သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်
ငယ်ငယ်တုန်းက ဘဝနာခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ ဖခင်တာဝန်နဲ့ ခင်ပွန်းသည်တာဝန်ကို ကျေပွန်တဲ့သူအဖြစ် ဘယ်လို ပြောင်းလဲလာသလဲ။ အကျင့်ဆိုးတွေ အများကြီးရှိတဲ့ အမျိုးသမီးတစ်ယောက်ကို သန့်ရှင်းစင်ကြယ်တဲ့ ဘဝရောက်အောင် ဘာက လှုံ့ဆော်ပေးခဲ့သလဲ။ သူတို့ ပြောပြတဲ့စကားတွေကို ဖတ်ကြည့်ရအောင်။
“ငါဟာ တန်ဖိုးမရှိတဲ့သူပါလား ဆိုပြီး ခံစားခဲ့ရတယ်။”—ဗီခ်တာ ယူဂို အီရီယာ
မွေးဖွားတဲ့နှစ်– ၁၉၇၄
နေရင်းနိုင်ငံ– ချီလီ
နောက်ခံ– အရက်သမား
အတိတ်–
ကျွန်တော့်ကို လှပတဲ့ ချီလီနိုင်ငံ တောင်ပိုင်းက အန်ဂိုမြို့မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော့်ဘဝမှာ အဖေဆိုတာကို တစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး။ ကျွန်တော် အသက်သုံးနှစ်အရွယ်မှာ အမေက ကျွန်တော်နဲ့ အမေတူ အဖေကွဲညီကို ခေါ်ပြီး စန်တီယာဂိုမြို့ကို ပြောင်းသွားပါတယ်။ ကျွန်တော်တို့ တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့နေထိုင်ရင်းနဲ့ နောက်ဆုံးတော့ အိုးမဲ့အိမ်မဲ့တွေအတွက် ဆောက်ထားပေးတဲ့ ယာယီတဲစခန်းက အခန်းကျဉ်းလေးတစ်ခုမှာ အဆုံးသတ်သွားတယ်။ အဲဒီတဲစခန်းမှာ ဘုံအိမ်သာတစ်လုံးပဲရှိတယ်။ ရေကိုလည်း မီးသတ်ပိုက်လိုင်းကနေ ယူရတယ်။
နှစ်နှစ်လောက်အကြာမှာတော့ အစိုးရက ကျွန်တော်တို့ကို အိမ်လေးတစ်လုံး ပေးခဲ့တယ်။ အိမ်ရပြန်တော့လည်း နေရတဲ့နေရာက အရက်သေစာ သောက်စားမှု၊ မူးယစ်ဆေးဝါး သုံးစွဲမှု၊ ရာဇဝတ်မှုနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေ ပြည့်နှက်နေတဲ့ ရပ်ကွက်ထဲမှာပါ။
တစ်ရက်မှာ ကျွန်တော့်အမေက အမျိုးသားတစ်ယောက်နဲ့ လက်ထပ်လိုက်ပါတယ်။ ကျွန်တော့်ပထွေးက အရက်သမားပါ။ သူ မူးပြီဆိုရင် အမေနဲ့ ကျွန်တော့်ကို ရိုက်နှက်တတ်တယ်။ ကျွန်တော် အရိုက်ခံရတဲ့အခါ ဘယ်သူမှမသိအောင် တိတ်တိတ်လေး ငိုပြီးတော့ ကျွန်တော့်ကို ကာကွယ်ပေးမယ့် အဖေရှိရင် ကောင်းမှာပဲလို့ တွေးမိတယ်။
