ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက စာ. ၃၉-စာ. ၄၂
  • အောက်လိုင်းတစ်ခု ရေးဆွဲခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အောက်လိုင်းတစ်ခု ရေးဆွဲခြင်း
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆန်းစစ်လေ့လာ၊ ရွေးချယ်၍ဖွဲ့စည်းပါ
  • အောက်လိုင်းရေးဆွဲခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ခေါင်းစဉ်နှင့် အဓိကအချက်များကို ပေါ်လွင်စေခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • အဓိကအချက်များကို ပေါ်လွင်စေခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • အဓိကအချက်တွေကို ပေါ်လွင်စေခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက စာ. ၃၉-စာ. ၄၂

အောက်လိုင်းတစ်ခု ရေးဆွဲခြင်း

ဟောပြောချက်တစ်ခုပေးရန် တာဝန်ရသည့်အခါ အတော်များများသည် နိဒါန်းမှအစ၊ နိဂုံးထိအဆုံး ပင်ပန်းကြီးစွာရေးချကြသည်။ ဟောပြောချက်မပြီးဆုံးခင် များပြားသောစာမူကြမ်းများကို ပြင်ဆင်ခဲ့ရပေမည်။ ဤနည်းသည် နာရီနှင့်ချီ၍ကြာပေမည်။

သင့်ဟောပြောချက်များကို ထိုနည်းအတိုင်း ပြင်သလော။ ပို၍လွယ်ကူသောနည်းတစ်နည်းကို သင်ယူချင်သလော။ သင်သည် အောက်လိုင်းပြင်တတ်သွားပါက စာလုံးတိုင်းကိုရေးချနေဖို့ လိုတော့မည်မဟုတ်ပေ။ ယင်းက ဟောပြောချက်ပေးခြင်းကိုလေ့ကျင့်ရန် အချိန်ပို၍ရစေမည်။ သင့်ဟောပြောတင်ဆက်မှုများကိုပေးဖို့ ပို၍လွယ်ကူစေမည်သာမက နားထောင်သူအတွက်ပို၍စိတ်ဝင်စားစေကာ ပရိသတ်ကိုပို၍လှုံ့ဆော်ပေးမည်။

အသင်းတော်တွင်ပေးသည့် လူထုဟောပြောချက်များအတွက် အခြေခံဟောပြောချက်အောက်လိုင်းကို ပြင်ဆင်ပေးထားသည်မှာမှန်ပါသည်။ သို့ရာတွင် အခြားဟောပြောချက်အများစုအတွက်မူ ထိုသို့မပေးထားချေ။ သင့်အား အကြောင်းအရာတစ်ခု သို့မဟုတ် ခေါင်းစဉ်တစ်ခုကိုသာ ပေးထားပေမည်။ သို့မဟုတ် သင်သည် သတ်သတ်မှတ်မှတ်ပုံနှိပ်ထားသည့် အကြောင်းအရာကို ခြုံငုံတင်ပြပေးရန် တောင်းဆိုခံရမည်။ တစ်ခါတစ်ရံ ညွှန်ကြားချက်အနည်းငယ်သာ သင့်အားပေးထားပေမည်။ ထိုသို့သောတာဝန်များအားလုံးအတွက် သင့်အောက်လိုင်းကို ကိုယ်တိုင်ပြင်ဆင်ဖို့လိုအပ်သည်။

[စာမျက်နှာ ၄၁ ပါ လေးထောင့်ကွက်]

စာမျက်နှာ ၄၁ ပေါ်ရှိနမူနာက သင့်အား တိုတုတ်သောအောက်လိုင်းတစ်ခု မည်သို့စီစဉ်နိုင်ကြောင်း အကြံရစေမည်။ အဓိကအချက်တစ်ခုစီသည် ဘယ်ဘက်မာဂျင်မှစတင်ပြီး စာလုံးကြီးများဖြင့်ရေးသားထားသည်ကို သတိပြုပါ။ အဓိကအချက်တစ်ခုစီအောက်တွင် ယင်းကိုထောက်ခံသော အယူအဆများကို ဖော်ပြထားသည်။ ထိုအယူအဆများကို အဆင့်ဆင့်တည်ဆောက်သွားရန်အသုံးပြုမည့် ထပ်ဆင့်အချက်များကို ယင်းတို့အောက်တွင်ဖော်ပြထားပြီး ဘယ်ဘက်မာဂျင်မှ အနည်းငယ်အတွင်းသို့ ဝင်ထားသည်။ ဤအောက်လိုင်းကို ဂရုတစိုက်ဆန်းစစ်ကြည့်ပါ။ အဓိကအချက်နှစ်ခုသည် ခေါင်းစဉ်နှင့်တိုက်ရိုက်ဆက်နွှယ်ကြောင်း သတိပြုပါ။ အချက်ငယ်များသည် စိတ်ဝင်စားဖွယ်ကောင်းသော အချက်များသက်သက်သာမဟုတ်ကြောင်းကိုလည်း လေ့လာသုံးသပ်ပါ။ ယင်းအစား၊ တစ်ချက်စီသည် မိမိတို့အထက်တွင်ရှိသော အဓိကအချက်ကို ထောက်ခံပေးသည်။

