သုတေသန ပြုလုပ်နည်း
ရှောလမုန်ဘုရင်သည် “လုံ့လဝီရိယပြုလျက် များစွာသော . . . [ပညာရှိ] စကားတို့ကို ရှာဖွေ၍စီရင်၏။” အဘယ်ကြောင့်နည်း။ သူသည် “ဖြောင့်မတ်သောစကား၊ သမ္မာစကား” ကိုရေးသားရာတွင် စိတ်ဝင်စားသောကြောင့်ဖြစ်သည်။ (ဒေ. ၁၂:၉၊ ၁၀) လုကာသည် ခရစ်တော်၏ ဘဝအဖြစ်အပျက်များကို ကျိုးကြောင်းဆီလျော်သောအစီအစဉ်အတိုင်း ပြောပြရန်အလို့ငှာ “အရာရာကို အစမှနေ၍ တိကျမှန်ကန်စွာ လိုက်လံဆန်းစစ်လေ့လာခဲ့ပြီ။” (လု. ၁:၃၊ ကဘ) ဤဘုရားသခင့်ကျေးကျွန်နှစ်ဦးစလုံး သုတေသနပြုနေကြသည်။
သုတေသနဆိုသည်မှာအဘယ်နည်း။ တစ်စုံတစ်ရာသော ကိစ္စရပ်နှင့်ပတ်သက်သည့် အချက်အလက်ကို ဂရုတစိုက်ရှာဖွေခြင်းဖြစ်သည်။ ၎င်းတွင် ဖတ်ရှုခြင်းပါဝင်ပြီး၊ ယင်းသည် လေ့လာမှုနည်းစနစ်များကို အသုံးပြုရသည်။ ယင်းတွင် လူတို့အား တွေ့ဆုံမေးမြန်းခြင်းလည်း ပါဝင်ပေမည်။
သုတေသနပြုလုပ်ရန်အတွက် အဘယ်အခြေအနေများကဖြစ်ပေါ်စေသနည်း။ ဤတွင်ဥပမာအနည်းငယ်ရှိသည်။ သင့်ကိုယ်ပိုင်လေ့လာမှု သို့မဟုတ် ကျမ်းစာဖတ်ရှုခြင်းမှ သင့်အတွက်အရေးပါသည့်မေးခွန်းများ ပေါ်ထွက်လာနိုင်သည်။ သင်သက်သေခံလိုက်သူတစ်ဦးဦးက ထုတ်လိုက်သည့်မေးခွန်းကို ပြန်လည်ဖြေကြားဖို့အတွက် အချက်အလက်အတိအကျကို သင်ရလိုပေမည်။ ဟောပြောချက်တစ်ခုပေးရန် သင့်အား တာဝန်ချထားပေမည်။
ဟောပြောချက်ပေးရမည့်တာဝန်ကို သုံးသပ်ကြည့်ပါ။ ဟောပြောဖို့ သင်ရထားသည့်အကြောင်းအရာသည် ယေဘုယျသဘောလုံးလုံးဖြစ်ပုံပေါ်မည်။ ယင်းကို ဒေသနှင့် သင်မည်သို့ဆက်စပ်ပေးနိုင်သနည်း။ သုတေသနပြုလုပ်ခြင်းအားဖြင့် ယင်းကို ဝေဝေဆာဆာဖြစ်စေပါ။ သင့်အကြောင်းအရာနှင့်အံဝင်ပြီး သင့်ပရိသတ်ရှိသူများ၏အသက်တာကို ထိမိစေသည့် စာရင်းဇယားတစ်ခုနှစ်ခုဖြင့် သို့မဟုတ် ဥပမာတစ်ခုဖြင့် ပံ့ပိုးပေးလိုက်သည့်အခါ ရိုးရိုးလေးဟုထင်ရသောအချက်တစ်ချက်သည် အသိပညာဗဟုသုတပေးသောအရာ၊ လှုံ့ဆော်မှုပေးသောအရာပင် ဖြစ်လာတတ်သည်။ သင်ရှာဖွေနေသည့်အကြောင်းနှင့်ပတ်သက်သော ပုံနှိပ်ထားသည့်အကြောင်းအရာသည် ကမ္ဘာတစ်ဝန်းစာဖတ်သူများအတွက်ရည်ရွယ်၍ ပြင်ဆင်ထားခြင်းဖြစ်နိုင်သည်၊ သို့သော် သင့်အနေဖြင့် အချက်များကို တိုးချဲ့ဖော်ပြပေးရန်၊ ဥပမာဆောင်၍ရှင်းပြပေးရန်နှင့် အသင်းတော်တစ်ခု သို့မဟုတ် လူတစ်ဦးနှင့်သက်ဆိုင်စေရန် လုပ်ပေးဖို့လိုအပ်သည်။ သင်မည်သို့ဆက်လက်ဆောင်ရွက်သင့်သနည်း။
