ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es25 စာ. ၅၇-၆၇
  • ဇွန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇွန်
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • တနင်္ဂနွေနေ့၊ ဇွန် ၁
  • တနင်္လာနေ့၊ ဇွန် ၂
  • အင်္ဂါနေ့၊ ဇွန် ၃
  • ဗုဒ္ဓဟူးနေ့၊ ဇွန် ၄
  • ကြာသပတေးနေ့၊ ဇွန် ၅
  • သောကြာနေ့၊ ဇွန် ၆
  • စနေနေ့၊ ဇွန် ၇
  • တနင်္ဂနွေနေ့၊ ဇွန် ၈
  • တနင်္လာနေ့၊ ဇွန် ၉
  • အင်္ဂါနေ့၊ ဇွန် ၁၀
  • ဗုဒ္ဓဟူးနေ့၊ ဇွန် ၁၁
  • ကြာသပတေးနေ့၊ ဇွန် ၁၂
  • သောကြာနေ့၊ ဇွန် ၁၃
  • စနေနေ့၊ ဇွန် ၁၄
  • တနင်္ဂနွေနေ့၊ ဇွန် ၁၅
  • တနင်္လာနေ့၊ ဇွန် ၁၆
  • အင်္ဂါနေ့၊ ဇွန် ၁၇
  • ဗုဒ္ဓဟူးနေ့၊ ဇွန် ၁၈
  • ကြာသပတေးနေ့၊ ဇွန် ၁၉
  • သောကြာနေ့၊ ဇွန် ၂၀
  • စနေနေ့၊ ဇွန် ၂၁
  • တနင်္ဂနွေနေ့၊ ဇွန် ၂၂
  • တနင်္လာနေ့၊ ဇွန် ၂၃
  • အင်္ဂါနေ့၊ ဇွန် ၂၄
  • ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၅
  • ကြာသပတေးနေ့၊ ဇွန် ၂၆
  • သောကြာနေ့၊ ဇွန် ၂၇
  • စနေနေ့၊ ဇွန် ၂၈
  • တနင်္ဂနွေနေ့၊ ဇွန် ၂၉
  • တနင်္လာနေ့၊ ဇွန် ၃၀
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၅
es25 စာ. ၅၇-၆၇

ဇွန်

တနင်္ဂနွေနေ့၊ ဇွန် ၁

ကျွန်တော်တို့က ဒုက္ခအများကြီးခံပြီးမှ ဘုရားသခင့် နိုင်ငံတော် ဝင်ရမယ်။—တ. ၁၄:၂၂။

အခြေအနေနဲ့အညီ အလိုက်သင့် ပြောင်းလဲသူတွေကို ယေဟောဝါ ကောင်းချီးပေးတယ်။ ဥပမာ၊ ပထမရာစု ခရစ်ယာန်တွေဟာ မကြာမကြာ နှိပ်စက်ညှဉ်းပန်းခံရတယ်။ တစ်ခါတလေ ထင်မှတ်မထားတဲ့အချိန်မှာ ဖြစ်တယ်။ လုတ္တရမြို့မှာ ဗာနဗနဲ့ တမန်တော် ပေါလု ဟောပြောရင်း ဘာဖြစ်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ အစပိုင်းမှာ လူတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ သတင်းစကားကို နားထောင်ကြတယ်။ ဒါပေမဲ့ နောက်တော့ ဆန့်ကျင်သူတွေ ရောက်လာပြီး “လူတွေကို သွေးထိုးတဲ့အတွက်” ပေါလုကို ကျောက်ခဲနဲ့ ပေါက်ကြတယ်။ သေပြီ အထင်နဲ့ ပစ်ထားခဲ့ကြတယ်။ (တ. ၁၄:၁၉) ဒါပေမဲ့ ဗာနဗနဲ့ ပေါလု တခြားနေရာမှာ ဆက်ဟောတယ်။ ဘာရလဒ် ရသလဲ။ သူတို့ရဲ့စကား၊ ပုံသက်သေကြောင့် ယုံကြည်သူချင်းတွေ အားရှိလာကြတယ်။ လူအတော်များများ တပည့် ဖြစ်လာကြတယ်။ (တ. ၁၄:၂၁၊ ၂၂) ဆန့်ကျင်မှုတွေ ရုတ်တရက် ကြုံရပေမဲ့ ဗာနဗနဲ့ ပေါလု လက်မလျှော့လို့ တော်တော်များများ အကျိုးရသွားကြတယ်။ ကျွန်တော်တို့လည်း ယေဟောဝါရဲ့ အမှုတော်မှာ လက်မလျှော့ဘဲ ပါဝင်နေသရွေ့ ဘုရားကောင်းချီး ရမယ်ဆိုတာ စိတ်ချနိုင်တယ်။ w23.04 ၁၆ ¶၁၃-၁၄

တနင်္လာနေ့၊ ဇွန် ၂

ယေဟောဝါဘုရား၊ ကျွန်တော် ဆုတောင်းတာကို နားထောင်ပေးပါ။ အသနားခံတာကို အာရုံစိုက်ပေးပါ။ ဒုက္ခရောက်တဲ့အခါ ဆုတောင်းမယ်။ ကိုယ်တော် ပြန်ဖြေမှာပဲ။—ဆာ. ၈၆:၆၊ ၇။

ဘုရင် ဒါဝိဒ်ဟာ ဘဝတစ်လျှောက် ရန်သူတွေ ဝိုင်းနေလို့ ဘုရားဆီ မကြာခဏ အကူအညီ တောင်းရတယ်။ ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်တယ်၊ ဖြေပေးတယ်ဆိုတာ ယုံကြည်စိတ်ချတယ်။ သင်လည်း ယုံကြည်စိတ်ချနိုင်ပါတယ်။ ဉာဏ်ပညာ၊ ခံရပ်နိုင်စွမ်း ပေးခြင်းအားဖြင့်၊ ယုံကြည်သူ၊ မယုံကြည်သူတွေကတစ်ဆင့် ကူညီပေးခြင်းအားဖြင့် ဆုတောင်းချက်တွေကို ဖြေပေးပါတယ်။ ကိုယ်မျှော်လင့်တဲ့ နည်းအတိုင်း ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေမပေးရင်တောင် တစ်နည်းနည်းနဲ့တော့ ဖြေပေးမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချကြတယ်။ လိုအပ်တာကို လိုအပ်ချိန် ကွက်တိမှာ ပေးပါလိမ့်မယ်။ ဒါကြောင့် လောလောဆယ် ကိုယ့်ကို ဘုရား ဂရုစိုက်မယ်၊ ကမ္ဘာသစ်မှာလည်း ‘အလိုဆန္ဒတွေကို ဖြည့်ဆည်းပေး’ မယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆက်သာ တောင်းနေပါ။—ဆာ. ၁၄၅:၁၆။ w23.05 ၈ ¶၄။ ၁၃ ¶၁၇-၁၈

အင်္ဂါနေ့၊ ဇွန် ၃

ယေဟောဝါ လုပ်ပေးခဲ့တဲ့ ကောင်းမှုအားလုံးအတွက် ငါ ဘယ်လို ကျေးဇူးဆပ်ရမလဲ။ —ဆာ. ၁၁၆:၁၂။

ပန်းတိုင် ရောက်ရင် ရမယ့် အကျိုးကျေးဇူးတွေကို အာရုံစိုက်ပါ။ ဘာအကျိုးကျေးဇူးတွေ အာရုံစိုက်နိုင်သလဲ။ ကျမ်းစာ ဖတ်တာ၊ ဆုတောင်းတာနဲ့ပတ်သက်ပြီး ပန်းတိုင်ထားတယ်ဆိုရင် ယေဟောဝါနဲ့ ဆက်ဆံရေး ပိုကောင်းလာမယ်ဆိုတဲ့ အကျိုးကျေးဇူးကို စဉ်းစားနိုင်တယ်။ (ဆာ. ၁၄၅:၁၈၊ ၁၉) ခရစ်ယာန် အရည်အသွေးတစ်ခု ရှိလာဖို့ ပန်းတိုင်ထားတယ်ဆိုရင် တခြားသူတွေနဲ့ ဆက်ဆံရေး ပိုကောင်းလာမယ်ဆိုတဲ့ အကျိုးကျေးဇူးကို စဉ်းစားနိုင်တယ်။ (ကော. ၃:၁၄) ဒါကြောင့် ကိုယ် ပန်းတိုင် ရောက်ချင်ရတဲ့ အကြောင်းရင်းအားလုံးကို စာရင်း လုပ်ပါ။ အဲဒီစာရင်းကို မကြာခဏ ကြည့်ပါ။ ပန်းတိုင် ရောက်အောင် ကြိုးစားဖို့ အားပေးသူတွေနဲ့ ပေါင်းပါ။ (ပညာ. ၁၃:၂၀) လုပ်ချင်ကိုင်ချင်စိတ် မရှိတဲ့ နေ့မျိုး ကျွန်တော်တို့အားလုံး ကြုံဖူးကြတယ်။ လုပ်ချင်ကိုင်ချင်စိတ် မရှိရင်တောင် ပန်းတိုင် ရောက်ဖို့ ကြိုးစားနိုင်တုန်းပါပဲ။ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ရမယ်။ မလွယ်ပေမဲ့ ကြိုးစားရကျိုး နပ်ပါတယ်။ w23.05 ၂၇-၂၈ ¶၅-၈

