“လာ၍ ငါ့နောက်သို့လိုက်လော့”
“မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် ကိုယ့်ကိုယ်ကို ငြင်းပယ်ရမည်။ မိမိ၏ညှဉ်းဆဲရာသစ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့ မပြတ်လိုက်ရမည်။”—လု. ၉:၂၃။
၁၊ ၂။ (က) နှစ်လို့ဖွယ်ကောင်းသော အဘယ်ဖိတ်ခေါ်ချက်ကို ယေရှုကမ်းလှမ်းခဲ့သနည်း။ (ခ) ယေရှု၏ဖိတ်ခေါ်ချက်ကို သင်မည်သို့တုံ့ပြန်ခဲ့ပြီနည်း။
ယေရှု၏ဓမ္မအမှုပြီးဆုံးခါနီးတွင် ကိုယ်တော်သည် ယုဒပြည်အရှေ့မြောက်ဘက်ရှိ ယော်ဒန်မြစ်တစ်ဖက်ဒေသဖြစ်သော ပေရိယနယ်တွင် သက်သေခံနေသည်။ လူငယ်တစ်ဦး ကိုယ်တော်ထံ ချဉ်းကပ်ကာ ထာဝရအသက်ကိုအမွေခံရန် မိမိအဘယ်အရာလုပ်ရမည်ကို မေးသည်။ ထိုလူငယ်သည် မောရှေပညတ်ကို တည်ကြည်စွာလိုက်နာခဲ့ကြောင်း သိရှိပြီးနောက် ယေရှုသည် ထူးမြတ်သောဖိတ်ခေါ်ချက်ကို ကမ်းလှမ်းခဲ့သည်။ ကိုယ်တော်ဤသို့မိန့်တော်မူ၏– “သွား၍ ရှိသမျှကိုရောင်းပြီးလျှင် ဆင်းရဲသောသူတို့အား ပေးကမ်းလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ လာ၍ ငါ့နောက်သို့လိုက်လော့။” (မာ. ၁၀:၂၁) အမြင့်ဆုံးသောဘုရားသခင်၏တစ်ပါးတည်းသောသားတော် ယေရှုနောက်လိုက်ဖို့ ဖိတ်ခေါ်ခံရသည်ကို စဉ်းစားကြည့်ပါ။
၂ ထိုလူငယ်သည် ယင်းဖိတ်ခေါ်ချက်ကို ငြင်းပယ်ခဲ့၏၊ သို့သော် အခြားသူတို့မူ လက်ခံခဲ့ကြသည်။ စောစောပိုင်းတွင် ဖိလိပ္ပုအား ကိုယ်တော်က “ငါ့နောက်သို့လိုက်လော့” ဟုမိန့်တော်မူခဲ့၏။ (ယော. ၁:၄၃) ဖိလိပ္ပုသည် လက်ခံခဲ့ပြီး နောက်ပိုင်းတွင် တမန်တော်တစ်ပါးဖြစ်လာခဲ့သည်။ ယေရှုသည် မဿဲအား ထိုသို့ပင် ထပ်၍ဖိတ်ခေါ်ခဲ့ကာ သူသည်လည်း လက်ခံခဲ့သည်။ (မ. ၉:၉; ၁၀:၂-၄) အမှန်တွင် ယေရှုသည် ဖြောင့်မတ်ခြင်းတရားချစ်မြတ်နိုးသူအားလုံးကို အလားတူဖိတ်ခေါ်ခဲ့သည်၊ ကိုယ်တော်ဤသို့မိန့်တော်မူ၏– “မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် ကိုယ့်ကိုယ်ကို ငြင်းပယ်ရမည်။ မိမိ၏ညှဉ်းဆဲရာသစ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့ မပြတ်လိုက်ရမည်။” (လု. ၉:၂၃) ထို့ကြောင့် အမှန်တကယ်အလိုရှိကြမည်ဆိုပါက မည်သူမဆို ယေရှု၏နောက်လိုက်ဖြစ်နိုင်သည်။ အသင်ကော ထိုသို့ဆန္ဒရှိပါသလော။ ကျွန်ုပ်တို့အများစုသည် ယေရှု၏နှစ်လို့ဖွယ်ကောင်းသောဖိတ်ခေါ်ချက်ကို တုံ့ပြန်ခဲ့ကြပြီးဖြစ်ကာ လယ်ကွင်းဓမ္မအမှုတွင် အခြားသူတို့အား ယင်းဖိတ်ခေါ်ချက်ကို ကြားသိစေကြသည်။
၃။ ယေရှုနောက်လိုက်ခြင်းမှ ရွေ့မျောမသွားရန် မည်သို့ပြုနိုင်သနည်း။
၃ သို့သော် ဝမ်းနည်းစရာမှာ သမ္မာကျမ်းစာအမှန်တရား စိတ်ဝင်စားသူအချို့တို့သည် ဆက်၍မလေ့လာကြတော့ပါ။ ယင်းအစား သူတို့သည် လေ့လာမှုအရှိန်လျှော့ကာ နောက်ဆုံးတွင် ယေရှုနောက်လိုက်ခြင်းမှ “ရွေ့မျောသွား” ကြသည်။ (ဟေဗြဲ ၂:၁) ယင်းထောင်ချောက်ထဲ မကျမိစေရန် မည်သို့ပြုနိုင်သနည်း။ မိမိတို့ကိုယ်ကိုဤသို့မေးပါက အထောက်အကူဖြစ်၏– ‘ယေရှုနောက်လိုက်ဖို့ ရွေးချယ်ရခြင်းရဲ့အဓိကအကြောင်းရင်းက ဘာလဲ။ ကိုယ်တော့်နောက်လိုက်ခြင်းဟာ ဘာအဓိပ္ပာယ်ရှိသလဲ။’ ယင်းမေးခွန်းနှစ်ခု၏အဖြေကို သတိရခြင်းက ကျွန်ုပ်တို့ရွေးချယ်ခဲ့သောပညာရှိလမ်းစဉ်တွင် တည်ကြည်မြဲမြံရန် ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ခိုင်မြဲစေပါလိမ့်မည်။ ယင်းက အခြားသူများကိုလည်း ယေရှုနောက်လိုက်ရန် အားပေးစေပါလိမ့်မည်။