အချက်အလက်ရှာဖွေမှုမပြုမီ သင့်ပရိသတ်ကို စဉ်းစားကြည့်ပါ။ သူတို့ အဘယ်အရာကိုသိထားပြီးဖြစ်မည်နည်း။ သူတို့ အဘယ်ရာထပ်သိဖို့လိုသနည်း။ ထို့နောက် သင့်ရည်ရွယ်ရာကို ခွဲခြားသိမြင်ပါ။ ၎င်းသည် ရှင်းပြရမည့်အရာလော။ လက်ခံယုံကြည်စေရမည့်အရာလော။ မှားကြောင်းချေပရမည့်အရာလော။ သို့မဟုတ် လှုံ့ဆော်ရမည့်အရာလော။ ရှင်းလင်းဖော်ပြခြင်းတွင် ကိစ္စတစ်ခုကို ရှင်းလင်းသွားစေရန် ထပ်ဆင့်သတင်းအချက်အလက်များကို တင်ပြပေးရန် လိုအပ်သည်။ အခြေခံအချက်အလက်များမှာ နားလည်ထားပြီးဖြစ်နိုင်သော်လည်း ဖော်ပြခဲ့သည့်အရာကို မည်သည့်အချိန် သို့မဟုတ် မည်သို့ပြုလုပ်ရမည်ကို တိုးချဲ့ရှင်းပြရန်လိုအပ်ပေမည်။ လက်ခံယုံကြည်စေခြင်းတွင် အထောက်အထားတင်ပြလျက် အကြောင်းအရာတစ်ခုသည် ဤကဲ့သို့ အဘယ်ကြောင့် ဖြစ်ရကြောင်း အကြမ်းဖျင်းဖော်ပြပေးသည့် အကြောင်းရင်းများကိုဖော်ပြပေးရန် လိုအပ်ပါသည်။ မှားကြောင်းချေပခြင်းတွင် အသုံးပြုခဲ့သည့်အထောက်အထားကို စေ့စေ့စပ်စပ်ဆန်းစစ်လေ့လာလျက် ပြဿနာတစ်ရပ်ကို သူ့ဘက်ကိုယ့်ဘက်မှ ခရေစေ့တွင်းကျသိရှိထားဖို့ လိုအပ်သည်။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် ခိုင်မာသောချေပချက်များကိုသာမဟုတ်ဘဲ အချက်အလက်များကို ကြင်နာစွာ တင်ပြသည့်နည်းများကိုပါ ရှာဖွေကြသည်။ လှုံ့ဆော်ခြင်းတွင် နှလုံးကိုထိမိစေခြင်းပါဝင်သည်။ ဆိုလိုသည်ကား ဆွေးနွေးနေသည့်အရာပေါ် သင့်ပရိသတ် ပြုမူဆောင်ရွက်လိုသည့်ဆန္ဒ ပေါက်ဖွားလာစေရန် လှုံ့ဆော်တည်ဆောက်ပေးခြင်းဖြစ်သည်။ ထိုကဲ့သို့သောလုပ်ဆောင်ချက်ကို အခက်အခဲရင်ဆိုင်လျက်နှင့်ပင် ပြုလုပ်ခဲ့သူများ၏ ဘဝဖြစ်ရပ်မှန်နမူနာများက နှလုံးကိုထိမိရန်ကူညီနိုင်သည်။
ယခုတွင် သင်စတင်ရန်အဆင်သင့်ဖြစ်ပြီလော။ မဖြစ်သေးပါ။ သင်အချက်အလက်မည်မျှလိုအပ်သည်ကို သုံးသပ်ပါ။ အချိန်သည် အရေးကြီးသော အကြောင်းတစ်ရပ်ဖြစ်ပေမည်။ သင်သည်အခြားသူများအား သတင်းအချက်အလက်ကိုတင်ပြမည်ဆိုလျှင် ယင်းကိုလုပ်ဆောင်ရန် သင့်အတွက် အချိန်မည်မျှရနိုင်မည်နည်း။ ငါးမိနစ်လော။ လေးဆယ့်ငါးမိနစ်လော။ အသင်းတော်အစည်းအဝေးတွင်ကဲ့သို့ အချိန်သတ်မှတ်ထားသလော၊ သို့တည်းမဟုတ် ကျမ်းစာသင်အံမှု သို့မဟုတ် သိုးထိန်းလည်ပတ်မှုတွင်ကဲ့သို့ ပြောင်းသာလွှဲသာရှိသလော။
နောက်ဆုံး အဘယ်သုတေသနပြုကိရိယာများကို သင်ရရှိနိုင်သနည်း။ သင့်အိမ်၌ရှိသည့်အရာအပြင် နိုင်ငံတော်ခန်းမရှိစာကြည့်တိုက်တွင် နောက်ထပ်ရှိသေးသလော။ ယေဟောဝါထံနှစ်ပေါင်းများစွာ အမှုတော်ထမ်းဆောင်ခဲ့ကြသည့် ညီအစ်ကိုများသည် သူတို့၏သုတေသနပြုကိရိယာများကို သင့်အားကြည့်ရှုခွင့်ပြုဖို့ လိုလိုလားလားရှိကြမည်လော။ လိုအပ်လာပါကအသုံးပြုနိုင်ရန် သင့်ဒေသတွင် အကိုးအကားစာအုပ်များရှိသည့် ပြည်သူ့စာကြည့်တိုက် ရှိပါသလော။
ကျွန်ုပ်တို့၏ အကောင်းဆုံးသုတေသနပြုကိရိယာ—သမ္မာကျမ်းစာကိုအသုံးပြုခြင်း
အကယ်၍ သင့်သုတေသနစီမံကိန်းသည် ကျမ်းချက်တစ်ချက်၏အဓိပ္ပာယ်နှင့်ပတ်သက်လာလျှင် သမ္မာကျမ်းစာကိုယ်နှိုက်နှင့် စတင်ပါ။