ဗုဒ္ဓဟူးနေ့၊ ဇွန် ၄

လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်။—ဂလ. ၆:၇။

ဆုံးဖြတ်ချက်အတွက် တာဝန်ယူရမယ်ဆိုတဲ့ သိစိတ်က အကျိုးရှိတယ်။ အမှား ဝန်ခံဖို့၊ အမှား ပြင်ဖို့၊ အမှား ထပ်မလုပ်ဖို့ ကူညီပေးလို့ပဲ။ ဒါဆိုရင် အသက်ပြေးပွဲမှာ ဆက်ပြေးနိုင်ပါလိမ့်မယ်။ အမှားကို အမှန် ပြင်လို့ မရတော့တဲ့အခါ အရှိကို အရှိအတိုင်းသာ လက်ခံလိုက်ပါ။ ကိုယ့်အမှားအတွက် ဆင်ခြေပေးရင်း၊ ကိုယ့်ကိုယ်ကိုယ် ဒါမှမဟုတ် တခြားသူတွေကို အပြစ်တင်ရင်း အချိန်ကုန် လူပင်ပန်း မခံပါနဲ့။ အမှားကို လက်ခံပါ။ လက်ရှိမှာ အကောင်းဆုံး ကြိုးစားပါ။ အမှားအတွက် နောင်တရတယ်ဆိုရင် ယေဟောဝါဆီ နှိမ့်ချမှုရှိရှိ ဆုတောင်းပြီး အမှား ဝန်ခံပါ။ ခွင့်လွှတ်ပေးဖို့ အသနားခံပါ။ (ဆာ. ၂၅:၁၁။ ၅၁:၃၊ ၄) ကိုယ် အမှားလုပ်မိခဲ့သူတွေကို တောင်းပန်ပါ။ လိုအပ်ရင် အကြီးအကဲတွေကို အကူအညီ တောင်းပါ။ (ယာ. ၅:၁၄၊ ၁၅) အမှားကနေ သင်ခန်းစာ ယူပါ။ အမှား ထပ်မလုပ်ပါနဲ့။ ဒါဆိုရင် ယေဟောဝါ ကရုဏာ ပြမယ်၊ လိုအပ်သလို ထောက်မမယ်ဆိုတာ စိတ်ချနိုင်တယ်။—ဆာ. ၁၀၃:၈-၁၃။ w23.08 ၂၈-၂၉ ¶၈-၉

ကြာသပတေးနေ့၊ ဇွန် ၅

ယောရှဟာ ပုရောဟိတ်ယောယဒရဲ့ သွန်သင်မှုခံရချိန် တစ်လျှောက်လုံး ယေဟောဝါရှေ့မှာ မှန်ရာကို ဆက်လုပ်တယ်။—၂ ဘု. ၁၂:၂။

ယောယဒ ကောင်းကောင်း လေ့ကျင့်သွန်သင်ပေးလို့ ဘုရင် ယောရှ လူကောင်းသူကောင်းလေး ဖြစ်လာတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရင် ဖြစ်လာချိန် ယေဟောဝါ နှစ်သက်တာတွေ လုပ်တယ်။ ဒါပေမဲ့ ယောယဒ သေဆုံးပြီးနောက် အယူဖောက်ပြန်တဲ့ ယုဒမှူးမတ်တွေရဲ့ စကား နားယောင်သွားတယ်။ (၂ ရာ. ၂၄:၄၊ ၁၇၊ ၁၈) ယေဟောဝါ သိပ်စိတ်ထိခိုက်တယ်။ ‘သူတို့ကို မိမိဆီ ပြန်လှည့်လာအောင် ပရောဖက်တွေ စေလွှတ်မြဲ စေလွှတ်ပေမဲ့ သူတို့ နားမထောင်ကြဘူး။’ ယေဟောဝါရဲ့ ပရောဖက်လည်း ဖြစ်၊ ပုရောဟိတ်လည်း ဖြစ်တဲ့ ဇာခရိရဲ့ စကားကိုတောင် နားမထောင်ကြဘူး။ ဇာခရိကို ယောရှ သတ်လိုက်တယ်။ (၂ ရာ. ၂၂:၁၁။ ၂၄:၁၉-၂၂) နောက်ပိုင်း၊ ယေဟောဝါကို ယောရှ မကြောက်တော့ဘူး။ ‘ငါ့ကို မထီလေးစား လုပ်သူတွေ မထီလေးစား ဆက်ဆံခံရလိမ့်မယ်’ လို့ ယေဟောဝါ ပြောထားတယ်။ (၁ ရှ. ၂:၃၀) အင်အားနည်းတဲ့ ဆီးရီးယားတပ်လေး လာတိုက်လို့ ယောရှရဲ့ “အင်အားကြီးမားတဲ့ ယုဒတပ်” ရှုံးသွားတယ်။ ယောရှ “အကြီးအကျယ် ဒဏ်ရာ ရ” သွားတယ်။ (၂ ရာ. ၂၄:၂၄-၂၅) ဆီးရီးယားတွေ ထွက်ခွာပြီးနောက် ယောရှကို သူ့အမှုထမ်းတွေ လုပ်ကြံသတ်ဖြတ်လိုက်တယ်။ w23.06 ၁၈-၁၉ ¶၁၆-၁၇

သောကြာနေ့၊ ဇွန် ၆

ခင်ဗျားတို့ဟာ တစ်ချိန်က အမှောင်ထဲမှာ ရှိခဲ့ကြတယ်။ အခုတော့ . . . အလင်းထဲ ရောက်နေပြီ။—ဧ. ၅:၈။

ဧဖက်မြို့မှာ တမန်တော် ပေါလု အချိန်အတော်ကြာ သတင်းကောင်း ဟောပြောသွန်သင်တယ်။ (တ. ၁၉:၁၊ ၈-၁၀။ ၂၀:၂၀၊ ၂၁) ညီအစ်ကို/မတွေကို သိပ်ချစ်တယ်။ ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်ဖို့ ကူညီပေးချင်တယ်။ ဧဖက်မြို့က ခရစ်ယာန်တွေဟာ အမှန်တရား မသိခင်၊ ခရစ်ယာန် ဖြစ်မလာခင်တုန်းက မှားယွင်းတဲ့ ဘာသာရေး သွန်သင်ချက်၊ မှော်အတတ်ရဲ့ ကျွန် ဖြစ်ခဲ့ကြတယ်။ ဧဖက်မြို့သားတွေဟာ အကျင့်ပျက် လုပ်ရပ်တွေ၊ မျက်နှာပြောင်တိုက်တဲ့ လုပ်ရပ်တွေနဲ့ နာမည်ကြီးတယ်။ ဇာတ်ရုံတွေ၊ ဘာသာရေးပွဲတွေမှာ မကြားဝံ့မနာသာ စကားတွေ မကြားချင်မှ အဆုံးပဲ။ (ဧ. ၅:၃) မြို့သား အများစုမှာ “ကိုယ်ကျင့်တရား မရှိတော့” ဘူး။ တစ်နည်းအားဖြင့် “စိတ်နှလုံး ထုံထိုင်းနေတယ်။” (ဧ. ၄:၁၇-၁၉) အမှားအမှန် မသိခင် အချိန်မို့ အမှားလုပ်လည်း စိတ်ကြည်ကြည်ပဲ။ ဒါကြောင့် “ဉာဏ်အလင်းကွယ်နေတယ်။ . . . ဘုရားသခင် ပေးသနားတဲ့ အသက်နဲ့ ကင်းကွာနေတယ်” လို့ ပေါလု ပြောတာ။ ဒါပေမဲ့ ဧဖက်မြို့သားတချို့ အမှောင်ကနေ ထွက်လာတယ်။ w24.03 ၂၀ ¶၂။ ၂၁ ¶၄-၆

စနေနေ့၊ ဇွန် ၇

ယေဟောဝါကို မျှော်လင့်တဲ့သူတွေကတော့ ခွန်အား ပြန်ပြည့်လာလိမ့်မယ်။ . . . ပင်ပန်းမှာ မဟုတ်ဘူး။—ဟေရှာ. ၄၀:၃၁။

တရားသူကြီးအဖြစ် ဂိဒေါင် လုပ်ရမယ့် တာဝန်မှာ ကာယခွန်အား စိုက်ထုတ်ရမယ့် အပိုင်းတွေ ပါတယ်။ ညသန်းခေါင် တိုက်ပွဲကနေ မိဒျန်လူတွေ ထွက်ပြေးတော့ ယေဇရေလ ချိုင့်ဝှမ်းကနေ ဂျော်ဒန်မြစ်တစ်လျှောက် ဂိဒေါင် လိုက်တယ်။ (သူကြီး. ၇:၂၂) ဂျော်ဒန်မြစ် ရောက်တော့ ဂိဒေါင် ရပ်လိုက်သလား။ မရပ်ဘူး။ မောပန်းနေပေမဲ့ သူ့လူ ၃၀၀ နဲ့အတူ မြစ်ကူးပြီး ဆက်လိုက်တယ်။ နောက်ဆုံးမှာ မိဒျန်လူတွေကို မိသွားပြီး သုတ်သင်ပစ်လိုက်တယ်။ (သူကြီး. ၈:၄-၁၂) ယေဟောဝါ ခွန်အား ပေးမယ်ဆိုတာ ဂိဒေါင် စိတ်ချတယ်။ တကယ်လည်း ဘုရား ခွန်အား ပေးတယ်။ (သူကြီး. ၆:၁၄၊ ၃၄) တစ်ခါတုန်းက ကုလားအုတ် စီးပြီး ထွက်ပြေးတဲ့ မိဒျန် ဘုရင်နှစ်ပါးကို ဂိဒေါင်နဲ့ သူ့လူတွေ ခြေကျင် လိုက်ကြတယ်။ (သူကြီး. ၈:၁၂၊ ၂၁) ဘုရားအကူအညီကြောင့် ရန်သူတွေကို မိပြီး တိုက်ပွဲနိုင်သွားတယ်။ အကြီးအကဲတွေလည်း ‘ဘယ်တော့မှ မမောတဲ့၊ မပင်ပန်းတဲ့’ အရှင် ယေဟောဝါကို အားကိုးမယ်ဆိုရင် လိုအပ်ချိန်မှာ ခွန်အား ရပါလိမ့်မယ်။—ဟေရှာ. ၄၀:၂၈-၂၉။ w23.06 ၆ ¶၁၄။ ၇ ¶၁၆။

