပါတယ်’+ လို့ပြောတယ်။ ၂၁ ဒါနဲ့ သခင်က ‘တော်လိုက်တာ။ မင်းဟာ သစ္စာရှိတဲ့ ကျွန်ကောင်းပဲ။ အသေးအမွှား ကိစ္စတွေမှာတောင် သစ္စာရှိတဲ့အတွက် မင်းကို အများကြီး ထပ်ပြီးအပ်ဦးမယ်။+ သခင်နဲ့အတူ ဝမ်းမြောက်ပါ’+ လို့ပြောတယ်။ ၂၂ နှစ်တဲလင့်ရတဲ့ ကျွန်လည်း လာပြီး ‘သခင်၊ ကျွန်တော့်ကို နှစ်တဲလင့် အပ်ခဲ့တာ။ အခု နောက်ထပ်နှစ်တဲလင့် အမြတ်ရပါတယ်’+ လို့ပြောတော့၊ ၂၃ သခင်က ‘တော်လိုက်တာ။ မင်းဟာ သစ္စာရှိတဲ့ ကျွန်ကောင်းပဲ။ အသေးအမွှားကိစ္စမှာတောင် သစ္စာရှိတဲ့အတွက် မင်းကို အများကြီး ထပ်အပ်ဦးမယ်။ သခင်နဲ့အတူ ဝမ်းမြောက်ပါ’ လို့ပြောတယ်။
၂၄ “နောက်ဆုံးမှာ တစ်တဲလင့်ရတဲ့ကျွန်က လာပြီး ‘သခင်ဟာ မညှာမတာ ခိုင်းတတ်မှန်း၊ ကိုယ်မစိုက်တဲ့ ကောက်နှံကို ရိတ်သိမ်းပြီး ကိုယ်မလှေ့တဲ့ ကောက်နှံကို စုသိမ်းတတ်မှန်း ကျွန်တော်ရိပ်မိတဲ့အတွက်၊+ ၂၅ သခင့်ကိုကြောက်တာနဲ့ အဲဒီငွေကို မြှုပ်ထားပါတယ်။ ဒီမှာ သခင့်ငွေတွေပါ’ လို့ပြောတယ်။ ၂၆ သခင်က ‘ကျွန်ဆိုး၊ ကျွန်ပျင်း၊ ငါက ကိုယ်မစိုက်တဲ့ ကောက်နှံကို ရိတ်သိမ်းပြီး ကိုယ်မလှေ့တဲ့ ကောက်နှံကို စုသိမ်းတတ်မှန်း မင်း သိတယ်ဆိုရင်၊ ၂၇ ငါ့ငွေကို အတိုးချထားလိုက်ပါလား။ ငါပြန်လာတဲ့အခါ အရင်းရော အတိုးပါ ရမှာပေါ့။
၂၈ “‘သူ့ဆီက ငွေတစ်တဲလင့်ကို ယူပြီး ဆယ်တဲလင့်ရှိတဲ့သူကို ပေးလိုက်။+ ၂၉ ရှိတဲ့သူတွေဟာ ထပ်ပြီးရလိမ့်မယ်။ အလျှံပယ် ရလိမ့်မယ်။ မရှိတဲ့သူကတော့ ရှိထားတာလေးတောင် အသိမ်းခံရလိမ့်မယ်။+ ၃၀ အသုံးမကျတဲ့ကျွန်ကို အပြင်ဘက် မှောင်မိုက်အရပ်ဆီ ဆွဲထုတ်သွားကြ။ အဲဒီမှာ ငိုကြွေးပြီး အံကြိတ်ခံပြင်းနေလိမ့်မယ်’ လို့ပြောတယ်။
၃၁ “လူသားက+ ကောင်းကင်တမန်အားလုံး ခြံရံပြီး ဘုန်းတန်ခိုးနဲ့လာလိမ့်မယ်။+ အဲဒီနောက် ဘုန်းကြီးတဲ့ ရာဇပလ္လင်ပေါ် ထိုင်ပြီး၊ ၃၂ လူမျိုးအားလုံးကို ရှေ့မှာ စုဝေးစေမယ်။ သိုးထိန်းက သိုးနဲ့ဆိတ်ကို ခွဲသလို လူသားက အဲဒီလူတွေကို အုပ်စုနှစ်စု ခွဲလိမ့်မယ်။ ၃၃ သိုးတွေကို+ ညာဘက်မှာ၊ ဆိတ်တွေကိုတော့ ဘယ်ဘက်မှာ ထားလိမ့်မယ်။+