အထက်အောက်စကားကို ဆန်းစစ်ပါ။ သင့်ကိုယ်သင်ဤသို့မေးပါ– ‘ဤကျမ်းပိုဒ်က မည်သူ့ကိုရည်ညွှန်းသနည်း။ ယင်းသို့ဖော်ပြစေသည့် သို့မဟုတ် ပါဝင်ပတ်သက်သည့် လူတို့၏သဘောထားကို ပေါ်ပေါက်စေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ အထက်အောက်အခန်းငယ်များက အဘယ်အရာကိုညွှန်ပြသနည်း။’ ဤကဲ့သို့သောအသေးစိတ်အချက်အလက်များက ကျမ်းချက်ကိုနားလည်ဖို့ ကျွန်ုပ်တို့ကိုကူညီနိုင်လေ့ရှိပြီး ဟောပြောချက်တစ်ခုတွင် ယင်းတို့ကိုထည့်သုံးလိုက်ခြင်းက ပို၍လည်းအသက်ဝင်သွားစေနိုင်သည်။
ဥပမာ၊ နှလုံးထိမိပြီး အသက်တာကိုသြဇာလွှမ်းမိုးနိုင်သည့် ဘုရားသခင့်နှုတ်ကပါဌ်တော်၏တန်ခိုးကိုပြရန် ဟေဗြဲ ၄:၁၂ ကိုကိုးကားလေ့ရှိသည်။ ရှေ့နောက်စကားက ယင်းသို့ဖြစ်နိုင်ပုံနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏လေးမြတ်တန်ဖိုးထားမှုကို သာ၍လေးနက်စေသည်။ အာဗြဟံကို ယေဟောဝါကတိပေးခဲ့သည့်ပြည်တော်သို့ မဝင်ရောက်မီ တောကန္တာရထဲတွင် နှစ်ပေါင်း ၄၀ အတောအတွင်း ဣသရေလလူတို့၏တွေ့ကြုံမှုများကို ယင်းက ဆွေးနွေးဖော်ပြထားသည်။ (ဟေဗြဲ ၃:၇–၄:၁၃) အာဗြဟံနှင့်ဖွဲ့ခဲ့သည့် ကိုယ်တော့်ပဋိညာဉ်နှင့်အညီ သူတို့ကို အနားယူရာအရပ်သို့ ပို့ဆောင်ပေးမည်ဟူသည့် ကိုယ်တော်၏ကတိတော်ဖြစ်သော “ဘုရားသခင့်နှုတ်ကပါဌ်တော်” သည် အသေမဟုတ်; ၎င်းသည်အသက်ရှင်ပြီး ပြည့်စုံခြင်းသို့ ဦးတည်ရွေ့လျားနေသည်။ ၎င်း၌ ဣသရေလလူမျိုးတို့ ယုံကြည်မှုပြရန် ခိုင်လုံသောအကြောင်းရှိခဲ့သည်။ သို့ရာတွင် ယေဟောဝါသည် အီဂျစ်ပြည်မှသိနာတောင်သို့၊ ထိုမှဆက်လက်၍ ကတိထားရာပြည်တော်သို့ သူတို့အားဦးဆောင်သွားစဉ် သူတို့သည်ယုံကြည်မှုကင်းမဲ့ကြောင်း အကြိမ်ကြိမ်ပြသခဲ့ကြသည်။ သို့နှင့် ဘုရားသခင်သည် မိမိ၏စကားတော်ကို ပြည့်စုံစေသည့်နည်းလမ်းအပေါ် သူတို့၏တုံ့ပြန်ပုံအားဖြင့် သူတို့၏နှလုံးထဲတွင်အဘယ်အရာရှိကြောင်း ပေါ်လွင်ထင်ရှားစေခဲ့သည်။ အလားတူ ကျွန်ုပ်တို့ခေတ်တွင်လည်း လူသားတို့၏နှလုံးထဲ၌အဘယ်အရာရှိသည်ကို ဘုရားသခင့်ကတိစကားက ထုတ်ဖော်ပြနေသည်။
ပြန်လှန်ညွှန်းများကို ဆန်းစစ်ပါ။ အချို့သောကျမ်းစာအုပ်များတွင် ပြန်လှန်ညွှန်းများပါရှိသည်။ သင့်ကျမ်းစာတွင်ကော။ ရှိလျှင် ယင်းတို့သည်အကူအညီရနိုင်မည်။ သန့်ရှင်းသောကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်းမှ ဥပမာတစ်ခုကို မှတ်သားပါ။ ပေတရုပထမစောင် ၃:၆ က ခရစ်ယာန်ဇနီးသည်များအတုယူထိုက်သော နမူနာတစ်ရပ်အဖြစ် စာရာကို ညွှန်ပြသည်။ ကမ္ဘာဦး ၁၈:၁၂၊ [သမ္မာ] သို့ ပြန်လှန်ညွှန်းတစ်ခုက စာရာသည် “စိတ်ထဲမှ” နေ၍ အာဗြဟံအား သခင်အဖြစ်ပြောဆိုခဲ့သည်ကို ဖော်ပြခြင်းအားဖြင့် ထောက်ခံပေးသည်။ ထို့ကြောင့် သူ၏လက်အောက်ခံခြင်းသည် နှလုံးထဲကဖြစ်သည်။ ထိုသို့သောထိုးထွင်းသိမြင်မှုများအပြင် ကျမ်းစာပရောဖက်ပြုချက်တစ်ခု သို့မဟုတ် ပညတ်ပဋိညာဉ်ပုံစံတစ်ခု၏ ပြည့်စုံမှုကိုပြသည့် ကျမ်းပိုဒ်များကို ပြန်လှန်ညွှန်းများက သင့်အားညွှန်းပေမည်။ သို့သော် အချို့သောပြန်လှန်ညွှန်းများသည် ထိုသို့သောရှင်းလင်းချက်များကိုပေးရန် မရည်ရွယ်ထားပါ။ ယင်းတို့သည် အပြိုင်အယူအဆများ သို့မဟုတ် ဘဝအတ္ထုပ္ပတ္တိ သို့မဟုတ် ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်သက်သက်ကိုသာ ရည်ညွှန်းပေမည်။