အမေက ကျွန်တော်တို့ကို ကုန်းရုန်းရှာဖွေ ကျွေးမွေးပေမဲ့လည်း ဆင်းရဲတွင်းထဲကနေ မထွက်လာနိုင်ဘူး။ တစ်ခါတလေ ကျွန်တော်တို့ ဗိုက်ဆာတဲ့အခါ နို့မှုန့်နဲ့ သကြားတွေကို လျက်ခဲ့ရတယ်။ ရုပ်ရှင်ကြည့်ချင်တဲ့အခါ ဘေးအိမ်က ရုပ်မြင်သံကြားကို ပြတင်းပေါက်ကနေ ခိုးကြည့်ကြတယ်။ ဒါပေမဲ့ တစ်ရက်ကျတော့ အိမ်ရှင်အမျိုးသမီးက ကျွန်တော်တို့ ချောင်းကြည့်နေတာကို မိသွားတယ်။ အဲဒီအချိန်ကစပြီး ထပ်မကြည့်ရတော့ပါဘူး။
ကျွန်တော့်ပထွေး အရက် မသောက်တဲ့အချိန်မှာဆိုရင် စိတ်ကောင်းဝင်ပြီး ကျွန်တော်တို့ ညီအစ်ကိုတွေစားဖို့ တစ်ခုခု ဝယ်လာပေးတတ်တယ်။ တစ်ရက်ကျတော့ သူက ကျွန်တော်တို့အတွက် ရုပ်မြင်သံကြားတစ်လုံး ဝယ်လာတယ်။ အဲဒါက ကျွန်တော်မှတ်မိသလောက် ပျော်ရတဲ့အချိန်တွေထဲက တစ်ခုပါပဲ။
ကျွန်တော် အသက် ၁၂ နှစ်ရောက်တော့ စာသင်ရတယ်။ နောက်တစ်နှစ်မှာ ကျွန်တော် ကျောင်းထွက်လိုက်ပြီး အချိန်ပြည့် အလုပ်လုပ်ခဲ့တယ်။ အလုပ်ပြီးရင် အလုပ်ဖော်တွေနဲ့ ပါတီပွဲတွေ သွားပြီး အရက်သောက်တယ်၊ မူးယစ်ဆေးသုံးတယ်။ မကြာခင်မှာပဲ ကျွန်တော် ဆေးစွဲသွားတယ်။
ကျွန်တော် အသက် ၂၀ ရောက်တော့ ကေတီနဲ့တွေ့ပြီး လက်ထပ်လိုက်တယ်။ အစပိုင်းမှာ အရာရာ အဆင်ပြေပေမဲ့ နောက်ပိုင်းမှာတော့ နဂိုအခြေအနေကို ပြန်ရောက်သွားတယ်။ ကျွန်တော့်အခြေအနေက ဆိုးသည်ထက်ဆိုးလာတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ထောင်ထဲကို ရောက်ရင်ရောက် ဒါမှမဟုတ် သေတွင်းကို ရောက်ရင်ရောက်မှာဆိုပြီး အသိတရားဝင်လာတယ်။ ပိုဆိုးတာက ကျွန်တော့်သား ဗီခ်တာကို ကျွန်တော်ငယ်ငယ်က ဆက်ဆံခံရသလိုမျိုး သူ့အပေါ် ဆက်ဆံမိတာပဲ။ အဲဒီအတွက် ကျွန်တော် ဝမ်းနည်းတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသထွက်မိတယ်။ ငါဟာ တန်ဖိုးမရှိတဲ့သူပါလားဆိုပြီး ခံစားခဲ့ရတယ်။
၂၀၀၁ ခုနှစ်ရောက်တော့ ကျွန်တော်တို့အိမ်ကို ယေဟောဝါသက်သေ ခရစ်ယာန်နှစ်ယောက် ရောက်လာတယ်။ အဲဒီနောက် သူတို့နဲ့ ကေတီ ကျမ်းစာ စလေ့လာတယ်။ ကျွန်တော့်ကို ကေတီက သူသိရှိခဲ့ရာတွေ ပြောပြတယ်။ ဒါနဲ့ ကျွန်တော်လည်း သိချင်စိတ်ပြင်းပြလာပြီး ကျမ်းစာလေ့လာလိုက်တယ်။ ၂၀၀၃ ခုနှစ်မှာ ကေတီက ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံလိုက်တယ်။
