သစ်တောအကျိုးဆောင်လုပ်ငန်းများ—မည်မျှ အကျိုးရှိသနည်း
ကမ္ဘာ့မြေဧရိယာ၏ သုံးပုံတစ်ပုံနီးပါးမှာ သစ်တောများဖြင့် ဖုံးလွှမ်းထား၏၊ သို့သော် ထိုသစ်တောဧရိယာမှာ လျော့နည်းလာနေပြီ။ ၁၉၉၈ ခုနှစ်တွင် ဖွံ့ဖြိုးဆဲကမ္ဘာတစ်ခုတည်း၌ “ဆွစ်ဇာလန်နိုင်ငံအရွယ်အစားရှိ မြေဟက်တာ ၄ သန်း [ဧကသန်း ၁၀] သည် နှစ်စဉ်ဖျက်ဆီးခံနေရကြောင်း” ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှ ထုတ်ဝေသည့် ရွေးချယ်ပိုင်ခွင့်—လူသားတို့၏ဖွံ့ဖြိုးတိုးတက်မှုမဂ္ဂဇင်း ကဖော်ပြသည်။
သစ်တောပြုန်းတီးမှုကို အဘယ့်ကြောင့် နားလည်ရခက်
အချို့ပညာရှင်များက သစ်တောပြုန်းတီးမှုများ ဆက်ဖြစ်နေခြင်းကို နားမလည်နိုင်ဟုဆိုကြ၏။ အကြောင်းမှာ စီးပွားရေးအတွက် သစ်တောများကိုမီးရှို့ခြင်း၊ သစ်ခုတ်ခြင်းတို့ကို ဆက်ပြုလုပ်နေကြ၍ဖြစ်၏။ သို့တိုင် သတင်းတစ်ပုဒ်က ဤသို့ဖော်ပြ၏– “သစ်ခုတ်ခြင်း၊ သစ်တောမီးရှို့ခြင်းထက် နဂိုအတိုင်းထားခြင်းက သစ်တောကို ပို၍အဖိုးတန်စေသည်။” မည်သို့အားဖြင့်နည်း။
ဘရာဇီးနိုင်ငံ၊ မန်နောက်မြို့ရှိ အမေဇုန်သုတေသန အမျိုးသားတက္ကသိုလ်မှ သုတေသီ ဒေါက်တာဖိလစ်အမ်၊ ဖရန်းဆိုဒ်နှင့် ဒေါက်တာဖလေဗီရိုဂျေ၊ လျူဇရာအိုတို့က မိုးသစ်တောသည် “ကမ္ဘာကိုအကျိုးဆောင်၏” ဟု နိုးလော့!ကို ပြောပြခဲ့သည်။ ယင်းအကျိုးဆောင်မှုများတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် (ဖန်လုံအိမ်ဓာတ်ငွေ့) ကို စုပ်ယူပြီး သိုလှောင်ပေးခြင်း၊ မြေဆီလွှာဆုံးရှုံးမှုနှင့် ရေကြီးခြင်းမှကာကွယ်ပေးခြင်း၊ အာဟာရသံသရာ လည်စေခြင်း၊ အချိန်မှန်မှန်မိုးရွာစေခြင်း၊ အန္တရာယ်ကြုံနေသည့် တိရစ္ဆာန်တို့အတွက် ကျက်စားရာနေရာနှင့် သီးနှံရိုင်းပင်များအတွက် အကာအကွယ်ဖြစ်စေခြင်းတို့ပါဝင်၏။ သစ်တောများသည် လူသားတို့အတွက် စွဲမက်ဖွယ်ရှုခင်းနှင့် အပန်းဖြေရာနေရာလည်းဖြစ်စေသည်။ အဆိုပါ သဘာဝပတ်ဝန်းကျင်အကျိုးဆောင်မှုအားလုံးသည် စီးပွားရေးအရတန်ဖိုးရှိသည်ဟု သုတေသီများကဆိုကြ၏။
သာဓကအနေနှင့် သစ်တော၏ကာဗွန်ဓာတ် သိုလှောင်နိုင်စွမ်းကို သုံးသပ်ကြည့်ပါ။ သစ်ပင်များကိုခုတ်လှဲမီးရှို့လိုက်သည့်အခါ ကာဗွန်ဓာတ်ထွက်လာပြီး လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် ပြောင်းလဲသွားရာ ကမ္ဘာကြီးကိုပူနွေးလာစေသည်။ ဤကမ္ဘာကြီးအတွက် သစ်တော၏ “အကျိုးဆောင်ပေးမှု” ဖြစ်သော ကာဗွန်သိုလှောင်ထားပေးမှု၏ စီးပွားရေးအရတန်ဖိုးကို လူသားများတည်ဆောက်သော ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအကုန်အကျနှင့် ယှဉ်ကြည့်ခြင်းဖြင့် ခန့်မှန်းသိရှိနိုင်သည်။