အဘယ်ကြောင့် ယေရှုနောက်လိုက်ရ
၄၊ ၅။ ယေရှုသည် ဦးဆောင်ရန် အဘယ်ကြောင့်အရည်အချင်းရှိသနည်း။
၄ ပရောဖက်ယေရမိဤသို့ဖော်ပြခဲ့သည်– ‘အိုထာဝရဘုရားသခင် လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။’ (ယေ. ၁၀:၂၃) ယေရမိ၏စကားမှန်ကန်ကြောင်း သမိုင်းက သက်သေထူခဲ့ပြီ။ မစုံလင်သောလူသားများသည် မိမိတို့ကိုယ်ကိုအောင်မြင်စွာမအုပ်ချုပ်နိုင်ကြောင်း ပို၍ပို၍ထင်ရှားလာခဲ့သည်။ ယေရှုနောက်လိုက်ဖို့ ဖိတ်ခေါ်ချက်ကို ကျွန်ုပ်တို့လက်ခံခဲ့သည်၊ အကြောင်းမှာ ကိုယ်တော်သည် အဘယ်လူသားမျှမမီနိုင်သောနည်းဖြင့် ကျွန်ုပ်တို့၏ခေါင်းဆောင်ဖြစ်ရန် အရည်အချင်းပြည့်မီသောကြောင့်ဖြစ်သည်။ ယေရှု၏အရည်အချင်းတချို့ကို သုံးသပ်ကြည့်ပါ။
၅ ဦးဆုံး၊ ယေရှုသည် မေရှိယခေါင်းဆောင်အဖြစ် ယေဟောဝါကိုယ်တော်တိုင် ရွေးချယ်ခဲ့သူဖြစ်သည်။ ကျွန်ုပ်တို့အတွက် ခေါင်းဆောင်တစ်ဦးအဖြစ် မည်သူ့ကိုခန့်အပ်ရန် ဖန်ဆင်းရှင်ထက် သာ၍သိသူ မည်သူရှိမည်နည်း။ ဒုတိယ၊ ကျွန်ုပ်တို့နှစ်သက်ပြီး တုပနိုင်သည့် အရည်အသွေးများ ယေရှုတွင်ရှိတော်မူ၏။ (ဟေရှာယ ၁၁:၂၊ ၃ ကိုဖတ်ပါ။) ကိုယ်တော်သည် စုံလင်သောစံနမူနာရှင်ဖြစ်တော်မူ၏။ (၁ ပေ. ၂:၂၁) တတိယ၊ ယေရှုသည် မိမိနောက်လိုက်များအတွက် မိမိအသက်ကိုစွန့်တော်မူသည့်တိုင် သူတို့ကို လွန်စွာဂရုစိုက်တော်မူ၏။ (ယောဟန် ၁၀:၁၄၊ ၁၅ ကိုဖတ်ပါ။) ထို့ပြင် ယခုအချိန်တွင် ပျော်ရွှင်မှုပေးပြီး အံ့ဖွယ်ကောင်းသောထာဝရအနာဂတ်ကို ဦးတည်စေသည့်အသက်တာသို့ ကျွန်ုပ်တို့အား ကိုယ်တော်ဦးဆောင်ခေါ်သွားသောအခါ ဂရုစိုက်တတ်သောသိုးထိန်းတစ်ဦးဖြစ်ကြောင်း ဖော်ပြသည်။ (ယော. ၁၀:၁၀၊ ၁၁; ဗျာ. ၇:၁၆၊ ၁၇) ယင်းတို့နှင့် အခြားအကြောင်းရင်းများကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော့်နောက်လိုက်ရန် ရွေးချယ်ကြသောအခါ ပညာရှိဆုံးဖြတ်ချက်ချခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယင်းလမ်းစဉ်တွင် အဘယ်အရာပါဝင်ပတ်သက်သနည်း။
၆။ ယေရှုနောက်လိုက်ခြင်းတွင် အဘယ်အရာပါဝင်ပတ်သက်သနည်း။
၆ ခရစ်တော်နောက်လိုက်ဖြစ်ခြင်းတွင် မိမိတို့ကိုယ်ကို ခရစ်ယာန်ဖြစ်သည်ဟုဆိုခြင်းထက်မက ပါဝင်သည်။ ယနေ့ လူသန်းပေါင်းနှစ်ထောင်ခန့်သည် ခရစ်ယာန်အမည်ခံကြသည်၊ သို့သော် သူတို့၏လုပ်ရပ်များက သူတို့သည် “မတရားသောအမှုကို ပြုသောသူတို့” ဖြစ်ကြောင်း ဖော်ပြ၏။ (မဿဲ ၇:၂၁-၂၃ ကိုဖတ်ပါ။) ယေရှုနောက်လိုက်ဖို့ဖိတ်ခေါ်ချက်ကို လူတို့စိတ်ဝင်စားကြောင်းတင်ပြသောအခါ စစ်မှန်သောခရစ်ယာန်များသည် ကိုယ်တော်၏သွန်သင်ချက်များ၊ ပုံသက်သေနှင့်အညီ မိမိတို့၏အသက်တာလမ်းစဉ်တစ်ခုလုံးကို ညီညွတ်စေကြပြီး ယင်းအတိုင်း နေ့စဉ်အသက်ရှင်နေထိုင်ရကြောင်း သူတို့ကို ကျွန်ုပ်တို့ရှင်းပြကြသည်။ ယင်းသည် အဘယ်အရာကိုဆိုလိုကြောင်းဖော်ပြရန် ယေရှုအကြောင်း ကျွန်ုပ်တို့သိထားသည့်အရာများမှ တချို့ကို သုံးသပ်ကြည့်ပါ။
