သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်
စကော့တလန်နိုင်ငံက အမျိုးသားတစ်ယောက် အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းထက် ပိုပြီးအကျိုးရှိတဲ့အရာကို ဘယ်လို ရှာတွေ့ခဲ့သလဲ။ ဘရာဇီးနိုင်ငံက အမျိုးသားတစ်ယောက် လိင်အကျင့်ယိုယွင်းတဲ့ ဘဝပုံစံနဲ့ ဆေးခြောက်ရှူတဲ့ အကျင့်ဆိုးကို စွန့်လွှတ်နိုင်အောင် ဘာက ကူညီပေးခဲ့သလဲ။ စလိုဗေးနီးယားနိုင်ငံက အမျိုးသားတစ်ယောက် အရက်အလွန်အကျွံသောက်ခြင်းကို ဘယ်လို ဖြတ်နိုင်ခဲ့တာလဲ။ သူတို့ပြောပြတာတွေကို ဖတ်ကြည့်ကြရအောင်။
“ကျွန်တော့်ဘဝက ပြီးပြည့်စုံနေပုံပဲ။”—ဂျွန် ရစ်ကက်စ်
မွေးဖွားတဲ့နှစ်– ၁၉၅၈
နေရင်းနိုင်ငံ– စကော့တလန်
နောက်ခံ– အောင်မြင်တဲ့ စီးပွားရေးသမား
အတိတ်– ကျွန်တော်က ပစ္စည်းဥစ္စာ ပြည့်စုံတဲ့ဘဝနဲ့ ဇိမ်ကျကျ နေလာခဲ့တဲ့သူပါ။ အဖေက ဗြိတိသျှစစ်တပ်မှာ အရာရှိတစ်ယောက်ဖြစ်လို့ ကျွန်တော်တို့မိသားစု ခဏခဏ ရွှေ့ပြောင်းခဲ့ရတယ်။ စကော့တလန်အပြင် အင်္ဂလန်၊ ဂျာမနီ၊ ကင်ညာ၊ မလေးရှား၊ အိုင်ယာလန်နဲ့ ဆိုက်ပရပ်စ်ကျွန်းမှာလည်း နေထိုင်ခဲ့ရတယ်။ ကျွန်တော်အသက် ရှစ်နှစ်အရွယ်ကနေစပြီး စကော့တလန်က ကျောင်းအိပ်ကျောင်းစား လက်ခံတဲ့ ကျောင်းတွေမှာ နေခဲ့ရတယ်။ နောက်ဆုံး ကိမ်းဘရစ်ချ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တယ်။
အသက် ၂၀ အရွယ်ရောက်တော့ ရေနံလုပ်ငန်းမှာ စဝင်လုပ်ပြီး ရှစ်နှစ်ကြာသွားတယ်။ အစပိုင်းမှာ အဲဒီလုပ်ငန်းကို တောင်အမေရိကမှာ၊ အဲဒီနောက် အာဖရိကမှာ၊ နောက်ဆုံး ဩစတြေးလျတောင်ပိုင်းမှာ လုပ်ကိုင်ခဲ့တယ်။ ကျွန်တော် ဩစတြေးလျကို ပြောင်းရွှေ့ပြီးတဲ့နောက် ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီတစ်ခု တည်ထောင်ပြီး နောက်ဆုံး အဲဒီကုမ္ပဏီကို ရောင်းလိုက်တယ်။
အဲဒီလိုရောင်းလိုက်တဲ့အတွက် ငွေကြေးအမြတ်အစွန်း အများကြီးရလိုက်တယ်။ ဒီလိုနဲ့ အသက် ၄၀ အရွယ်မှာပဲ ဘာစီးပွားရေးအလုပ်မှမလုပ်ဘဲ ထိုင်စားလို့ရသွားတယ်။ ကျွန်တော့်ရဲ့အချိန်တွေကို ခရီးသွားလာရေးမှာ အသုံးပြုခဲ့တယ်။ မော်တော်ဆိုင်ကယ်နဲ့ ဩစတြေးလျကို နှစ်ပတ်,ပတ်ခဲ့တဲ့အပြင် ကမ္ဘာအနှံ့ ခရီးထွက်ပစ်လိုက်တယ်။ ကျွန်တော့်ဘဝက ပြီးပြည့်စုံနေပုံပဲ။
သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ- ကျွန်တော် အလုပ်ကနေ အနားမယူခင်မှာတောင် ဇိမ်ကျကျ နေရတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်ဆိုတာကို တစ်နည်းနည်းနဲ့ ဖော်ပြချင်တယ်။ ဒါနဲ့ ကျွန်တော် ငယ်ငယ်လေးကတည်းက တက်ရောက်ခဲ့တဲ့ အင်္ဂလစ်ကန်ဘုရားရှိခိုးကျောင်းကို သွားတယ်။ ဒါပေမဲ့ အဲဒီဘုရားရှိခိုးကျောင်းမှာ သမ္မာကျမ်းစာသွန်သင်ချက်တွေကို သိပ်မဟောပြောဘူး။ ဒါနဲ့ မော်မန်ဘာသာကို လေ့လာခဲ့တယ်။ ဒါပေမဲ့ အဲဒီဘာသာလည်း သမ္မာကျမ်းစာကို အားကိုးအားထားမပြုလို့ ကျွန်တော် စိတ်မဝင်စားတော့ဘူး။
တစ်နေ့ကျတော့ ယေဟောဝါသက်သေ ခရစ်ယာန်တွေ ကျွန်တော့်အိမ်ရှေ့ကို ရောက်လာကြတယ်။ သူတို့က ကျမ်းစာကိုပဲ တိုက်ရိုက်ကိုးကားပြီး ဟောပြောကြတာကို ချက်ချင်း သတိပြုမိတယ်။ ကျွန်တော့်ကို ကျမ်းချက်တစ်ချက် သူတို့ဖတ်ပြတယ်။ အဲဒါကတော့ ၁ တိမောသေ ၂:၃၊ ၄ ပါ။ အဲဒီကျမ်းချက်မှာ “လူအမျိုးမျိုးတို့သည် ကယ်တင်ခံရ၍ အမှန်တရားဆိုင်ရာ တိကျမှန်ကန်သော အသိပညာကို သိရှိလာ” ဖို့ ဘုရားသခင် အလိုရှိတယ်ဆိုပြီး ဖော်ပြထားတယ်။ အဲဒီသက်သေခံ ခရစ်ယာန်တွေဟာ ကျမ်းစာအပေါ် အခြေခံပြီး တိကျမှန်ကန်တဲ့ အသိပညာကို အလေးပေး ပြောဆိုသွားတဲ့အတွက် ကျွန်တော် စွဲမှတ်သွားတယ်။
ယေဟောဝါသက်သေ ခရစ်ယာန်တွေနဲ့ ကျမ်းစာလေ့လာရာကနေ ကျမ်းစာအမှန်တရားကို တိတိကျကျ၊ မှန်မှန်ကန်ကန် သိရှိလာတယ်။ ဥပမာ၊ ဘုရားသခင်နဲ့ ယေရှုက နားလည်ရခက်တဲ့ သုံးပါးပေါင်းတစ်ပါးအဝင် မဟုတ်ဘူး။ ပုဂ္ဂိုလ်နှစ်ယောက် ဖြစ်တယ်ဆိုတာ သိလာရတယ်။ (ယောဟန် ၁၄:၂၈။ ၁ ကောရိန္သု ၁၁:၃) အဲဒီလိုရိုးရှင်းတဲ့ အမှန်တရားကို ကျွန်တော် နှစ်သက်တယ်။ စိတ်ရှုပ်စရာကောင်းတဲ့ အဲဒီသုံးပါးပေါင်းတစ်ပါး အယူဝါဒကို နားလည်ဖို့ အချိန်တွေ အများကြီး အကုန်ခံခဲ့ရတာကို နှမြောလိုက်တာဗျာ။