အင်တာ–အမေရိကန်ဖွံ့ဖြိုးမှုဘဏ်၏ ဘရာဇီးရုံးမှ သဘာဝပတ်ဝန်းကျင်အကြံပေးအရာရှိ မာ့ခ်ဂျေ.ဒိုရိုဒ်ရှီဟေနီ၏အဆိုအရ အဆိုပါတွက်ချက်မှုများက “ကာဗွန်ကန်များ [ကာဗွန်သိုလှောင်ရုံများ] ဖြစ်သည့် သစ်တော၏တန်ဖိုးသည် ၎င်းမှထွက်သည့် သစ်နှင့် စိုက်ပျိုးမြေအဖြစ်မှ ရရှိသည့်တန်ဖိုးထက် ပိုကြီးမားကြောင်း” ဖော်ပြနေသည်။ သို့တိုင် သစ်တောပြုန်းတီးမှု ပိုပြီးတိုးများလာနေ၏။ အဘယ့်ကြောင့်နည်း။
ထိန်းသိမ်းပေးရန် မက်လုံး
ဤနှိုင်းယှဉ်ချက်ကို သုံးသပ်ကြည့်ပါ– လူတစ်စုသည် လျှပ်စစ်ဓာတ်အားစက်ရုံတစ်ရုံ ပိုင်ဆိုင်ထားသည်ဆိုပါစို့။ ထိုစက်ရုံသည် ပတ်ဝန်းကျင်မြို့များသို့ လျှပ်စစ်စွမ်းအား ပေးဝေနေသော်လည်း သုံးစွဲသူများသည် အဖိုးအခ မပေးဆောင်ကြပါ။ အတန်ကြာသော် ထိုစက်ရုံပိုင်ရှင်များက ‘ဝင်ငွေမရတဲ့ စက်ရုံကိုထိန်းသိမ်းနေတာထက် ဒီစက်ရုံကိုပိတ်ပြီး ပစ္စည်းအားလုံးဖြုတ်ရောင်းလိုက်တာမှ အမြတ်ပိုရဦးမယ်’ ဟုစဉ်းစားလာကြမည်။ သစ်တောများစွာပိုင်ဆိုင်သည့်နိုင်ငံမှ အာဏာပိုင်အချို့လည်း အလားတူ တွေးတောလာကြပုံရသည်။ ကမ္ဘာ့သုံးစွဲသူများသည် သစ်တော၏အကျိုးဆောင်မှုများအတွက် မည်သည့်အဖိုးအခမျှ မပေးဆောင်ကြသောကြောင့် အမြတ်အစွန်း မြန်မြန်နှင့်များများရရန် သစ်တောများကို ခုတ်လှဲ (လျှပ်စစ်ဓာတ်အားစက်ရုံကိုဖျက်)၊ သစ်ပင်များကိုရောင်းချ (စက်ပစ္စည်းများ ရောင်းချ) လိုက်ဖို့သာကောင်းတော့သည်ဟု စဉ်းစားလာလိမ့်မည်။
ထိုအခြေအနေအထိ မရောက်သွားစေရန် တစ်နည်းတည်းမှာ သစ်တောကိုထိန်းသိမ်းပေးခြင်းသည် မက်မောလောက်ဖွယ် အကျိုးအမြတ်ရှိသည်ဟု မြင်လာအောင် လုပ်ပေးခြင်းဖြစ်သည်ဟူ၍ ဒိုရိုဒ်ရှီဟေနီက ပြောခဲ့သည်။ ဘရာဇီးလူမျိုး နျူကလီးယားပညာရှင်၊ ဆောပေါလိုတက္ကသိုလ်အဓိပတိဟောင်း ပါမောက္ခဒေါက်တာ ဇူဇေဂိုလ်ဒမ်ဘာ့ဂ်အကြံပြုသည့်နည်းမှာ သဘာဝလောင်စာဟုခေါ်လေ့ရှိသည့် အရာများကို သုံးစွဲနေသူတို့ထံမှ “ကမ္ဘာချီ ကာဗွန်အခွန်” ကောက်ခံရန်ဖြစ်သည်။
ဤအကြံပြုချက်ကို ထောက်ခံအားပေးသူများ အဆိုအရ တိုင်းပြည် သို့မဟုတ် ပြည်နယ်တစ်ခု သုံးစွဲသည့် လောင်စာပမာဏနှင့် ၎င်းတို့ထုတ်လွှတ်သည့် ဖန်လုံအိမ်ဓာတ်ငွေ့ ပမာဏအပေါ်မူတည်ပြီး အခွန်ကောက်ခံရမည်ဖြစ်သည်။ သာဓကအနေဖြင့် ကမ္ဘာ့လူဦးရေ၏ ၅ ရာခိုင်နှုန်းနီးပါး နေထိုင်သည့် ယူနိုက်တက်စတိတ်သည် ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၂၄ ရာခိုင်နှုန်းနီးပါးရှိနေသည်။ အဆိုပါတိုင်းပြည်မျိုးမှရလာသည့် အခွန်ငွေကို မိမိတို့၏သစ်တောများ ထိန်းသိမ်းရန်အလို့ငှာ သစ်ထုတ်လုပ်မှုမှ အကျိုးအမြတ်ရှာခြင်းကို စွန့်လွှတ်လိုက်ကြသည့် နိုင်ငံများအား ပေးလျော်ရမည်ဟု အစိုးရမူဝါဒချမှတ်သူအချို့က အကြံပြုကြသည်။ ဤနည်းဖြင့် သုံးစွဲသူများက မိမိတို့၏ ‘လျှပ်စစ်အခွန်ငွေ’ ကိုပေးဆောင်သွားကာ အဆိုပါပိုင်ရှင်များက မိမိတို့၏ ‘လျှပ်စစ်ဓာတ်အားစက်ရုံ’ ကို ထိန်းသိမ်းရန် စီးပွားရေးမက်လုံးရှိသွားပေလိမ့်မည်။