သမ္မာကျမ်းစာက ကျွန်တော့်ဘဝပုံစံကို ပြောင်းလဲပေးခဲ့ပုံ–
တစ်ရက်မှာ ကျွန်တော် ရုသ ၂:၁၂ ကိုဖတ်လိုက်ရတယ်။ အဲဒီကျမ်းချက်ထဲမှာ ယုံကြည်ခြင်းနဲ့ ပြုမူလုပ်ဆောင်ပြီး ယေဟောဝါဘုရားသခင်ကို ခိုလှုံတဲ့သူတွေကို ကိုယ်တော် ဆုချတယ်ဆိုပြီး ဖော်ပြထားတယ်။ ကျွန်တော်လည်း ကိုယ့်ဘဝပုံစံကို ပြောင်းလဲလိုက်မယ်ဆိုရင် ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှုနဲ့ ဆုချခံရမှာဆိုပြီး တွေးမိလိုက်တယ်။ ကျမ်းစာထဲမှာ သောက်ကြူးခြင်းကို ရှုတ်ချထားတာ မကြာခဏ သတိပြုမိတယ်။ ၂ ကောရိန္သု ၇:၁ မှာပါတဲ့ ကျမ်းစကားကိုလည်း ကျွန်တော် စွဲမှတ်သွားတယ်။ အဲဒီမှာ “ညစ်ညူးစေသော အရာရှိသမျှတို့နှင့် ကိုယ်ကိုကင်းစင်စေ” ပါလို့ တိုက်တွန်းထားတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ အကျင့်ဆိုးတွေကို စွန့်လွှတ်ဖို့ ခြေလှမ်းပြင်လိုက်တယ်။ ပထမပိုင်းမှာတော့ ကျွန်တော့်ရဲ့ ဒေါသကို မထိန်းချုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကေတီက ကျွန်တော့်ကို စိတ်မပျက်ဘဲ ဆက်ထောက်မပေးခဲ့ပါတယ်။
နောက်ဆုံးမှာ ကျွန်တော် အလုပ်ကနေ ထွက်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဆေးလိပ်သောက်ဖို့၊ အရက်သောက်ဖို့ ဖိအားပေးခံရလွန်းလို့ပါ။ တစ်ခဏတော့ အလုပ်လက်မဲ့ဖြစ်နေပေမဲ့ ကျမ်းစာလေ့လာဖို့ အချိန်ပိုရသွားတယ်။ အဲဒီအချိန်ကနေစပြီး ယေဟောဝါသက်သေတစ်ယောက်ဖြစ်ဖို့ တိုးတက်လာတယ်။ ကေတီဟာ ရုပ်ပစ္စည်းနဲ့ပတ်သက်လာရင် တစ်ခါမှ မပူဆာခဲ့သလို ရိုးရှင်းတဲ့ဘဝနဲ့ နေထိုင်တဲ့အတွက်လည်း ကျွန်တော့်ကို အပြစ်မတင်ခဲ့ဘူး။ ကျွန်တော့်ကို မေတ္တာနဲ့ထောက်မပေးတဲ့အတွက် ကေတီကို အရမ်းကျေးဇူးတင်တယ်။