တနင်္ဂနွေနေ့၊ ဇွန် ၈

ယေဟောဝါဘုရားက . . . ခင်ဗျားတို့ကို ပစ်ထားမှာ၊ စွန့်ခွာမှာ မဟုတ်ဘူး။—တရား. ၃၁:၆။

ဘာအခက်အခဲပဲ ကြုံရပါစေ ကျွန်တော်တို့ မယိမ်းမယိုင် ရပ်တည်နိုင်ပါတယ်။ ယေဟောဝါကိုသာ ယုံကြည်စိတ်ချပါ။ ယေဟောဝါရဲ့ ညွှန်ကြားချက်ကို ယုံကြည်စိတ်ချလို့ ဗာရက် ဘယ်လို အောင်မြင်ခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ အစ္စရေး တစ်တိုင်းပြည်လုံးမှာ ဒိုင်းလွှားတစ်ခု၊ လှံတစ်စင်းမှ မရှိဘူး။ ဒါပေမဲ့ သိသရ ခေါင်းဆောင်တဲ့ လက်နက် အပြည့်အစုံနဲ့ ခါနန် စစ်တပ်ကို သွားတိုက်ဖို့ ဗာရက်ကို ယေဟောဝါ ညွှန်ကြားတယ်။ (သူကြီး. ၅:၈) သိသရနဲ့ စစ်မြင်းရထား ၉၀၀ ကို ရင်ဆိုင်ဖို့ တောင်အောက် ဆင်းသွားပါလို့ ပရောဖက်မ ဒေဗောရ ပြောတယ်။ လွင်ပြင်မှာဆိုရင် စစ်မြင်းရထားတွေ အသာစီးရနိုင်တယ်ဆိုတာ သိပေမဲ့ ပြောတဲ့အတိုင်း ဗာရက် လုပ်တယ်။ ဗာရက်တို့ တာဗော်တောင်ကနေ ဆင်းလာတာနဲ့ ယေဟောဝါ မိုး သည်းသည်းထန်ထန် ရွာချစေတယ်။ သိသရရဲ့ စစ်မြင်းရထားတွေ ရွှံ့နွံနစ်ကုန်လို့ ဗာရက် အောင်ပွဲရသွားတယ်။ (သူကြီး. ၄:၁-၇၊ ၁၀၊ ၁၃-၁၆) ကျွန်တော်တို့လည်း ဘုရားကိုကော အဖွဲ့အစည်းကတစ်ဆင့် ဘုရား ပေးတဲ့ ညွှန်ကြားချက်တွေကိုပါ ယုံကြည်စိတ်ချမယ်ဆိုရင် အောင်မြင်ကြပါလိမ့်မယ်။ w23.07 ၁၉ ¶၁၇-၁၈

တနင်္လာနေ့၊ ဇွန် ၉

အဆုံးထိ ခံနိုင်ရည်ရှိသူဟာ ကယ်တင်ခံရ လိမ့်မယ်။—မ. ၂၄:၁၃။

ကယ်တင်ခြင်း ရချင်ရင် စိတ်ရှည်မှ ရမယ်။ ရှေးခေတ် သစ္စာရှိ ကျေးကျွန်တွေလိုပဲ ဘုရားကတိတွေ ပြည့်စုံလာဖို့ စိတ်ရှည်ရှည် စောင့်ကြရမယ်။ (ဟီ. ၆:၁၁၊ ၁၂) ကျမ်းစာမှာ ကျွန်တော်တို့ကို လယ်သမားနဲ့ ခိုင်းနှိုင်းထားတယ်။ (ယာ. ၅:၇၊ ၈) လယ်သမားက မျိုးကြဲတယ်။ ရေလောင်းတယ်။ ဘယ်အချိန် အပင်ပေါက်မယ်ဆိုတာတော့ အတိအကျ မသိဘူး။ အချိန်တန်ရင် ရိတ်သိမ်းရမယ်ဆိုတာ စိတ်ချပြီး စိတ်ရှည်ရှည် စောင့်တယ်။ ကျွန်တော်တို့လည်း ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေနဲ့ အလုပ်များနေကြတယ်။ ‘သခင် ဘယ်နေ့ လာမယ်ဆိုတာတော့ မသိ’ ကြဘူး။ (မ. ၂၄:၄၂) အချိန်တန်တဲ့အခါ ကတိပေးထားသမျှ ယေဟောဝါ ပြည့်စုံစေမယ်ဆိုတာ စိတ်ချပြီး စိတ်ရှည်ရှည် စောင့်ကြတယ်။ စိတ်မရှည် ဖြစ်လာရင် စောင့်ရတာ စိတ်မောလာမယ်။ အမှန်တရားကနေ တဖြည်းဖြည်း ဝေးသွားမယ်။ အခု လုပ်၊ အခု ရမယ့်အရာတွေနောက် ပါသွားမယ်။ စိတ်ရှည်ရင်တော့ အဆုံးထိ ခံရပ်နိုင်မယ်။ ကယ်တင်ခံရမယ်။—မိ. ၇:၇။ w23.08 ၂၂ ¶၇

အင်္ဂါနေ့၊ ဇွန် ၁၀

ခြေချောင်းတွေက သံတစ်ဝက် ရွှံ့စေးတစ်ဝက် ရောနေ [တယ်။]—ဒံ. ၂:၄၂။

ဒံယေလ ၂:၄၁-၄၃ မှာ ပါတဲ့ ကြိုဟောချက်ကို ဒံယေလကျမ်း၊ ဗျာဒိတ်ကျမ်းထဲက တခြားကြိုဟောချက်တွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ခြေဖဝါးနဲ့ ခြေဖမိုးဟာ ဒီနေ့ခေတ် ဩဇာအရှိဆုံး အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ကို ကိုယ်စားပြုမှန်း သိရတယ်။ “အဲဒီနိုင်ငံဟာ ခိုင်မာခြင်းတစ်ဝက်၊ ကျိုးပဲ့လွယ်ခြင်းတစ်ဝက် ရောနှောနေမယ်” လို့ ဒံယေလ ပြောတယ်။ ဘာကြောင့် ကျိုးပဲ့လွယ်ခြင်းတစ်ဝက် ရောနေသလဲ။ ရွှံ့စေးနဲ့ ခိုင်းနှိုင်းထားတဲ့ သာမန်ပြည်သူတွေကြောင့် သံနဲ့ တူတဲ့ အာဏာကို သုံးချင်သလောက် သုံးလို့ မရလို့ပဲ။ ရုပ်တုကြီးနဲ့ပတ်သက်ပြီး ဒံယေလ အနက်ဖွင့်ပြတာကနေ အရေးကြီး အချက်တွေ သိရတယ်။ ပထမ၊ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ဟာ မိမိ အင်အားကြီးကြောင်း သက်သေထူခဲ့ပြီ။ ဥပမာ၊ ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ် အနိုင်ရ နိုင်ငံတွေထဲမှာ အမေရိကန်နဲ့ ဗြိတိန် ပါတယ်။ ဒါပေမဲ့ နိုင်ငံသားတွေက အချင်းချင်း တိုက်လိုက်၊ အစိုးရကို တိုက်လိုက်နဲ့မို့ ဒီကမ္ဘာ့အာဏာစက်ဟာ အားပျော့နေတယ်။ ဒီထက်လည်း အားပျော့လာဦးမယ်။ ဒုတိယ၊ လူ့အစိုးရအားလုံးကို ဘုရားနိုင်ငံတော် မဖျက်ဆီးခင်အထိ အာဏာရနေမယ့် နောက်ဆုံး ကမ္ဘာ့အာဏာစက်ဟာ အင်္ဂလိပ်-အမေရိကန် ဖြစ်တယ်။ w23.08 ၁၀-၁၁ ¶၁၂-၁၃

ဗုဒ္ဓဟူးနေ့၊ ဇွန် ၁၁

ဒုက္ခရောက်နေချိန်မှာ ယေဟောဝါကို ငါ ဆုတောင်းတယ်။ ကူညီပါလို့ ဘုရားသခင်ကို တစာစာ တောင်းလျှောက်တယ်။ ငါ့အသံကို ဗိမာန်တော်ထဲကနေ ကြားတယ်။—ဆာ. ၁၈:၆။