မကြာပါဘူး၊ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို ကျွန်တော် စတက်ပါတော့တယ်။ အဲဒီမှာရှိတဲ့သူတိုင်း ဖော်ဖော်ရွေရွေ ဆက်ဆံကြတာ၊ မြင့်မားတဲ့ ကျင့်ဝတ်စံနှုန်းတွေ လိုက်လျှောက်ကြတာကို ကျွန်တော် စွဲမှတ်သွားတယ်။ ကျွန်တော့်ရဲ့အမြင်မှာတော့ သူတို့တွေက ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့နေရာမှာတော့ အံ့မခန်းပါပဲ။ သူတို့မှာ ဟန်ဆောင်မှုကင်းတဲ့ မေတ္တာရှိတဲ့အတွက် စစ်မှန်တဲ့ဘာသာတရားကို တွေ့လိုက်ရပြီဆိုပြီး ကျွန်တော် ယုံကြည်လက်ခံလိုက်တယ်။—ယောဟန် ၁၃:၃၅။
အကျိုးကျေးဇူး ရရှိခဲ့ပုံ– ကျွန်တော် နှစ်ခြင်းခံပြီးတဲ့နောက် ဒိုင်ယန်းဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူက ယေဟောဝါသက်သေတစ်ယောက်အနေနဲ့ ကြီးပြင်းလာခဲ့တဲ့သူပါ။ သူ့ဆီမှာ ကျွန်တော်နှစ်သက်တဲ့ အရည်အသွေးကောင်းတွေ အများကြီးရှိတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ လက်ထပ်လိုက်ကြတယ်။ ဒိုင်ယန်းရဲ့ အားပေးကူညီမှု၊ ထောက်မမှုက ယေဟောဝါဆီကလာတဲ့ စစ်မှန်တဲ့ ကောင်းချီးပါပဲ။
ကျွန်တော်တို့နှစ်ယောက်စလုံး ကျမ်းစာသတင်းကောင်း ဟောပြောတဲ့သူ ပိုလိုအပ်တဲ့ဒေသမှာ အရမ်းအမှုဆောင်ချင်တယ်။ ဒါကြောင့် ၂၀၁၀ ပြည့်နှစ်မှာ ဗဟိုအမေရိကမှာ တည်ရှိတဲ့ ဘေလိဇ်နိုင်ငံကို ပြောင်းရွှေ့လိုက်တယ်။ အဲဒီနိုင်ငံမှာ ဘုရားသခင်ကို ချစ်မြတ်နိုးပြီး ဘုရားသခင်အကြောင်း သင်ယူလေ့လာချင်တဲ့သူတွေကို ဟောပြောကြတယ်။
ဘုရားသခင်နဲ့ ကျမ်းစာအမှန်တရားသိခွင့်ရပြီးတဲ့နောက် ကျွန်တော် စိတ်ငြိမ်သက်မှု ခံစားရတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ အချိန်ပြည့် ပါဝင်လုပ်ဆောင်နေတဲ့အတွက် လူအတော်များများကို ကျမ်းစာအကြောင်း သွန်သင်ပေးရာကနေ ရွှင်လန်းမှုခံစားခဲ့ရတယ်။ ကျွန်တော့်ရဲ့ဘဝမှာ တွေ့ကြုံခဲ့ရတဲ့အတိုင်း ပြောရမယ်ဆိုရင် လူတစ်ယောက်ရဲ့ဘဝကို တိုးတက်စေတာက ကျမ်းစာအမှန်တရားကလွဲရင် တခြားဘယ်အရာမှ မရှိဘူးဆိုတာပါပဲ။ နောက်ဆုံးမှာတော့ ကျွန်တော်အသက်ရှင်နေရတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်းဖော်ပြတဲ့ အကောင်းဆုံးနည်းကို တွေ့ရှိသွားပါပြီ။
“သူတို့က ကျွန်တော့်အပေါ် အရမ်းကြင်နာတာပဲ။”—မာရီစယို အာရာအူဇူ
မွေးဖွားတဲ့နှစ်– ၁၉၆၇
နေရင်းနိုင်ငံ– ဘရာဇီး
နောက်ခံ– လိင်အကျင့်ယိုယွင်းတဲ့ ဘဝပုံစံ
