တမန်တော်
၂၀ ထိုရုန်းရင်းခတ်မှု ရပ်စဲပြီးနောက် ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ အားပေးလေ၏။ ထို့နောက် နှုတ်ဆက်စကားဆိုပြီးလျှင် မက်ဆီဒိုးနီးယားပြည်သို့ ခရီးဆက်လေ၏။ ၂ ထိုအရပ်များသို့ လှည့်လည်၍ တပည့်တော်တို့ကို အားပေးစကားများ ပြောပြီးလျှင် ဂရိပြည်သို့ ရောက်လာ၏။ ၃ ထိုတွင် သုံးလနေပြီးလျှင် ဆီးရီးယားပြည်သို့ ရွက်လွှင့်မည်ပြုသော် ဂျူးတို့သည် သူ့အပေါ် မကောင်းကြံစည်သောကြောင့် မက်ဆီဒိုးနီးယားပြည်ကိုဖြတ်၍ ပြန်ရန် စိတ်ပိုင်းဖြတ်လေ၏။ ၄ ပေါလုနှင့်အတူ ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သားအာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သား ဂါယု၊ တိမောသေ၊ အာရှနယ်သား တုခိတ်နှင့် တရောဖိမ်တို့ လိုက်ပါသွားကြ၏။ ၅ ဤသူတို့သည် ငါတို့အလျင် ထွက်သွား၍ တရောမြို့၌ စောင့်နေကြ၏။ ၆ တဆေးမဲ့မုန့်ပွဲအခါ လွန်ပြီးမှ ငါတို့သည် ဖိလိပ္ပိမြို့မှ ရွက်လွှင့်သဖြင့် သူတို့ရှိရာ တရောမြို့သို့ ငါးရက်နှင့်ရောက်၍ ထိုတွင် ခုနစ်ရက်နေကြ၏။
၇ သီတင်းပတ်တွင် ပထမနေ့ရက်၌ အစာစားရန် ငါတို့စုဝေးကြသောအခါ ပေါလုသည် နောက်တစ်နေ့တွင် ထွက်သွားမည်ဖြစ်၍ သန်းခေါင်အချိန်တိုင်အောင် ဟောပြောလျက်နေလေ၏။ ၈ ငါတို့စုဝေးရာ အထက်ခန်း၌ မီးခွက်အများရှိ၏။ ၉ ပေါလုသည် ဆက်ဟောပြောနေစဉ် ဥတုခုအမည်ရှိသော လုလင်တစ်ဦးသည် ပြတင်းပေါက်ဘောင်တွင် ထိုင်လျက် အိပ်ပျော်သွားရာ တတိယအထပ်မှ ပြုတ်ကျလေ၏။ လူတို့သည် သူ့ကိုပွေ့ချီလိုက်ရာ သေနေသည်ကို တွေ့ကြ၏။ ၁၀ ပေါလုသည်လည်း အောက်ထပ်သို့ဆင်း၍ သူ၏အပေါ်သို့ ကိုယ်ကိုမှောက်လျက် ပွေ့ဖက်ပြီးမှ “ဆူဆူညံညံ မပြုကြနှင့်တော့။ သူအသက်*ပြန်ရှင်ပြီ” ဟုဆိုလေ၏။ ၁၁ ပေါလုသည် အပေါ်ထပ်သို့ ပြန်တက်ပြီးလျှင် အစာကိုယူ၍ စားသောက်ပြီးနောက် မိုးလင်းသည်တိုင်အောင် ကြာမြင့်စွာ စကားပြောဆိုပြီးမှ ထွက်သွား၏။ ၁၂ သူတို့သည် ထိုလုလင်ကို အသက်ရှင်လျက် ခေါ်ဆောင်သွား၍ အတိုင်းထက်အလွန် နှစ်သိမ့်မှုရကြ၏။
