တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ပျော်မွေ့လော့
‘သွား၍ ငါ့တပည့်ဖြစ်စေကြလော့။’—မ. ၂၈:၁၉။
၁-၃။ (က) များစွာသောသူတို့သည် ကျမ်းစာသင်အံမှုကျင်းပရသည့်အခွင့်အရေးနှင့်ပတ်သက်၍ မည်သို့ခံစားကြသနည်း။ (ခ) အဘယ်မေးခွန်းများကို ကျွန်ုပ်တို့သုံးသပ်ကြမည်နည်း။
အမေရိကန်ပြည်ထောင်စုရှိ ဟင်ဒီစကားပြောအုပ်စုနှင့်အတူ အမှုဆောင်နေသောညီအစ်မတစ်ဦး ဤသို့ရေးခဲ့သည်– “ပါကစ္စတန်မှ မိသားစုတစ်စုနှင့် ကျွန်မ ကျမ်းစာသင်အံမှုလုပ်နေသည်မှာ ၁၁ ပတ်ကြာခဲ့ပြီ။” သူဤသို့ဆက်ပြော၏– “ကျွန်မတို့ မိတ်ဆွေတွေဖြစ်လာခဲ့ကြသည်မှာ အံ့ဩစရာမဟုတ်ပါ။ မကြာမီ ဤမိသားစုသည် ပါကစ္စတန်သို့ပြန်သွားရတော့မည်ကို စဉ်းစားသောအခါ ကျွန်မမျက်ရည်ဝဲလာသည်။ ကျွန်မချက်ချင်းမျက်ရည်ဝဲလာသည်မှာ သူတို့နှင့်မပေါင်းသင်းရတော့၍ဝမ်းနည်းသည့်စိတ်ကြောင့်သာမဟုတ်ဘဲ ယေဟောဝါအကြောင်း သူတို့ကို ကျွန်မသင်ပေးနေစဉ် တွေ့ကြုံခံစားရသည့်ရွှင်လန်းမှုကြောင့်လည်း ဖြစ်သည်။”
၂ ဤညီအစ်မကဲ့သို့ တစ်ဦးတစ်ယောက်နှင့်ကျမ်းစာသင်အံမှုပြုလုပ်ရာမှ ရရှိလာသည့်ရွှင်လန်းမှုကို သင်ခံစားဖူးပါသလော။ ယေရှုနှင့် ပထမရာစုတပည့်များသည် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် များစွာရွှင်လန်းခဲ့ကြသည်။ ယေရှုလေ့ကျင့်ပေးခဲ့သောတပည့် ၇၀ တို့သည် ပျော်ရွှင်ဖွယ်မှတ်တမ်းနှင့်ပြန်လာကြသောအခါ ယေရှုကိုယ်တိုင် “သန့်ရှင်းသောစွမ်းအားတော်ကြောင့် အလွန်ဝမ်းမြောက်” ခဲ့သည်။ (လု. ၁၀:၁၇-၂၁) အလားတူပင် ယနေ့ များစွာသောသူတို့သည် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် များစွာရွှင်လန်းခဲ့ကြသည်။ အမှန်သော် ၂၀၀၇ ခုနှစ်တွင် အလုပ်ကြိုးစားပြီး ပျော်ရွှင်သောကြေညာသူများသည် ပျမ်းမျှအားဖြင့် လစဉ်ကျမ်းစာသင်အံမှုပေါင်း ခြောက်သန်းခွဲ ကျင်းပခဲ့ကြသည်။
၃ သို့သော် အချို့ကြေညာသူများသည် ကျမ်းစာသင်အံမှုကျင်းပခြင်းမှခံစားရသည့် ရွှင်လန်းမှုကို မခံစားကြရသေးပါ။ အခြားသူတို့မှာမူ မကြာသေးမီနှစ်များအတွင်း ကျမ်းစာသင်အံမှုမရှိ ဖြစ်ပေမည်။ ကျမ်းစာသင်အံမှုကျင်းပဖို့ ကျွန်ုပ်တို့ကြိုးစားသောအခါ အဘယ်စိန်ခေါ်ချက်များကို ရင်ဆိုင်တွေ့ကြုံနိုင်သနည်း။ ယင်းစိန်ခေါ်ချက်များကို ကျွန်ုပ်တို့မည်သို့အောင်မြင်ကျော်လွှားနိုင်သနည်း။ ‘သွား၍ တပည့်ဖြစ်စေကြလော့’ ဟူသောယေရှု၏အမိန့်တော်ကိုနာခံရန် ကျွန်ုပ်တို့တတ်နိုင်သမျှလုပ်ဆောင်သောအခါ အဘယ်အကျိုးကျေးဇူးများရရှိကြသနည်း။—မ. ၂၈:၁၉။
ကျွန်ုပ်တို့၏ရွှင်လန်းမှုကို ဆုံးရှုံးစေနိုင်သောစိန်ခေါ်ချက်များ
၄၊ ၅။ (က) ကမ္ဘာ့ဒေသတချို့ရှိလူများစွာသည် မည်သို့တုံ့ပြန်ကြသနည်း။ (ခ) ကြေညာသူများသည် အခြားဒေသများတွင် အဘယ်စိန်ခေါ်ချက်များကို ရင်ဆိုင်ကြရသနည်း။