ပြဿနာ များလွန်းလို့ ဒါဝိဒ် တစ်ခါတလေ စိတ်မောလာတယ်။ (ဆာ. ၁၈:၄၊ ၅) ပင်ပန်းနွမ်းလျနေတဲ့ မိတ်ဆွေ ဒါဝိဒ်ကို “စိမ်းစိုတဲ့ စားကျက်၊” “ရေပေါများတဲ့နေရာဆီ” ယေဟောဝါ ခေါ်သွားပေးတယ်။ ယေဟောဝါရဲ့ မေတ္တာ၊ ဂရုစိုက်မှု ခံစားရလို့ ဒါဝိဒ် လန်းဆန်းအားပြည့်လာပြီး ရှေ့ဆက်နိုင်သွားတယ်။ (ဆာ. ၁၈:၂၈-၃၂။ ၂၃:၂) ဒီနေ့လည်း ဘဝပြဿနာတွေ ကြုံရပေမဲ့ “ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကြောင့် ကျွန်တော်တို့ ဇာတ်သိမ်းသွားမှာ မဟုတ်ဘူး။” (မြည်. ၃:၂၂။ ကော. ၁:၁၁) ဒါဝိဒ် အသက် အန္တရာယ် ခဏခဏ ကြုံတယ်။ အင်အားကြီး ရန်သူတွေ ဝိုင်းနေတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ မေတ္တာကြောင့် ဘေးကင်းလုံခြုံတယ်လို့ ခံစားရတယ်။ ဘယ်အခြေအနေ ရောက်ရောက် မိမိနဲ့အတူ ယေဟောဝါ ရှိနေတယ်လို့ ခံစားရတဲ့အတွက် အားရှိတယ်။ ဒါကြောင့် “ကြောက်လန့်စရာ မှန်သမျှကနေ ငါ့ကို [ယေဟောဝါ] ကယ်တင်တယ်” လို့ စပ်ဆိုခဲ့တယ်။ (ဆာ. ၃၄:၄) ဒါဝိဒ် ကြုံရသမျှ ကြောက်စရာချည်းပဲ။ ဒါပေမဲ့ ကြောက်အားထက် ဘုရားမေတ္တာကို ယုံအား ပိုကြီးတယ်။ w24.01 ၃၀ ¶၁၅-၁၇

ကြာသပတေးနေ့၊ ဇွန် ၁၂

အပြစ်လုပ်သူတွေ သွေးဆောင်တဲ့အခါ နားမယောင်နဲ့။—ပညာ. ၁:၁၀။

ယောရှရဲ့ ဆုံးဖြတ်ချက်အမှားကနေ သင်ယူပါ။ ပုရောဟိတ်မင်း ယောယဒ ကွယ်လွန်ပြီးနောက် ယောရှ အပေါင်းအသင်း မှားလာတယ်။ (၂ ရာ. ၂၄:၁၇၊ ၁၈) ဘုရားကို မချစ်တဲ့ ယုဒမှူးမတ်တွေစကား နားယောင်သွားတယ်။ တကယ်ဆိုရင် ဒီပြဿနာအိုးတွေကို ဝေးဝေး ရှောင်သင့်တာ။ ဒါပေမဲ့ တည့်မတ်ပေးဖို့ ကြိုးစားတဲ့ ဝမ်းကွဲ ဇာခရိကို ယောရှ သတ်လိုက်တယ်။ (၂ ရာ. ၂၄:၂၀၊ ၂၁။ မ. ၂၃:၃၅) ဘယ်လောက်တောင် မိုက်မဲဆိုးရွားလိုက်သလဲ။ ယောရှ အစ ကောင်းပေမဲ့ အနှောင်း မလှဘူး။ အယူဖောက်ပြန်သူ၊ လူသတ်သမား ဖြစ်သွားတယ်။ နောက်ပိုင်း၊ အမှုထမ်းတွေ လုပ်ကြံသတ်ဖြတ်တာကို ခံရတယ်။ (၂ ရာ. ၂၄:၂၂-၂၅) ယေဟောဝါစကားသာ ဆက်နားထောင်မယ်၊ ဘုရားကို ချစ်တဲ့သူတွေနဲ့သာ ပေါင်းမယ်ဆိုရင် ဒီလိုမရှုမလှ ဘဝဇာတ်သိမ်းမှာ မဟုတ်ဘူး။ w23.09 ၉ ¶၆

သောကြာနေ့၊ ဇွန် ၁၃

မစိုးရိမ်နဲ့တော့။—လု. ၅:၁၀။

တမန်တော် ပေတရုဟာ သစ္စာရှိမယ့် လူစားမျိုး ဖြစ်မှန်း ယေရှု သိတယ်။ ဒါကြောင့် “မစိုးရိမ်နဲ့တော့” လို့ ကြင်ကြင်နာနာ ပြောလိုက်တယ်။ ယေရှု ယုံကြည်စိတ်ချပေးလို့ ပေတရုဘဝ ပြောင်းလဲသွားတယ်။ နောက်ပိုင်း၊ ပေတရုနဲ့ ညီအန္ဒြေ တံငါလုပ်ငန်း စွန့်ပြီး ယေရှုနောက် လိုက်ကြတယ်။ ဘုရားကောင်းချီး နည်းအမျိုးမျိုးနဲ့ ခံစားကြရတယ်။ (မာ. ၁:၁၆-၁၈) ခရစ်တော်နောက်လိုက် ဖြစ်လာလို့ အဖိုးမဖြတ်နိုင်တဲ့ တွေ့ကြုံမှုတွေ ပေတရု ရတယ်။ လူနာတွေကို ယေရှု ကုပေးတာ၊ နတ်ဆိုးတွေ နှင်ထုတ်တာ၊ လူသေတွေ အသက်ပြန်ရှင်စေတာ တွေ့ရတယ်။ (မ. ၈:၁၄-၁၇။ မာ. ၅:၃၇၊ ၄၁၊ ၄၂) ဘုရားနိုင်ငံတော် မင်းလောင်းအဖြစ် ယေရှု ကိုယ်ယောင် ပြောင်းတဲ့ မမေ့နိုင်စရာ မြင်ကွင်း မြင်ရတယ်။ (မာ. ၉:၁-၈။ ၂ ပေ. ၁:၁၆-၁၈) ယေရှုနောက်သာ မလိုက်ရင် ဒါတွေ မြင်တွေ့ခွင့် ရမှာ မဟုတ်ဘူး။ အပျက်သဘောကို တွန်းလှန်နိုင်ခဲ့လို့ ဒီလို ကောင်းချီးတွေ ရတာ ဝမ်းသာမဆုံး ဖြစ်နေမှာပဲ။ w23.09 ၂၁ ¶၄-၅

စနေနေ့၊ ဇွန် ၁၄

ယေရှုက ကျွန်တော် ပြောမယ်။ ခုနစ်ကြိမ်မက၊ ၇၇ ကြိမ်အထိ ခွင့်လွှတ်ရမယ်။—မ. ၁၈:၂၂။

အချင်းချင်း နှစ်နှစ်ကာကာ ချစ်ရင် အပြစ် တစ်ခု၊ နှစ်ခုမကလို့ တောင်ပုံရာပုံ ရှိရင်တောင် ခွင့်လွှတ်မှာ ဖြစ်တယ်လို့ ပထမစာမှာ တမန်တော် ပေတရု ပြောတယ်။ (၁ ပေ. ၄:၈) ခွင့်လွှတ်ခြင်းနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ယေရှု သင်ပေးတာကို သတိရသွားပုံပဲ။ ညီအစ်ကိုကို “ခုနစ်ကြိမ်” အထိ ခွင့်လွှတ်မယ်လို့ ပြောတုန်းက ကိုယ့်ကိုယ်ကိုယ် သဘောထား ကြီးလှပြီလို့ ပေတရု ထင်ပုံရတယ်။ ဒါပေမဲ့ “၇၇ ကြိမ်အထိ” ခွင့်လွှတ်ဖို့ ယေရှု သင်ပေးတယ်။ အကြိမ် အကန့်အသတ် မရှိ ခွင့်လွှတ်ဖို့ ပြောနေတာ။ ကျွန်တော်တို့အတွက်လည်း သင်ခန်းစာပဲ။ (မ. ၁၈:၂၁) ယေရှု ခွင့်လွှတ်ခိုင်းသလို ခွင့်လွှတ်ဖို့ ခက်တဲ့ အချိန် ရှိခဲ့ရင် စိတ်ဓာတ်မကျပါနဲ့။ မစုံလင်သူတွေ ဖြစ်လို့ ဘုရားကျေးကျွန်အားလုံး ခွင့်လွှတ်ဖို့ ခက်တဲ့ အချိန် ကြုံဖူးကြတယ်။ အရေးကြီးတာက အခုကစပြီး ခွင့်လွှတ်ဖို့၊ ပြန်သင့်မြတ်အောင် လုပ်ဖို့ပဲ။ w23.09 ၂၉ ¶၁၂

