သင်ခန်းစာ ၇
အဓိကအယူအဆများကို အလေးအနက်ပြုခြင်း
ထိရောက်စွာဖတ်ရှုသူတစ်ဦးသည် ဝါကျတစ်ကြောင်းထက်မက၊ ယင်းဝါကျပါဝင်သည့် စာပိုဒ်ထက်ပင် ကျော်၍ကြည့်မြင်တတ်သည်။ ဖတ်ရှုသည့်အခါ သူတင်ဆက်နေသော အကြောင်းအရာတစ်ခုလုံး၏ အဓိကအယူအဆများကို သူ့စိတ်ထဲတွင်ထားရှိသည်။ ယင်းက သူအလေးအနက်ဖတ်ရမည့်နေရာကို အဆုံးအဖြတ်ပေးသည်။
အကယ်၍ ဤအစီအစဉ်ကိုမလိုက်နာပါက ဟောပြောချက်တွင် ပေါ်လွင်သည့်အချက်များ ရှိမည်မဟုတ်။ ဘယ်အရာတစ်ခုမျှ ရှင်းရှင်းလင်းလင်း ထင်ပေါ်မည်မဟုတ်။ တင်ဆက်မှု ပြီးဆုံးသွားသည့်အခါ မှတ်သားဖွယ်အချက်ဟူ၍ တစ်ချက်ချက်ကိုမှတ်မိရန် ခက်ခဲပေမည်။
အဓိကအယူအဆများကို လေးနက်စေခြင်းအား ကောင်းစွာသတိပြုခြင်းက သမ္မာကျမ်းစာ မှတ်တမ်းတစ်ခုဖတ်ရှုခြင်းကို ပို၍တိုးတက်စေရန် များစွာလုပ်ဆောင်နိုင်သည်။ ထိုသို့သော လေးနက်မှုက အိမ်တွင်းကျမ်းစာသင်အံမှု သို့မဟုတ် အသင်းတော်အစည်းအဝေးတွင် စာပိုဒ်များဖတ်ရှုခြင်းကို ပို၍အဓိပ္ပာယ်ပေါ်စေနိုင်သည်။ ထို့အပြင် ကျွန်ုပ်တို့၏စည်းဝေးကြီးများတွင် တစ်ခါတစ်ရံ ပြုလုပ်သကဲ့သို့ စာမူဟောပြောချက်ပေးရာတွင် အထူးသဖြင့် အရေးပါသည်။
ယင်းကိုလုပ်ဆောင်နိုင်ပုံ။ ကျောင်းတွင် ကျမ်းစာအပိုင်းတစ်ပိုင်းဖတ်ပြရန် သင့်ကို တာဝန်ပေးပေမည်။ အဘယ်အရာကို အလေးအနက်ပြုသင့်သနည်း။ သင်ဖတ်ရှုမည့် အကြောင်းအရာအား အခြေခံတည်ဆောက်ထားသည့် အဓိကအယူအဆ သို့မဟုတ် အရေးကြီးသော အဖြစ်အပျက်တစ်ခုခုရှိနေလျှင် ယင်းကိုပေါ်လွင်စေခြင်းသည် သင့်တော်ပေမည်။
သင်ဖတ်ရှုမည့်အပိုင်းသည် လင်္ကာ သို့မဟုတ် စကားပြေဖြစ်စေ၊ စကားပုံ သို့မဟုတ် ဇာတ်ကြောင်းဖော်ပြချက်ဖြစ်စေ ယင်းအား သင်ကောင်းမွန်စွာဖတ်ရှုလျှင် ပရိသတ်ကို အကျိုးရရှိစေမည်။ (၂ တိ. ၃:၁၆၊ ၁၇) ယင်းကိုလုပ်ဆောင်ရန် သင်ဖတ်ရှုတော့မည့်အပိုဒ်များနှင့် ပရိသတ်ကိုပါ ထည့်စဉ်းစားရမည်။
ကျမ်းစာသင်အံမှု သို့မဟုတ် အသင်းတော်အစည်းအဝေး၌ စာပေတစ်ခုကို အသံကျယ်ကျယ်ဖတ်ရှုရန် ဖြစ်ပါက သင်အလေးအနက်ပြုဖို့လိုသည့် အဓိကအယူအဆများကား အဘယ်နည်း။ ပုံနှိပ်ထားသည့် လေ့လာရန်မေးခွန်းများ၏ အဖြေများကို အဓိကအယူအဆများအဖြစ် မှတ်ယူပါ။ ၎င်းအပြင် စာလုံးမဲခေါင်းစဉ်ငယ်နှင့်ဆက်စပ်နေသည့် ယင်းအောက်ရှိသဘောတရားများကိုလည်း လေးနက်စေပါ။