၄ ကမ္ဘာ့ဒေသတချို့ရှိလူတို့သည် ကျွန်ုပ်တို့၏စာပေများကို လိုလိုလားလားလက်ခံကြပြီး ကျွန်ုပ်တို့နှင့်အတူ ကျမ်းစာလေ့လာရန် ထက်သန်ကြသည်။ ဇမ်ဘီယာနိုင်ငံတွင် ခေတ္တယာယီအမှုဆောင်နေသော ဩစတြေးလျမှ မောင်နှံစုံ ဤသို့စာရေးခဲ့သည်– “ပြောကြသည့်အတိုင်း တကယ်မှန်ပါသည်။ ဇမ်ဘီယာနိုင်ငံသည် ဟောပြောခြင်းတွင် အလွန်အကျိုးဖြစ်ထွန်းသောဒေသတစ်ခုဖြစ်သည်။ လမ်းပေါ်သက်သေခံခြင်းသည် မယုံနိုင်လောက်အောင်ဖြစ်သည်။ လူတို့သည် ကျွန်ုပ်တို့ထံ ချဉ်းကပ်လာကြသည်၊ အချို့ဆိုလျှင် သတ်သတ်မှတ်မှတ်မဂ္ဂဇင်းဆောင်းပါးများ တောင်းဆိုသည်အထိဖြစ်သည်။” မကြာသေးမီနှစ်တစ်နှစ်တွင် ဇမ်ဘီယာနိုင်ငံရှိ ညီအစ်ကို၊ ညီအစ်မများသည် ကျမ်းစာသင်အံမှုပေါင်း ၂၀၀,၀၀၀ ကျော်ကျင်းပခဲ့ကြသည်၊ ကြေညာသူတစ်ဦးလျှင် ပျမ်းမျှအားဖြင့် သင်အံမှုတစ်ခုထက်မကရှိသည် ဟူသောအဓိပ္ပာယ်ဖြစ်သည်။
၅ သို့သော် အခြားဒေသများတွင်မူ ကြေညာသူများသည် စာပေများဝေငှရန်နှင့် ကျမ်းစာသင်အံမှု ပုံမှန်ကျင်းပရန် အခက်တွေ့ကြပေမည်။ အဘယ်ကြောင့်နည်း။ ဖြစ်တတ်သည်မှာ ကြေညာသူတစ်ဦး တံခါးခေါက်ချိန်တွင် အိမ်တွင်လူမရှိပါ၊ ရှိပါကလည်း ဝတ်ပြုရေးကိုစိတ်မဝင်စားသူဖြစ်ပေမည်။ သူတို့သည် ဝတ်ပြုကိုးကွယ်မှုမရှိသည့်အိမ်ထောင်တွင် ကြီးပြင်းလာခဲ့ကြသူဖြစ်ပေမည် သို့မဟုတ် မှားယွင်းသောဝတ်ပြုရေးတွင်တွေ့ရသည့် ဟန်ဆောင်အရေခြုံမှုကို အလွန်မုန်းတီးသောကြောင့်ဖြစ်ပေမည်။ လူများစွာသည် သိုးထိန်းအတုအယောင်များ၏ အရေဆုတ်ခြင်း၊ ပစ်ထားခြင်းခံခဲ့ကြရသည်။ (မ. ၉:၃၆) ထိုသို့သောသူတို့သည် ကျမ်းစာအကြောင်းဆွေးနွေးခြင်းတွင် ပါဝင်မိမည်ကို သတိထားကြသည်မှာ နားလည်နိုင်ပါသည်။
၆။ ကြေညာသူအချို့တွင် အဘယ်ကန့်သတ်ချက်များ ရှိကောင်းရှိနိုင်သနည်း။
၆ တည်ကြည်သည့်ကြေညာသူတချို့သည် ရွှင်လန်းမှုဆုံးရှုံးစေနိုင်သော အခြားစိန်ခေါ်ချက်တစ်ခုကို ရင်ဆိုင်ကြရသည်။ သူတို့သည် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် တစ်ကြိမ်တစ်ခါက အလွန်တက်ကြွခဲ့ကြသော်လည်း ယခုမူ ကျန်းမာရေးချို့တဲ့ခြင်း သို့မဟုတ် ဇရာအိုကာလ၏ကန့်သတ်ချက်များကြောင့် အဟန့်အတားဖြစ်နေသည်။ ကျွန်ုပ်တို့သည် မိမိတို့ဘာသာတင်မိနိုင်သည့် ကန့်သတ်ချက်တချို့ကိုလည်း သုံးသပ်ကြည့်ပါ။ ဥပမာ၊ သင်သည် ကျမ်းစာသင်အံမှုကျင်းပရန် အရည်အချင်းမရှိဟု ခံစားရပါသလော။ ဖာရောကို စကားပြောရန် မောရှေကို ယေဟောဝါတာဝန်ပေးချိန်တွင် သူခံစားခဲ့သည့်အတိုင်း သင်ခံစားရပေမည်။ မောရှေဤသို့ပြောခဲ့သည်– ‘အိုဘုရားသခင်၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ အထက်ကလည်းမရှိပါ။’ (ထွ. ၄:၁၀) အရည်အချင်းမရှိဟူသောခံစားချက်သည် မအောင်မြင်မည်ကိုစိုးရိမ်ခြင်းနှင့် အလွန်ဆက်စပ်မှုရှိ၏။ ကျွန်ုပ်တို့သည် ကျွမ်းကျင်သောသွန်သင်သူမဟုတ်သောကြောင့် လူတစ်ဦးကို တပည့်ဖြစ်လာစေမည်မဟုတ်ဟူ၍ စိုးရိမ်မိနိုင်သည်။ ယင်းစိုးရိမ်မှုကြောင့် ကျွန်ုပ်တို့သည် ကျမ်းစာသင်အံမှုမကျင်းပရန် ဆုံးဖြတ်မိပေမည်။ ယခုဖော်ပြခဲ့သည့်စိန်ခေါ်ချက်များကို ကျွန်ုပ်တို့မည်သို့အောင်မြင်ကျော်လွှားနိုင်ကြသနည်း။
သင့်စိတ်နှလုံးကို ပြင်ဆင်ပါ
၇။ ဓမ္မအမှုတွင် ယေရှုကို အဘယ်အရာက လှုံ့ဆော်ခဲ့သနည်း။
၇ ပထမဆုံးလုပ်ရန်မှာ ကျွန်ုပ်တို့၏စိတ်နှလုံးကို ပြင်ဆင်ဖို့ဖြစ်သည်။ ယေရှုဤသို့မိန့်တော်မူ၏– “စိတ်နှလုံးအပြည့်ရှိသည့်အတိုင်း နှုတ်မြွက်တတ်၏။” (လု. ၆:၄၅) အခြားသူတို့၏ကောင်းကျိုးကို စိတ်ရင်းမှန်နှင့်စိုးရိမ်ခြင်းက ဓမ္မအမှုတွင် ယေရှုအား လှုံ့ဆော်မှုဖြစ်စေခဲ့သည်။ ဥပမာ၊ ဂျူးအမျိုးသားချင်းတို့သည် ဘုရားသခင်နှင့်ကင်းကွာနေကြောင်း ကိုယ်တော်သိရှိသောအခါ သူတို့ကို “သနားတော်မူ၏။” ကိုယ်တော်သည် မိမိတပည့်များကို ဤသို့မိန့်တော်မူ၏– “စပါးရိတ်စရာများစွာရှိ၏။ . . . လုပ်သားများစေလွှတ်ပေးရန် စပါးရှင်ထံတောင်းဆိုကြလော့။”—မ. ၉:၃၆-၃၈။
၈။ (က) ကျွန်ုပ်တို့သည် အဘယ်အရာကိုစဉ်းစားသင့်သနည်း။ (ခ) ကျမ်းစာသင်သားတစ်ဦး၏မှတ်ချက်မှ အဘယ်အရာသင်ယူနိုင်သနည်း။
၈ ကျွန်ုပ်တို့သည် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ပါဝင်ရာတွင် တစ်ဦးတစ်ယောက်သည် ကျွန်ုပ်တို့အား ကျမ်းစာသင်ပေးရန် အချိန်ယူခဲ့သောကြောင့် ကျွန်ုပ်တို့မည်မျှအကျိုးခံစားခဲ့ရကြောင်း လေးလေးနက်နက်စဉ်းစားဖို့ကောင်း၏။ ဓမ္မအမှုတွင် ကျွန်ုပ်တို့တွေ့ဆုံမည့်လူတို့အကြောင်း၊ သူတို့သည် ကျွန်ုပ်တို့သယ်ဆောင်သည့်သတင်းစကားမှ မည်သို့အကျိုးခံစားရမည်အကြောင်းကိုလည်း စဉ်းစားပါ။ အမျိုးသမီးတစ်ဦးသည် မိမိနေထိုင်သည့်နိုင်ငံရှိဌာနခွဲရုံးသို့ ဤသို့စာရေးခဲ့သည်– “ကျွန်မကို အိမ်တွင်လာသင်ပေးကြသော သက်သေခံများကို များစွာကျေးဇူးတင်ကြောင်း ပြောလိုပါသည်။ ကျွန်မမေးခွန်းများစွာမေးသဖြင့် သင်အံမှုပြုလုပ်ချိန် အမြဲကျော်လွန်သွားသောကြောင့် တစ်ခါတစ်ရံ သူတို့ စိတ်ညစ်မည်ဖြစ်ကြောင်း ကျွန်မသိသည်။ သို့သော် သူတို့သည် ကျွန်မကိုစိတ်ရှည်ကြပြီး သူတို့သင်ယူသိရှိခဲ့ရာများကို ကျွန်မအား သင်ပေးလိုကြသည်။ ကျွန်မဘဝတွင် ဤသို့သောသူတို့နှင့်ဆုံတွေ့ခွင့်ရသည့်အတွက် ယေဟောဝါနှင့်ယေရှုကို ကျေးဇူးတင်သည်။”
၉။ ယေရှုသည် အဘယ်အရာကို အာရုံစိုက်ခဲ့သနည်း၊ ကိုယ်တော်ကို ကျွန်ုပ်တို့မည်သို့တုပနိုင်သနည်း။