ကျွန်တော်ဟာ တဖြည်းဖြည်း သက်သေခံတွေနဲ့ ပိုပြီးရင်းနှီးလာတယ်။ အတန်းပညာနည်းပေမဲ့ ယေဟောဝါဘုရားသခင်ရဲ့ အမှုတော်ကို စိတ်ရင်းမှန်နဲ့ ထမ်းဆောင်လိုတဲ့စိတ်ကို ကိုယ်တော် တန်ဖိုးထားတယ်ဆိုတာ ကျွန်တော် နားလည်အောင် သူတို့ ကူညီပေးခဲ့ကြတယ်။ ယေဟောဝါသက်သေ အသင်းတော်မှာ တွေ့ရတဲ့ မေတ္တာနဲ့စည်းလုံးမှုက ကျွန်တော်တို့မိသားစုအပေါ် အများကြီး အကျိုးသက်ရောက်ခဲ့တယ်။ အဲဒီလို ငြိမ်သက်အေးချမ်းမှုကို ဘယ်နေရာမှာမှ မတွေ့ဖူးဘူး။ ၂၀၀၄၊ ဒီဇင်ဘာလရောက်တော့ ကျွန်တော်လည်း နှစ်ခြင်းခံလိုက်ပါတယ်။
အကျိုးကျေးဇူး ရရှိခဲ့ပုံ–
ဟေရှာယ ၄၈:၁၇ မှာပါတဲ့ ယေဟောဝါဘုရားသခင်ရဲ့ စကားတွေ မှန်ကန်တယ်ဆိုတာကို ကျွန်တော် လက်တွေ့ခံစားရတယ်။ အဲဒီကျမ်းချက်ထဲမှာ ဒီလိုပြောထားတယ်– ‘ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်သော သင်၏ဘုရားသခင် ယေဟောဝါဖြစ်၏။’ ကျွန်တော့်အမေနဲ့ အမေတူ အဖေကွဲညီကလည်း ကျွန်တော် ပြောင်းလဲသွားတာကို သဘောကျသွားပြီး အခု သူတို့ ကျမ်းစာလေ့လာနေပါပြီ။ ကျွန်တော်ဟာ အရင်ကနဲ့ မတူတာ၊ ကျွန်တော့်မှာ ပျော်ရွှင်တဲ့မိသားစု ရှိနေတာကို အိမ်နီးချင်းတွေကတောင် တွေ့မြင်ပြီး ဝမ်းသာနေကြတယ်။
ကျွန်တော့်ဇနီးက ဘုရားသခင်ကို ချစ်တယ်၊ ကျွန်တော့်ကိုလည်း ယုံကြည်စိတ်ချရတဲ့ အဖော်နဲ့ မိတ်ဆွေအဖြစ် သတ်မှတ်တယ်။ ကျွန်တော့်အဖေကို တစ်ခါမှ မတွေ့ဖူးပေမဲ့လည်း ကျွန်တော့်သား သုံးယောက်ကို ဘယ်လို ပြုစုပျိုးထောင်ရမယ်ဆိုတာကို ကျမ်းစာက သွန်သင်ပေးတယ်။ သားတွေကလည်း ကျွန်တော့်ကို လေးစားကြတယ်။ အရေးကြီးဆုံးက သားတွေဟာ ယေဟောဝါဘုရားသခင်ကို တကယ်ရှိတဲ့ပုဂ္ဂိုလ်အဖြစ် လက်ခံယုံကြည်တဲ့အတွက် ဘုရားသခင်ကို ချစ်သည်ထက်ချစ်လာကြတယ်။
“ကျွန်တော့်အဖေကို တစ်ခါမှ မတွေ့ဖူးပေမဲ့လည်း ကျွန်တော့်သား သုံးယောက်ကို ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာ ကျမ်းစာက သွန်သင်ပေး”
ကျွန်တော် ငယ်ငယ်တုန်းက ဘဝနာခဲ့ပေမဲ့ ယေဟောဝါဘုရားသခင်က ကျွန်တော့်ကို ပျော်ရွှင်တဲ့သူဖြစ်လာအောင် အခွင့်အရေးပေးခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။
“ကျွန်မဟာ ဒေါသကြီးပြီး ရန်လိုတတ်တဲ့ အမျိုးသမီးဖြစ်လာတယ်။”—နာဘီဟာ လာဇာရိုဗာ