ဉာဏ်ပညာနှင့်ပတ်သက်၍ ယေရှု၏ပုံနမူနာကို တုပပါ
၇၊ ၈။ (က) ဉာဏ်ပညာကား အဘယ်နည်း၊ ယေရှုသည် အဘယ်ကြောင့် ယင်းကို အလျှံပယ်ပိုင်ဆိုင်ခဲ့သနည်း။ (ခ) ယေရှုသည် ဉာဏ်ပညာကို မည်သို့တင်ပြခဲ့သနည်း၊ ကိုယ်တော့်ကို ကျွန်ုပ်တို့မည်သို့တုပနိုင်သနည်း။
၇ ယေရှုသည် ထင်ရှားသောအရည်အသွေးများစွာကို တင်ပြတော်မူခဲ့၏၊ သို့သော် ဤလေးခုကို ကျွန်ုပ်တို့အာရုံစိုက်ကြမည်– ကိုယ်တော်၏ဉာဏ်ပညာ၊ နှိမ့်ချမှု၊ ဇွဲထက်သန်မှုနှင့် မေတ္တာတို့ဖြစ်သည်။ ဦးစွာ၊ လက်တွေ့ကျသည့်နည်းဖြင့် အသိပညာနှင့် သိနားလည်မှုကို အသုံးပြုနိုင်စွမ်းရှိသော ကိုယ်တော်၏ဉာဏ်ပညာကို သုံးသပ်ကြည့်ပါ။ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “ဉာဏ်ပညာ၊ အသိပညာတို့နှင့်ဆိုင်သော ဘဏ္ဍာရှိသမျှကို [ယေရှု] ၌အသေအချာဝှက်ထားတော်မူ၏။” (ကော. ၂:၃) ယေရှုသည် ယင်းဉာဏ်ပညာကို အဘယ်မှရရှိခဲ့သနည်း။ ကိုယ်တော်တိုင်ဤသို့မိန့်တော်မူ၏– ‘ငါ့ခမည်းတော်သည် ငါ့အားသွန်သင်တော်မူသည့်အတိုင်း ဟောပြော၏။’ (ယော. ၈:၂၈) ယေဟောဝါသည် ကိုယ်တော်အား ဉာဏ်ပညာကို ပေးတော်မူခဲ့သောကြောင့် ယေရှု၏ကောင်းစွာချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းကို ကျွန်ုပ်တို့ မအံ့သြကြပါ။
၈ ဥပမာ၊ ယေရှုသည် မိမိ၏ဘဝလမ်းစဉ်ကို ရွေးချယ်ရာတွင် ကောင်းသောချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းကို အသုံးပြုခဲ့သည်။ ကိုယ်တော်သည် မိမိ၏အသက်တာကို ရိုးရှင်းစေရန်၊ ဘုရားသခင့်အလိုတော်လုပ်ဆောင်ခြင်းတစ်ခုတည်းကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထားရန် မိမိ၏အချိန်နှင့် ခွန်အားကို ပညာရှိရှိပေးဆက်ခဲ့သည်။ ကျွန်ုပ်တို့သည် “မျက်စိ ရိုးရှင်း” ရန်ကြိုးစားခြင်းအားဖြင့်၊ ကျွန်ုပ်တို့၏ခွန်အားနှင့် အာရုံစူးစိုက်မှုကို အလဟဿကုန်ခန်းစေသည့် မလိုအပ်သောအရာများနှင့် မိမိတို့ကိုယ်ကိုဝန်မပိစေခြင်းအားဖြင့် ယေရှု၏ပုံနမူနာကို လိုက်လျှောက်ကြသည်။ (မ. ၆:၂၂) များစွာသောခရစ်ယာန်များသည် ဓမ္မအမှုတွင် ပို၍အချိန်ပေးဆက်နိုင်ရန် မိမိတို့၏ဘဝပုံစံကို ရိုးရှင်းစေခဲ့ကြပြီ။ အချို့သူတို့သည် ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်နိုင်ခဲ့ကြသည်။ သင်သည် ထိုသူတို့အဝင်ဖြစ်ပါက အလွန်ချီးမွမ်းစရာပင်။ ‘ဘုရားသခင်၏နိုင်ငံတော်ကို ဦးစွာရှာခြင်းက’ များစွာသောပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုကို ဖြစ်စေသည်။—မ. ၆:၃၃။
ယေရှုကဲ့သို့ နှိမ့်ချမှုရှိပါ
၉၊ ၁၀။ ယေရှုသည် နှိမ့်ချမှုကို မည်သို့တင်ပြခဲ့သနည်း။