ကျမ်းစာမှန်ပြမာတိကာနှင့်ရှာဖွေပါ။ ကျမ်းစာမှန်ပြမာတိကာဆိုသည်မှာ သမ္မာကျမ်းစာတွင်အသုံးပြုထားသော စကားလုံးများ၏ အက္ခရာစဉ်အညွှန်းတစ်ခုဖြစ်သည်။ သင်သုတေသနပြုလုပ်နေသည့် အကြောင်းနှင့်ဆက်စပ်သည့် ကျမ်းချက်များကိုရှာရန် ယင်းကသင့်အားကူညီနိုင်သည်။ ယင်းတို့ကို စူးစမ်းရှာဖွေရင်း အခြားအထောက်အကူပြု အသေးစိတ်အချက်များကို သင်သိရှိသွားမည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ပါဝင်သည့် အမှန်တရား “ပုံစံ” ၏အထောက်အထားကို သင်တွေ့မြင်မည်။ (၂ တိ. ၁:၁၃၊ သမ) ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင် “ကျမ်းစာသုံးစကားလုံးများအညွှန်း” ၏အခြေခံစာရင်းတစ်ခုပါဝင်သည်။ ပြည့်စုံသောမှန်ပြမာတိကာသည် များစွာပို၍ကျယ်ဝန်းသည်။ အကယ်၍ ၎င်းကို သင့်ဘာသာစကားဖြင့်ရနိုင်ပါက ယင်းက သမ္မာကျမ်းစာရှိ အဓိကစကားလုံးတစ်လုံးစီပါဝင်သော ကျမ်းပိုဒ်များအားလုံးသို့ သင့်အားညွှန်ပြပေးမည်။
အခြားသုတေသနပြုကိရိယာများကို အသုံးပြုရန်သင်ယူခြင်း
စာမျက်နှာ ၃၃ ရှိလေးထောင့်ကွက်တွင် “သစ္စာနှင့်သတိပညာရှိသောကျွန်” မှစီမံပေးခဲ့သည့် အခြားသုတေသနပြုကိရိယာအတော်များများကို စာရင်းပြုစုပေးထားသည်။ (မ. ၂၄:၄၅-၄၇၊ သမ) ယင်းကိရိယာအတော်များများတွင် မာတိကာစဉ်တစ်ခုစီရှိပြီး၊ အများစုတွင် အနောက်၌ သတ်သတ်မှတ်မှတ်သတင်းအချက်အလက်ကို အတိအကျရှာနိုင်စေရန် ပုံစံပြုလုပ်ထားသည့်အညွှန်းတစ်ခု ပါရှိသည်။ နှစ်တစ်နှစ်၏အကုန်၌ ထိုနှစ်၏ဆောင်းပါးများပေါင်းချုပ်အတွက် ကင်းမျှော်စင်နှင့်နိုးလော့! နှစ်မျိုးစလုံးတွင် အကြောင်းအရာအညွှန်းများကို ထုတ်ဝေပေးသည်။
အဆိုပါသမ္မာကျမ်းစာလေ့လာမှုစာပေများတွင် ကမ်းလှမ်းထားသည့် သတင်းအချက်အလက်ပုံစံနှင့်ရင်းနှီးနေခြင်းက သုတေသနအစီအစဉ်ကို အရှိန်တိုးမြှင့်ပေးနိုင်သည်။ ဥပမာ ပရောဖက်ပြုချက်၊ အယူဝါဒ၊ ခရစ်ယာန်ပြုမူကျင့်ကြံမှု သို့မဟုတ် သမ္မာကျမ်းစာမူများ၏ လက်တွေ့ကျင့်သုံးပုံတို့ကို သင်သိချင်သည်ဆိုကြပါစို့။ သင်ရှာဖွေသည့်အရာသည် ကင်းမျှော်စင်တွင် ပါဝင်နိုင်ဖွယ်ရှိမည်။ နိုးလော့! သည် လတ်တလောဖြစ်ရပ်များ၊ မျက်မှောက်ခေတ်ပြဿနာများ၊ ဘာသာရေး၊ သိပ္ပံပညာနှင့် ဒေသအသီးသီးမှလူတို့အကြောင်းကို ဖော်ပြပေးသည်။ သက္ကရာဇ်စဉ်အတိုင်း ခရစ်ဝင်ကျမ်းမှတ်တမ်းတစ်ခုစီနှင့်ပတ်သက်သည့် အကျယ်တဝင့်ရှင်းပြချက်ကို အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား စာအုပ်၌တွေ့ရသည်။ ကျမ်းတစ်စောင်လုံး၏ အခန်းငယ်တစ်ခုချင်းဆွေးနွေးချက်ကို ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ!၊ ဒံယေလပရောဖက်ပြုချက်ကိုအာရုံစိုက်လော့!နှင့် အတွဲနှစ်တွဲပါသည့် ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း ကဲ့သို့သောစာပေများ၌တွေ့ရှိရသည်။ လယ်ကွင်းလုပ်ငန်းတွင် များသောအားဖြင့်မေးတတ်ကြသည့် ရာနှင့်ချီသောကျမ်းစာမေးခွန်းတို့၏ စိတ်ကျေနပ်ဖွယ်အဖြေများကို ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်၌ တွေ့ရမည်။ အခြားသောဘာသာတရားများ၊ သူတို့၏သွန်သင်ချက်များနှင့် သူတို့၏သမိုင်းဆိုင်ရာနောက်ခံများကို ပို၍ရှင်းလင်းစွာနားလည်ရန်အတွက် ဘုရားသခင်ကိုလူသားများရှာပုံတော် စာအုပ်ကိုရှုပါ။ ယေဟောဝါသက်သေများ၏ မျက်မှောက်ခေတ်သမိုင်း၏ အသေးစိတ်ကျသည့်မှတ်တမ်းသည် ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ စာအုပ်တွင်ပါရှိသည်။ ကမ္ဘာလုံးဆိုင်ရာ သတင်းကောင်းဟောပြောခြင်းတွင် လက်ရှိ တိုးတက်ဖွံ့ဖြိုးမှုများ၏အစီရင်ခံချက်အတွက် နောက်ဆုံးထုတ် ယေဟောဝါသက်သေများ၏နှစ်ချုပ်စာအုပ်တွင် ကြည့်ရှုစစ်ဆေးပါ။ ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း စာအုပ်သည် သမ္မာကျမ်းစာစွယ်စုံကျမ်းနှင့် မြေပုံစာအုပ်တစ်ခုဖြစ်သည်။ အကယ်၍ သင်သည် လူများ၊ ဒေသများ၊ အရာဝတ္ထုများ၊ ဘာသာစကားများ သို့မဟုတ် ကျမ်းစာနှင့်ဆက်နွှယ်သည့် သမိုင်းဝင်ဖြစ်ရပ်များအကြောင်း အသေးစိတ်အချက်အလက်များ လိုအပ်လာပါက ဤစာအုပ်သည် အထူးကောင်းမွန်သောရင်းမြစ်တစ်ခုဖြစ်သည်။
“ကင်းမျှော်စင်စာပေများအညွှန်း။” ဘာသာစကားပေါင်း ၂၀ ကျော်ဖြင့် ထုတ်ဝေထားသည့် ဤအညွှန်းက သင့်အား မျိုးပေါင်းစုံလင်လှသော ကျွန်ုပ်တို့၏စာပေများမှ သတင်းအချက်အလက်သို့ ညွှန်ပြပေးမည်။ ၎င်းကို အကြောင်းအရာအညွှန်းနှင့် ကျမ်းချက်အညွှန်းဟူ၍ ခွဲခြားထားသည်။ အကြောင်းအရာအညွှန်းကိုအသုံးပြုရန် သင်စစ်ဆေးရှာဖွေလိုသည့်အကြောင်းအရာအား ကိုယ်စားပြုသည့်စကားလုံးတစ်လုံးကို ရှာပါ။ ကျမ်းချက်အညွှန်းကိုအသုံးပြုရန် သင်ပို၍ကောင်းစွာနားလည်လိုသည့် ကျမ်းတစ်ချက်ကို ကျမ်းချက်များစာရင်းတွင် ရှာပါ။ အညွှန်းစာအုပ်ကဖော်ပြထားသော နှစ်များတစ်လျှောက်တွင် အကြောင်းအရာ သို့မဟုတ် ကျမ်းစာနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာကို သင့်ဘာသာစကားဖြင့်ထုတ်ဝေထားလျှင် ရှာဖွေကြည့်ရှုရန် ရည်ညွှန်းကိုးကားချက်များစာရင်းကို သင်ရှာတွေ့လိမ့်မည်။ ကိုးကားထားသည့်စာပေများ၏ အမည်များအတွက် အတိုကောက်များကို အဓိပ္ပာယ်ဖော်ရန် အညွှန်း၏အရှေ့ဘက်ရှိသော့ချက်ကို အသုံးပြုပါ။ (ဥပမာ၊ ထိုအကူအညီဖြင့် က၉၉ ၃/၁ ၁၅ သည် ကင်းမျှော်စင် ၁၉၉၉၊ မတ်လ ၁ ရက်ထုတ်၊ စာမျက်နှာ ၁၅ ကို ရည်ညွှန်းကြောင်း သင်သိရှိရလိမ့်မည်။) “လယ်ကွင်းဓမ္မအမှုတွေ့ကြုံမှုများ” နှင့် “ယေဟောဝါသက်သေများ၏ဘဝအတ္ထုပ္ပတ္တိများ” ကဲ့သို့သော အဓိကခေါင်းစဉ်များက အသင်းတော်အတွက် လှုံ့ဆော်မှုဖြစ်စေသည့် တင်ဆက်မှုများကို ပြင်ဆင်ရာတွင် အကူအညီဖြစ်နိုင်ပါသည်။
သုတေသနပြုလုပ်ခြင်းသည် အလွန်အာရုံဆွဲဆောင်နိုင်ရကား လမ်းကြောင်းပြောင်းမသွားစေရန် ဂရုစိုက်ပါ။ လက်ရှိတာဝန်အတွက် လိုအပ်သည့်အကြောင်းအရာကိုရှာဖွေမည့် သင့်ရည်ရွယ်ချက်ပေါ်တွင် အာရုံစိုက်ထားပါ။ အကယ်၍ အညွှန်းသည် ရင်းမြစ်တစ်ခုခုကို ရည်ညွှန်းပါက ကိုးကားထားသောစာမျက်နှာ(များ)သို့ လှန်ပါ၊ ထို့နောက် သင့်လိုအပ်သည့်အကြောင်းအရာသို့ လမ်းညွှန်ပေးရန် ခေါင်းစဉ်ငယ်များနှင့် စာပိုဒ်များ၏နိဒါန်းစာကြောင်းများကို အသုံးပြုပါ။ သင်သည် ကျမ်းစာအခန်းငယ်တစ်ခု၏အဓိပ္ပာယ်ကို ရှာဖွေနေခြင်းဖြစ်လျှင် သင့်အားညွှန်းသည့်စာမျက်နှာပေါ်ရှိ ကိုးကားချက်ကို ဦးဆုံးရှာပါ။ ထို့နောက် အထက်အောက်မှတ်ချက်များကို ဆန်းစစ်ပါ။
စီဒီရွမ် “ကင်းမျှော်စင်စာကြည့်တိုက်”။ အကယ်၍သင်သည် ကွန်ပျူတာအသုံးပြုခွင့်ရပါက ကျွန်ုပ်တို့၏စာပေအမြောက်အမြားစုဆောင်းထားရာ စီဒီရွမ်ကင်းမျှော်စင်စာကြည့်တိုက် ကိုအသုံးပြုခြင်းမှ အကျိုးကျေးဇူးရရှိနိုင်သည်။ ဤအသုံးပြုရလွယ်သော သုတေသနပြုအစီအစဉ်က ကင်းမျှော်စင်စာကြည့်တိုက်တွင်ရှိ မည်သည့်စာပေတွင်မဆိုပါသော စကားလုံးတစ်လုံး၊ စကားလုံးတွဲများ သို့မဟုတ် ကျမ်းစာရည်ညွှန်းချက်တို့ကို သင်ရှာဖွေနိုင်ရန် စွမ်းဆောင်ပေးသည်။ ဤသုတေသနပြုကိရိယာကို သင့်ဘာသာစကားဖြင့်မရရှိလျှင်ပင် သင်နှင့်ရင်းနှီးရာ ကျယ်ပြန့်စွာအသုံးပြုထားသည့် နိုင်ငံတကာသုံးဘာသာစကားတစ်ခုဖြင့် ယင်းမှ အကျိုးကျေးဇူးရရှိနိုင်ပေမည်။
အခြားသီအိုကရက်တစ်စာကြည့်တိုက်များ
တိမောသေထံသို့ သူ၏မှုတ်သွင်းခံဒုတိယစာစောင်တွင် “စာစောင်ကိုလည်းကောင်း၊ အထူးသဖြင့်သားရေစာကိုလည်းကောင်း၊” ရောမမြို့ရှိသူ့ထံယူဆောင်လာရန် အဆိုပါလူငယ်အား ပေါလုတောင်းဆိုခဲ့သည်။ (၂ တိ. ၄:၁၃) တစ်စုံတစ်ရာသောရေးသားချက်များကို ပေါလုတန်ဖိုးထားပြီး သိမ်းဆည်းထားခဲ့သည်။ ယင်းအတိုင်းသင်လုပ်နိုင်သည်။ သင်သည် သင့်ကိုယ်ပိုင် ကင်းမျှော်စင်၊ နိုးလော့!နှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုစာစောင်များတို့ကို အသင်းတော်အစည်းအဝေးများ၌ သုံးသပ်ခဲ့ပြီးနောက်ပင် သိမ်းဆည်းထားသလော။ ထိုသို့ဆိုလျှင် သင်ဆည်းပူးခဲ့ရသည့် အခြားခရစ်ယာန်စာပေများနှင့်အတူ ၎င်းတို့အား သုတေသနပြုကိရိယာများအဖြစ် အသုံးပြု၍ရနိုင်မည်။ အသင်းတော်အများစုသည် နိုင်ငံတော်ခန်းမရှိစာကြည့်တိုက်တွင် သီအိုကရက်တစ်စာပေများကို စုဆောင်းထားရှိရန် ကြိုးပမ်းကြသည်။ ယင်းတို့သည် အသင်းတော်တစ်ခုလုံးအကျိုးအတွက် နိုင်ငံတော်ခန်းမတွင်ရှိစဉ် အသုံးပြုဖို့အတွက်ဖြစ်သည်။