အတိတ်– ဘရာဇီးနိုင်ငံ၊ ဆောပိုလိုပြည်နယ်က အာဗာရီလို့အမည်ရှိတဲ့ အေးချမ်းလှတဲ့ မြို့လေးတစ်မြို့မှာ ကျွန်တော် ကြီးပြင်းလာတာပါ။ မြို့သူမြို့သား အများစုက အလုပ်သမား လူတန်းစားတွေ ဖြစ်တယ်။
ကျွန်တော် အမေ့ဗိုက်ထဲမှာ ရှိနေချိန်မှာပဲ အဖေက ဆုံးသွားတယ်။ ငယ်ငယ်လေးကတည်းက အမေ့ရဲ့အဝတ်အစားတွေကို သူမရှိတုန်း ယူဝတ်တယ်။ အဲဒီအချိန်ကစပြီး မိန်းမစိတ်ပေါက်လာတယ်။ လူတွေကလည်း ကျွန်တော့်ကို မိန်းမလျာလို့ပဲ မြင်ကြတယ်။ နောက်ပိုင်းမှာ၊ ယောက်ျားချင်းမေထုန်ပြုလာတယ်။
အသက် ၂၀ ဝန်းကျင်လောက်မှာ ယောက်ျားမိန်းမ မရွေး၊ ဘယ်သူမဆိုနဲ့ လိင်ဆက်ဆံဖို့ မကြာမကြာ အရက်ဘားဆိုင်နဲ့ နိုက်ကလပ်တွေဆီ သွားတယ်၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတောင် မချန်ဘူး။ ကာနီဗယ်ပွဲတော် (ဆန်းပြားတဲ့ ဝတ်စုံတွေဝတ်ပြီး စီတန်းလှည့်လည်ပြသတဲ့ပွဲ) ရာသီရောက်ပြီဆိုရင် မိန်းမတစ်ယောက်လိုဝတ်စားပြီး စန်ဘာအကသင်တန်းကျောင်းအဖွဲ့ထဲမှာ ဝင်ကတယ်။ ကျွန်တော်က အဲဒီနယ်မှာဆို နာမည်ကြီးတစ်ယောက်ပဲ။
ကျွန်တော့်အပေါင်းအသင်းတွေကတော့ မိန်းမလျာတွေ၊ ပြည့်တန်ဆာတွေ၊ မူးယစ်ဆေးစွဲတဲ့သူတွေပေါ့။ အဲဒီလူတွေထဲမှာ တချို့က ကျွန်တော့်ကို ဆေးခြောက် အတင်းရှူခိုင်းတယ်။ ဒီလိုနဲ့ ဆေးစွဲသွားပါလေရော။ တစ်ခါတလေ ကျွန်တော်တို့ ညလုံးပေါက် ဆေးခြောက် ရှူကြတယ်။ တခြားအချိန်မှာတော့ ကျွန်တော်တစ်ယောက်တည်း တစ်နေကုန် ရှူတယ်။ ကျွန်တော်ဟာ အရမ်းပိန်လွန်းတဲ့အတွက် လူတွေက ကျွန်တော့်မှာ အေ့ဒ်စ်ရောဂါစွဲနေပြီလို့ သားပုပ်လေလွင့် ပြောကြတယ်။
သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ– ဒီလိုဖြစ်နေတဲ့အချိန်မှာ ယေဟောဝါသက်သေ ခရစ်ယာန်တွေနဲ့ ဆုံမိတယ်။ သူတို့က ကျွန်တော့်အပေါ် အရမ်းကြင်နာတာပဲ။ ကျွန်တော့်ကို သူတို့ဖတ်ပြတဲ့ ကျမ်းချက်တစ်ချက်က ရောမ ၁၀:၁၃ ပါ။ အဲဒီကျမ်းချက်ထဲမှာ ဒီလိုဆိုထားပါတယ်– “ယေဟောဝါဘုရား၏ နာမတော်ကို ခေါ်၍ ဆုတောင်းသောသူတိုင်းသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” ဒီကျမ်းချက်ကြောင့် ယေဟောဝါဘုရားသခင်ရဲ့ နာမည်ကို အသုံးပြုဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော် သိမြင်လာတယ်။ ညလုံးပေါက် ဆေးခြောက်ရှူလို့ပြီးရင် ပြတင်းပေါက်ကိုဖွင့်၊ ကောင်းကင်ကို မော့ကြည့်ပြီး ကျွန်တော့်ကို ကူညီပေးပါလို့ ယေဟောဝါဘုရားသခင်ဆီ မျက်ရည်နဲ့ ဆုတောင်းခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။
