ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၇/၈ စာ. ၂၀
  • ကမ္ဘာဂြိုဟ်ကို ကယ်တင်နိုင်!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာဂြိုဟ်ကို ကယ်တင်နိုင်!
  • နိုးလော့!—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တလွဲဆောင်ရွက်မှုများ
  • ပြန်လည်တည့်မတ်ပေးမည့်နည်းလမ်း
  • အထိမခံသောကမ္ဘာဂြိုဟ်—အနာဂတ် မည်သို့ရှိသနည်း
    နိုးလော့!—၁၉၉၇
  • ကမ္ဘာ့ပတ်ဝန်းကျင်ကို အဘယ်ကြောင့် ထိန်းသိမ်းရ
    နိုးလော့!—၂၀၀၇
  • ကမ္ဘာကြီးကို ဘယ်သူ ကယ်တင်ပေးမလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • သာယာလှပတဲ့ ကမ္ဘာသစ် ဖြစ်လာတော့မယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၅
န၀၅ ၇/၈ စာ. ၂၀

ကမ္ဘာဂြိုဟ်ကို ကယ်တင်နိုင်!

လူသားတို့သည် မြေသယံဇာတများကို လက်ရှိနှုန်းအတိုင်း ဆက်သုံးစွဲ၍မရနိုင်ကြောင်း ရှေ့ဆောင်းပါးများတွင် ရှင်းလင်းစွာဖော်ပြခဲ့ပြီးဖြစ်၏။ ညစ်ညမ်းမှု၊ သစ်တောပြုန်းတီးမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာအခြားပြဿနာများ လျော့နည်းသွားစေရန် ကမ္ဘာ့ခေါင်းဆောင်များ ကြိုးပမ်းလုပ်ဆောင်ခဲ့သည်မှာ ချီးမွမ်းထိုက်ပေသည်။ ၁၉၇၂ ခုနှစ်တွင် လူ့ပတ်ဝန်းကျင်ဆိုင်ရာ ကုလသမဂ္ဂညီလာခံပြီးနောက် အခြားညီလာခံများကိုလည်း ပုံမှန်ကျင်းပခဲ့ပြီး အရေးယူလုပ်ဆောင်ရမည့်အစီအစဉ်များကို နိုင်ငံပေါင်း ၁၆၃ နိုင်ငံအထိ ပါဝင်ထောက်ခံခဲ့ကြသည်။ သို့သော် အဘယ်ရလဒ် ထွက်ပေါ်ခဲ့ပြီနည်း။ “ဝမ်းနည်းစရာမှာ သဘောတူစာချုပ်များ၊ အရေးယူလုပ်ဆောင်မှုအစီအစဉ်များနှင့် အခြားစာချုပ်စာတမ်းများစွာတို့သည် ကမ္ဘာချီပတ်ဝန်းကျင်ဆိုင်ရာပျက်စီးယိုယွင်းမှုကို ပြောင်းပြန်မလှန်နိုင်ခဲ့ချေ” ဟု ဗဟိုနိုင်ငံတကာပတ်ဝန်းကျင်ဆိုင်ရာဥပဒေ၏ အမှုဆောင်ဒါရိုက်တာ ဒေးဗစ် ဟန့်တာက ပြောခဲ့၏။ “ပတ်ဝန်းကျင်ဆိုင်ရာ အဓိကညွှန်တံဖော်ပြရာအားလုံးနီးပါးသည် ၁၉၉၂ ခုနှစ်၊ ကုလသမဂ္ဂညီလာခံကျင်းပချိန်ကထက် ယနေ့ပိုဆိုးဝါးနေသည်” ဟု ဟန့်တာက ဆက်ပြောခဲ့သည်။

