“ထာဝရအသက်” ရစေတဲ့ သတင်းစကား
“ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်။”—ယောဟန် ၁၇:၃။
အသက်ကို ဉာဏ်စောင့်ဆိုတဲ့ စကားရှိပါတယ်။ အဖြစ်အပျက်က နိုက်ဂျားနိုင်ငံကပါ။ ဆယ်လသားအရွယ် နူဟူ နေထိုင်မကောင်းဖြစ်တော့ ကျန်းမာရေးလုပ်သားဖြစ်တဲ့ သူ့မိခင်က ဘာလုပ်ရမယ်ဆိုတာ သိထားပါတယ်။ မိခင်ဟာ ရေသန့်ထဲမှာ သကြားနဲ့ဆား ထည့်ဖျော်ပြီး သားလေးကို တိုက်လိုက်ပါတယ်။ မိခင်ဖြစ်သူရဲ့ “ချက်ချင်း လုပ်ဆောင်မှုနဲ့ ဆေးပေးခန်းကို မြန်မြန် ခေါ်ဆောင်သွားမှုကြောင့် မကြာခင်မှာပဲ သားလေး ပြန်နေကောင်းလာပါတယ်” လို့ယူနီဆက်ဖ် (ကမ္ဘာ့ကလေးများရန်ပုံငွေအဖွဲ့) ကဖော်ပြပါတယ်။
ကျမ်းစာအသိပညာကလည်း လူတွေရဲ့အသက်ကို ကယ်တင်ပေးနိုင်ပါတယ်။ ဦးဆုံးကျမ်းစောင်ကို ရေးသားခဲ့တဲ့ မောရှေက ဒီလိုဖော်ပြခဲ့တယ်– “ဤပညတ်များသည် အကျိုးမဲ့ဖြစ်သည်မဟုတ်။ သင်တို့ အသက်ရှင်ရာရှင်ကြောင်းဖြစ်၏။ သင်တို့သည် ဤပညတ်များကို စောင့်ထိန်းလျှင် . . . ကြာရှည်စွာ နေထိုင်ရကြလိမ့်မည်။” (တရားဟောရာ ၃၂:၄၇၊ ခမ) သမ္မာကျမ်းစာက တကယ်ပဲ အသက်ရှည်စေနိုင်ပါသလား။ ကျွန်ုပ်တို့ရဲ့အသက်တာအပေါ် ဘယ်လိုနည်းနဲ့ အကျိုးသက်ရောက်ပါသလဲ။
ယုံကြည်စိတ်ချရတဲ့ ကြိုဟောချက်၊ သမိုင်းနဲ့သိပ္ပံဆိုင်ရာ တိကျမှန်ကန်မှု၊ အတွင်းသဘောချင်း ညီညွတ်မှုနဲ့ လက်တွေ့ကျလမ်းညွှန်မှုတွေ ပါရှိတဲ့ သမ္မာကျမ်းစာဟာ ပြိုင်ဘက်ကင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်ဆိုတာ အရှေ့စာမျက်နှာတွေက ဆောင်းပါးတွဲ ငါးခုမှာ ဖော်ပြခဲ့ပြီးပါပြီ။ သမ္မာကျမ်းစာက အရမ်းကိုထူးခြားနေတယ် မဟုတ်ဘူးလား။ သမ္မာကျမ်းစာဟာ အသက်ပိုရှည်စေတဲ့၊ တစ်နည်းအားဖြင့် ထာဝစဉ် အသက်ရှင်စေနိုင်တဲ့ နည်းလမ်းကို ညွှန်ပြပေးတယ်လို့ ဆိုထားတဲ့အတွက် သမ္မာကျမ်းစာကို သေသေချာချာ သုံးသပ်ကြည့်သင့်တယ် မဟုတ်ဘူးလား။
တိကျမှန်ကန်တဲ့ ကျမ်းစာအသိပညာက အခုချိန်မှာ စိတ်ငြိမ်သက်မှုနဲ့ အနာဂတ်မှာ ပျော်ရွှင်မှုတွေကို ဘယ်လိုရရှိစေနိုင်ဆိုတာကို လေ့လာကြည့်ဖို့ သင့်ကို တိုက်တွန်းပါတယ်။ အဲဒီကျမ်းစာအသိပညာကို သင် ဘယ်လိုဆည်းပူးနိုင်တယ်ဆိုတာ ယေဟောဝါသက်သေတွေက အားရဝမ်းသာ ပြောပြပေးပါလိမ့်မယ်။
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်နှင့်ရုပ်ပုံ]
သမ္မာကျမ်းစာဟာ လူတွေ မေးလေ့ရှိတဲ့ အောက်ပါမေးခွန်းတွေကို စိတ်ကျေနပ်တဲ့အထိ ဖြေဆိုပေးတဲ့ တစ်ခုတည်းသော စာအုပ်ဖြစ်တဲ့အတွက်လည်း ထူးခြားလှပါတယ်-
• လူတွေ ဘာကြောင့် ဒီကမ္ဘာပေါ် ရောက်နေရတာလဲ။
• ဆင်းရဲခက်ခဲမှုတွေ ဘာကြောင့် ဒီလောက်တောင် များနေရတာလဲ။
• ကွယ်လွန်သွားတဲ့ ချစ်မြတ်နိုးရသူတွေမှာ မျှော်လင့်ချက်ရှိပါသလား။
အဲဒီမေးခွန်းတွေအတွက် ကျမ်းစာအဖြေတွေကို ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်မှာ တွေ့ရှိနိုင်ပါတယ်။