သင်သည်အောက်လိုင်းတစ်ခုကိုပြင်ဆင်သည့်အခါ ၎င်းသည် ဤနမူနာနှင့်တစ်ထပ်တည်း တူချင်မှတူမည်။ သို့သော် ဖော်ပြပါမူများကို သဘောပေါက်ပါက အကြောင်းအရာကိုဖွဲ့စည်းပြီး အချိန်အတော်အသင့်ဖြင့် ဟောပြောချက်ကောင်းတစ်ခုကိုပြင်ဆင်ဖို့ ယင်းတို့ကကူညီမည်။ သင်မည်သို့ရှေ့ဆက်သင့်သနည်း။

ဆန်းစစ်လေ့လာ၊ ရွေးချယ်၍ဖွဲ့စည်းပါ

အဓိကအကြောင်း သင်လိုအပ်သည်။ သင့်အဓိကအကြောင်းသည် စကားလုံးတစ်လုံးတည်းဖြင့် ကိုယ်စားပြုနိုင်ဖွယ်ရှိသော ကျယ်ပြန့်သည့်အကြောင်းအရာတစ်ခုမျှသာ မဟုတ်ပါ။ ယင်းသည် သင်ပြောပြချင်သည့် ပင်မအယူအဆဖြစ်ကာ ယင်းက အကြောင်းအရာကိုဆွေးနွေးဖို့ စီစဉ်ထားသည့် ရှုထောင့်ကို ညွှန်ပြသည်။ အဓိကအကြောင်းတစ်ခုတာဝန်ပေးခံရလျှင် အဓိကစကားလုံးတစ်လုံးစီကို ဂရုတစိုက်ဆန်းစစ်လေ့လာပါ။ သင်သည် ထုတ်ဝေထားသော အကြောင်းအရာပေါ်မူတည်၍ တာဝန်ပေးထားသည့်အဓိကအကြောင်းကို တည်ဆောက်သွားရန်ဖြစ်ပါက အဓိကအကြောင်းကိုစိတ်ထဲထားကာ ထိုအကြောင်းအရာကိုလေ့လာပါ။ အကြောင်းအရာတစ်ခုသာ တာဝန်ပေးခံရပါက အဓိကအကြောင်းကိုရွေးချယ်ရန် သင့်တာဝန်ဖြစ်မည်။ သို့သော် ထိုသို့မရွေးချယ်မီ သုတေသနအချို့ပြုခြင်းသည် အထောက်အကူဖြစ်ကြောင်း တွေ့ရှိပေမည်။ အမြင်ကျယ်ကျယ်ထားခြင်းဖြင့် အယူအဆသစ်များ ရရှိတတ်လေ့ရှိသည်။

ဤအဆင့်များကိုလုပ်ဆောင်ရင်း သင့်ကိုယ်သင်ဤသို့ဆက်မေးပါ– ‘ဒီအကြောင်းအရာဟာ ငါ့ပရိသတ်အတွက် ဘာကြောင့်အရေးပါတာလဲ။ ငါ့ရဲ့ရည်ရွယ်ချက်ကဘာလဲ။’ အကြောင်းအရာကိုခြုံငုံမိစေရုံ သို့မဟုတ် သိမှတ်စရာဝေဆာသောဟောပြောချက်တစ်ခု ပေးရုံသာမကဘဲ သင့်ပရိသတ်အတွက် အကျိုးဖြစ်ထွန်းစေသည့်တစ်စုံတစ်ရာကို ဖြည့်ဆည်းပေးရန်လည်း ဖြစ်စေသင့်သည်။ သင့်ရည်ရွယ်ချက်ပုံပေါ်လာသည့်အခါ ယင်းကိုရေးချလိုက်ပါ။ သင်ပြင်ဆင်သည့်အခါ ၎င်းကို မပြတ်သတိရနေစေပါ။