၉ လူတို့ကိုကူညီဖို့ ယေရှု၏ကြိုးစားအားထုတ်မှုများကို လူတိုင်းမတုံ့ပြန်ကြသည်မှာ မှန်ပါသည်။ (မ. ၂၃:၃၇) အချို့သည် ခဏတစ်ဖြုတ် ကိုယ်တော့်နောက်လိုက်ခဲ့ကြကာ နောင်တွင် ကိုယ်တော်၏သွန်သင်ချက်များကို မနှစ်လိုငြင်းဆိုကြပြီး “နောက်တော်သို့ မလိုက်ကြတော့ချေ။” (ယော. ၆:၆၆) သို့သော် ယေရှုသည် အချို့သူတို့ကောင်းစွာမတုံ့ပြန်မှုကြောင့် မိမိကြေညာသည့်သတင်းစကားသည် တန်ဖိုးမရှိဟူ၍ မခံစားခဲ့ပါ။ ယေရှုကြဲခဲ့သည့်မျိုးစေ့များစွာမှာ အသီးမသီးသော်လည်း ကိုယ်တော်သည် မိမိလုပ်ဆောင်သည့်အလုပ်မွန်တွင် အာရုံစိုက်ခဲ့သည်။ စပါးရိတ်သိမ်းရန် လယ်ပြင်သည် မှည့်ဝင်းလျက်ရှိနေပြီဖြစ်ကြောင်း ကိုယ်တော်မြင်တွေ့ခဲ့ပြီး ယင်းရိတ်သိမ်းခြင်းတွင် ပါဝင်ကူညီပေးခြင်းမှ များစွာဝမ်းမြောက်ခဲ့သည်။ (ယောဟန် ၄:၃၅၊ ၃၆ ကိုဖတ်ပါ။) မသီးပွင့်၊ မဖြစ်ထွန်းသောမြေကိုသာမြင်မည့်အစား ကျွန်ုပ်တို့၏ခန့်အပ်ခံရပ်ကွက်ရှိ အလားအလာရှိသောရိတ်သိမ်းစရာကို အလားတူ အာရုံစိုက်နိုင်ပါသလော။ ယင်းသို့သောအပြုသဘောထား ကျွန်ုပ်တို့မည်သို့ထိန်းသိမ်းထားနိုင်ပုံကို ဆန်းစစ်ကြည့်ကြစို့။
ကျမ်းစာသင်အံမှုစတင်ဖို့ပန်းတိုင်ထား၍ ဟောပြောလော့
၁၀၊ ၁၁။ သင့်ရွှင်လန်းမှုကိုထိန်းသိမ်းရန် သင်အဘယ်အရာလုပ်နိုင်သနည်း။
၁၀ လယ်သမားတစ်ဦးသည် စပါးရိတ်သိမ်းရန်ပန်းတိုင်ထား၍ မျိုးစေ့ကြဲခဲ့သည်။ အလားတူပင် ကျွန်ုပ်တို့လည်း ကျမ်းစာသင်အံမှုစတင်ဖို့ပန်းတိုင်ထား၍ ဟောပြောရန်လို၏။ သို့သော် လယ်ကွင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်သော်လည်း အိမ်တွင် လူနည်းစုကိုသာတွေ့ရသည် သို့မဟုတ် သင့်ပြန်လည်ပတ်မှုကို နောက်တစ်ကြိမ်ပြန်သွားရန်မဖြစ်နိုင်ပုံပေါက်ပါက အသို့နည်း။ ယင်းသည် စိတ်ပျက်စရာဖြစ်နိုင်သည်။ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုကို သင်လက်လျှော့သင့်သလော။ လုံးဝလက်မလျှော့သင့်ပါ။ နှစ်ပေါင်းများစွာအသုံးပြုလာခဲ့သည့် ဤထိရောက်သောဟောပြောခြင်းနည်းလမ်းအားဖြင့် များစွာသောသူတို့ကို ဦးဆုံးအကြိမ်တွေ့ဆုံရဆဲဖြစ်သည်။
၁၁ သို့သော် သင့်ရွှင်လန်းမှုကိုထိန်းသိမ်းရန် သင့်ဟောပြောခြင်းနည်းလမ်းများကို တိုးချဲ့နိုင်ပါသလော၊ လူတို့ထံရောက်နိုင်သည့်အခြားနည်းလမ်းများ ပါဝင်စေခြင်းဖြစ်နိုင်သည်။ ဥပမာ၊ လူတို့ကို လမ်းပေါ် သို့မဟုတ် သူတို့အလုပ်လုပ်သည့်နေရာတွင် သက်သေခံရန် ကြိုးစားဖူးပါသလော။ လူတို့ကို တယ်လီဖုန်းဖြင့် ဆက်သွယ်နိုင်သလော သို့မဟုတ် ဘုရားသခင့်နိုင်ငံတော်သတင်းစကား သင်ဝေမျှခဲ့ဖူးသူတို့ထံမှ သူတို့၏ဖုန်းနံပါတ်ကိုတောင်းကာ သူတို့နှင့်ပြန်ဆက်သွယ်နိုင်သလော။ သင့်ဓမ္မအမှုတွင် စွဲစွဲမြဲမြဲရှိခြင်းနှင့် အလိုက်သင့်ပြုပြင်ခြင်းဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်းစကားကို ကောင်းစွာတုံ့ပြန်သူတို့အား ရှာတွေ့ခြင်းမှ ရွှင်လန်းမှုခံစားရပါလိမ့်မည်။
