ဧဖက်
၆ သားသမီးတို့၊ ဘုရားသခင့် အလိုတော်နဲ့အညီ မိဘကို နာခံကြပါ။+ ဒါဟာ ဘုရားသခင်ရဲ့ အမြင်မှာ ဖြောင့်မှန်တယ်။ ၂ “မိဘကို ရိုသေပါ”+ ဆိုတဲ့ ပညတ်ဟာ ကတိတော်နဲ့ ဒွန်တွဲနေတဲ့ ပထမဆုံးပညတ်ပဲ။ ၃ “ဒါမှသာ ကောင်းစားလိမ့်မယ်၊ ကမ္ဘာမြေပေါ်မှာ အသက်ရှည်ရှည် နေနိုင်လိမ့်မယ်” ဆိုတဲ့ ကတိဖြစ်တယ်။ ၄ ဖခင်တို့၊ သားသမီးတွေကို စိတ်ဆိုးအောင် မလုပ်ကြနဲ့။+ ယေဟောဝါ* မိန့်မှာတဲ့အတိုင်း*+ သူတို့ကို ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်ကြပါ။+
၅ အစေခံကျွန်တို့၊ ခရစ်တော်ကို နာခံသလို ကိုယ့်သခင်ကို ကြောက်ရွံ့ရိုသေပြီး စိတ်ရင်းမှန်နဲ့ နာခံကြပါ။+ ၆ မျက်နှာလိုမျက်နှာရ လုပ်တတ်သူတွေလို လူမြင်ကောင်းဖို့လောက်သာ မဖြစ်သင့်ဘူး။+ ဘုရားသခင်ရဲ့ အလိုတော်ကို စိတ်နှလုံးအကြွင်းမဲ့ ဆောင်ရွက်တဲ့ ခရစ်တော်ရဲ့ အစေခံတွေလို လုပ်ဆောင်ပါ။+ ၇ လူကိုမဟုတ်ဘဲ ယေဟောဝါကို* အစေခံသလို သဘောထားမှန်နဲ့ အစေခံပါ။+ ၈ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ကိုယ်လုပ်တဲ့ ကောင်းမှုအတိုင်း ယေဟောဝါ* ဆုချမယ်ဆိုတာ ခင်ဗျားတို့ သိပါတယ်။+ ၉ သခင်တို့၊ ခင်ဗျားတို့လည်း အစေခံကျွန်တွေကို အလားတူ ဆက်ဆံပါ။ သူတို့ကို မခြိမ်းခြောက်ပါနဲ့။ သူတို့ရော၊ ခင်ဗျားတို့ရော ကောင်းကင်မှာ သခင်တစ်ဦးတည်း ရှိမှန်း၊+ ဘုရားသခင် မျက်နှာမလိုက်တတ်မှန်း ခင်ဗျားတို့ သိပါတယ်။
၁၀ နောက်ဆုံးအနေနဲ့ မှာချင်တာကတော့ ဘုရားသခင်ဆီက တန်ခိုးကိုခံယူပြီး+ အစွမ်းခွန်အား တိုးပွားနေပါ။ ၁၁ မာရ်နတ်ရဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်တွေကို ခုခံပြီး အခိုင်အမာရပ်တည်နိုင်ဖို့ ဘုရားသခင်ဆီက ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ကြပါ။+ ၁၂ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ အသွေးအသားဖြစ်တဲ့လူတွေနဲ့ တိုက်ခိုက်နေရတာ*+ မဟုတ်ဘူး။ အုပ်စိုးသူတွေ၊ အခွင့်အာဏာရှိသူတွေ၊ အမှောင်လောကရဲ့ အုပ်စိုးရှင်တွေဖြစ်တဲ့ ကောင်းကင်က နတ်ဆိုးများစွာနဲ့+ တိုက်ခိုက်နေရတာပါ။ ၁၃ ဒါကြောင့် ဘုရားသခင်ဆီက ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ထားပါ။+ အရာရာ အသင့်ဖြစ်နေပြီဆိုရင် ဆိုးညစ်တဲ့အချိန် ရောက်တဲ့အခါ ခုခံပြီး အခိုင်အမာ ရပ်တည်နိုင်လိမ့်မယ်။