သင့်ရည်ရွယ်ချက်ကို သတ်မှတ်ဆုံးဖြတ်ကာ ၎င်းနှင့်ဆီလျော်သောအဓိကအကြောင်းတစ်ခုကိုရွေးချယ် (သို့မဟုတ် သင်တာဝန်ကျသည့်အဓိကအကြောင်းသည် ထိုရည်ရွယ်ချက်နှင့်မည်သို့ကိုက်ညီကြောင်း ဆန်းစစ်လေ့လာ) ပြီးနောက် ပို၍ဦးတည်ပြီး သုတေသနပြုလုပ်နိုင်သည်။ ပရိသတ်အတွက် အထူးတန်ဖိုးရှိမည့် အကြောင်းအရာကို ရှာဖွေပါ။ ယေဘုယျအချက်များလောက်နှင့်သာကျေနပ်မနေဘဲ သိမှတ်ဖွယ်ရာနှင့် အမှန်အထောက်အကူဖြစ်စေသော သတ်သတ်မှတ်မှတ်အချက်များကို သုတေသနပြုပါ။ သင်ပြုလုပ်သည့် သုတေသနပြုမှုပမာဏသည် လက်တွေ့ကျပါစေ။ အများအားဖြင့် အသုံးပြုနိုင်သည်ထက် ပိုများသောအကြောင်းအရာ သင်ရရှိလာပါလိမ့်မည်၊ ထို့ကြောင့် သင်ရွေးချယ်ဖို့လိုပေမည်။

သင့်အဓိကအကြောင်းကို တည်ဆောက်သွားရန်နှင့် သင့်ရည်ရွယ်ချက်ကိုအောင်မြင်နိုင်စေရန် ဆွေးနွေးဖို့လိုအပ်သည့် အဓိကအချက်များကို ခွဲခြားသိမြင်ပါ။ ယင်းတို့သည် သင့်ဟောပြောချက်၏အကြမ်းထည်၊ သင်၏အခြေခံအောက်လိုင်းဖြစ်လာမည်။ အဓိကအချက်မည်မျှပါရှိသင့်သနည်း။ တိုတုတ်သောဆွေးနွေးခန်းအတွက် နှစ်ချက်သည်လုံလောက်နိုင်သည်၊ တစ်နာရီကြာဟောပြောချက်အတွက်ပင် ငါးချက်သည်လုံလောက်လေ့ရှိတတ်သည်။ အဓိကအချက်နည်းလေလေ ယင်းတို့ကို ပရိသတ်ပို၍မှတ်မိဖို့အလားအလာ ရှိလေလေဖြစ်မည်။

စိတ်ထဲ၌ သင်၏အဓိကအကြောင်းနှင့် အဓိကအချက်များရှိပြီဆိုလျှင် သုတေသနပြုထားသည့်အကြောင်းအရာကို ဖွဲ့စည်းပါ။ သင့်အဓိကအချက်များနှင့် အဘယ်အချက်များ တိုက်ရိုက်ဆက်နွှယ်သည်ကို သတ်မှတ်ဆုံးဖြတ်ပါ။ ဟောပြောတင်ဆက်ပုံကို ထပ်ဆင့်သစ်လွင်စေမည့် အသေးစိတ်အချက်အလက်များကို ရွေးချယ်ပါ။ အဓိကအချက်များကိုထောက်ခံသည့် ကျမ်းချက်များကိုရွေးချယ်သည့်အခါ ထိုကျမ်းချက်များအပေါ် အဓိပ္ပာယ်ပြည့်ဝသောနည်းဖြင့် ကျိုးကြောင်းဆင်ခြင်ရန် သင့်အားကူညီမည့်အယူအဆများကို မှတ်သားပါ။ အချက်တစ်ခုစီကို ယင်းနှင့်သက်ဆိုင်သည့် အဓိကအချက်အောက်တွင်ထားပါ။ အချို့သောအချက်အလက်သည် မည်သည့်အဓိကအချက်နှင့်မျှမကိုက်ညီလျှင် အလွန်စိတ်ဝင်စားဖွယ်ကောင်းနေလျှင်ပင် ယင်းကို ဖယ်ရှားလိုက်ပါ၊ သို့မဟုတ် အခြားအချိန်တွင်အသုံးပြုရန်အတွက် ဖိုင်သွင်းထားလိုက်ပါ။ အကောင်းဆုံးအကြောင်းအရာကိုသာထားရှိပါ။ များများခြုံငုံမိစေရန်ကြိုးစားလွန်းပါက သင်သည် စကားကိုမြန်မြန်ပြောရမည်ဖြစ်ပြီး သင့်ခြုံငုံတင်ဆက်မှုသည် ပေါ့ပျက်ပျက်ဖြစ်သွားမည်။ ပရိသတ်အတွက် အမှန်တကယ်တန်ဖိုးရှိစေသည့် အချက်အနည်းငယ်ကိုဖော်ပြပြီး ထိုအရာကိုကောင်းစွာလုပ်ဆောင်လျှင် သာ၍ကောင်းသည်။ အချိန်မကျော်စေပါနှင့်။