လျစ်လျူရှုမှုကို ရင်ဆိုင်ဖြေရှင်းခြင်း
၁၂။ ကျွန်ုပ်တို့ရပ်ကွက်ရှိများစွာသောသူတို့သည် လျစ်လျူရှုပုံရပါက အဘယ်အရာပြုလုပ်နိုင်သနည်း။
၁၂ သင့်ရပ်ကွက်ရှိများစွာသောသူတို့သည် ဝတ်ပြုရေးကိုစိတ်မဝင်စားကြလျှင်ကော အသို့နည်း။ သူတို့စိတ်ဝင်စားမှုရှိလာရန် သင့်ချဉ်းကပ်ပုံကို အလိုက်သင့်ပြုပြင်နိုင်သလော။ တမန်တော်ပေါလုသည် ကောရိန္သုအသင်းတော်ရှိယုံကြည်သူချင်းများကို ဤသို့စာရေးခဲ့သည်– ‘ငါသည် ဂျူးတို့တွင် ဂျူးလူကဲ့သို့ ဖြစ်လာ၏။ ဘုရားသခင်ရှေ့တွင် ပညတ်တရားမဲ့သူမဟုတ်သော်လည်း ပညတ်တရားမဲ့သူတို့ကိုရရန် တရားမဲ့သူတို့တွင် တရားမဲ့သူကဲ့သို့ ဖြစ်လာ၏။’ ပေါလု၏ရည်ရွယ်ချက်ကား အဘယ်နည်း။ သူဤသို့ပြောခဲ့သည်– “လူအချို့ကို အတတ်နိုင်ဆုံးကယ်တင်ရန် လူအမျိုးမျိုးတို့တွင် အမျိုးမျိုးဖြစ်လာ၏။” (၁ ကော. ၉:၂၀-၂၂) ကျွန်ုပ်တို့ရပ်ကွက်ရှိလူတို့စိတ်ဝင်စားမည့် အကြောင်းအရာများကို အလားတူတွေ့ရှိနိုင်သလော။ ဝတ်ပြုရေးမရှိသူများစွာတို့သည် မိမိတို့မိသားစုဆက်ဆံရေးအရည်အသွေးကို တိုးတက်စေလိုကြသည်။ သူတို့သည် ဘဝရည်ရွယ်ချက် ရှာဖွေနေသူတို့လည်းဖြစ်ပေမည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းစကားကို ထိုသို့သောလူတို့နှစ်သက်သည့်နည်းဖြင့် တင်ဆက်နိုင်သလော။
၁၃၊ ၁၄။ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှရသောရွှင်လန်းမှုကို မည်သို့တိုးများစေနိုင်သနည်း။
၁၃ တိုးများလာနေသောကြေညာသူများသည် လူအများစု လျစ်လျူရှုပုံရသည့်ဒေသများတွင်ပင် တပည့်ဖြစ်စေခြင်းလုပ်ငန်းမှ ရွှင်လန်းမှုတိုး၍ခံစားခဲ့ကြရသည်။ မည်သို့အားဖြင့်နည်း။ တိုင်းတစ်ပါးဘာသာစကား သင်ယူခြင်းအားဖြင့်ဖြစ်သည်။ အသက် ၆၀ ကျော်ပြီဖြစ်သောမောင်နှံစုံသည် အသင်းတော်၏ခန့်အပ်ခံရပ်ကွက်တွင် ထောင်နှင့်ချီသောတရုတ်ကျောင်းသားများနှင့် သူတို့မိသားစုများ နေထိုင်ကြကြောင်း တွေ့ရှိခဲ့သည်။ ခင်ပွန်းဖြစ်သူက ဤသို့ပြောသည်– “အဲဒါက တရုတ်စကားလေ့လာဖို့ အားပေးမှုဖြစ်ခဲ့တယ်။ ဘာသာစကားလေ့လာဖို့ နေ့တိုင်းအချိန်ယူရပေမဲ့ ကျွန်တော်တို့ရပ်ကွက်မှာရှိတဲ့ တရုတ်လူမျိုးတွေနဲ့ ကျမ်းစာသင်အံမှုကျင်းပနိုင်ခဲ့တယ်။”
၁၄ သင်သည် အခြားဘာသာစကား မလေ့လာနိုင်လျှင်ပင် အခြားဘာသာစကားပြောသူတို့နှင့် တွေ့ဆုံသောအခါ လူမျိုးအပေါင်းမှလူတို့အတွက် သတင်းကောင်းစာအုပ်ငယ်ကို ကောင်းစွာအသုံးပြုနိုင်သည်။ သင်တွေ့ဆုံသည့်လူတို့ပြောသောဘာသာစကားဖြင့်လည်း စာပေများကို လက်ဝယ်ထားရှိနိုင်သည်။ မှန်ပါသည်၊ အခြားဘာသာစကားပြောသူများ၊ ယဉ်ကျေးမှုမတူသူများနှင့်ဆက်သွယ်ပြောဆိုရန် အချိန်နှင့်ကြိုးစားအားထုတ်မှု အတော်အတန်လို၏။ သို့သော် ဘုရားသခင့်နှုတ်မြွက်တော်တွင်တွေ့ရသော ဤမူကိုသတိရပါ– “များများကြဲသောသူသည် များများရိတ်ရလိမ့်မည်။”—၂ ကော. ၉:၆။