၉ ကျွန်ုပ်တို့သုံးသပ်မည့် ယေရှု၏အရည်အသွေးထဲမှ ဒုတိယအသွင်အပြင်မှာ ကိုယ်တော်၏နှိမ့်ချမှုဖြစ်သည်။ မစုံလင်သောလူသားများသည် အခွင့်အာဏာပေးအပ်ခံရသောအခါ ဘဝင်မြင့်တတ်သည်။ ယေရှုနှင့်အလွန်ကွာခြားလိုက်လေခြင်း! ယေဟောဝါ၏ရည်ရွယ်တော်မူချက်ပြီးမြောက်စေရာတွင် အဓိကနေရာကိုရယူထားသော်လည်း ယေရှုသည် စိုးစဉ်းမျှမာနမကြီးခဲ့ပါ။ ကျွန်ုပ်တို့သည် ကိုယ်တော်၏နှိမ့်ချသောသဘောထားကို တုပရန်အားပေးခံရကြသည်။ တမန်တော်ပေါလုဤသို့ရေးခဲ့သည်– “ခရစ်တော်ယေရှုတွင်ရှိသော ထိုစိတ်သဘောထားမျိုးကို သင်တို့တွင်လည်း ရှိစေကြလော့။ ကိုယ်တော်သည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်ရှိသော်လည်း ဘုရားသခင်နှင့် တန်းတူဖြစ်မည့်အခွင့်အရာကို ရယူရန် စဉ်းစားတော်မမူခဲ့။ သို့အစား မိမိပိုင်ဆိုင်သမျှကိုစွန့်၍ ကျွန်၏ပုံသဏ္ဌာန်ကိုဆောင်ယူလျက် လူ့အသွင်ကို ခံယူတော်မူ၏။” (ဖိ. ၂:၅-၇) ယင်းတွင် အဘယ်အရာပါဝင်သနည်း။
၁၀ ယေရှုသည် ခမည်းတော်ကျိန်းဝပ်တော်မူရာကောင်းကင်တွင်နေထိုင်ရသည့် ကြီးမြတ်သောအခွင့်ထူးတွင် မွေ့လျော်ခဲ့သော်လည်း ကိုယ်တော်သည် “မိမိပိုင်ဆိုင်သမျှကိုစွန့်” လိုစိတ်ရှိသည်။ ကိုယ်တော်၏အသက်သည် ဂျူးအပျိုကညာ၏သားအိမ်တွင်း ပြောင်းရွှေ့ခံခဲ့ရပြီး နိမ့်ကျသောလက်သမားတစ်ဦး၏အိမ်တွင် နို့စို့သူငယ်တစ်ဦးအနေနှင့်မမွေးဖွားမီအထိ မိခင်၏သားအိမ်အတွင်းတွင် ကိုးလကြာတဖြည်းဖြည်းကြီးထွားလာခဲ့ရ၏။ ယေရှုသည် ယောသပ်၏အိမ်တွင် လမ်းလျှောက်တတ်စအရွယ်၊ လူငယ်လေးတစ်ဦး၊ ထို့နောက်ဆယ်ကျော်သက်အရွယ်အထိ တဖြည်းဖြည်းကြီးပြင်းလာရန်ဖြစ်သည်။ ကိုယ်တော်သည် အပြစ်မဲ့သူဖြစ်၏။ သို့တိုင် လူငယ့်ဘဝတစ်လျှောက်တွင် ကိုယ်တော်သည် မစုံလင်သောအပြစ်သားများဖြစ်သည့်မိဘများကို ဆက်၍လက်အောက်ခံခဲ့သည်။ (လု. ၂:၅၁၊ ၅၂) ထူးခြားလှသောနှိမ့်ချမှုပင်!
၁၁။ ကျွန်ုပ်တို့သည် အဘယ်နည်းများဖြင့် ယေရှု၏နှိမ့်ချမှုကို တုပနိုင်သနည်း။
၁၁ ကျွန်ုပ်တို့သည် နိမ့်ကျပုံပေါက်သောတာဝန်များကို လိုလိုလားလားလက်ခံသောအခါ ယေရှု၏နှိမ့်ချမှုကို တုပနေခြင်းဖြစ်သည်။ နမူနာအနေနှင့်၊ သတင်းကောင်းဟောပြောရန်တာဝန်ကို သုံးသပ်ကြည့်ပါ။ ထိုသို့သောအလုပ်သည် နိမ့်ကျပုံပေါက်ပေမည်၊ အထူးသဖြင့် လူတို့၏လျစ်လျူရှုမှု၊ ကဲ့ရဲ့ပြောင်လှောင်မှု သို့မဟုတ် ရန်လိုမှုဖြင့်တုံ့ပြန်သည့်အခါတွင်ဖြစ်သည်။ သို့သော် ဟောပြောခြင်းလုပ်ငန်းတွင် စွဲစွဲမြဲမြဲရှိခြင်းဖြင့် မိမိနောက်လိုက်ပါဟူသော ယေရှု၏ဖိတ်ခေါ်ချက်ကိုတုံ့ပြန်ရန် အခြားသူတို့ကို ကျွန်ုပ်တို့ကူညီပေးကြသည်။ ယင်းသို့ဖြင့် ကျွန်ုပ်တို့သည် အသက်ကယ်သည့်အလုပ်ကို ဆောင်ရွက်ကြသည်။ (၂ တိမောသေ ၄:၁-၅ ကိုဖတ်ပါ။) နောက်နမူနာတစ်ခုမှာ ဘုရားသခင့်နိုင်ငံတော်ခန်းမ ပြုပြင်ထိန်းသိမ်းခြင်းဖြစ်သည်။ အမှိုက်ပုံးမှအမှိုက်များကိုစွန့်ပစ်ပေးခြင်း၊ ကြမ်းတိုက်ခြင်းနှင့် အိမ်သာသန့်ရှင်းရေးပြုလုပ်ခြင်းစသော နိမ့်ကျသည့်အလုပ်များကဲ့သို့သောအရာများ ပါဝင်နိုင်သည်။ သို့တိုင် ဒေသတစ်ခုရှိ စင်ကြယ်သောဝတ်ပြုရေးဗဟိုဖြစ်သော ဘုရားသခင့်နိုင်ငံတော်ခန်းမပြုပြင်ထိန်းသိမ်းခြင်းသည် မြင့်မြတ်သောလုပ်ငန်းတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုကြသည်။ နိမ့်ကျပုံပေါက်သောအလုပ်များကို လိုလိုလားလားလုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့သည် နှိမ့်ချမှုတင်ပြပြီး ခရစ်တော်၏ခြေရာကို လိုက်လျှောက်နေခြင်းဖြစ်သည်။