၃၄ “အဲဒီနောက် ညာဘက်မှာရှိတဲ့ လူတွေကို မင်းကြီးက ‘အဖဘုရားဆီက ကောင်းချီးကို ခံစားရသူတို့၊ လူ့လောကအစပြုချိန်* ကတည်းက မင်းတို့အတွက် ပြင်ဆင်ထားတဲ့နိုင်ငံကို လာပြီး အမွေခံကြပါ။ ၃၅ ဘာကြောင့်လဲဆိုတော့ မင်းတို့က ငါဆာလောင်တဲ့အခါ စားစရာပေးတယ်။ ရေငတ်တဲ့အခါ သောက်စရာပေးတယ်။ ငါဧည့်သည်ဖြစ်တဲ့အခါ ဧည့်ဝတ်ပြုတယ်။+ ၃၆ ငါဝတ်စရာ မရှိတဲ့အခါ အဝတ်အစား ပေးတယ်။+ ဖျားနာတဲ့အခါ ပြုစုပေးတယ်။ ထောင်ကျတဲ့အခါ လာတွေ့ကြတယ်’+ လို့ပြောတယ်။ ၃၇ အဲဒီအခါ ဖြောင့်မတ်သူတွေက ‘သခင်၊ ကျွန်တော်တို့က သခင်ဆာတာကို ဘယ်တုန်းကတွေ့ပြီး စားစရာ ပေးဖူးလို့လဲ။ သခင် ရေငတ်တာကို ဘယ်တုန်းကတွေ့ပြီး သောက်စရာ ပေးဖူးလို့လဲ။+ ၃၈ သခင် ဧည့်သည်ဖြစ်တာကို ဘယ်တုန်းကတွေ့ပြီး ဧည့်ဝတ်ပြုဖူးလို့လဲ။ သခင် ဝတ်စရာမရှိတာကို ဘယ်တုန်းကတွေ့ပြီး အဝတ်အစား ပေးဖူးလို့လဲ။ ၃၉ သခင် ဖျားနေတာ၊ ထောင်ကျနေတာကို ဘယ်တုန်းကတွေ့ပြီး လာကြည့်ဖူးလို့လဲ’ ဆိုပြီးမေးကြတယ်။ ၄၀ မင်းကြီးက ‘ငါမှန်တာကို ပြောမယ်။ ငါ့ညီတွေထဲက အငယ်ဆုံးတစ်ယောက်ကို မင်းတို့လုပ်ပေးသမျှဟာ ငါ့ကို လုပ်ပေးတာနဲ့ အတူတူပဲ’+ လို့ပြောတယ်။
၄၁ “အဲဒီနောက် ဘယ်ဘက်မှာရှိတဲ့သူတွေကို မင်းကြီးက ‘ကျိန်စာသင့်နေသူတို့၊ ငါ့ဆီကနေ ထွက်သွား။+ မာရ်နတ်နဲ့ နတ်ဆိုးတွေအတွက် ပြင်ဆင်ထားတဲ့+ ထာဝရမီးထဲကို+ သွားကြ။ ၄၂ ဘာကြောင့်လဲဆိုတော့ မင်းတို့က ငါဆာလောင်တဲ့အခါ စားစရာ မပေးဘူး။ ရေငတ်တဲ့အခါ သောက်စရာ မပေးဘူး။ ၄၃ ငါဧည့်သည်ဖြစ်တဲ့အခါ ဧည့်ဝတ်မပြုဘူး။ ဝတ်စရာမရှိတဲ့အခါ အဝတ်အစား မပေးဘူး။ ငါဖျားနာတဲ့အခါ၊ ထောင်ကျတဲ့အခါ လာမကြည့်ဘူး’ လို့ပြောလိုက်တယ်။ ၄၄ သူတို့က ‘သခင်၊ သခင်ဆာတာ၊ ရေငတ်တာ၊ ဧည့်သည်ဖြစ်တာ၊ ဝတ်စရာမရှိတာ၊ ဖျားနာတာ၊ ထောင်ကျတာတွေကို ကျွန်တော်တို့ ဘယ်တုန်းကတွေ့ပြီး မကူညီခဲ့တာလဲ’ လို့မေးကြတယ်။ ၄၅ မင်းကြီးက ‘ငါမှန်တာကို ပြောမယ်။ ငါ့ညီတွေထဲက အငယ်ဆုံးတစ်ယောက်ကို မင်းတို့ မလုပ်ပေးတာဟာ ငါ့ကို မလုပ်ပေးတာနဲ့ အတူတူပဲ’ လို့ပြန်ပြောလိမ့်မယ်။+ ၄၆ သူတို့ဟာ ထာဝရ ဖျက်ဆီးခံရလိမ့်မယ်၊+ ဖြောင့်မတ်သူတွေကတော့ ထာဝရအသက် ရလိမ့်မယ်။”+