အသင်းတော်တစ်ခုလုံး ပါဝင်ပတ်သက်
၁၅၊ ၁၆။ (က) တပည့်ဖြစ်စေခြင်းလုပ်ငန်းသည် အဘယ်ကြောင့် အသင်းတော်တစ်ခုလုံးနှင့်ဆိုင်သနည်း။ (ခ) သက်ကြီးရွယ်အိုများသည် အဘယ်အခန်းကဏ္ဍတွင် ပါဝင်ကြသနည်း။
၁၅ တပည့်ဖြစ်စေခြင်းသည် တစ်ဦးတစ်ယောက်၏ကြိုးစားအားထုတ်မှုပေါ်တွင်သာ မမူတည်ပါ။ ယင်းအစား အသင်းတော်တစ်ခုလုံး ပါဝင်ပတ်သက်သည်။ အဘယ်ကြောင့် ထိုသို့ဆိုနိုင်သနည်း။ ယေရှုဤသို့မိန့်တော်မူခဲ့၏– “သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့သိရကြလိမ့်မည်။” (ယော. ၁၃:၃၅) အမှန်တွင် ကျမ်းစာသင်သားများ အစည်းအဝေးသို့တက်ရောက်လာသောအခါ ကျွန်ုပ်တို့စုဝေးမှုများ၏ မေတ္တာလွှမ်းခြုံသောဝန်းကျင်ကို သူတို့စိတ်စွဲမှတ်လေ့ရှိသည်။ ကျမ်းစာသင်သားတစ်ဦး ဤသို့ရေးခဲ့သည်– “အစည်းအဝေးများတက်ရောက်သည်ကို ကျွန်မအလွန်နှစ်သက်ပါသည်။ လူတို့သည် ဖော်ရွေပျူငှာကြသည်။” ယေရှုက မိမိနောက်လိုက်ဖြစ်လာသူတို့သည် မိသားစုဝင်များ၏ ဆန့်ကျင်မှုကိုခံရနိုင်သည်ဟု မိန့်ဆိုခဲ့သည်။ (မဿဲ ၁၀:၃၅-၃၇ ကိုဖတ်ပါ။) သို့သော် သူတို့သည် အသင်းတော်တွင် ဘုရားသခင်နှင့်ဆက်ဆံရေးကောင်းရှိကြသောခရစ်ယာန် “ညီအစ်ကို မောင်နှမ၊ မိဘ၊ သားသမီး” များစွာရကြမည်ဟု ကိုယ်တော်ကတိပေးခဲ့သည်။—မာ. ၁၀:၃၀။
၁၆ အထူးသဖြင့် ကျွန်ုပ်တို့၏သက်ကြီးရွယ်အိုညီအစ်ကို၊ ညီအစ်မများသည် ကျမ်းစာသင်သားများတိုးတက်မှုရှိလာရန် ကူညီပေးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြသည်။ အဘယ်နည်းဖြင့်နည်း။ အချို့သောသက်ကြီးရွယ်အိုများသည် သူတို့ကိုယ်တိုင်ကျမ်းစာသင်အံမှုမကျင်းပနိုင်လျှင်ပင် အသင်းတော်အစည်းအဝေးများတွင် သူတို့၏တည်ဆောက်မှုဖြစ်စေသောမှတ်ချက်များက ကြားနာရသူအားလုံး၏ယုံကြည်ခြင်းကို ခိုင်ခံ့စေသည်။ “ဖြောင့်မတ်ခြင်းတရားလမ်း၌” တည်ကြည်စွာလျှောက်လှမ်းသည့် သူတို့၏မှတ်တမ်းက အသင်းတော်ကို ပို၍လှပတင့်တယ်စေကြကာ စိတ်နှလုံးရိုးဖြောင့်သူများ ဘုရားသခင့်အဖွဲ့အစည်းသို့ ဆွဲဆောင်ခံရစေသည်။—သု. ၁၆:၃၁။
ကျွန်ုပ်တို့၏စိုးရိမ်စိတ်ကို အောင်မြင်ကျော်လွှားခြင်း
၁၇။ အရည်အချင်းမရှိဟူသည့်ခံစားချက်များကို အောင်မြင်ကျော်လွှားရန် ကျွန်ုပ်တို့အဘယ်အရာလုပ်နိုင်သနည်း။