သင်သည် မလုပ်ထားရသေးပါက ကျိုးကြောင်းဆီလျော်စွာ အစီအစဉ်တကျ အကြောင်းအရာကို စဉ်လိုက်ပါ။ ခရစ်ဝင်ကျမ်းရေးသူလုကာသည် ထိုအတိုင်းပြုလုပ်ခဲ့သည်။ သူ၏အကြောင်းအရာနှင့်ဆက်စပ်သည့် အချက်အလက်အများအပြားကိုစုဆောင်းပြီးနောက် ယင်းတို့ကို “ကျိုးကြောင်းဆီလျော်စွာ အစီအစဉ်တကျ” ပြုစုခဲ့သည်။ (လု. ၁:၃၊ ကဘ) သင့်ဟောပြောချက်ကို သက္ကရာဇ်စဉ်အလိုက် သို့မဟုတ် အကြောင်းအရာအလိုက်စဉ်ထားနိုင်သည်၊ သင့်ရည်ရွယ်ချက်သို့ရောက်ရန် အဘယ်အရာသည် အထိရောက်ဆုံးဖြစ်သည်အပေါ်မူတည်၍ အကြောင်းနှင့်အကျိုး သို့မဟုတ် ပြဿနာနှင့်အဖြေအစီအစဉ်ဖြင့် ဖြစ်နိုင်သည်။ အယူအဆတစ်ခုမှ အခြားတစ်ခုသို့ ရုတ်ခြည်းမပြောင်းလိုက်သင့်ပါ။ နားထောင်သူများကို အလွယ်တကူမဆက်စပ်နိုင်သည့် ကွာဟမှုများမရှိစေဘဲ အယူအဆတစ်ခုမှ နောက်တစ်ခုသို့ လွယ်ကူစွာ ဦးတည်ခေါ်ဆောင်သွားသင့်သည်။ တင်ပြထားသည့်အထောက်အထားက ပရိသတ်အား ကျိုးကြောင်းညီညွတ်သောကောက်ချက်သို့ ဦးတည်ပေးသင့်သည်။ အချက်အလက်များကိုစီစဉ်,စဉ် ဟောပြောတင်ဆက်မှုသည် ပရိသတ်အတွက် မည်သို့နေမည်ဖြစ်ကြောင်း စဉ်းစားပါ။ သင်၏တွေးဆပုံလမ်းကြောင်းအတိုင်း သူတို့ လွယ်လွယ်နှင့်လိုက်မည်လော။ သင့်စိတ်တွင်ရှိသည့်ရည်မှန်းချက်နှင့်အညီ သူတို့ကြားသိရာအတိုင်းပြုမူရန် လှုံ့ဆော်ခံရကြမည်လော။

ထို့နောက် သင့်အကြောင်းအရာတွင် စိတ်ဝင်စားမှုကိုနှိုးဆွပေးသည့်၊ သင်ဆွေးနွေးတင်ပြမည့်အရာသည် သူတို့အတွက် အမှန်တန်ဖိုးရှိကြောင်း ပရိသတ်အားပြသသည့် နိဒါန်းတစ်ခုကိုပြင်ဆင်ပါ။ ယင်းက သင်၏ ပထမဆုံးဝါကျအနည်းငယ်ကိုရေးချဖို့ ကူညီနိုင်ပေမည်။ နောက်ဆုံးတွင် သင့်ရည်မှန်းချက်နှင့်ဆီလျော်သည့် လှုံ့ဆော်ပေးသောနိဂုံးကို စီစဉ်ပါ။