ကိုယ်ပိုင်ဖိုင်များကိုထားရှိပါ
သင်စကားပြောဆိုသွန်သင်နေချိန်တွင် အသုံးပြုနိုင်သည့် စိတ်ဝင်စားစရာအကြောင်းများကို မပြတ်သတိပြုပါ။ အကယ်၍ သတင်းစာ သို့မဟုတ် မဂ္ဂဇင်း၌ သင့်ဓမ္မအမှုတွင်အသုံးပြုနိုင်သည့် သတင်းဆောင်းပါး၊ စာရင်းကိန်းဂဏန်း သို့မဟုတ် ဥပမာတစ်ခုကို သင်တွေ့ရှိလျှင် သတင်းအချက်အလက်ကို ညှပ်ဖြတ် သို့မဟုတ် မိတ္တူကူးထားပါ။ နေ့စွဲ၊ ပုံမှန်ထုတ်စာစောင်၏ခေါင်းစဉ်နှင့် ဖြစ်နိုင်လျှင် စာရေးဆရာ သို့မဟုတ် ထုတ်ဝေသူ၏အမည်တို့ကို ပါဝင်စေပါ။ အသင်းတော်အစည်းအဝေးများ၌ ကျိုးကြောင်းဆင်ခြင်ထားသည့် အချက်ကောင်းများနှင့် ပုံဥပမာများကို ရေးမှတ်ထားခြင်းက အခြားသူများအား အမှန်တရားရှင်းပြဖို့ သင်အကူအညီရနိုင်မည်။ သင်သည် ပုံဥပမာကောင်းတစ်ခုကို တွေးတောခဲ့ဖူးသော်လည်း ၎င်းကိုချက်ချင်းအသုံးပြုဖို့ အခွင့်အရေးမရရှိဘဲဖြစ်ခဲ့သလော။ ၎င်းကိုရေးချလိုက်ပြီး ဖိုင်တွင်သိမ်းထားပါ။ သင်သည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် အတန်ကြာပါဝင်လာပြီးနောက် တင်ဆက်မှုအတော်များများကို ပြင်ဆင်လာခဲ့မည်။ ယင်းဟောပြောချက်များမှ သင့်မှတ်စုများကိုလွှင့်ပစ်လိုက်မည့်အစား သိမ်းထားပါ။ သင်လုပ်ဆောင်ခဲ့သည့်သုတေသနသည် နောက်ပိုင်းတွင် အသုံးဝင်ကြောင်း တွေ့ရပေမည်။
လူတို့နှင့်စကားပြောပါ
လူတို့သည် အချက်အလက်ကြွယ်သော သတင်းရပ်ကွက်တစ်ခုဖြစ်ကြောင်း သတိရပါ။ လုကာသည် မိမိ၏ခရစ်ဝင်ကျမ်းမှတ်တမ်းကိုပြုစုသည့်အခါ သူသည် မျက်မြင်သက်သေများကို တွေ့ဆုံမေးမြန်းခြင်းအားဖြင့် သတင်းအချက်အလက်များများ စုဆောင်းခဲ့သည်မှာ အထင်အရှားပင်။ (လု. ၁:၁-၄) ခရစ်ယာန်ချင်းတစ်ယောက်သည် သင်သုတေသနပြုရန် ကြိုးပမ်းအားထုတ်နေသည့်ကိစ္စရပ်အပေါ် အလင်းဖြာပေးနိုင်သည်။ ဧဖက် ၄:၈၊ ၁၁-၁၆ အရ “ဘုရားသခင်၏သားတော်ကိုသိကျွမ်းခြင်း” ၌တိုးပွားရန် ကျွန်ုပ်တို့အားကူညီဖို့ ခရစ်တော်သည် “လူတို့တွင်ဆုလာဘ်များ” ကိုအသုံးပြုသည်။ ဘုရားသခင်အားအမှုဆောင်ရာ၌ အတွေ့အကြုံရှိသူများကို တွေ့ဆုံမေးမြန်းခြင်းက အထောက်အကူပြုအကြံဉာဏ်များ ပေါ်ထွက်လာစေနိုင်သည်။ လူတို့နှင့်စကားစမြည်ပြောဆိုခြင်းက သူတို့တွေးတောနေသည့်အရာကိုလည်း ဖော်ထုတ်နိုင်ပြီး၊ ယင်းက သင့်အား အမှန်တကယ်လက်တွေ့ကျသော အကြောင်းအရာကိုပြင်ဆင်ဖို့ ကူညီပေးနိုင်သည်။
သင့်ရလဒ်များကိုအကဲဖြတ်ပါ
ဂျုံကိုရိတ်သိမ်းပြီးနောက် ဂျုံဆန်ရရန် ဂျုံစပါးကို အခွံချွတ်ပေးဖို့လိုအပ်သည်။ သင့်သုတေသန၏အသီးသည်လည်း ထိုနည်းတူပင်။ အသုံးပြုရန်အတွက်အဆင်သင့်မဖြစ်မီ သင်သည် အထူးအသုံးဝင်သည့်အရာကို မလိုအပ်ရာများမှ ခွဲထုတ်ဖို့လိုအပ်သည်။