ယေရှုကဲ့သို့ ဇွဲထက်သန်ပါ
၁၂၊ ၁၃။ (က) ယေရှုသည် ဇွဲထက်သန်မှုကို မည်သို့တင်ပြခဲ့သနည်း၊ အဘယ်အရာက ကိုယ်တော်ကို လှုံ့ဆော်ခဲ့သနည်း။ (ခ) ဓမ္မအမှုတွင် ဇွဲထက်သန်မှုရှိရန် ကျွန်ုပ်တို့ကို အဘယ်အရာက လှုံ့ဆော်မည်နည်း။
၁၂ ဓမ္မအမှုတွင် ယေရှု၏ဇွဲထက်သန်မှုကို သုံးသပ်ကြည့်ပါ။ ယေရှုမြေကြီးပေါ်ရှိစဉ် အလုပ်များစွာ ကိုယ်တော်လုပ်ဆောင်တော်မူခဲ့သည်။ ကိုယ်တော်၏အစောပိုင်းအသက်တာတွင် လက်သမားတစ်ဦးအဖြစ် မွေးစားဖခင်ယောသပ်နှင့်အတူ အလုပ်လုပ်ခဲ့ပေမည်။ ယေရှုဓမ္မအမှုဆောင်စဉ်အတွင်း ကိုယ်တော်သည် ဖျားနာသူများကိုကုသခြင်းနှင့် သေလွန်သူများကို ထမြောက်စေခြင်းအပါအဝင် အံ့ဖွယ်အမှုများပြုတော်မူခဲ့၏။ သို့သော် ကိုယ်တော်၏အဓိကလုပ်ငန်းမှာ သတင်းကောင်းဟောပြောခြင်းနှင့် နားထောင်လိုသူများကို သွန်သင်ပေးခြင်းဖြစ်ခဲ့သည်။ (မ. ၄:၂၃) ကိုယ်တော့်နောက်လိုက်များအနေနှင့် ကျွန်ုပ်တို့သည် ထပ်တူအလုပ်ကို လုပ်ဆောင်ကြရသည်။ ကိုယ်တော်၏ပုံနမူနာကို မည်သို့လိုက်လျှောက်နိုင်ကြသနည်း။ တစ်ခုမှာ ယေရှု၏သဘောထားများကို ကျွန်ုပ်တို့ပြုစုပျိုးထောင်နိုင်သည်။
၁၃ အထူးသဖြင့် ဟောပြောရန်နှင့် သွန်သင်ရန် ယေရှုအားလှုံ့ဆော်ခဲ့သည့်အရာမှာ ဘုရားသခင်ကိုချစ်သည့်မေတ္တာဖြစ်သည်။ သို့သော် ယေရှုသည် မိမိသွန်သင်ခဲ့သည့်အမှန်တရားများကိုလည်း နှစ်သက်တော်မူ၏။ ကိုယ်တော့်အတွက် ယင်းအမှန်တရားများသည် တန်ဖိုးဖြတ်မရသောဘဏ္ဍာများဖြစ်ပြီး ယင်းတို့ကို အခြားသူများထံ ဝေမျှလိုစိတ်ပြင်းပြခဲ့သည်။ သွန်သင်သူများအနေနှင့် ကျွန်ုပ်တို့သည် ထိုသို့ပင်ခံစားကြသည်။ ဘုရားသခင့်နှုတ်မြွက်တော်မှ ကျွန်ုပ်တို့သင်ယူခဲ့သည့် တန်ဖိုးရှိအမှန်တရားအချို့ကို စဉ်းစားကြည့်ပါ။ စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးမှုဆိုင်ရာ အရေးကိစ္စနှင့် ယင်းကို မည်သို့ဖြေရှင်းမည်ကို ကျွန်ုပ်တို့သိကြသည်။ သေလွန်သူတို့၏အခြေအနေအကြောင်း သမ္မာကျမ်းစာသွန်သင်ရာနှင့် ဘုရားသခင့်ကမ္ဘာသစ်တွင်ရရှိခံစားမည့်ကောင်းချီးများကို ကျွန်ုပ်တို့ကောင်းစွာနားလည်ကြသည်။ ယင်းအမှန်တရားများကို မကြာသေးမီက သို့မဟုတ် ကြာမြင့်စွာကတည်းက သင်ယူခဲ့သည်ဖြစ်ပါစေ ယင်းတို့သည် ဘယ်သောအခါမျှ တန်ဖိုးမှေးမှိန်သွားခြင်းမရှိပါ။ ယင်းအမှန်တရားများသည် အဟောင်းဖြစ်စေ၊ အသစ်ဖြစ်စေ အမှန်ဆိုလျှင် တန်ဖိုးဖြတ်မရသည့်ဘဏ္ဍာများဖြစ်၏။ (မဿဲ ၁၃:၅၂ ကိုဖတ်ပါ။) စိတ်နှလုံးပါပါ စိတ်အားထက်သန်စွာ ဟောပြောခြင်းဖြင့် ကျွန်ုပ်တို့အား ယေဟောဝါသွန်သင်ရာများကို ကျွန်ုပ်တို့နှစ်သက်ကြောင်း အခြားသူများအား တင်ပြကြသည်။
၁၄။ ယေရှု၏သွန်သင်နည်းကို ကျွန်ုပ်တို့မည်သို့တုပနိုင်သနည်း။