မွေးဖွားတဲ့နှစ်– ၁၉၇၄
နေရင်းနိုင်ငံ– ဘူလ်ဂေးရီးယား
နောက်ခံ– မူးယစ်ဆေးဝါး မှောင်ခိုသမား
အတိတ်–
ကျွန်မကို ဘူလ်ဂေးရီးယားနိုင်ငံ၊ ဆိုဖီယာမြို့မှာ မွေးဖွားခဲ့တာပါ။ ကျွန်မရဲ့မိသားစုက အလယ်အလတ် လူတန်းစားကပါ။ ကျွန်မ အသက်ခြောက်နှစ်အရွယ်မှာ ကျွန်မတို့မိသားစုကို အဖေ စွန့်ပစ်သွားတယ်။ အဲဒါက တကယ့်ကို တုန်လှုပ်စရာပဲ။ ဒါနဲ့ ကျွန်မ စိတ်ဒဏ်ရာရသွားတယ်။ အပယ်ခံရတယ်၊ အချစ်မခံရဘူးလို့ ကျွန်မ ခံစားခဲ့ရတယ်။ အရွယ်ရောက်လာတော့ အဲဒီခံစားချက်တွေကြောင့် ဂျစ်ကန်ကန်ဖြစ်လာတယ်။ နောက်ဆုံး ကျွန်မဟာ ဒေါသကြီးပြီး ရန်လိုတတ်တဲ့အမျိုးသမီး ဖြစ်လာတယ်။
ကျွန်မအသက် ၁၄ နှစ်ရောက်တော့ ဦးဆုံးအကြိမ်အနေနဲ့ အိမ်ကနေ ထွက်ပြေးတယ်။ အမေနဲ့ အဘိုးအဘွားတွေရဲ့ ပိုက်ဆံကို ခိုးတယ်။ ကျောင်းမှာဆိုရင်လည်း ကျွန်မရဲ့ စရိုက်ဆိုးကြောင့် အမြဲပြဿနာတက်တယ်။ ဒီလိုနဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ ကျောင်းငါးကျောင်း ပြောင်းခဲ့ရတယ်။ ကျောင်းပြီးဖို့ သုံးနှစ်အလိုမှာပဲ ကျောင်းထွက်လိုက်တယ်။ ကျွန်မဟာ တော်တော်လေးကို အကျင့်ပျက်ခဲ့တယ်။ စီးကရက်တွေသောက်၊ ဆေးခြောက်တွေရှူခဲ့တယ်။ အရက်ကို အလွန်အကျွံသောက်ပြီး ပါတီပွဲတွေကို အမြဲသွားတက်ခဲ့တယ်။ ဒါ့အပြင် မူးယစ်ဆေးဝါး မှောင်ခိုကူးတဲ့အထဲမှာလည်း ပတ်သက်ခဲ့တယ်။ မျှော်လင့်ချက်မဲ့တဲ့ လောကမှာ လူတွေ ဝေဒနာခံစားပြီး သေဆုံးနေတာကို တွေ့တဲ့အခါ ကျွန်မ အရမ်းစိတ်ဓာတ်ကျတယ်။ ဒါကြောင့် နောက်တစ်နေ့အတွက် မစဉ်းစားဘဲ ဒီနေ့ ပျော်ရွှင်ဖို့ပဲ အသက်ရှင်ခဲ့တယ်။
၁၉၉၈ ခုနှစ်၊ ကျွန်မအသက် ၂၄ နှစ်ရောက်တော့ ဘရာဇီးနိုင်ငံ၊ ဆောပိုလိုလေဆိပ်မှာ တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ အဖမ်းခံလိုက်ရတယ်။ ဒါနဲ့ ထောင်လေးနှစ် ကျခဲ့တယ်။
သမ္မာကျမ်းစာက ကျွန်မရဲ့ဘဝပုံစံကို ပြောင်းလဲပေးခဲ့ပုံ–