အောက်လိုင်းကို အတော်လေးစောစောပြင်ဆင်ထားပါက ယင်းကိုသင်ဟောပြောချက်မပေးမီ ပြုပြင်မွမ်းမံရန် အချိန်ရပေလိမ့်မည်။ တစ်စုံတစ်ရာသောအယူအဆကို စာရင်းဇယားအချက်အလက်အချို့၊ ပုံဥပမာတစ်ခု သို့မဟုတ် တွေ့ကြုံမှုတစ်ခုဖြင့် ထောက်မပေးဖို့ လိုအပ်ကြောင်း သင်တွေ့ပေမည်။ လတ်တလောအဖြစ်အပျက် သို့မဟုတ် ဒေသစိတ်ဝင်စားရာအချက်အချို့ကိုအသုံးပြုခြင်းက ပရိသတ်အား အကြောင်းအရာ၏သက်ဆိုင်မှုကို ပို၍လွယ်ကူစွာမြင်ရန် ကူညီပေမည်။ သင့်ဟောပြောချက်ကိုပြန်လည်သုံးသပ်စဉ် ပရိသတ်အတွက် သတင်းအချက်အလက်ကို အလိုက်သင့်ပြုပြင်တင်ဆက်ပေးနိုင်သည့် နောက်ထပ်အခွင့်အလမ်းများကို ပို၍သတိပြုမိလာပေမည်။ အကြောင်းအရာကောင်းကို ထိရောက်သောဟောပြောချက်တစ်ခုဖြစ်ဖို့ စီစဉ်ရာတွင် ဤဆန်းစစ်၊ ပြုပြင်မွမ်းမံခြင်းသည် မရှိမဖြစ်လိုအပ်သည်။

ဟောပြောသူအချို့တို့သည် ပိုမိုကျယ်ပြန့်သော မှတ်စုမှတ်ရာများ အခြားသူများထက် ပို၍လိုအပ်ပေမည်။ သို့သော် သင်၏အကြောင်းအရာကို အဓိကအချက်အနည်းငယ်အောက်၌သာဖွဲ့စည်းကာ ယင်းတို့အား အမှန်မပံ့ပိုးသည့်အရာကို ဖယ်ရှားပစ်ပြီး သင်၏အယူအဆများကို ကျိုးကြောင်းဆီလျော်စွာ အစီအစဉ်တကျထားပါက အတွေ့အကြုံအနည်းငယ်ရှိရုံဖြင့် အရာရာကိုရေးချဖို့ လိုတော့မည်မဟုတ်ကြောင်း သင်တွေ့ရလိမ့်မည်။ အချိန်ကုန်သက်သာစေလိုက်နိုင်မည်ဖြစ်ခြင်း! ထို့အပြင် သင့်ဟောပြောချက်အရည်အသွေး တိုးတက်လာမည်။ ယင်းက သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးမှ သင်အမှန်ပင်အကျိုးကျေးဇူးရရှိနေကြောင်း ထင်ရှားစေမည်။

အောက်လိုင်းတစ်ခု ပြင်ဆင်ပုံ

  • သင့်အကြောင်းအရာသည် အဘယ်ကြောင့်ပရိသတ်အတွက်အရေးပါကြောင်းနှင့် သင့်ရည်မှန်းချက်သည် အဘယ်အရာဖြစ်ကြောင်းကို သတ်မှတ်ဆုံးဖြတ်ပါ

  • အဓိကအကြောင်းတစ်ခုကိုရွေးပါ; အကယ်၍တစ်ခုကို တာဝန်ရပါက၊ ယင်းကိုဆန်းစစ်ပါ

  • သိမှတ်ဖွယ်ဖြစ်ပြီး အထောက်အကူပြုသော အကြောင်းအရာကိုစုဆောင်းပါ

  • သင်၏အဓိကအချက်များကို ခွဲခြား သိမြင်ပါ

  • သင်၏အကြောင်းအရာကိုဖွဲ့စည်းပါ; အကောင်းဆုံးကိုသာထားပါ

  • စိတ်ဝင်စားမှုကိုနှိုးဆွသောနိဒါန်းတစ်ခု ပြင်ဆင်ပါ

  • လှုံ့ဆော်ပေးသောနိဂုံးချုပ်တစ်ခုစီစဉ်ပါ

  • သင့်ဟောပြောချက်ကို ပြန်လည်သုံးသပ်ပါ; ယင်းကို ပြုပြင်မွမ်းမံပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