၁၄ ယေရှု မည်သို့သွန်သင်ခဲ့သည်ကိုလည်း သတိပြုပါ။ ကိုယ်တော်သည် မိမိစကားနားထောင်သူတို့အား သမ္မာကျမ်းစာကို အမြဲအာရုံစိုက်စေခဲ့သည်။ “ကျမ်းစာ၌ ရေးထားသည်” ဟုမိန့်တော်မူခြင်းဖြင့် ကိုယ်တော်သည် အရေးကြီးသည့်အချက်ကို မကြာခဏမိတ်ဆက်ပေးတတ်သည်။ (မ. ၄:၄; ၂၁:၁၃) မှတ်တမ်းတင်ထားသောကိုယ်တော့်စကားများတွင် ကိုယ်တော်သည် ဟေဗြဲကျမ်းစာစောင်များ တစ်ဝက်ကျော်ကျော်ကို တိုက်ရိုက်ကိုးကားခြင်း သို့မဟုတ် သွယ်ဝိုက်ရည်ညွှန်းခြင်းတို့ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။ ယေရှုကဲ့သို့ပင် ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် သမ္မာကျမ်းစာကိုလုံးလုံးအမှီပြုပြီး ဖြစ်နိုင်သည့်အခါတိုင်း သမ္မာကျမ်းစာကို အလေးပေးဖော်ပြရန် ကြိုးစားကြသည်။ ထိုသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့သည် မိမိတို့၏အတွေးအခေါ်ကိုမဟုတ်ဘဲ ဘုရားသခင့်အတွေးအခေါ်များကို သွန်သင်ပေးနေကြောင်း စိတ်နှလုံးရိုးဖြောင့်သူများကိုယ်တိုင်မြင်တွေ့ရန် ကူညီပေးကြသည်။ သမ္မာကျမ်းစာမှဖတ်ပြဖို့၊ ဘုရားသခင့်နှုတ်မြွက်တော်၏တန်ဖိုးနှင့် အဓိပ္ပာယ်ကိုဆွေးနွေးဖို့ တစ်ဦးဦးက သဘောတူသောအခါ ကျွန်ုပ်တို့အလွန်ဝမ်းသာကြသည်။ ထို့ပြင် ထိုသို့သောသူတို့သည် ယေရှုနောက်လိုက်ဖို့ဖိတ်ခေါ်ချက်ကို လက်ခံသောအခါ ကျွန်ုပ်တို့ အတိုင်းမသိပျော်ရွှင်ကြသည်။
ယေရှုနောက်လိုက်ခြင်းသည် အခြားသူများကိုချစ်ခြင်း အဓိပ္ပာယ်သက်ရောက်
၁၅။ ယေရှု၏ထင်ရှားသောအရည်အသွေးမှာ အဘယ်နည်း၊ ယင်းကိုအလေးအနက်စဉ်းစားခြင်းက ကျွန်ုပ်တို့အပေါ် မည်သို့သက်ရောက်မှုရှိနိုင်သနည်း။
၁၅ ကျွန်ုပ်တို့သုံးသပ်မည့် ယေရှု၏အရည်အသွေးထဲမှ နောက်ဆုံးအသွင်အပြင်မှာ နှလုံးကိုအနွေးထွေးဆုံးဖြစ်စေသော လူတို့ကိုချစ်သည့်ကိုယ်တော်၏မေတ္တာဖြစ်သည်။ တမန်တော်ပေါလုဤသို့ရေးခဲ့သည်– “ခရစ်တော်၏ချစ်ခြင်းမေတ္တာသည် ငါတို့ကို အနိုင်အထက် နှိုးဆော်၏။” (၂ ကော. ၅:၁၄) ယေဘုယျလူသားထုနှင့် ကျွန်ုပ်တို့တစ်ဦးချင်းစီကိုချစ်သည့် ယေရှု၏မေတ္တာကို ကျွန်ုပ်တို့အလေးအနက်စဉ်းစားသောအခါ ကျွန်ုပ်တို့နှလုံးတွင် နွေးထွေးမှုခံစားရပြီး ကိုယ်တော်၏ပုံသက်သေနောက်လိုက်ရန် အနိုင်အထက်နှိုးဆော်ခံရကြသည်။
၁၆၊ ၁၇။ ယေရှုသည် အခြားသူတို့ကို အဘယ်နည်းများဖြင့် မေတ္တာတင်ပြခဲ့သနည်း။
၁၆ ယေရှုသည် အခြားသူများကိုချစ်ကြောင်း မည်သို့တင်ပြခဲ့သနည်း။ လူသားများအတွက် မိမိအသက်ကို လိုလိုလားလားစွန့်လွှတ်လိုစိတ်သည် ကိုယ်တော့်မေတ္တာ၏အထင်ရှားဆုံးဖော်ပြချက်ဖြစ်သည်။ (ယော. ၁၅:၁၃) သို့သော် ယေရှုသည် ဓမ္မအမှုဆောင်စဉ် အခြားနည်းဖြင့်လည်း မေတ္တာတင်ပြခဲ့သည်။ ဥပမာ၊ ဆင်းရဲဝေဒနာခံစားနေသူတို့အပေါ် ကိုယ်ချင်းစာနာစိတ်ရှိသည်။ လာဇရုသေဆုံးမှုကြောင့် မာရိနှင့် သူနှင့်အတူရှိသူများငိုကြွေးကြသည်ကို မြင်တော်မူသောအခါ ကိုယ်တော်သည် သူတို့၏ဝမ်းနည်းပူဆွေးမှုကြောင့် အလွန်စိတ်ထိခိုက်ခဲ့သည်။ ယေရှုသည် လာဇရုကို ရှင်ပြန်ထမြောက်ပေးတော့မည်ဖြစ်သော်လည်း ကိုယ်တော်သည် “မျက်ရည်ကျတော်မူ” သည်အထိ အလွန်စိတ်ထိခိုက်ခဲ့သည်။—ယော. ၁၁:၃၂-၃၅။