၂၀၀၀ ပြည့်နှစ်မှာ ယေဟောဝါသက်သေ ခရစ်ယာန်တွေဟာ ကျွန်မရှိတဲ့ အကျဉ်းထောင်ကို တစ်ပတ်တစ်ခါ လာလည်ပတ်ကြတယ်။ မာရီနစ္စလို့ခေါ်တဲ့ သက်သေခံတစ်ယောက်က ကျွန်မအပေါ် အရမ်းကြင်နာတာပဲ။ သူ့ကြောင့် ကျမ်းစာအကြောင်း ပိုသိချင်လာတယ်။ ယေဟောဝါသက်သေအကြောင်း ကျွန်မ တစ်ခါမှ မကြားဖူးတဲ့အတွက် ကျွန်မရဲ့ အကျဉ်းသားဖော်တွေကို မေးမြန်းကြည့်တယ်။ အံ့ဩစရာကောင်းတာက အများစုဟာ သက်သေခံတွေ မကောင်းကြောင်း ပြောပြကြတာပဲ။ အကျဉ်းသားဖော်တစ်ယောက်က ကျွန်မကို ယေဟောဝါသက်သေတွေကလွဲရင် ဘယ်ဘာသာရေးအဖွဲ့နဲ့မဆို ပူးပေါင်းလို့ရတယ်လို့ ပြောတယ်။ သူ့ရဲ့အပြောကြောင့် ကျွန်မ ပိုပြီးတော့တောင် စိတ်ဝင်စားသွားတယ်။ သူတို့ကို လူတွေ ဘာကြောင့် ဒီလောက်မုန်းရသလဲဆိုတာ သိချင်လာတယ်။ သူတို့ဟာ စစ်မှန်တဲ့ဘာသာရေးအဖွဲ့ဖြစ်လို့ မုန်းတီးခံရတာဖြစ်မယ်ဆိုပြီး ကျွန်မ ယုံကြည်လာတယ်။ တကယ်ဆိုရင် ယေရှုနောက်ကိုလိုက်ဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားသူတိုင်း ညှဉ်းဆဲခံရမယ်လို့ ကျမ်းစာမှာ ပြောထားတာပဲ။—၂ တိမောသေ ၃:၁၂။
အဲဒီအချိန်မှာ အကျဉ်းထောင်က စီမံခန့်ခွဲရေး အဆောက်အအုံမှာ အလုပ်လုပ်ဖို့ တာဝန်ကျတယ်။ တစ်နေ့ကျတော့ သိုလှောင်ခန်းထဲမှာ ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းa အဟောင်းတွေ ထည့်ထားတဲ့ စက္ကူပုံးတွေကို ကျွန်မ တွေ့သွားတယ်။ အဲဒီမဂ္ဂဇင်းတွေကို ကျွန်မနေတဲ့ အကျဉ်းခန်းထဲကို ယူသွားပြီး စဖတ်တော့တယ်။ မဂ္ဂဇင်းတွေကို ဖတ်လေလေ သဲကန္တာရထဲမှာ အိုအေစစ်ကို တွေ့လိုက်တဲ့ လူတစ်ယောက်လို ခံစားရလေလေပဲ။ အဲဒီတုန်းက ကိုယ်ပိုင်အချိန်တွေ အများကြီး ရှိတဲ့အတွက် ကျမ်းစာကို နေ့တိုင်း အကြာကြီး ဖတ်ရှုလေ့လာတယ်။
တစ်နေ့မှာ ကျွန်မကို အကျဉ်းထောင်ရုံးကို လာခဲ့ဖို့ ခေါ်တယ်။ ထောင်ကနေ လွတ်တော့မယ်လို့ ထင်ပြီး ကျွန်မရဲ့ ပစ္စည်းတွေကို မြန်မြန်သိမ်းလိုက်တယ်။ ပြီးတော့ အကျဉ်းသားဖော်တွေကို နှုတ်ဆက်ပြီး ရုံးခန်းကို ပြေးသွားလိုက်တယ်။ ဒါပေမဲ့ ရုံးခန်းကိုရောက်တော့ စာရွက်စာတမ်းအတု ကိုင်ဆောင်မှုနဲ့ ကျွန်မကို အမှုတစ်ခု ထပ်ဖွင့်လိုက်တယ်။ ဒါနဲ့ ကျွန်မကို နောက်ထပ် ထောင်ဒဏ်နှစ်နှစ်ချလိုက်တယ်။