မူးယစ်ဆေးတွေသုံးပြီး ကိုယ့်ဘဝကိုယ် ဖျက်ဆီးနေတဲ့ ကျွန်တော့်ကိုကြည့်ပြီး စိတ်သောကရောက်နေရှာတဲ့ အမေ့ကို သနားလာတယ်။ ဒါနဲ့ ကျွန်တော် ဆေးဖြတ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ အဲဒီနောက် သက်သေခံတွေနဲ့ ကျမ်းစာလေ့လာတယ်။ ကျမ်းစာလေ့လာတာက ဆေးဖြတ်မယ်ဆိုတဲ့ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို ပိုပြီးခိုင်မာစေတယ်ဆိုပြီး ကျွန်တော့်ကို အားပေးကြတယ်။ မြေကြီးလက်ခတ်မလွဲ တကယ်မှန်လိုက်တာဗျာ။
ကျမ်းစာကို ဆက်လေ့လာတာနဲ့အမျှ ကျွန်တော့်ရဲ့ဘဝပုံစံကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်ဆိုတာ သိမြင်လာရတယ်။ အထူးသဖြင့် လိင်တူဆက်ဆံတဲ့အကျင့်ဆိုးကို စွန့်လွှတ်ဖို့ အရမ်းခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လူမှန်းသိစကတည်းက အဲဒီလိုပဲ နေထိုင်ခဲ့တာကိုး။ ဒါပေမဲ့ ကျွန်တော့်အတွက် အကူအညီဖြစ်စေခဲ့တဲ့အရာတစ်ခုကတော့ မကောင်းတဲ့ဝန်းကျင်ကနေ စွန့်ခွာလိုက်တာပဲဖြစ်တယ်။ မိတ်ဆွေဟောင်းတွေကို အဆက်ဖြတ်လိုက်ပြီး အရက်ဆိုင်တွေ၊ နိုက်ကလပ်တွေဆီ မသွားတော့ဘူး။
အဲဒီလိုပြောင်းလဲရတာ မလွယ်ပေမဲ့ ကျွန်တော့်ကို ယေဟောဝါဘုရားသခင် ဂရုစိုက်နေပြီး ကျွန်တော့်ရဲ့ အခက်အခဲတွေကို နားလည်ပေးတယ်ဆိုတာကို သိရှိရလို့ စိတ်သက်သာမှုရတယ်။ (၁ ယောဟန် ၃:၁၉၊ ၂၀) ၂၀၀၂ ခုနှစ်ရောက်တော့ လိင်တူဆက်ဆံတဲ့အကျင့်ဆိုးတွေကို စွန့်လွှတ်လိုက်ပြီး အဲဒီနှစ်မှာပဲ ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံလိုက်တယ်။
အကျိုးကျေးဇူး ရရှိခဲ့ပုံ– ကျွန်တော် ပြောင်းလဲသွားတာကို အမေ အရမ်းသဘောကျသွားပြီး သူလည်း ကျမ်းစာ လေ့လာတော့တယ်။ စိတ်မကောင်းစရာက ကျွန်တော်ကျမ်းစာလေ့လာပြီး သိပ်မကြာခင်မှာပဲ အမေ လေဖြတ်သွားတယ်။ ဒါပေမဲ့ အမေ့ရဲ့ ယေဟောဝါနဲ့ ကျမ်းစာအမှန်တရားကို ချစ်မြတ်နိုးတဲ့စိတ်ကတော့ လျော့နည်းမသွားခဲ့ပါဘူး။