၁၇ အရည်အချင်းမပြည့်မီဟူသည့်ခံစားချက်များနှင့် ရုန်းကန်နေရပါက အသို့နည်း။ ယေဟောဝါသည် မောရှေအား သန့်ရှင်းသောစွမ်းအားတော်နှင့် သူ၏အစ်ကိုအာရုန်ကို အဖော်အဖြစ် ထောက်ပံ့ပေးခဲ့သည်ကိုသတိရပါ။ (ထွ. ၄:၁၀-၁၇) ကျွန်ုပ်တို့၏သက်သေခံခြင်းလုပ်ငန်းကို ဘုရားသခင့်စွမ်းအားတော်က ကျောထောက်နောက်ခံပြုမည်ဟု ယေရှုကတိပေးတော်မူခဲ့သည်။ (တ. ၁:၈) ထို့ပြင် အတွဲလိုက်ဟောပြောရန် လုပ်သားများစေလွှတ်တော်မူခဲ့၏။ (လု. ၁၀:၁) ထို့ကြောင့် ကျမ်းစာသင်အံမှုကျင်းပဖို့ အခက်တွေ့နေပါက ဉာဏ်ပညာပေးပါရန် ဘုရားသခင့်စွမ်းအားတော်ကို တောင်းလျှောက်ပြီး သင့်အား ယုံကြည်စိတ်ချမှုပေးမည့်၊ သူ၏အတွေ့အကြုံက သင့်အား အထောက်အကူဖြစ်စေမည့် ဟောပြောဖော်တစ်ဦးနှင့်အတူ လုပ်ဆောင်ပါလေ။ ယေဟောဝါသည် ဤအထူးလုပ်ငန်းကိုပြီးမြောက်စေရန် “လောကတွင် အားနည်းသောသူတို့” ဖြစ်သော သာမန်လူတို့ကိုအသုံးပြုရန် ရွေးချယ်တော်မူကြောင်း သိရခြင်းသည် ယုံကြည်ခြင်းခိုင်ခံ့စေသည်။—၁ ကော. ၁:၂၆-၂၉။
၁၈။ ကျမ်းစာသင်သားကို ကူညီပေးနိုင်မည်မဟုတ်ဟူသည့်စိုးရိမ်စိတ်ကို မည်သို့အောင်မြင်ကျော်လွှားနိုင်သနည်း။
၁၈ ကျမ်းစာသင်သားကို ကူညီပေးနိုင်မည်မဟုတ်ဟူသောစိုးရိမ်စိတ်ကို မည်သို့အောင်မြင်ကျော်လွှားနိုင်သနည်း။ တပည့်ဖြစ်စေခြင်းသည် အစားအသောက်ချက်ပြုတ်ခြင်းနှင့်မတူကြောင်း သတိရဖို့ကောင်း၏၊ အချက်အပြုတ်ကောင်းသည် မကောင်းသည်ဟူသည်မှာ အဓိကအားဖြင့် လူတစ်ဦး—စားဖိုမှူး—အပေါ်မူတည်သည်။ တပည့်ဖြစ်စေခြင်းတွင်မူ ကျွန်ုပ်တို့ကိုယ်တိုင်၏ကြိုးစားအားထုတ်မှုထက်မက ပါဝင်၏။ ယေဟောဝါသည် လူတို့အား မိမိထံသွေးဆောင်ခြင်းဖြင့် ကိုယ်တော်သည် အဓိကအပိုင်းမှပါဝင်တော်မူ၏။ (ယော. ၆:၄၄) ကျွန်ုပ်တို့နှင့် အသင်းတော်ရှိအခြားသူတို့သည် သင်သားတိုးတက်ဖို့ကူညီပေးရာတွင် မိမိတို့တတ်နိုင်သမျှ သွန်သင်ခြင်းနည်းပညာကို အသုံးပြုကြသည်။ (၂ တိမောသေ ၂:၁၅ ကိုဖတ်ပါ။) ထို့ပြင် သင်သားသည် မိမိသင်ယူခဲ့ရာများနှင့်အညီ ပြုမူရန်လို၏။ (မ. ၇:၂၄-၂၇) တစ်ဦးတစ်ယောက်သည် ကျမ်းစာသင်အံမှုကို ရပ်တန့်လိုက်သည်ဆိုလျှင် ကျွန်ုပ်တို့ စိတ်ဓာတ်ကျပေမည်။ ကျမ်းစာသင်သားများသည် မှန်ကန်သောရွေးချယ်မှုပြုမည်ဟု ကျွန်ုပ်တို့မျှော်လင့်၏၊ သို့သော် ယောက်တိုင်း “ဘုရားသခင်ထံ စာရင်းရှင်းကြရလိမ့်မည်။”—ရော. ၁၄:၁၂။
အကျိုးကျေးဇူးများကား အဘယ်နည်း
၁၉-၂၁။ (က) ကျမ်းစာသင်အံမှုများကျင်းပခြင်းမှ အဘယ်အကျိုးကျေးဇူးများကို ကျွန်ုပ်တို့ရရှိသနည်း။ (ခ) ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်ကြသူအားလုံးကို ယေဟောဝါမည်သို့ရှုမြင်တော်မူသနည်း။