တနင်္ဂနွေနေ့၊ ဇွန် ၁၅

ယေဟောဝါကို ခေါ်တဲ့အခါ ကိုယ်တော် ပြန်ထူးတယ်။—ယောန ၂:၂။

မိမိ နောင်တရပြီး ရိုရိုကျိုးကျိုး ဆုတောင်းတာကို ယေဟောဝါ နားထောင်မယ်၊ ငါးကြီးရဲ့ ဝမ်းဗိုက်ထဲကနေ ကယ်မယ်ဆိုတာ ယောန စိတ်ချတယ်။ တကယ်လည်း ယေဟောဝါ ကယ်တယ်။ ဘုရားပေး တာဝန် ထမ်းဆောင်ဖို့ ယောန အဆင်သင့် ဖြစ်နေပြီ။ (ယောန ၂:၁၀–၃:၄) အခက်အခဲ ကြုံရတဲ့အခါ ထူပူပြီး ဘာဆုတောင်းလို့ တောင်းရမှန်း မသိ ဖြစ်ဖူးသလား။ လေ့လာမှု လုပ်ဖို့ အားမရှိဘူးလို့ ခံစားရဖူးသလား။ သင့်အခြေအနေကို ယေဟောဝါ အပြည့်အဝ နားလည်တယ်ဆိုတာ သတိရပါ။ တိုတိုတုတ်တုတ်ပဲ ဆုတောင်းရင်တောင် လိုအပ်တာ ကွက်တိ ဘုရား ပေးမယ်ဆိုတာ စိတ်ချပါ။ (ဧ. ၃:၂၀) စိတ်ပင်ပန်း၊ လူပင်ပန်းလွန်းလို့ ကျမ်းစာ မဖတ်နိုင်ဘူး၊ မလေ့လာနိုင်ဘူးဆိုရင် ကျမ်းစာ၊ ကျမ်းစာ စာပေတွေ အသံသွင်းထားတာ နားထောင်နိုင်တယ်။ jw.org က သီချင်းတစ်ပုဒ်ပုဒ် နားထောင်နိုင်တယ်။ ဗီဒီယို ကြည့်နိုင်တယ်။ ဆုတောင်းတာ၊ ကျမ်းစာနဲ့ ကျမ်းစာ စာပေတွေကနေ ဆုတောင်းချက် အဖြေရှာတာဟာ ကိုယ့်ကို အားအင်တွေ ပေးလို့ ရအောင် ဘုရားကို လမ်းဖွင့်ပေးနေတာပဲ။ w23.10 ၁၃ ¶၆။ ၁၄ ¶၉

တနင်္လာနေ့၊ ဇွန် ၁၆

ပထမတဲတော် တည်ရှိနေချိန်မှာ အသန့်ရှင်းဆုံးအခန်းဆီ ဝင်တဲ့ လမ်းကို ဘယ်သူ့ကိုမှ မဖော်ပြရသေးဘူးဆိုပြီး သန့်ရှင်းသော စွမ်းအားတော်က ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။—ဟီ. ၉:၈။

တဲတော်နဲ့ နောက်ပိုင်း၊ ဂျေရုဆလင်မြို့မှာ ဆောက်တဲ့ ဗိမာန်တော်တွေဟာ အတွင်းပိုင်း တော်တော် ဆင်တယ်။ “သန့်ရှင်းရာအခန်း” နဲ့ “အသန့်ရှင်းဆုံးအခန်း” ဆိုတဲ့ အခန်းနှစ်ခန်းကို ကန့်လန့်ကာနဲ့ ခြားထားတယ်။ (ဟီ. ၉:၂-၅။ ထွ. ၂၆:၃၁-၃၃) သန့်ရှင်းရာအခန်းမှာ ရွှေဆီမီးတိုင်၊ နံ့သာပေါင်း မီးရှို့ရာပလ္လင်နဲ့ ရှေ့တော်မုန့် စားပွဲ ရှိတယ်။ “ဘိသိက်ခံ ပုရောဟိတ်တွေ” ပဲ “ပုရောဟိတ်တာဝန် ထမ်းဆောင်” ဖို့ သန့်ရှင်းရာအခန်းထဲ ဝင်ခွင့် ရှိတယ်။ (တော. ၃:၃၊ ၇၊ ၁၀) အသန့်ရှင်းဆုံးအခန်းမှာ ရွှေချထားတဲ့ ပဋိညာဉ်သေတ္တာ ရှိတယ်။ ယေဟောဝါ ရောက်ရှိနေခြင်းကို ကိုယ်စားပြုတယ်။ (ထွ. ၂၅:၂၁၊ ၂၂) တစ်နှစ် တစ်ကြိမ် ကျရောက်တဲ့ အပြစ်ဖြေရာနေ့မှာ ပုရောဟိတ်မင်းပဲ ကန့်လန့်ကာ ဖြတ်ပြီး အသန့်ရှင်းဆုံးအခန်းထဲ ဝင်ခွင့် ရှိတယ်။ (ဝတ်. ၁၆:၂၊ ၁၇) ကိုယ်တိုင်နဲ့ အစ္စရေးတစ်မျိုးလုံးရဲ့ အပြစ်အတွက် အပြစ်ဖြေဖို့ တိရစ္ဆာန်သွေးကို ယူပြီး ဝင်ရတယ်။ ဒါတွေ ဘာကို ကိုယ်စားပြုတယ်ဆိုတာ ယေဟောဝါ ရှင်းပြတယ်။—ဟီ. ၉:၆၊ ၇။ w23.10 ၂၇ ¶၁၂

အင်္ဂါနေ့၊ ဇွန် ၁၇

အချင်းချင်း ချစ်ကြ . . . ပါ။—ယော. ၁၅:၁၇။

“အချင်းချင်း ချစ်” ဖို့ ကျမ်းစာမှာ ထပ်ခါထပ်ခါ ပြောထားတယ်။ (ယော. ၁၅:၁၂။ ရော. ၁၃:၈။ ၁ သက်. ၄:၉။ ၁ ပေ. ၁:၂၂။ ၁ ယော. ၄:၁၁) ဒါပေမဲ့ ချစ်ခြင်းမေတ္တာဟာ ခံစားချက် ဖြစ်လို့ မမြင်နိုင်ဘူး။ ဒါဆိုရင် အချင်းချင်း ချစ်တယ်ဆိုတာ ဘယ်လို မြင်သာစေနိုင်မလဲ။ အပြောအဆို၊ လုပ်ရပ်အားဖြင့်ပါ။ ချစ်ကြောင်း ပြနိုင်တဲ့နည်း အများကြီး ရှိတယ်။ ကျမ်းစာမှာ ဘယ်နည်းတွေ ဖော်ပြထားသလဲ။ “အချင်းချင်း မှန်သောစကားကိုပဲ ပြောကြပါ။” (ဇာ. ၈:၁၆) ‘အချင်းချင်း သင့်သင့်မြတ်မြတ် နေကြပါ။’ (မာ. ၉:၅၀) “ကိုယ်တိုင် အစပြုပြီး အချင်းချင်းကို ဂုဏ်တင်ပါ။” (ရော. ၁၂:၁၀) “အချင်းချင်းကို ကြိုဆိုလက်ခံကြပါ။” (ရော. ၁၅:၇) ‘အချင်းချင်း ခွင့်လွှတ်ကြပါ။’ (ကော. ၃:၁၃) “အချင်းချင်းရဲ့ ဝန်တွေကို ကူထမ်းပေးကြပါ။” (ဂလ. ၆:၂) “အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေးနေကြပါ။” (၁ သက်. ၅:၁၁) “အချင်းချင်းအတွက် ဆုတောင်းပေးကြပါ။”—ယာ. ၅:၁၆။ w23.11 ၉ ¶၇-၈

ဗုဒ္ဓဟူးနေ့၊ ဇွန် ၁၈

မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်နေပါ။ —ရော. ၁၂:၁၂။

နေ့တိုင်း ဆုံးဖြတ်ချက်တွေ ချကြရတယ်။ တချို့ ဆုံးဖြတ်ချက်တွေ ချဖို့ ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိရမယ်။ ဥပမာ၊ အပေါင်းအသင်း၊ ဖျော်ဖြေရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ သားသမီး၊ အလုပ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချတဲ့အခါ ဖြစ်တယ်။ ဆုံးဖြတ်ချက် ချတဲ့အခါ ‘ဒီလောကစနစ်က ခဏယာယီပဲ၊ မကြာခင် ကမ္ဘာသစ် ရောက်လာတော့မယ်ဆိုတာ ယုံကြောင်း ငါ့ဆုံးဖြတ်ချက်တွေက ဖော်ပြနေသလား။ ဒါမှမဟုတ် “ဘဝက တိုတိုလေးပဲ၊ ပျော်သလို နေမယ်” လို့ သဘောထားတဲ့ လောက,က လူတွေလို ငါ ဆုံးဖြတ်နေသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ (မ. ၆:၁၉၊ ၂၀။ လု. ၁၂:၁၆-၂၁) ကမ္ဘာသစ် လက်တစ်ကမ်းမှာ ရောက်နေပြီဆိုတဲ့ ယုံကြည်ခြင်း ခိုင်မာနေရင် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချနိုင်ပါလိမ့်မယ်။ နှိပ်စက်ညှဉ်းပန်းမှု၊ နာတာရှည် ရောဂါ၊ စိတ်ပျက်အားလျော့စေတဲ့ အခြေအနေတွေ ကျွန်တော်တို့ ရင်ဆိုင်ရနိုင်တယ်။ ဒါကို ခံရပ်နိုင်မှာပါလို့ အစပိုင်းမှာ တွေးမိနိုင်တယ်။ ဒါပေမဲ့ အခက်အခဲတွေ တာရှည်လာရင်တော့ ဆက်ခံရပ်နိုင်ဖို့၊ ယေဟောဝါကို ပျော်ပျော်ရွှင်ရွှင် ဆက်ဝတ်ပြုနိုင်ဖို့ ယုံကြည်ခြင်း ခိုင်မာနေမှ ရမယ်။—၁ ပေ. ၁:၆၊ ၇။ w23.04 ၂၇ ¶၄-၅