၁၃ ငါတို့သည် သင်္ဘောပေါ်တက်နှင့်၍ အဿုမြို့တွင် ပေါလုကို ခေါ်တင်မည့်အကြံနှင့် ထိုမြို့သို့ ရွက်လွှင့်ကြ၏။ ပေါလုသည် ထိုမြို့သို့ ကုန်းကြောင်းသွားမည့်အကြံရှိ၍ ထိုသို့ မှာကြားခဲ့ခြင်းဖြစ်၏။ ၁၄ အဿုမြို့၌ ငါတို့ကို ပေါလုမီလာသောအခါ သူ့ကို သင်္ဘောပေါ်ခေါ်တင်၍ မိတုလင်မြို့သို့ သွားကြ၏။ ၁၅ ထိုမြို့မှ ရွက်လွှင့်ပြန်လျှင် နောက်တစ်နေ့တွင် ခိအုကျွန်းအနီးသို့ ရောက်၍ နောက်နေ့တွင် သာမုကျွန်းသို့ ရောက်ကြ၏။ နောက်တစ်ရက်တွင် မိလက်မြို့သို့ ရောက်ကြ၏။ ၁၆ ပေါလုသည် အာရှနယ်တွင် မနေဘဲ ဧဖက်မြို့ကိုဖြတ်၍ ရွက်လွှင့်သွားမည်ဟု စိတ်ပိုင်းဖြတ်ထား၏။ ဖြစ်နိုင်ပါက သူသည် ပင်တေကုတ္တေပွဲနေ့အမီ ဂျေရုဆလင်မြို့သို့ ရောက်နိုင်ရန် အပူတပြင်း ခရီးနှင်နေ၏။
၁၇ သို့သော် ပေါလုသည်မိလက်မြို့မှ ဧဖက်မြို့သို့ အကြောင်းကြား၍ အသင်းတော် အကြီးအကဲများကို ခေါ်လေ၏။ ၁၈ သူတို့ရောက်လာသောအခါ၊ ပေါလုက “ငါသည် အာရှနယ်သို့ ရောက်သောနေ့မှစ၍ သင်တို့နှင့် နေထိုင်သမျှကာလပတ်လုံး မည်သို့ကျင့်ကြံပြုမူသည်ကို သင်တို့ ကောင်းစွာသိကြ၏။ ၁၉ အလွန်နှိမ့်ချသောစိတ်ရှိလျက်၊ မျက်ရည်ကျလျက်၊ ဂျူးတို့၏ မသမာသော အကြံအစည်များကြောင့် စုံစမ်းနှောင့်ယှက်ခြင်းကိုခံလျက် သခင်၏အမှုတော်ကို ငါဆောင်ရွက်၏။ ၂၀ သင်တို့၏အကျိုးကို ပြုစုရန် တစ်စုံတစ်ခုကိုမျှ ငါမထိမ်မဝှက်။ လူရှေ့သူရှေ့တွင်လည်းကောင်း၊ တစ်အိမ်မှ တစ်အိမ်သွား၍လည်းကောင်း သင်တို့အား ဟောပြောသွန်သင်ပေးခဲ့၏။ ၂၁ သို့သော်ငါသည် ဘုရားသခင်၏ရှေ့တော်၌ နောင်တရခြင်းနှင့် ငါတို့၏သခင်ယေရှုကို ယုံကြည်ခြင်းအကြောင်း ဂျူးတို့နှင့် ဂရိလူတို့အား စေ့စေ့စပ်စပ် သက်သေခံ၏။ ၂၂ ယခုမှာ ဂျေရုဆလင်မြို့တွင် ငါ၌ မည်သို့ဖြစ်ပျက်မည်ကို မသိရသော်လည်း စွမ်းအားတော်၏ ညွှန်ကြားချက်အရ ထိုမြို့သို့ သွားရမည်။ ၂၃ သို့သော် ချုပ်နှောင်ခြင်းနှင့် ဆင်းရဲဒုက္ခတို့ကို ကြုံတွေ့ရမည်ဟု သန့်ရှင်းသော စွမ်းအားတော်သည် တစ်မြို့ပြီးတစ်မြို့၌ ငါ့အား အထပ်ထပ် သက်သေခံတော်မူ၏။ ၂၄ သို့ရာတွင် ဘုရားသခင်၏ မဟာကရုဏာတော်နှင့်ဆိုင်သော သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံရန် သခင်ယေရှုထံမှ ငါရရှိထားသော တာဝန်နှင့် ဓမ္မအမှုကို အပြီးအစီးဆောင်ရွက်ခွင့် ရမည်ဆိုလျှင် ငါသည် ကိုယ့်အသက်*ကို ပမာဏမပြု၊ နှမြောခြင်းမရှိ။