၁၇ ယေရှု၏ဓမ္မအမှုဆောင်ချိန်အစောပိုင်းတွင် နူနာစွဲသူတစ်ဦး ယေရှုထံချဉ်းကပ်ကာ ဤသို့ပြောခဲ့သည်– “ကိုယ်တော်အလိုရှိလျှင် ကျွန်ုပ်ကို သန့်ရှင်းစေနိုင်သည်။” ယေရှု မည်သို့တုံ့ပြန်ခဲ့သနည်း။ မှတ်တမ်းကဤသို့ဆိုသည်– ‘ကိုယ်တော်သည် သနားသောစိတ်ရှိ၏။’ ထို့နောက် သာမန်ထက်ထူးခြားသောအရာတစ်ခုကို ပြုတော်မူခဲ့သည်။ “လက်ကိုဆန့်၍ ထိုသူကိုတို့လျက်၊ ‘ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေ’ ဟုမိန့်တော်မူ၏။ ထိုခဏချင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ ရောက်လေ၏။” မောရှေပညတ်အောက်တွင် နူနာစွဲသူတို့သည် မသန့်ရှင်းသူများဖြစ်ကြရာ ယေရှုသည် သူ့ကိုမတို့ထိဘဲ အမှန်ကုသနိုင်သည်။ သို့တိုင် ယေရှုသည် နူနာစွဲသူကိုကုသခဲ့စဉ် အခြားလူတစ်ဦး၏တို့ထိမှုကို သူ့အား ခံစားစေခဲ့သည်၊ ယင်းသည် နှစ်ပေါင်းများစွာအတွင်း ဦးဆုံးအကြိမ်တို့ထိခံရခြင်း ဖြစ်နိုင်သည်။ ထောက်ထားစာနာမှုဆိုင်ရာ မေတ္တာပါသည့်လုပ်ရပ်ပင်ဖြစ်သည်!—မာ. ၁:၄၀-၄၂။
၁၈။ ကျွန်ုပ်တို့သည် “စာနာစိတ်” ကိုမည်သို့တင်ပြနိုင်သနည်း။
၁၈ ခရစ်တော်၏နောက်လိုက်များအနေနှင့် ကျွန်ုပ်တို့သည် “စာနာစိတ်” ပြကြခြင်းအားဖြင့် ကျွန်ုပ်တို့၏မေတ္တာကိုတင်ပြရန် မိန့်မှာခံရကြသည်။ (၁ ပေ. ၃:၈) နာတာရှည်ရောဂါခံစားနေသော သို့မဟုတ် အလွန်စိတ်ဓာတ်ကျနေသောယုံကြည်သူချင်းတစ်ဦး၏ခံစားချက်ကို နားလည်ဖို့ခက်ခဲပေမည်၊ အထူးသဖြင့် ကျွန်ုပ်တို့ကိုယ်တိုင် ထိုအရာများကို တစ်ခါမျှမကြုံခဲ့ဖူးပါက ယင်းသို့ဖြစ်နိုင်သည်။ သို့တိုင် ယေရှုသည် မိမိကိုယ်တိုင် တစ်ခါမျှမဖျားနာခဲ့သည့်တိုင် ဖျားနာသူတို့အပေါ် ကိုယ်ချင်းစာနာစိတ်ရှိခဲ့သည်။ ကျွန်ုပ်တို့သည် ကိုယ်ချင်းစာနာစိတ်ကို မည်သို့ပြုစုပျိုးထောင်နိုင်သနည်း။ ဆင်းရဲဝေဒနာခံစားနေရသူတို့ ကျွန်ုပ်တို့အားရင်ဖွင့်လာသောအခါ စိတ်ရှည်စွာနားထောင်ပေးခြင်းအားဖြင့်ဖြစ်သည်။ မိမိတို့ကိုယ်ကို ဤသို့လည်းမေးနိုင်သည်– ‘သူတို့နေရာမှာသာငါရှိခဲ့ရင် ဘယ်လိုခံစားရမလဲ။’ အခြားသူတို့၏ခံစားချက်ကို စာနာတတ်သည့်စိတ် ကျွန်ုပ်တို့ပြုစုပျိုးထောင်ပါက “စိတ်အားငယ်သူတို့ကို နှစ်သိမ့်စကားဆို” ရန်ပို၍တတ်နိုင်ပါလိမ့်မည်။ (၁ သက်. ၅:၁၄) ဤသို့ဖြင့် ကျွန်ုပ်တို့သည် ယေရှုနောက်ကို လိုက်နေကြမည်ဖြစ်သည်။
၁၉။ ယေရှု၏ပုံနမူနာက ကျွန်ုပ်တို့အပေါ် အဘယ်နည်းများဖြင့် သက်ရောက်မှုရှိသနည်း။
၁၉ ယေရှုခရစ်မိန့်တော်မူသည့်စကားများနှင့် လုပ်ဆောင်ချက်များကို လေ့လာရသည်မှာ စိတ်လှုပ်ရှားစရာကောင်းလှသည်! ကိုယ်တော့်အကြောင်း ပို၍လေ့လာလေ ကိုယ်တော်နှင့်ပို၍တူချင်လေ—အခြားသူတို့အပေါ် အလားတူ ပို၍လုပ်ဆောင်ချင်လေဖြစ်သည်။ ထို့ကြောင့် ယခုရော ထာဝရပါ မေရှိယဘုရင်နောက်လိုက်ရာတွင် ရွှင်လန်းမှုတွေ့နိုင်ကြပါစေ!