ကြာသပတေးနေ့၊ ဇွန် ၁၉

အမြဲမပြတ် ဆုတောင်းနေကြပါ။ —၁ သက်. ၅:၁၇။

ဆုလည်း တောင်း၊ ကိုယ့်ဘက်ကလည်း တတ်နိုင်တာ လုပ်ဖို့ ယေဟောဝါ မျှော်လင့်တယ်။ ခရိုင်အစည်းအဝေး တက်လို့ ရအောင် အလုပ်ကနေ ခွင့်ရပါစေဆိုပြီး ညီအစ်ကိုတစ်ယောက် ဆုတောင်းတယ် ဆိုပါစို့။ ဒီဆုတောင်းချက်ကို ယေဟောဝါ ဘယ်လို ဖြေပေးမလဲ။ အလုပ်ရှင်ဆီ ခွင့်သွားတောင်းရဲတဲ့ သတ္တိ ပေးနိုင်တယ်။ ဒါပေမဲ့ ခွင့်သွားတောင်းရမှာ ညီအစ်ကိုရဲ့ တာဝန်။ ခဏခဏတောင် သွားတောင်းရနိုင်တယ်။ နောက်တစ်ရက် အစားပြန်လုပ်ပေးမယ် ဒါမှမဟုတ် လစာ ဖြတ်လို့ ရတယ်စသဖြင့် ညှိရနိုင်တယ်။ ထပ်ခါထပ်ခါ ဆုတောင်းဖို့ ယေဟောဝါ မျှော်လင့်တယ်။ ဆုတောင်းချက်တချို့ ချက်ချင်း အဖြေ ရမှာ မဟုတ်မှန်း ယေရှုစကားကနေ သိနိုင်တယ်။ (လု. ၁၁:၉) စိတ်ဓာတ်မကျပါနဲ့။ ဇွဲမလျှော့ဘဲ ခဏခဏ တောင်းပါ။ (လု. ၁၈:၁-၇) ဒီလို တောင်းတာဟာ စိတ်ကူးပေါက်တုန်း ထတောင်းတာ မဟုတ်မှန်း ပြရာ ရောက်တယ်။ ယေဟောဝါ ကူညီပေးနိုင်တယ်ဆိုတာ ယုံကြောင်းလည်း ပြရာ ရောက်တယ်။ w23.11 ၂၂ ¶၁၀-၁၁

သောကြာနေ့၊ ဇွန် ၂၀

မျှော်လင့်ချက်ကြောင့် စိတ်ပျက်ရမှာ မဟုတ်ဘူး။—ရော. ၅:၅။

မိတ်ဆွေ အာဗြဟံရဲ့ မျိုးနွယ်ကြောင့် ကမ္ဘာပေါ်မှာ ရှိတဲ့ လူမျိုးအားလုံး ကောင်းချီး ရမယ်လို့ ယေဟောဝါဘုရား ကတိပေးတယ်။ (က. ၁၅:၅။ ၂၂:၁၈) ဘုရားကို ယုံလို့ ကတိ ပြည့်စုံလာမယ်ဆိုတာ အာဗြဟံ စိတ်ချတယ်။ အာဗြဟံ အသက် ၁၀၀၊ စာရာ အသက် ၉၀ ရှိတဲ့အချိန်ထိ သား မမွေးသေးဘူး။ (က. ၂၁:၁-၇) ဒါပေမဲ့ “ကတိတော်ကို [အာဗြဟံ] ယုံကြည်ပြီး လူမျိုးများစွာရဲ့ ဖခင် ဖြစ်လာဖို့ မျှော်လင့်ခဲ့တယ်။” (ရော. ၄:၁၈) မျှော်လင့်တဲ့အတိုင်း ဖြစ်လာတယ်။ အချိန်အတော်ကြာ မျှော်လင့်ခဲ့ရတဲ့ သားအိဇက် မွေးလာတယ်။ ယေဟောဝါ ကတိ ပြည့်စုံစေမယ်ဆိုတာ အာဗြဟံ ဘာကြောင့် စိတ်ချသလဲ။ ယေဟောဝါအကြောင်း ကောင်းကောင်း သိလို့ “ကတိပေးထားတဲ့အတိုင်း” ဖြစ်လာမယ်ဆိုတာ “အကြွင်းမဲ့ ယုံကြည်စိတ်ချ” တာ။ (ရော. ၄:၂၁) အာဗြဟံ ယုံကြည်ခြင်း ရှိလို့ ယေဟောဝါ နှစ်သက်တယ်။ ဖြောင့်မတ်သူလို့ သတ်မှတ်တယ်။—ယာ. ၂:၂၃။ w23.12 ၈ ¶၁-၂

စနေနေ့၊ ဇွန် ၂၁

အသေးအမွှားကိစ္စတွေမှာ သစ္စာရှိတဲ့သူဟာ ကြီးလေးတဲ့ ကိစ္စတွေမှာ သစ္စာရှိလိမ့်မယ်။ အသေးအမွှားကိစ္စတွေမှာ မရိုးသားတဲ့သူဟာ ကြီးလေးတဲ့ ကိစ္စတွေမှာ ရိုးသားမှာ မဟုတ်ဘူး။ —လု. ၁၆:၁၀။

ယုံကြည်စိတ်ချထိုက်သူဟာ ဘာတာဝန်ပဲ ရရ ကြိုးစားပမ်းစား လုပ်တယ်။ ယေရှုအကြောင်း စဉ်းစားကြည့်ပါ။ ဘာကိုမှ ပေါ့ပေါ့ဆဆ၊ တာဝန်မဲ့ မလုပ်ဘူး။ ခက်ရင်တောင် ဘုရားပေး တာဝန်မှန်သမျှ ကျေပွန်တယ်။ လူတွေကို၊ အထူးသဖြင့် တပည့်တွေကို ချစ်လို့ လိုလိုလားလား အသက်စွန့်တယ်။ (ယော. ၁၃:၁) ယေရှုကို အတုယူပြီး ဘာတာဝန်ပဲ ရရ ကြိုးစားပမ်းစား လုပ်ပါ။ ဘယ်လို လုပ်ရမလဲ မသိရင် ရင့်ကျက်တဲ့ ညီအစ်ကိုတွေဆီ နှိမ့်ချမှုရှိရှိ အကူအညီ တောင်းပါ။ မခိုကပ်ပါနဲ့။ (ရော. ၁၂:၁၁) “လူတွေအတွက် မဟုတ်ဘဲ ယေဟောဝါအတွက် လုပ်နေတယ်လို့ သဘောထားပြီး” တာဝန် ကျေပွန်ပါ။ (ကော. ၃:၂၃) မစုံလင်သူ ဖြစ်တာမို့ ကျိုးနွံမှု ရှိပါ။ အမှား လုပ်မိတဲ့အခါ ဝန်ခံပါ။—ပညာ. ၁၁:၂။ w23.12 ၂၆ ¶၈

တနင်္ဂနွေနေ့၊ ဇွန် ၂၂

ယေဟောဝါကို ယုံကြည်ကိုးစားသူ . . . ကတော့ ကောင်းချီးခံစားရမယ်။—ယေ. ၁၇:၇။

နှစ်ခြင်းခံတဲ့အခါ ဘုရားမိသားစုဝင် ဖြစ်လာလို့ ကျွန်တော်တို့ သိပ်ပျော်ကြတယ်။ ယေဟောဝါနဲ့ ဒီလို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနိုင်တာ အခွင့်ထူးပဲ။ ဆာလံကျမ်းရေးသူ ဒါဝိဒ် ပြောသလို “တံတိုင်းတော်ထဲမှာ နေဖို့ [ယေဟောဝါ] ရွေးချယ်ပြီး ဖိတ်ခေါ်ထားတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။” (ဆာ. ၆၅:၄) တံတိုင်းတော်ထဲ လူတိုင်းကို ယေဟောဝါ မဆွဲဆောင်ဘူး။ မိမိနဲ့ ရင်းနှီးချင်ကြောင်း ပြသူတွေကိုပဲ ဆွဲဆောင်တာ။ (ယာ. ၄:၈) သင် ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတဲ့အခါ ယေဟောဝါ “ကောင်းချီးတွေ လိုလေသေးမရှိ သွန်းလောင်းမယ်။” (မာလ. ၃:၁၀။ ယေ. ၁၇:၈) နှစ်ခြင်းဟာ အစပဲ ရှိသေးတယ်။ ဆက်ကပ်အပ်နှံခြင်းကတိ တည်ဖို့၊ ယေဟောဝါကို သစ္စာရှိမြဲ ရှိဖို့ သင် ကြိုးစားချင်မှာပဲ။ အထူးသဖြင့် အခက်အခဲတွေ၊ စမ်းသပ်မှုတွေ ကြုံတဲ့အခါ ဖြစ်တယ်။ (ဒေ. ၅:၄၊ ၅) နောက်လိုက်တစ်ယောက်အနေနဲ့ ယေရှုကို အတုယူချင်စိတ်၊ ယေရှုရဲ့ မိန့်မှာချက်တွေ တစ်သဝေမတိမ်း လိုက်နာချင်စိတ် ရှိမှာပဲ။—မ. ၂၈:၁၉၊ ၂၀။ ၁ ပေ. ၂:၂၁။ w24.03 ၈ ¶၁-၃