၂၅ “ယခုမူကား၊ နိုင်ငံတော်အကြောင်းကို ငါဟောပြောခဲ့သော သင်တို့ရှိသမျှသည် ငါ့မျက်နှာကို နောက်တစ်ဖန် မြင်ကြရမည်မဟုတ်ကြောင်းငါသိ၏။ ၂၆ ထို့ကြောင့် လူအပေါင်းတို့၏သွေးပြစ်နှင့် ငါကင်းလွတ်ကြောင်း ယနေ့ သက်သေခံပေးရန် သင်တို့အား ဖိတ်ခေါ်ပါ၏။ ၂၇ အကြောင်းမူကား ဘုရားသခင်၏ အကြံတော်အားလုံးကို သင်တို့အား မထိမ်ချန်ဘဲ ပြောပြခဲ့ပြီ။ ၂၈ ဘုရားသခင်သည် မိမိသားတော်ရင်း၏အသွေးနှင့် ဝယ်ထားတော်မူသော အသင်းတော်ကို ထိန်းကျောင်းရန် ကြီးကြပ်မှူးများအဖြစ် သင်တို့ကို သန့်ရှင်းသော စွမ်းအားတော်ဖြင့် ခန့်ထားတော်မူသောကြောင့် ကိုယ်ကိုလည်းကောင်း၊ သိုးတော်တစ်စုလုံးကိုလည်းကောင်း ဂရုပြုကြလော့။ ၂၉ ငါမရှိသည့်နောက် ကြမ်းကြုတ်သော* ဝံပုလွေများသည် သင်တို့ထံလာ၍ သိုးများအား မညှာမတာ ပြုမူဆက်ဆံမည်ကို ငါသိ၏။ ၃၀ တပည့်တော်တို့ကို မိမိတို့နောက် ဆွဲဆောင်ရန် မှားယွင်းသော သွန်သင်ချက်များကို ဟောပြောသူများလည်း သင်တို့အထဲမှ ပေါ်လာလိမ့်မည်။
၃၁ “ထို့ကြောင့် နိုးကြားနေကြလော့။ ငါသည် သင်တို့အသီးသီးအား သုံးနှစ်ပတ်လုံး နေ့ညမပြတ် မျက်ရည်ကျလျက် ဆုံးမသွန်သင်ခဲ့ကြောင်းကို သတိရကြလော့။ ၃၂ ယခု ငါသည် သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။ ဘုရားသခင်၏ မဟာကရုဏာတော်နှင့်ဆိုင်သော တရားစကားတော်၌လည်း အပ်နှံ၏။ ထိုတရားစကားတော်သည် သင်တို့ကို တည်ဆောက်ပေးနိုင်၍ သန့်ရှင်းသူအပေါင်းတို့နှင့်အတူ သင်တို့အား အမွေပေးနိုင်၏။ ၃၃ ငါသည် သူတစ်ပါး၏ရွှေငွေ၊ အဝတ်အစားများကို တပ်မက်ခြင်း မရှိခဲ့။ ၃၄ ဤလက်များဖြင့် ကိုယ်တိုင်နှင့်အပေါင်းအဖော်တို့၏ လိုအပ်ရာများကို ထောက်မပေးခဲ့ကြောင်း သင်တို့သိကြ၏။ ၃၅ ထိုသို့ သင်တို့သည်လည်း အလုပ်ကိုကြိုးစား၍ လုပ်ပြီးလျှင် အားနည်းသောသူတို့ကို မစရမည်အကြောင်း၊ ‘ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်’ ဟုသခင်ယေရှုကိုယ်တိုင် မိန့်တော်မူသောစကားကို အောက်မေ့ရမည်အကြောင်း ငါသည် အရာရာ၌ သင်တို့အား ပြခဲ့ပြီ” ဟုဆို၏။
၃၆ ပေါလုသည် ထိုစကားအလုံးစုံကို ပြောဆိုပြီးလျှင်ဒူးထောက်၍ ထိုသူအပေါင်းနှင့်အတူ ဆုတောင်းလေ၏။ ၃၇ ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး၍ ပေါလု၏လည်ပင်းကို ဖက်လျက် နမ်းကြ၏။ ၃၈ သူ၏မျက်နှာကို မြင်ရတော့မည်မဟုတ်ဟူသော ပေါလု၏စကားကြောင့် အလွန်ဝမ်းနည်းကြ၏။ ထို့နောက် သူတို့သည် ပေါလုကို သင်္ဘောသို့ လိုက်ပို့ကြ၏။