ပတ်ဝန်းကျင်ဆိုင်ရာအရေးကိစ္စများကို နှစ်ပေါင်း ၃၀ ကျော် လူသိရှင်ကြား အသိပေးဖော်ထုတ်ပြီးသည့်တိုင် အဘယ်ကြောင့် မဆိုစလောက်သာတိုးတက်ရသနည်း။ အကြောင်းရင်းတစ်ခုမှာ စီးပွားရေးကြီးထွားမှုအတွက် လိုအပ်ချက်ဖြစ်၏။ နိုင်ငံများ၏စီးပွားရေးများသည် သုံးစွဲသူများကို အားထားနေရသည်။ ယင်းကြောင့် ထုတ်လုပ်သောလုပ်ငန်းများလိုအပ်စေပြီး ယင်းက တစ်ဖန် ကုန်ကြမ်းများလိုအပ်လာစေပြန်သည်။ ယင်းသည် ပတ်ဝန်းကျင်ကိုထိခိုက်စေသည့် သံသရာဆိုးကြီးဖြစ်သည်။ သို့ဆိုလျှင် ဖြေရှင်းနည်းကားအဘယ်နည်း။

တလွဲဆောင်ရွက်မှုများ

မိမိတို့ဘာသာအုပ်ချုပ်ရန် လူတို့၏ကြိုးပမ်းမှုများသည် အဘယ်ကြောင့် ထိုသို့ဆိုးဆိုးရွားရွားရှုံးနိမ့်ရကြောင်း သမ္မာကျမ်းစာက ရှင်းပြထားသည်။ ပရောဖက်ယေရမိ ဤသို့ဆိုခဲ့၏– ‘အိုထာဝရဘုရားသခင်၊ လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာများကို မစီရင်ပိုင်ကြောင်း အကျွန်ုပ်သိပါ၏။’ (ယေရမိ ၁၀:၂၃၊ သမ္မာ) ထိုစကားများသည် အလွန်မှန်ကန်ခဲ့၏!

သင်သည် ပန်းခြံ သို့မဟုတ် ဥယျာဉ်တစ်ခုသို့ လည်ပတ်ဖူးပါသလော။ သစ်ပင်ချုံနွယ်ပန်းမန်များ၏လှပတင့်တယ်မှုကို ကျွန်ုပ်တို့နှစ်သက်ကြည်နူးတတ်ကြ၏! သို့သော် ဤသို့စနစ်တကျစီစဉ်ထားသော ပန်းခြံများသည် အလိုအလျောက်ဖြစ်လာသည်မဟုတ်ပေ။ ကျွမ်းကျင်သောဥယျာဉ်မှူးများက အချိန်များစွာအကုန်ခံကာ သစ်ပင်များကိုမွမ်းမံပြီး မြက်ခင်းများကို ညီညီညာညာညှိကာ ပန်းခင်းများကို ရှုချင့်စဖွယ်ဖြစ်အောင် ပြုပြင်ထိန်းသိမ်းထားကြသည်။ တစ်ကမ္ဘာလုံး ပန်းခြံတစ်ခုဖြစ်လာအောင် ထိုသို့မေတ္တာထားဂရုစိုက်မည်ဆိုလျှင် ကျွန်ုပ်တို့၏မြေကြီးစံအိမ် မည်သို့ဖြစ်မည်ကို မြင်ယောင်ကြည့်ပါလေ။

ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကမ္ဘာဂြိုဟ်ကို ထိုသို့ဂရုစိုက်ရန် ရည်ရွယ်ထားသည်။ ဘုရားသခင့်မှုတ်သွင်းခံနှုတ်မြွက်တော်ပါ ဖန်ဆင်းခြင်းမှတ်တမ်းအရ “ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှာ ထားတော်မူ၏။” (ကမ္ဘာဦး ၂:၁၅) ထို့ပြင် လူ့မိသားစုသည် ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်ဖို့သာမဟုတ်ဘဲ ကမ္ဘာမြေတစ်ခုလုံး ပရဒိသုဖြစ်လာသည်အထိ တိုးချဲ့သွားဖို့တာဝန်ရရှိခဲ့သည်။—ကမ္ဘာဦး ၁:၂၈။