တနင်္လာနေ့၊ ဇွန် ၂၃

ယောက်ျားက မိဘကို ထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။—က. ၂:၂၄။

သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာ တစ်ခုခုဆိုရင် တွဲမလုပ်ချင်တာမျိုး ဖြစ်နေသလား။ ဒါဆိုရင် ဘာလုပ်နိုင်သလဲ။ မီးဖို ဥပမာကို စဉ်းစားကြည့်ပါ။ မီးမွှေးမွှေးချင်းတော့ တဟုန်းဟုန်း ဘယ်တောက်ပါ့မလဲ။ အစပိုင်းမှာ ထင်းချောင်း အသေးတွေ၊ နောက်ပိုင်းမှာ အကြီးတွေ တဖြည်းဖြည်း ထည့်ပေးရတယ်။ သင်တို့လည်း တစ်နေ့ အချိန် နည်းနည်းလောက်ကနေ စပြီး တစ်ခုခု တွဲလုပ်ကြည့်ပါ။ နှစ်ယောက်စလုံး နှစ်သက်မယ့်အရာတော့ ဖြစ်ပါစေ။ (ယာ. ၃:၁၈) လုပ်ရပ် အသေးအမွှားလေးကတောင် အချစ်တွေ ပြန်တောက်လောင်လာစေနိုင်တယ်။ အိမ်ထောင်မှာ လေးစားမှု ရှိဖို့ သိပ်အရေးကြီးတယ်။ လေးစားမှုဟာ မီးတောက်ဖို့ ကူညီပေးတဲ့ အောက်ဆီဂျင်နဲ့ တူတယ်။ အောက်ဆီဂျင် မရှိရင် ခဏလေးနဲ့ မီးငြိမ်းသွားမယ်။ အဲဒီလိုပဲ၊ လေးစားမှု မရှိရင် မောင်နှံစုံကြားက အချစ်တွေ မြန်မြန်ဆန်ဆန် အေးစက်သွားနိုင်တယ်။ အချင်းချင်း လေးစားမယ်ဆိုရင်တော့ အချစ်တွေ အမြဲ ရှင်သန်နေမယ်။ ဒါပေမဲ့ လေးစားတယ်လို့ ကိုယ် ထင်နေရုံနဲ့ မရဘူး။ လေးစားခံရတယ်လို့ အိမ်ထောင်ဖက် ခံစားရဖို့ လိုတယ်။ w23.05 ၂၂ ¶၉။ ၂၃-၂၄ ¶၁၄-၁၅

အင်္ဂါနေ့၊ ဇွန် ၂၄

စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါ ကိုယ်တော် နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်။ —ဆာ. ၉၄:၁၉။

ရန်သူတွေ၊ ဖိအားတွေကြောင့် ကြောက်ရွံ့တုန်လှုပ်ခဲ့ကြတဲ့ ရှေးသစ္စာရှိ ကျေးကျွန်တွေအကြောင်း ကျမ်းစာမှာ ပါတယ်။ (ဆာ. ၁၈:၄။ ၅၅:၁၊ ၅) ကျွန်တော်တို့လည်း ကျောင်းမှာ၊ အလုပ်မှာ ဖိအားတွေ ကြုံနိုင်တယ်။ မိသားစု၊ အစိုးရရဲ့ ဆန့်ကျင်မှု ရင်ဆိုင်ရနိုင်တယ်။ ကျန်းမာရေး ပြဿနာကြောင့် သေရမှာ ကြောက်နေနိုင်တယ်။ ကလေးလေးလို ကူကယ်ရာ မဲ့နေတယ်လို့ ခံစားမိနိုင်တယ်။ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။ နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်။ ဒါကြောင့် အချိန်ယူပြီး မှန်မှန် ဆုတောင်း၊ ကျမ်းစာ ဖတ်တဲ့ အကျင့် ရှိအောင် လုပ်ပါ။ (ဆာ. ၇၇:၁၊ ၁၂-၁၄) အကျင့် ဖြစ်နေရင် စိတ်ဖိစီးစရာ ကြုံတာနဲ့ အရင်ဆုံး အဖ ယေဟောဝါဆီ ပြေးပြီး အကူအညီ တောင်းတတ်သွားမယ်။ ကိုယ့်သောကတွေ အဖကို ပြောပြပါ။ ကျမ်းစာ ဖတ်ခြင်းအားဖြင့် အဖ ပြောတာ နားထောင်ပါ။ နှစ်သိမ့်ပေးတာ လက်ခံပါ။—ဆာ. ၁၁၉:၂၈။ w24.01 ၂၄-၂၅ ¶၁၄-၁၆

ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၅

ဘုရားသခင်ဟာ ခင်ဗျားတို့ကို အစွမ်းခွန်အား ဖြည့်ပေး . . . တဲ့အရှင်၊ လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ ပေးသနားတဲ့ အရှင်ပဲ။—ဖိ. ၂:၁၃။

ဘုရားရေးရာ ပန်းတိုင်တွေ အရောက်လှမ်းနိုင်ဖို့ စိတ်ဆန္ဒက သိပ်အရေးကြီးတယ်။ စိတ်ဆန္ဒသာ ရှိရင် ပန်းတိုင် ရောက်ဖို့ ကြိုးစားမှာ ဖြစ်တယ်။ စိတ်ဆန္ဒ ပြင်းပြလေ ပန်းတိုင် ရောက်ဖို့ နီးစပ်လေပဲ။ ဒါဆိုရင် စိတ်ဆန္ဒ ပြင်းပြလာအောင် ဘာလုပ်ရမလဲ။ စိတ်ဆန္ဒ ပြင်းပြလာဖို့ ဆုတောင်းပါ။ သင် ပန်းတိုင် ရောက်ဖို့ စွမ်းအားတော်အားဖြင့် ယေဟောဝါ လှုံ့ဆော်ပေးနိုင်တယ်။ တစ်ခါတလေကျတော့ လုပ်သင့်လုပ်ထိုက်မှန်း သိလို့ ကျွန်တော်တို့ ပန်းတိုင်ထားကြတယ်။ ဒါ ကောင်းပါတယ်။ ဒါပေမဲ့ လုပ်ဖို့ စိတ်မပါတာမျိုး ဖြစ်နေနိုင်တယ်။ ကိုယ့်အတွက် ယေဟောဝါ လုပ်ပေးထားတာတွေကို တွေးတောဆင်ခြင်ပါ။ (ဆာ. ၁၄၃:၅) တမန်တော် ပေါလုဟာ ကိုယ့်အပေါ် ထားတဲ့ ယေဟောဝါရဲ့ မဟာကရုဏာအကြောင်း တွေးလိုက်တဲ့အခါ အမှုတော်မှာ ပိုကြိုးစားချင်လာတယ်။ (၁ ကော. ၁၅:၉၊ ၁၀။ ၁ တိ. ၁:၁၂-၁၄) သင်လည်း ယေဟောဝါ လုပ်ပေးထားတာတွေကို တွေးလေ ပန်းတိုင် အရောက်လှမ်းချင်စိတ် ပြင်းပြလေ ဖြစ်လာမယ်။—ဆာ. ၁၁၆:၁၂။ w23.05 ၂၇ ¶၃-၅

ကြာသပတေးနေ့၊ ဇွန် ၂၆

ယေဟောဝါရဲ့ နာမည်ကို ချီးမွမ်းကြ။ —ဆာ. ၁၁၃:၁။

နာမတော် ချီးမွမ်းတဲ့အခါ ကောင်းကင်ဘုံစံ အဖ ဝမ်းသာတယ်။ (ဆာ. ၆၉:၃၀၊ ၃၁) မြှောက်ပေးရင် အားတက်သွားတဲ့၊ ကျေနပ်သွားတဲ့ အမြှောက်ကြိုက်တွေနဲ့ တူနေသလား။ မတူပါဘူး။ ကောင်းကင်ဘုံစံ အဖကို ချီးမွမ်းတာဟာ ကျွန်တော်တို့ တစ်ယောက်စီနဲ့ပတ်သက်နေတဲ့ စာတန့်အလိမ်အညာကို ချေပရာ ရောက်တယ်။ ဘယ်သူမှ အနစ်နာခံပြီး ဘုရားနာမည် မကာကွယ်ဘူး၊ ဘုရားကို သစ္စာမရှိဘူး၊ ကျောခိုင်းလို့ အကျိုးရှိမယ် ထင်ရင် ကျောခိုင်းမယ့်သူချည်းပဲလို့ စာတန် ပြောတယ်။ (ယောဘ ၁:၉-၁၁။ ၂:၄) စာတန် မှားကြောင်း သစ္စာရှိ ယောဘ သက်သေပြနိုင်ခဲ့တယ်။ ကျွန်တော်တို့ ယောက်တိုင်းလည်း ဘုရားအပေါ် သစ္စာရှိခြင်းအားဖြင့် ဘုရားနာမည် ကာကွယ်နိုင်တယ်။ ဘုရားစိတ် ရွှင်လန်းစေနိုင်တယ်။ (ပညာ. ၂၇:၁၁) ဒါ တကယ့် အခွင့်ထူးပဲ။ w24.02 ၈-၉ ¶၃-၅