သင်ရှင်းပြနိုင်သလော
• ယေရှုသည် ဉာဏ်ပညာတင်ပြခဲ့သကဲ့သို့ ယင်းကို ကျွန်ုပ်တို့ မည်သို့တင်ပြနိုင်သနည်း။
• နှိမ့်ချမှုကို အဘယ်နည်းများဖြင့် ကျွန်ုပ်တို့တင်ပြနိုင်သနည်း။
• ဓမ္မအမှုတွင် ဇွဲထက်သန်မှုကို မည်သို့ပြုစုပျိုးထောင်နိုင်သနည်း။
• အခြားသူတို့ကိုမေတ္တာတင်ပြရာတွင် ယေရှုကို အဘယ်နည်းများဖြင့် တုပနိုင်သနည်း။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ခရစ်တော်ကိုတုပရန် ကျွန်ုပ်တို့အားအထောက်အကူပြုသော စာအုပ်တစ်အုပ်
၂၀၀၇ ခုနှစ် ခရိုင်စည်းဝေးကြီး အစီအစဉ်အတွင်း စာမျက်နှာ ၁၉၂ မျက်နှာရှိ “လာ၍ ငါ့နောက်သို့လိုက်လော့” စာအုပ်ကို အင်္ဂလိပ်ဘာသာစကားဖြင့်ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်သည် ယေရှုကို—အထူးသဖြင့် ကိုယ်တော်၏အရည်အသွေးများနှင့် လုပ်ဆောင်မှုများအပေါ်—အာရုံစိုက်ကြရန် ခရစ်ယာန်များကို အထောက်အကူပြုဖို့ ရည်ရွယ်ထားသည်။ အခန်းနှစ်ခန်းဖြင့် နိဒါန်းပျိုးပြီးနောက် ဦးဆုံးအပိုင်းတွင် ယေရှု၏ထင်ရှားသောအရည်အသွေးများဖြစ်သော ကိုယ်တော်၏နှိမ့်ချမှု၊ ရဲစွမ်းသတ္တိ၊ ဉာဏ်ပညာ၊ နာခံမှုနှင့် ခံနိုင်ရည်တို့ကို ခြုံငုံသုံးသပ်ထားသည်။
ယင်းနောက်တွင် သွန်သင်သူ၊ သတင်းကောင်းဟောပြောသူတစ်ဦးအဖြစ် ယေရှု၏လုပ်ဆောင်မှုများ၊ ကိုယ်တော်၏ကြီးမားလှသောမေတ္တာ တင်ပြသည့်နည်းလမ်းတချို့နှင့်ပတ်သက်သော အပိုင်းများပါရှိသည်။ ခရစ်ယာန်တစ်ဦး ယေရှုကိုတုပရန် အထောက်အကူပြုသည့်အချက်အလက်များကို စာအုပ်တစ်အုပ်လုံးတွင် တင်ဆက်ထားပါသည်။
‘ကျွန်ုပ်သည် ယေရှုနောက် အမှန်တကယ်လိုက်နေပါသလော၊ ကိုယ်တော့်နောက် ပို၍နီးကပ်စွာ မည်သို့လိုက်နိုင်သနည်း’ ဟူ၍မိမိတို့ကိုယ်ကိုမေးမြန်းစစ်ဆေးရန် ဤစာအုပ်က ကျွန်ုပ်တို့အားလုံးကို လှုံ့ဆော်လိမ့်မည်ဟု ယုံကြည်ပါသည်။ “ထာဝရအသက်ကို လိုလားသူအားလုံးသည်” ခရစ်တော်နောက်လိုက်ဖြစ်လာရန်လည်း အထောက်အကူပြုပါလိမ့်မည်။—တ. ၁၃:၄၈။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ယေရှုသည် ကမ္ဘာမြေသို့ကြွလာရန်နှင့် လူသားကလေးတစ်ဦးအဖြစ် မွေးဖွားရန် သဘောတူခဲ့သည်။ ယင်းသို့ဖြစ်ရန် အဘယ်အရည်အသွေးရှိဖို့ လိုအပ်သနည်း
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ဓမ္မအမှုတွင် ဇွဲထက်သန်မှုရှိရန် အဘယ်အရာက ကျွန်ုပ်တို့အားလှုံ့ဆော်မည်နည်း