ဟောပြောခြင်းလုပ်ငန်းမှာ အချိန်ပြည့်ပါဝင်လာတာ အခုဆိုရင် ရှစ်နှစ်ရှိသွားပါပြီ။ ကျွန်တော့်ရဲ့အချိန်အများစုကို အသုံးပြုပြီး တခြားသူတွေကို ကျမ်းစာအကြောင်း သင်ပေးနေပါတယ်။ တစ်ခါတလေ မကောင်းတဲ့ဆန္ဒတွေ ပြန်ပေါ်လာတဲ့အခါ မနည်း ချိုးနှိမ်ပစ်ရတယ်။ ဒါပေမဲ့ အဲဒီဆန္ဒတွေအတိုင်း မလုပ်မိအောင် နေထိုင်တာက ယေဟောဝါရဲ့နှစ်သက်မှုကို ရရှိစေနိုင်တယ်ဆိုတဲ့အချက်ကနေ ကျွန်တော် အားယူတယ်။
ယေဟောဝါအကြောင်း ပိုသိအောင်လုပ်တာ၊ ယေဟောဝါ နှစ်သက်တဲ့နည်းနဲ့ အသက်ရှင်နေထိုင်တာက ကိုယ့်ကိုယ်ကိုယ်လေးစားမှု ပိုရှိလာစေပါတယ်။ ကနေ့ ကျွန်တော်ဟာ ပျော်ရွှင်နေတဲ့ လူသားတစ်ယောက် ဖြစ်နေပါပြီ။
“ကျွန်တော်က အရက်ချိုးကြီးပဲ။”—လူကာ ရွှတ်စ်
မွေးဖွားတဲ့နှစ်– ၁၉၇၅
နေရင်းနိုင်ငံ– စလိုဗေးနီးယား
နောက်ခံ– အရက် အလွန်အကျွံသောက်သူ
အတိတ်– ကျွန်တော့်ကို စလိုဗေးနီးယားနိုင်ငံရဲ့မြို့တော် လူဘလီယာနာမှာ မွေးပါတယ်။ အသက်လေးနှစ်အရွယ်ထိ ကျွန်တော် ကောင်းကောင်းမွန်မွန် နေခဲ့ရတယ်။ အဲဒီနောက် ကျွန်တော့်အဖေက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်။ ထိတ်လန့်ကြေကွဲစရာကောင်းတဲ့ အဲဒီအဖြစ်ဆိုး ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အမေဟာ အစ်ကိုနဲ့ကျွန်တော့်ကို ပင်ပင်ပန်းပန်း ရှာကျွေးခဲ့ရတယ်။
အသက် ၁၅ နှစ်အရွယ်မှာ ကျွန်တော့်အဘွားနဲ့ သွားနေတယ်။ အဘွားနဲ့နေရတာ ကျွန်တော် ပျော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပတ်ဝန်းကျင်မှာ သူငယ်ချင်းတွေ အများကြီး ရှိနေလို့လေ။ ဒါ့အပြင် အမေနဲ့အတူနေတာထက် ပိုပြီးလွတ်လပ်တယ်။ အသက် ၁၆ နှစ်အရွယ်ရောက်တော့ စနေ၊ တနင်္ဂနွေနေ့တွေမှာ အရက်စုသောက်တတ်တဲ့သူတွေနဲ့ စပေါင်းတယ်။ ကျွန်တော့်ဆံပင်ကို အရှည်ကြီးထားတယ်။ ဂျစ်ကန်ကန်ပုံစံထွက်အောင် ဖိုသီဖတ်သီ ဝတ်စားတယ်။ နောက်ပိုင်းမှာ ဆေးလိပ်လည်း သောက်တတ်လာတယ်။