သောကြာနေ့၊ ဇွန် ၂၇

ကိုယ်တော့်ပရောဖက်တွေကိုလည်း ယုံကြည်ကြ။ ဒါဆိုရင် အောင်မြင်မယ်။—၂ ရာ. ၂၀:၂၀။

မောရှေ၊ ယောရှုတို့ခေတ်ပြီးနောက် မိမိလူမျိုးကို လမ်းညွှန်ဖို့ တရားသူကြီးတွေ ယေဟောဝါ ပေါ်ထွန်းစေတယ်။ အဲဒီနောက် ဘုရင်ခေတ် ရောက်လာတဲ့အခါ ပရောဖက်တွေ ခန့်အပ်တယ်။ ပရောဖက်တွေစကားကို သစ္စာရှိ ဘုရင်တွေ လိုက်နာကြတယ်။ ဥပမာ၊ ပရောဖက် နာသန် တည့်မတ်ပေးတာကို ဘုရင် ဒါဝိဒ် နှိမ့်ချမှုရှိရှိ လက်ခံတယ်။ (၂ ရှ. ၁၂:၇၊ ၁၃။ ၁ ရာ. ၁၇:၃၊ ၄) ပရောဖက် ယဟာဇေလ လမ်းညွှန်တဲ့အတိုင်း ဘုရင် ယောရှဖတ် လိုက်နာတယ်။ ‘ပရောဖက်တွေကို ယုံကြည်ကြ’ ဖို့ ယုဒပြည်သားတွေကို တိုက်တွန်းတယ်။ (၂ ရာ. ၂၀:၁၄၊ ၁၅) အကျပ်အတည်း ရောက်ချိန်မှာ ပရောဖက် ဟေရှာယဆီ ဟေဇကိမင်း အကူအညီ တောင်းတယ်။ (ဟေရှာ. ၃၇:၁-၆) ယေဟောဝါရဲ့ လမ်းညွှန်မှုကို ဘုရင်တွေ လိုက်နာတဲ့အခါတိုင်း ကောင်းချီး ရတယ်။ တိုင်းပြည် ငြိမ်သက်အေးချမ်းတယ်။ (၂ ရာ. ၂၀:၂၉၊ ၃၀။ ၃၂:၂၂) မိမိလူမျိုးကို လမ်းညွှန်ဖို့ ပရောဖက်တွေကို ယေဟောဝါ သုံးကြောင်း ရှင်းပါတယ်။ w24.02 ၂၁ ¶၈

စနေနေ့၊ ဇွန် ၂၈

သူတို့နဲ့ မပတ်သက်ကြနဲ့။—ဧ. ၅:၇။

ဘုရားစံနှုန်း လိုက်နာဖို့ အခက်တွေ့စေမယ့် အပေါင်းအသင်းတွေနဲ့ ကျွန်တော်တို့ကို စာတန် ပေါင်းမိသွားစေချင်တယ်။ ဒီနေ့ခေတ်မှာ လူချင်းတွေ့မှ မဟုတ်ဘဲ လူမှုမီဒီယာကနေလည်း ပေါင်းလို့ ရနေတယ်။ အကျင့်ပျက် ဘဝပုံစံဟာ မမှားပါဘူးဆိုတဲ့ လောကအမြင်ကို တွန်းလှန်ရမယ်။ ဘယ်ဟာ မှားတယ်၊ မှန်တယ်ဆိုတာ လောက,က လူတွေထက် ကျွန်တော်တို့ ပိုသိတာပဲ။ (ဧ. ၄:၁၉၊ ၂၀) ‘ဘုရားစံနှုန်းတွေကို မလေးစားတဲ့ အလုပ်ဖော်၊ အတန်းဖော်၊ တခြားသူတွေနဲ့ မလိုအပ်ဘဲ မပေါင်းမိအောင် ငါ ရှောင်ရဲ့လား။ အမြင်ကျဉ်းတယ်လို့ အပြောခံရရင်တောင် ဘုရားစံနှုန်းတွေ ငါ သတ္တိရှိရှိ လိုက်နာသလား’ လို့ စဉ်းစားပါ။ ၂ တိမောသေ ၂:၂၀-၂၂ မှာ ဖော်ပြသလို အသင်းတော်ထဲမှာတောင် ဘယ်သူတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းနေသလဲ ဂရုစိုက်ရမယ်။ သစ္စာရှိရှိ ဘုရားအမှုဆောင်ဖို့ အပေါင်းအသင်းတိုင်းက အကူအညီ ဖြစ်နေမှာ မဟုတ်လို့ပါပဲ။ w24.03 ၂၂-၂၃ ¶၁၁-၁၂

တနင်္ဂနွေနေ့၊ ဇွန် ၂၉

အဖဘုရားကလည်း ခင်ဗျားတို့ကို ချစ်ခင်တွယ်တာတယ်။—ယော. ၁၆:၂၇။

ယေဟောဝါ ဘယ်လို ဘုရားမျိုးလဲလို့ စိတ်ကူးကြည့်ဖူးသလား။ ယေဟောဝါကို မမြင်နိုင်ပေမဲ့ ကျမ်းစာမှာ အမျိုးမျိုး ပုံဖော်ထားတယ်။ “နေမင်း၊” “ဒိုင်းလွှား၊” “လောင်ကျွမ်းစေတဲ့ မီး” လို့ ခေါ်ထားတယ်။ (ဆာ. ၈၄:၁၁။ ဟီ. ၁၂:၂၉) နီလာကျောက်လို သဏ္ဌာန် ရှိတယ်၊ တောက်ပနေတဲ့ သတ္တု၊ ရောင်ခြည် ဖြာထွက်နေတဲ့ သက်တံနဲ့ တူတယ်လို့ ဖော်ပြတယ်။ (ယေဇ. ၁:၂၆-၂၈) ကိုယ့်ကို ဘုရား ချစ်တယ်ဆိုတာ တချို့ ယုံရ ခက်ကြတယ်။ ဘုရားကို မမြင်ရလို့၊ ဘဝ မလှခဲ့လို့ ဖြစ်နိုင်တယ်။ ဘာကြောင့်၊ ဘယ်လို ခံစားရတယ်ဆိုတာ ယေဟောဝါ နားလည်တယ်။ မိမိ ဘယ်လို ဘုရားမျိုးလဲဆိုတာ ကျမ်းစာကတစ်ဆင့် ဖော်ပြတယ်။ ယေဟောဝါအကြောင်း ဖော်ပြဖို့ အကောင်းဆုံး စကားလုံးကတော့ ချစ်ခြင်းမေတ္တာပါ။ (၁ ယော. ၄:၈) ယေဟောဝါဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်။ လုပ်သမျှ မေတ္တာပါတယ်။ မိမိကို မချစ်သူတွေကိုတောင် ချစ်နိုင်တဲ့အထိ မေတ္တာ အားကြီးတယ်။ နွေးထွေးတယ်။—မ. ၅:၄၄၊ ၄၅။ w24.01 ၂၆ ¶၁-၃

တနင်္လာနေ့၊ ဇွန် ၃၀

ဘုရားက သူတို့ကို မိုးတိမ်တိုက်ထဲကနေ စကားပြောတယ်။—ဆာ. ၉၉:၇။

အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ဖို့ မောရှေကို ယေဟောဝါ တာဝန်ပေးတယ်။ မြင်သာတဲ့ အထောက်အထားအနေနဲ့ နေ့အချိန်မှာ မိုးတိမ်တိုင်နဲ့ လမ်းပြပြီး ညအချိန်မှာ မီးတိုင်နဲ့ အလင်းပေးတယ်။ (ထွ. ၁၃:၂၁) မိုးတိမ်တိုင် လမ်းပြတဲ့အတိုင်း မောရှေ လိုက်တယ်။ ဒီလိုနဲ့ ပင်လယ်နီဆီ ရောက်လာကြတယ်။ နောက်က လိုက်လာတဲ့ အီဂျစ် စစ်တပ်နဲ့ ပင်လယ်ကြား ညပ်ပြီး ချောင်ပိတ်သွားပြီ ထင်လို့ အစ္စရေးတွေ ဗလောင်ဆူသွားကြတယ်။ မောရှေ မှားခေါ်လာတာ မဟုတ်ဘူး။ ယေဟောဝါ ရည်ရွယ်ချက်ရှိရှိ ခေါ်လာခိုင်းတာ။ (ထွ. ၁၄:၂) သူတို့ကို အံ့ဖွယ်နည်းနဲ့ ကယ်လိုက်တယ်။ (ထွ. ၁၄:၂၆-၂၈) တောကန္တာရမှာ အနှစ် ၄၀ လုံးလုံး မိုးတိမ်တိုင် လမ်းပြတဲ့အတိုင်း မောရှေ လိုက်တယ်။ (ထွ. ၃၃:၇၊ ၉၊ ၁၀) မိုးတိမ်တိုက်ထဲကနေ မောရှေကို ယေဟောဝါ စကားပြောတယ်။ ယေဟောဝါ ပြောတာတွေကို အစ္စရေးတွေဆီ မောရှေ ပြန်ပြောပြတယ်။ ဦးဆောင်လမ်းပြဖို့ မောရှေကို ယေဟောဝါ သုံးနေကြောင်း အထောက်အထားတွေပါပဲ။ w24.02 ၂၁ ¶၄-၅

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