အစပိုင်းမှာ ကျွန်မဟာ ကြေကွဲမတတ် ခံစားလိုက်ရတယ်။ ဒါပေမဲ့ ဒီလိုထောင်ကျသွားတာကလည်း တစ်ဖက်ကကြည့်ရင် ကျွန်မအတွက် ပိုကောင်းသွားတယ်ဆိုတာ ရက်အနည်းငယ်အကြာမှာ သဘောပေါက်လာတယ်။ သမ္မာကျမ်းစာကနေ အချက်အတော်များများကို သိရှိခဲ့ရပေမဲ့ ထောင်ကနေ လွတ်လာပြီးတဲ့နောက် ဘဝဟောင်းကိုပဲ ပြန်သွားချင်နေတယ်။ ပြုပြင်ပြောင်းလဲဖို့ အချိန်တော်တော် ယူရဦးမယ်။
ဘုရားသခင်က ကျွန်မကို သူ့ရဲ့ ဝတ်ပြုသူတစ်ယောက်အဖြစ် လက်ခံဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ တစ်ခါတလေ ကျွန်မ ခံစားရတယ်။ ဒါပေမဲ့ ၁ ကောရိန္သု ၆:၉-၁၁ မှာပါတဲ့ ကျမ်းစကားတွေကို တွေးတောဆင်ခြင်လိုက်တယ်။ ပထမရာစုခရစ်ယာန်တချို့ဟာ ယေဟောဝါဘုရားသခင်ကို ၀တ်မပြုခင်တုန်းက သူခိုးတွေ၊ သောက်ကြူးသူတွေ၊ လုယက်သူတွေ ဖြစ်ခဲ့ကြတယ်လို့ အဲဒီကျမ်းချက်တွေမှာ ဖော်ပြထားတယ်။ ဒါပေမဲ့ သူတို့ဟာ ဘုရားသခင့်အကူအညီနဲ့ ပြောင်းလဲခဲ့ကြတယ်။ သူတို့ရဲ့ ပုံသက်သေကြောင့် ကျွန်မ အရမ်းအားရှိသွားတယ်။
ကျွန်မရဲ့အကျင့်ဆိုး တချို့ကိုတော့ ဖြတ်ပစ်ဖို့ မခက်ဘူး။ ဥပမာ၊ မူးယစ်ဆေးကို အခက်အခဲ သိပ်မရှိဘဲ ဖြတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဆေးလိပ်ဖြတ်ဖို့တော့ အရမ်းခက်တယ်။ တစ်နှစ်ကျော်ကျော် ခက်ခက်ခဲခဲ ကြိုးစားတိုက်လှန်ပြီးတဲ့နောက်မှာတော့ ဆေးလိပ်ပြတ်သွားတယ်။ ကျွန်မ ဆေးလိပ်ပြတ်သွားရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဟာ ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်ဆိုတဲ့ အသိကြောင့် ဖြစ်တယ်။ အဓိက အကြောင်းရင်းကတော့ ကျွန်မ ဆေးလိပ်ပြတ်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါ ဘုရားသခင်ဆီ အဆက်မပြတ် ဆုတောင်းလို့ဖြစ်တယ်။
“ကျွန်မကို ဘယ်တော့မှစွန့်ပစ်မှာ မဟုတ်တဲ့ အကောင်းဆုံးဖခင်ကို ရှာတွေ့ပြီ”