မူးယစ်ဆေးမျိုးစုံ စမ်းသောက်ကြည့်ဖူးပေမဲ့ အရက်ကိုတော့ စွဲသွားတယ်။ အရက်သောက်တာက ပျော်စရာအကောင်းဆုံးလို့ ကျွန်တော်ထင်တယ်လေ။ မကြာပါဘူး၊ ဝိုင်နည်းနည်း သောက်တတ်ရာကနေ တစ်ပုလင်းကျော်ကျော် ကုန်အောင်သောက်ပစ်တဲ့အထိ ဖြစ်လာပါတော့တယ်။ ကျွန်တော် ဘယ်လောက်သောက်ထားသလဲဆိုတာ လူတွေမသိနိုင်တဲ့အထိ သောက်တဲ့နေရာမှာ ကျွမ်းကျင်လာတယ်။ ကျွန်တော်အသက်ရှူထုတ်တဲ့အခါ အရက်နံ့ရမှပဲ ကျွန်တော်သောက်ထားမှန်း လူတွေသိတာ။ ဝိုင် ဒါမှမဟုတ် ဘီယာထဲ ဗော့ကာအရက်ရောပြီး အခွက်ပေါင်းများစွာ ကျွန်တော် မော့နိုင်တာကို လူတွေ မယုံနိုင်ကြဘူး။
အများအားဖြင့် ဒစ္စကိုကပွဲရုံတွေမှာ ကျွန်တော်က သူငယ်ချင်းတွေထက် အရက်နှစ်ဆ ပိုသောက်ပေမဲ့ ညရောက်လို့ အိမ်ပြန်တဲ့အခါ ကျွန်တော်ပဲ သူတို့ကို တွဲခေါ်လာရတာ။ တစ်နေ့ကျတော့ ကျွန်တော်က အရက်ချိုးကြီးပဲလို့ မိတ်ဆွေတစ်ယောက် ပြောတာကို နားစွန်နားဖျား ကြားလိုက်မိတယ်။ စလိုဗေးနီးယားနိုင်ငံသားတွေဟာ တခြားသူတွေထက် အရက်ပိုသောက်နိုင်တဲ့သူကို နှိမ်တဲ့အနေနဲ့ အဲဒီလိုပြောတတ်ကြတယ်။ အဲဒီလိုပြောခံလိုက်ရတဲ့အတွက် ကျွန်တော် အရမ်း စိတ်ထိခိုက်သွားတယ်။
ကျွန်တော့်ဘဝကို ဘယ်လိုဖြတ်သန်းနေတာလဲဆိုပြီး စတွေးလာတယ်။ အသုံးမကျဘူး၊ တန်ဖိုးမရှိဘူးဆိုတဲ့ ခံစားချက်တွေလည်း ဝင်လာတယ်။ ကျွန်တော့်ဘဝမှာ အဓိပ္ပာယ်ရှိတဲ့အရာဆိုလို့ ဘာမှလည်း ရှိပုံမပေါက်ပါဘူး။
သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ- ဒီအချိန်မှာ ကျွန်တော့်ရဲ့ အတန်းဖော်တစ်ယောက် ပြောင်းလဲသွားတာကို သတိပြုမိတယ်။ သူက ခါတိုင်းထက် ပိုပြီးနူးညံ့လာတယ်။ အကြောင်းရင်းကို သိချင်တာနဲ့ သူ့ကို လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ချိန်းလိုက်တယ်။ ကျွန်တော်တို့ စကားလက်ဆုံကျနေချိန်မှာ သူက ယေဟောဝါသက်သေ ခရစ်ယာန်တွေနဲ့ ကျမ်းစာလေ့လာခဲ့တဲ့အကြောင်း ရှင်းပြတယ်။ သူသိရှိလာတဲ့အရာတချို့ ပြောပြတဲ့အခါ အားလုံးက ကျွန်တော့်အတွက် အသစ်အဆန်းတွေချည်းပဲ ဖြစ်နေတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဘယ်ဘာသာရေးအဖွဲ့အစည်းနဲ့မှ မပေါင်းသင်းခဲ့ဖူးတာကိုး။ ဒါနဲ့ သက်သေခံတွေရဲ့ အစည်းအဝေးတွေကို သွားတက်ပြီး သူတို့နဲ့ ကျမ်းစာလေ့လာခဲ့တယ်။