သို့သော်လည်း သဘာဝပတ်ဝန်းကျင်အကျိုးဆောင်မှု အခွန်အခကို မည်သူသတ်မှတ်မည်နည်း။ မည်သူက ကောက်ခံကာ ခွဲဝေပေးမည်နည်း။
အမူအကျင့်ပြောင်းလဲဖို့လို
“ဤအရေးကိစ္စကြီးများကို နိုင်ငံတကာသစ်တောညီလာခံတွင် တင်ပြလျှင် အကောင်းဆုံးဖြစ်သည်” ဟု ဒိုရိုဒ်ရှီဟေနီက ပြောခဲ့သည်။ အဆိုပါညီလာခံက သစ်တော၏ သဘာဝပတ်ဝန်းကျင်အကျိုးဆောင်ပေးမှု အခွန်အခကို သတ်မှတ်ပေးသင့်သည်။ ထို့နောက် “ကမ္ဘာ့သစ်တောအဖွဲ့အစည်းက ဤနိုင်ငံတကာ ကြိုးပမ်းမှုကို စီမံခန့်ခွဲပေးသင့်သည်။”
နိုင်ငံတကာပြဿနာတစ်ခုကို ဖြေရှင်းရန် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုကို အသုံးပြုခြင်းသည် အဓိပ္ပာယ်ရှိပုံရသော်လည်း ဒိုရိုဒ်ရှီဟေနီက ဤသို့ဝန်ခံသည်– “သစ်တောအရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် အဖွဲ့အစည်းများ၊ ကော်မရှင်များ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းက အခြေအနေကို မထူးခြားစေခဲ့ပါ။” အမှန်ပင်လိုအပ်သည့်အရာမှာ “လူမှုရေးနှင့် စီးပွားရေးအမူအကျင့်များကို အကြီးအကျယ် ပြောင်းလဲပေးရန်ဖြစ်သည်” ဟု သူထပ်ဆင့်ပြောဆိုသည်။ မှန်ပါသည်၊ သစ်တောထိန်းသိမ်းရေးသည် ဥပဒေများကို ပြောင်းလဲခြင်းထက်မက သဘောထား ပြုပြင်ပြောင်းလဲရန်လိုအပ်သည်။
အဆိုပါပြဿနာများကို ဖြေရှင်းနိုင်ပါမည်လော။ ဖြေရှင်းနိုင်သည်ဟု ကမ္ဘာမြေကြီး၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်က ကတိထားတော်မူ၏။ ကမ္ဘာတစ်ဝန်းကိုအုပ်စိုးကာ ကမ္ဘာ့ပြဿနာများကို မကြာမီ ဖြေရှင်းပေးမည့် အုပ်စိုးမှုတစ်ခုကို ကိုယ်တော်တည်ထောင်ထားတော်မူကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ ထိုအုပ်စိုးမှုသည် “ပျက်စီးခြင်းသို့ မရောက်နိုင်သော” အစိုးရဖြစ်သည်။ (ဒံယေလ ၂:၄၄၊ ၄၅) ထို့အပြင် ကမ္ဘာသူကမ္ဘာသားတို့သည် သမ္မာကျမ်းစာပါ မိမိတို့၏ဖန်ဆင်းရှင် ယေဟောဝါအကြောင်း ဆက်၍လေ့လာသင်ယူသွားရင်း ကမ္ဘာ့ဂေဟစနစ်ကို သင့်လျော်စွာအသုံးပြုတတ်ရန် ဤအုပ်စိုးမှုကပင် ကြီးကြပ်ပေးသွားမည်ဖြစ်သည်။ (ဟေရှာယ ၅၄:၁၃) ထိုတွင် အသက်ရှင်နေထိုင်ကြမည့် လူအပေါင်းသည် သစ်တောများအပါအဝင် ကမ္ဘာမြေကြီးကို အပြည့်အဝတန်ဖိုးထားကြပါလိမ့်မည်။
[Picture Credit Lines on page 18]
Ricardo Beliel/SocialPhotos
© Michael Harvey/Panos Pictures