ကျွန်မတို့မိသားစုကို အဖေစွန့်ပစ်သွားတဲ့အတွက် အပယ်ခံရတယ်ဆိုပြီး ကျွန်မ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ယေဟောဝါ ဘုရားသခင်နဲ့ ကျွန်မ ရင်းနှီးလာတာနဲ့အမျှ အဲဒီခံစားချက်တွေဟာ တဖြည်းဖြည်း လျော့နည်းသွားတယ်။ ဆာလံ ၂၇:၁၀ မှာပါတဲ့စကားတွေက ကျွန်မရဲ့စိတ်ကို အရမ်းထိမိစေတယ်။ အဲဒီကျမ်းချက်မှာ ဒီလိုပြောထားတယ်– ‘ကိုယ့်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ထာဝရဘုရားသခင်သည် အကျွန်ုပ်ကို ချီယူတော်မူမည်။’ ကျွန်မကို ဘယ်တော့မှစွန့်ပစ်မှာ မဟုတ်တဲ့ အကောင်းဆုံးဖခင်ကို ရှာတွေ့ပြီလို့ နားလည်လိုက်တယ်။ အခု ကျွန်မရဲ့ ဘဝက ရည်ရွယ်ချက်ရှိလာပါပြီ။ ကျွန်မ ထောင်ကနေ လွတ်လာပြီး ခြောက်လအကြာဖြစ်တဲ့ ၂၀၀၄၊ ဧပြီလမှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံလိုက်ပါတယ်။
အကျိုးကျေးဇူးရရှိခဲ့ပုံ–
အခု ကျွန်မပျော်နေပါပြီ။ အကျင့်ဆိုးတွေ မရှိတော့တဲ့အတွက် ငယ်ငယ်တုန်းကထက် စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်နေပါတယ်။ ကျွန်မရဲ့ အိမ်ထောင်ရေးကလည်း သာယာနေပါတယ်။ ယေဟောဝါဘုရားသခင်နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရရှိထားတယ်။ ကိုယ်တော်ကို ဝတ်ပြုသူတွေ အလယ်မှာ မိသားစုဝင်တွေလိုမျိုး ရင်းနှီးချစ်ခင်ရတဲ့သူ အများကြီး တွေ့ခဲ့ရတယ်။ (မာကု ၁၀:၂၉၊ ၃၀) အရင်တုန်းက ကိုယ့်ကိုယ်ကိုယ်တောင် သတိမပြုမိတဲ့ ကောင်းကွက်တွေကို သူတို့ ချီးမွမ်းပေးလို့ ကျေးဇူးတင်ပါတယ်။
တစ်ခါတလေမှာ အတိတ်က အဖြစ်ဆိုးကြောင့် အပြစ်ရှိတယ်လို့ ကျွန်မခံစားရတယ်။ ဒါပေမဲ့ ဘုရားသခင် ကတိပြုထားတဲ့ ကမ္ဘာသစ်မှာ အတိတ်ဆိုးတွေကို “မှတ်မိ” တော့မှာမဟုတ်ဘူးဆိုတာ သိရလို့ စိတ်သက်သာရာရတယ်။ (ဟေရှာယ ၆၅:၁၇) ဒီအတောအတွင်းမှာ ကျွန်မရဲ့ အတွေ့အကြုံကြောင့် ကျွန်မလို ခံစားနေရတဲ့သူတွေကို စာနာတတ်လာတယ်။ ဒီနေရာမှာတော့ ကျွန်မရဲ့ အတိတ်က အကျိုးပြုသားပဲ။ ဥပမာ၊ ကျွန်မ အမှုဆောင်ထွက်တဲ့အခါ မူးယစ်ဆေးသမားတွေ၊ အရက်သမားတွေ၊ ရာဇဝတ်သားတွေကို မျက်နှာမလိုက်ဘဲ ဟောပြောတယ်။ ဘုရားသခင်ရဲ့ စိတ်တော်နဲ့တွေ့ဖို့ ကျွန်မဘဝကို ပြုပြင်ပြောင်းလဲနိုင်ခဲ့တယ်ဆိုရင် တခြားသူတွေလည်း ပြောင်းလဲနိုင်မယ်ဆိုတာ ကျွန်မယုံကြည်တယ်။
a ယေဟောဝါသက်သေတွေ ထုတ်ဝေတယ်။