အသင်းတော်တွင်ပေးရန်အတွက် စာမူဟောပြောချက်အသုံးပြုသည့် အလေ့အကျင့်ပြုရန်ကိုမူ အကြံပြုမထောက်ခံပါ။ သို့ရာတွင် စည်းဝေးကြီးအားလုံး၌ ထပ်တူသဘောတရားများကို တစ်ပုံစံတည်း တင်ပြစေရန် စည်းဝေးကြီးဟောပြောချက်အချို့အတွက် စာမူဟောပြောချက်များကို ရံဖန်ရံခါ ပေးထားတတ်သည်။ ထိုကဲ့သို့သောစာမူဟောပြောချက်တွင် အဓိကအယူအဆများကို အလေးအနက်ပြုရန် ဟောပြောသူသည် ပထမဦးဆုံး အကြောင်းအရာကို ဂရုတစိုက်ဆန်းစစ်လေ့လာထားရမည်။ အဓိကအချက်များကား အဘယ်နည်း။ ယင်းတို့ကို ဟောပြောသူ သိရှိထားသင့်သည်။ အဓိကအချက်များသည် စိတ်ဝင်စားဖွယ်ရာဖြစ်သည်ဟု သူခံစားရသည့် ယူဆချက်များသာမဟုတ်ချေ။ ယင်းတို့သည် အကြောင်းအရာအား အခြေခံတည်ဆောက်ထားသည့် အဓိကသော့ချက်များဖြစ်သည်။ တစ်ခါတစ်ရံ စာမူဟောပြောချက်ရှိ အဓိကအယူအဆ၏ တိုတိုတုတ်တုတ်ဖော်ပြချက်က ဇာတ်ကြောင်းဖော်ပြချက် သို့မဟုတ် အချေအတင်ပြောဆိုချက်ကို အစပျိုးပေးသည်။ သို့သော် များသောအားဖြင့် ထောက်ခံသည့်သာဓကကို တင်ဆက်ပြီးနောက်မှသာ ခိုင်မာသောထုတ်ဖော်ပြချက်ကို ပြုလုပ်သည်။ ဟောပြောသူသည် ယင်းသော့ချက်များကို ခွဲခြားသိမြင်ပြီးနောက်တွင် ၎င်းတို့အား မိမိ၏စာမူဟောပြောချက်တွင် မှတ်သားထားသင့်သည်။ အများအားဖြင့် လေးငါးခုထက်ပိုဖွယ်မရှိသော အချက်အနည်းငယ်သာရှိလေ့ရှိသည်။ သည့်နောက် ယင်းတို့ကို ပရိသတ် လွယ်လင့်တကူ ခွဲခြားသိမြင်နိုင်သည့်နည်းဖြင့် ဖတ်ရှုခြင်းကို လေ့ကျင့်ဖို့လိုသည်။ ယင်းတို့မှာ ဟောပြောချက်၏ အထွတ်အထိပ်များဖြစ်ကြသည်။ အကြောင်းအရာတစ်ခုကို လျောက်ပတ်သော လေးနက်မှုဖြင့် ဟောပြောမည်ဆိုလျှင် ထိုအဓိကအယူအဆများကို မှတ်မိရန်အကြောင်းပိုများသည်။ ထိုအရာမှာ ဟောပြောသူ၏ပန်းတိုင်ဖြစ်သင့်သည်။
ဤတွင် အဓိကအချက်များကို ပရိသတ် ခွဲခြားသိမြင်စေရန် လိုအပ်သောလေးနက်မှုကို ဟောပြောသူတင်ပြနိုင်သည့်နည်း အမျိုးမျိုးရှိပါသည်။ အနည်းငယ်ဖော်ပြရမည်ဆိုလျှင် စိတ်ထက်သန်မှုကို တိုးမြှင့်လိုက်ခြင်း၊ အသံအနှေးအမြန်ပြောင်းလဲခြင်း၊ နက်ရှိုင်းသောခံစားချက် သို့မဟုတ် သင့်တော်သော ကိုယ်ဟန်အမူအရာတို့ကို ဟောပြောသူ အသုံးပြုနိုင်ပါသည်။