၁၄ ဒီတော့ အမှန်တရားခါးပန်းကို စည်းထားကြ၊+ ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာကို ဝတ်ဆင်ပြီး+ အခိုင်အမာ ရပ်တည်ကြ။ ၁၅ ငြိမ်သက်ခြင်းသတင်းကောင်း ဟောဖို့ အသင့်ရှိနေခြင်းဆိုတဲ့ ဖိနပ်ကို စီးထားကြ။+ ၁၆ အဲဒါတွေအပြင် ဆိုးညစ်သူပစ်ခတ်တဲ့ မီးမြားတွေကိုငြိမ်းသတ်နိုင်တဲ့+ ယုံကြည်ခြင်း ဒိုင်းလွှားကြီးကိုလည်း ကိုင်ဆောင်ထားကြ။+ ၁၇ ကယ်တင်ခြင်း သံခမောက်ကို ဆောင်းထားကြ။+ ဘုရားသခင့် တရားစကားဖြစ်တဲ့ စွမ်းအားတော်ဓားကိုလည်း ကိုင်စွဲကြ။+ ၁၈ အချိန်အခါတိုင်းမှာ စွမ်းအားတော်လမ်းညွှန်မှုနဲ့အညီ+ တိုးလျှိုးအသနားခံခြင်း၊ ဆုတောင်းခြင်း အမျိုးမျိုးနဲ့ ဆုတောင်းနေပါ။+ အဲဒီလိုလုပ်နိုင်ဖို့ အမြဲ နိုးကြားနေပါ။ သန့်ရှင်းသူအားလုံးအတွက် အမြဲ တိုးလျှိုးအသနားခံပေးကြပါ။ ၁၉ သတင်းကောင်းနဲ့ဆိုင်တဲ့ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်အကြောင်း ဟောပြောတဲ့အခါ ရဲရဲဝံ့ဝံ့ပြောနိုင်တဲ့ နှုတ်သတ္တိရှိဖို့ ကျွန်တော့်အတွက်လည်း ဆုတောင်းပေးကြပါ။+ ၂၀ ဟောပြောသင့်တဲ့အတိုင်း ရဲရဲဝံ့ဝံ့ဟောပြောနိုင်ဖို့ ဆုတောင်းပေးကြပါ။ အဲဒီသတင်းကောင်းရဲ့ သံအမတ်ဖြစ်လို့+ ကျွန်တော် အကျဉ်းကျနေတယ်။
၂၁ သခင့်အတွက် သစ္စာရှိရှိ အမှုဆောင်သူ၊ ချစ်ရတဲ့ညီအစ်ကို တုခိတ်က+ ကျွန်တော့်အကြောင်း၊ ကျွန်တော့်အခြေအနေအကြောင်း ခင်ဗျားတို့ကို အားလုံးပြောပြပါလိမ့်မယ်။+ ၂၂ ကျွန်တော်တို့အခြေအနေကို ခင်ဗျားတို့ သိပြီး စိတ်သက်သာရာရစေချင်တဲ့ ရည်ရွယ်ချက်နဲ့ သူ့ကို ခင်ဗျားတို့ဆီ လွှတ်လိုက်တာပါ။
၂၃ ညီအစ်ကိုတို့ဆီမှာ အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်ဆီက ငြိမ်သက်ခြင်းအပြင် ယုံကြည်ခြင်းနဲ့ ဒွန်တွဲနေတဲ့ ချစ်ခြင်းမေတ္တာ ရှိနေပါစေ။ ၂၄ သခင်ယေရှုခရစ်ကို မပျက်ပြယ်နိုင်တဲ့ မေတ္တာနဲ့ ချစ်တဲ့သူအားလုံး မဟာကရုဏာတော် ခံစားရပါစေ။