ကျမ်းစာကို လေ့လာလိုက်တဲ့အခါ အစွမ်းတန်ခိုးရှိပြီး လှုံ့ဆော်မှုဖြစ်စေတဲ့ အမှန်တရားတွေ အများကြီး သိခွင့်ရလိုက်တယ်။ ဥပမာ၊ ကျွန်တော်တို့ဟာ “နောက်ဆုံးသော နေ့ရက်များ” လို့ကျမ်းစာက ခေါ်ဆိုတဲ့ ခေတ်ကာလမှာ အသက်ရှင်နေကြတယ်ဆိုတာ သိလိုက်ရတယ်။ (၂ တိမောသေ ၃:၁-၅) မကြာခင်မှာ ဘုရားသခင်က လူဆိုးတွေကို မြေကြီးပေါ်ကနေ ဖယ်ရှားပေးမယ့်အပြင် လူကောင်းတွေကို့ သာယာလှပပြီး အေးချမ်းတဲ့ ဒီကမ္ဘာပေါ်မှာပဲ ထာဝစဉ် အသက်ရှင်ခွင့်ပေးမယ် ဆိုတာတွေကိုလည်း သိလာရတယ်။ (ဆာလံ ၃၇:၂၉) အဲဒီလိုနေရာမျိုးမှာ နေထိုင်ချင်တဲ့အတွက် ကျွန်တော့်ဘဝကို ပြောင်းလဲပစ်ဖို့ အရမ်းစိတ်အားထက်သန်လာတယ်။
ကျွန်တော်သိရှိလာတဲ့ ကျမ်းစာအမှန်တရားတွေကို မိတ်ဆွေတွေကို စပြီး ပြောပြတယ်။ အများစုက ကျွန်တော့်ကို ကဲ့ရဲ့ပြောင်လှောင်ကြတယ်။ ဒါပေမဲ့ သူတို့ အဲဒီလိုတုံ့ပြန်တာက ကျွန်တော့်အတွက် ပိုတောင်ကောင်းသွားသေးတယ်။ သူတို့ရဲ့တုံ့ပြန်ပုံက သူတို့ဟာ စစ်မှန်တဲ့မိတ်ဆွေတွေ မဟုတ်ဘူးဆိုတာ ဖော်ပြနေတာပဲ။ ကျွန်တော်အရက်သောက်တာက အပေါင်းအသင်းတွေနဲ့ ဆိုင်တယ်ဆိုတာကို သဘောပေါက်လာတယ်။ သူတို့က မူးရူးသောက်စားနိုင်တဲ့ စနေ၊ တနင်္ဂနွေရက်တွေကိုပဲ တစ်ပတ်လုံး မျှော်နေကြတာ။
မိတ်ဆွေတုတွေနဲ့ အဆက်ဖြတ်လိုက်ပြီး ယေဟောဝါသက်သေ ခရစ်ယာန်တွေနဲ့ အကျိုးရှိရှိ ပေါင်းသင်းတယ်။ သူတို့နဲ့ပေါင်းသင်းတာက ကျွန်တော့်အတွက် အားပေးမှုဖြစ်စေတယ်။ တကယ်ဆိုရင် သက်သေခံတွေဟာ ဘုရားသခင်ကို တကယ်ချစ်ပြီး ဘုရားသခင့်စံနှုန်းတွေနဲ့အညီနေထိုင်ဖို့ တကယ်ကြိုးစားနေတဲ့သူတွေပဲ။ တဖြည်းဖြည်းနဲ့ ကျွန်တော့်ရဲ့ အရက်အလွန်အကျွံ သောက်တတ်တဲ့အကျင့်ကို စွန့်လွှတ်နိုင်ခဲ့တယ်။
အကျိုးကျေးဇူး ရရှိခဲ့ပုံ– ပျော်ရွှင်မှုရဖို့ အရက်သောက်စရာ မလိုတော့တဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်လိုက်တာဗျာ။ အရင်ဘဝပုံစံဟောင်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဘာတွေ ထပ်ကြုံရမယ်ဆိုတာ မသိနိုင်ဘူး။ ဒါပေမဲ့ အခုချိန်မှာ ကျွန်တော့်ဘဝက တိုးတက်ကောင်းမွန်လာတယ်လို့ ပြောရမယ်။
စလိုဗေးနီးယားနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးမှာ အမှုဆောင်ရတဲ့အခွင့်ထူးကို ရခဲ့တာ ခုနစ်နှစ်ရှိပါပြီ။ ယေဟောဝါကို သိကျွမ်းပြီး ဝတ်ပြုကိုးကွယ်ခွင့်ရတာက ကျွန်တော့်ရဲ့ဘဝကို စစ်မှန်တဲ့အဓိပ္ပာယ် ရှိစေပါတယ်။