ဝမ်းနည်းစရာမှာ အာဒံနှင့်ဧဝတို့၏မနာခံမှုကြောင့် စုံလင်မှုမဲ့လာကာ ပရဒိသုကို ထိန်းသိမ်းစောင့်ရှောက်၍ နယ်နိမိတ်တိုးချဲ့သွားရမည့်အခွင့်အရေး ဆုံးရှုံးခဲ့ကြသည်။ (ကမ္ဘာဦး ၃:၁-၆၊ ၂၃) ပထမလူသားမောင်နှံ၏သားမြေးများဖြစ်သော ကျွန်ုပ်တို့လည်း အပြစ်နှင့်မစုံလင်မှုကို အမွေခံထားကြရသည်။ (ရောမ ၅:၁၂) မြေကြီးသယံဇာတများကို တလွဲစီမံခြင်းသည် မိမိတို့ဘာသာအုပ်ချုပ်လိုသော လူသားတို့၏လွဲမှားသည့်ကြိုးပမ်းမှု နမူနာတစ်ခုမျှသာဖြစ်၏။ လူသားထုပြဿနာများသည် ၎င်းတို့၏ဖြေရှင်းနိုင်စွမ်းထက် ကျော်လွန်နေသည်မှာ ရှင်းနေပါသည်။ ပြင်ပအကူအညီ လိုအပ်နေသည်။

ပြန်လည်တည့်မတ်ပေးမည့်နည်းလမ်း

ယေရှု မြေကြီးပေါ်ရှိခဲ့စဉ်က တပည့်များကို ဤသို့ဆုတောင်းရန် သင်ပေးခဲ့၏– ‘ဘုရားသခင့်နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။’ (မဿဲ ၆:၁၀) ဘုရားသခင့်ကောင်းကင်နိုင်ငံတော်အောက်တွင် ကမ္ဘာမြေသည် ပရဒိသုဖြစ်လာမည်ဟု သမ္မာကျမ်းစာက သွန်သင်ထား၏။ (ဆာလံ ၃၇:၁၀၊ ၁၁) ထိုအချိန်တွင် သစ်ပင်ပန်းမန်များသည် သန့်ရှင်းသောဝန်းကျင်တွင် အပြည့်အဝသီးပွင့်ကြပါလိမ့်မည်။ (ဆာလံ ၇၂:၁၆) ဘုရားသခင့်လမ်းညွှန်မှုအောက်တွင် ကမ္ဘာမြေသည် ညစ်ညမ်းမှုမှ သန့်စင်ခံရမည်၊ လူသားများလည်း ပတ်ဝန်းကျင်နှင့် အပြည့်အဝသဟဇာတဖြစ်အောင် နေထိုင်တတ်လာပါလိမ့်မည်။ ယင်းကို ကျွန်ုပ်တို့ မည်သို့စိတ်ချနိုင်သနည်း။

ကမ္ဘာမြေကို “ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ တည်တော်မူ” သည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ (ဆာလံ ၁၀၄:၅) ဘုရားသခင်သတ်မှတ်ထားချိန်တွင် သက်ရှိအားလုံးသည် ဒေါင်ဒေါင်မြည်ကျန်းမာရေး၊ အစားအစာအလျှံအပယ်နှင့် အိုးအိမ်ကောင်းများအပါအဝင် ထာဝရကောင်းချီးများကို မွေ့လျော်ခံစားကြရပါလိမ့်မည်။ ဘုရားသခင့်ရည်ရွယ်တော်မူချက်များကို သင်ပိုမိုသိလိုပါသလော။ ယေဟောဝါသက်သေတစ်ဦးဦးနှင့် ဆွေးနွေးကြည့်ပါလေ။ ကမ္ဘာဂြိုဟ်ကို မည်သို့ကယ်တင်နိုင်ပြီး မည်သို့ကယ်တင်ခံရမည်ကို သင်သိရှိနိုင်ရန် သူတို့ဝမ်းသာအားရ ကူညီပေးကြပါလိမ့်မည်!

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံများ]

ဘုရားသခင့်လမ်းညွှန်မှုအောက်တွင် လူသားတို့သည် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်အောင် နေထိုင်ကြမည်

[Credit Line]

မိန်းကလေးနှင့် လယ်သမား– © Jeremy Horner/ Panos Pictures

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