အကယ်၍ သင်သည်ဟောပြောချက်တွင် သတင်းအချက်အလက်ကို အသုံးပြုမည်ဆိုပါက သင့်ကိုယ်သင်ဤသို့မေးပါ– ‘မိမိအသုံးပြုရန်စီစဉ်သည့်အချက်သည် မိမိတင်ဆက်မည့်အကြောင်းအရာကို အမှန်ပင် အကျိုးပြုမည့်အရာဖြစ်စေသလော။ သို့မဟုတ် ယင်းသည် စိတ်ဝင်စားဖွယ်ရာအကြောင်းဖြစ်နေလျှင်ပင် မိမိပြောဆိုသင့်သောအကြောင်းအရာမှ အာရုံပြောင်းသွားစေသလော။’ အကယ်၍သင်သည် အမြဲပြောင်းလဲနေသည့်သိပ္ပံပညာ သို့မဟုတ် ဆေးပညာနယ်ပယ်များမှ လတ်တလောဖြစ်ရပ်များ သို့မဟုတ် အကြောင်းအရာကိုအသုံးပြုဖို့ သုံးသပ်နေပါက သတင်းအချက်အလက်သည် နောက်ဆုံးပေါ်ဖြစ်မဖြစ်ကို သေချာစေပါ။ ကျွန်ုပ်တို့၏စာပေအဟောင်းများရှိ အချို့သောအချက်များကိုလည်း နောက်ဆုံးသိရှိချက်နှင့်အညီပြုပြင်ထားကြောင်း သဘောပေါက်ပါ၊ ထို့ကြောင့် အကြောင်းအရာနှင့်ပတ်သက်၍ နောက်ဆုံးအဘယ်အရာထုတ်ဝေထားသည်ကို သုံးသပ်ပါ။
အကယ်၍ လောကသတင်းရပ်ကွက်များမှ သတင်းအချက်အလက်များကို စုဆောင်းတင်ပြရန် သင်ရွေးချယ်ပါက အထူးသတိပြုရန်လိုသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်သည် အမှန်တရားဖြစ်သည်ကို ဘယ်တော့မျှမမေ့ပါနှင့်။ (ယော. ၁၇:၁၇) ယေရှုသည် ဘုရားသခင့်ရည်ရွယ်ချက်ပြည့်စုံမှုတွင် အဓိကကဏ္ဍတွင်နေရာယူသည်။ သို့ဖြစ်သောကြောင့်၊ ကောလောသဲ ၂:၃ ကဤသို့ဆိုသည်– “ထိုနက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာရှိသမျှတို့သည် ဝှက်ထားလျက်ရှိကြ၏။” ထိုအမြင်မှ သင့်သုတေသနအသီးများကို အကဲဖြတ်ပါ။ လောကသုတေသနနှင့်စပ်လျဉ်း၍၊ သင့်ကိုယ်သင်ဤသို့မေးပါ– ‘ဤအကြောင်းအရာသည် ချဲ့ကားထားသော၊ မှန်းဆသော သို့မဟုတ် အမြော်အမြင်ကင်းမဲ့သောအကြောင်းအရာလော။ ယင်းကို ကိုယ်ကျိုး သို့မဟုတ် စီးပွားရေးအတွက် ရည်ရွယ်ရေးသားထားခြင်းလော။ တခြားခိုင်လုံသောရင်းမြစ်များနှင့် ညီညွတ်မှုရှိ၏လော။ ထိုထက်ကား ယင်းသည် ကျမ်းစာအမှန်တရားနှင့်ကိုက်ညီ၏လော။’
အသိပညာ၊ နားလည်မှုနှင့် ပိုင်းခြားသိမြင်မှုတို့ကို “ငွေကိုရှာတတ်သကဲ့သို့ . . . ဝှက်ထားသောဘဏ္ဍာကိုစူးစမ်းတတ်သကဲ့သို့” ဆက်၍သုတေသနပြုကြရန် သုတ္တံ ၂:၁-၅ ကအားပေးထားသည်။ ယင်းသို့ပြုရန် လုံ့လလည်းစိုက်ထုတ်ရ၊ ကြွယ်ဝသောဆုကျေးဇူးလည်းရပါသည်။ သုတေသနပြုမှုသည် ကြိုးပမ်းအားထုတ်ရသော်လည်း ယင်းကိုလုပ်ဆောင်ခြင်းက ကိစ္စရပ်များအပေါ် ဘုရားသခင့်သဘောထားများရှာတွေ့ရန်၊ မှားယွင်းသောအယူအဆများကိုပြုပြင်ရန်နှင့် အမှန်တရားကိုအခိုင်အမာစွဲကိုင်ရန် ကူညီပေးမည်။ ထို့အပြင် သင့်တင်ဆက်မှုကိုလည်း ထပ်၍ အနှစ်သာရရှိစေပြီး သာ၍အသက်ဝင်စေမည်၊ ယင်းတို့အကြောင်း ဟောပြောရခြင်းကို အားရပျော်ရွှင်မိပြီး နားဝင်ချိုစေမည်။