၁၉ ကျမ်းစာသင်အံမှုများကျင်းပခြင်းက ဘုရားသခင့်နိုင်ငံတော်ရှေးဦးထားခြင်းကို ဆက်၍အာရုံစိုက်စေနိုင်သည်။ ထို့ပြင် ကျွန်ုပ်တို့၏စိတ်နှလုံးတွင် ဘုရားသခင့်နှုတ်မြွက်တော်အမှန်တရားများကို ပို၍အမြစ်စွဲစေ၏။ အဘယ်ကြောင့်ထိုသို့ဖြစ်ရသနည်း။ ဗာရက်အမည်ရှိ ရှေ့ဆောင်တစ်ဦး ဤသို့ရှင်းပြသည်– “ကျမ်းစာသင်အံမှုကျင်းပခြင်းက သင့်ကို ပိုကောင်းတဲ့ ဘုရားသခင့်နှုတ်မြွက်တော် လေ့လာသူတစ်ဦးဖြစ်ဖို့ တွန်းအားပေးတယ်။ အခြားသူတစ်ဦးကို ကောင်းစွာမသင်ပေးနိုင်မီ ကိုယ်ကိုယ်တိုင်ရဲ့ယုံကြည်ချက်တွေကို ခိုင်ခံ့စေရမယ်ဆိုတာ ကျွန်တော်တွေ့ရှိတယ်။”
၂၀ သင်သည် ကျမ်းစာသင်အံမှုတစ်ခုမကျင်းပပါက သင်၏လုပ်ဆောင်မှုကို ဘုရားသခင်တန်ဖိုးမထားဟူသည့် အဓိပ္ပာယ်လော။ လုံးဝမဟုတ်ပါ! ယေဟောဝါအားချီးမွမ်းဖို့ ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများကို ကိုယ်တော်အလွန်တန်ဖိုးထားတော်မူ၏။ ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ကြသူအားလုံးတို့သည် “ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်ဖြစ်ကြ” သည်။ ကျွန်ုပ်တို့ကြဲလိုက်သောမျိုးစေ့ကို ဘုရားသခင်မည်သို့ကြီးထွားစေကြောင်း ကျွန်ုပ်တို့တွေ့မြင်ရသည့်အခါ ကျမ်းစာသင်အံမှုကျင်းပခြင်းသည် ရွှင်လန်းမှုကိုထပ်တိုးစေသည်။ (၁ ကော. ၃:၆၊ ၉) အေမီအမည်ရှိ ရှေ့ဆောင်တစ်ဦး ဤသို့ပြောသည်– “ကျမ်းစာသင်သားတိုးတက်တာကို မြင်တွေ့ရတာနဲ့အမျှ ယေဟောဝါကို ကျေးဇူးတင်စိတ် တဖွားဖွားပေါ်လာပါလိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ ယေဟောဝါကိုသိကျွမ်းဖို့နဲ့ ထာဝရအသက်ရဖို့ အခွင့်ထူးဖြစ်တဲ့အံ့ဖွယ်ဆုကျေးဇူးကို အဲဒီသင်သားကိုပေးဖို့ အသုံးတော်ခံခွင့်ရတဲ့အတွက်ကြောင့်ဖြစ်တယ်။”
၂၁ ကျမ်းစာသင်အံမှုစတင်ကျင်းပဖို့ ကျွန်ုပ်တို့အတတ်နိုင်ဆုံးလုပ်ဆောင်ခြင်းက ယခုအချိန်တွင် ဘုရားသခင့်အမှုတော်ထမ်းဆောင်ခြင်းကို ဆက်၍အာရုံစိုက်ရန် အထောက်အကူပြုမည်ဖြစ်ပြီး ကမ္ဘာသစ်ထဲ ကပ်ကျော်မည်ဟူသော ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ခိုင်ခံ့စေပါလိမ့်မည်။ ယေဟောဝါ၏ကျောထောက်နောက်ခံမှုရခြင်းဖြင့် ကျွန်ုပ်တို့သည် နားထောင်သူတို့လည်း ကယ်တင်ခံရရန် အကူအညီပေးနိုင်မည်ဖြစ်သည်။ (၁ တိမောသေ ၄:၁၆ ကိုဖတ်ပါ။) ရွှင်လန်းမှုဖြစ်စေသည့်အကြောင်းရင်းပင်!
သင်မှတ်မိသလော
• အဘယ်စိန်ခေါ်ချက်များက အချို့သူတို့အား ကျမ်းစာသင်အံမှုကျင်းပခြင်းကို အတားအဆီးဖြစ်စေနိုင်သနည်း။
• ကျွန်ုပ်တို့ရပ်ကွက်ရှိများစွာသောသူတို့သည် လျစ်လျူရှုပုံပေါက်ပါက အဘယ်အရာပြုနိုင်သနည်း။
• ကျမ်းစာသင်အံမှုကျင်းပခြင်းမှ အဘယ်အကျိုးကျေးဇူးများကို ကျွန်ုပ်တို့ရရှိကြသနည်း။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
စိတ်နှလုံးရိုးဖြောင့်သူတို့ကို ရှာတွေ့နိုင်ရန် သင့်ဟောပြောခြင်းနည်းလမ်းများကို တိုးချဲ့ပါသလော