သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်
ယုတ္တိရှိပြီး ရှင်းလင်းတဲ့ ကျမ်းစာအဖြေကို ကျွန်တော် သဘောကျ
မွေးဖွားတဲ့နှစ်– ၁၉၄၈
နေရင်းနိုင်ငံ– ဟန်ဂေရီ
နောက်ခံ– ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့ အဖြေကို သိချင်စိတ်ပြင်းပြသူ
အတိတ်–
ဟန်ဂေရီနိုင်ငံ၊ စေကက်ချ်ဘာဟေဘာလ်မြို့မှာ ကျွန်တော့်ကို မွေးခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၀၀၀ ကျော်လောက်က ဒီမြို့ဟာ သမိုင်းဝင်မြို့တစ်မြို့ပါ။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ကြောင့် အကြီးအကျယ် ပျက်စီးယိုယွင်းသွားတဲ့ နေရာတွေကို ကျွန်တော် အမှတ်ရနေဆဲပဲ။
ကျွန်တော်ငယ်ငယ်က အဘိုးအဘွားနဲ့ပဲ နေခဲ့ရတာမို့ အဘိုးအဘွားကို သတိရနေတုန်းပဲ။ အဘွားအဲလစ်စဗက်ကို ပိုပြီးသတိရတယ်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းခိုင်မာနေဖို့ အဘွားက သင်ပေးခဲ့တာ။ အသက်သုံးနှစ်ကစပြီး အဘွားနဲ့အတူ သခင့်ဆုတောင်းချက်ကို ညနေတိုင်း ရွတ်ဆိုခဲ့ရတယ်။ ဒါပေမဲ့ အသက် ၂၀ ကျော်တဲ့အထိ အဲဒီဆုတောင်းချက်ရဲ့ အဓိပ္ပာယ်ကို နားမလည်ခဲ့ဘူး။
အိမ်ကောင်းကောင်းတစ်လုံး ဝယ်နိုင်ဖို့ အမေနဲ့အဖေက နေ့မအားညမအား အလုပ်,လုပ်နေရလို့ အဘိုးအဘွားပဲ ကျွန်တော့်ကို ထိန်းခဲ့ရတာ။ ဒါပေမဲ့ လရဲ့ဒုတိယအပတ် စနေနေ့တိုင်း မိသားစုလိုက် ထမင်းလက်ဆုံ စားကြတယ်။ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်းနေရတာကို ကျွန်တော် သဘောကျတယ်။
၁၉၅၈ ခုနှစ်မှာ ကျွန်တော်တို့ မိသားစုသုံးယောက်နေလို့ရတဲ့ အိမ်တစ်လုံး ဝယ်လိုက်တယ်။ နောက်ဆုံးတော့ မိဘတွေနဲ့အတူတူ နေရလို့ ပြောမပြတတ်အောင် ပျော်ခဲ့ရတယ်။ ဒါပေမဲ့ ၆ လကြာတော့ ကင်ဆာရောဂါနဲ့ အဖေ ဆုံးသွားလို့ ကျွန်တော့်ရဲ့ အပျော်တွေ ပျက်သုဉ်းသွားခဲ့ရတယ်။
ဒါကြောင့် ကျွန်တော် ယူကျုံးမရ ဝမ်းနည်းခဲ့ရတယ်။ ဒီလိုဆုတောင်းခဲ့တာကိုတော့ မှတ်မိတယ်– “ဘုရားသခင်၊ ကျေးဇူးပြု၍ အဖေ့ကို ကယ်ပါ။ ကျွန်တော့်အတွက် အဖေရှိမှဖြစ်မှာ။ ဘာဖြစ်လို့ ကျွန်တော့်ဆုတောင်းချက်ကို နားမထောင်ပေးတာလဲ။” အဖေ ဘယ်ရောက်သွားပြီလဲလို့ သိချင်စိတ် ပြင်းပြခဲ့တယ်။ ‘အဖေ ကောင်းကင်များ ရောက်သွားပြီလား ဒါမှမဟုတ် လုံးဝပျောက်ကွယ်သွားပြီလား’ စတာတွေကို စဉ်းစားခဲ့တယ်။ တခြားကလေးတွေကို သူတို့အဖေတွေနဲ့တတွဲတွဲတွေ့ရတိုင်း မနာလိုဖြစ်ခဲ့တယ်။
အဖေ့ရဲ့အုတ်ဂူကို နေ့တိုင်း နှစ်နဲ့ချီ သွားခဲ့တယ်။ အဖေ့အုတ်ဂူရှေ့ ဒူးထောက်ပြီး “ဘုရားသခင်၊ အဖေ ဘယ်ရောက်နေသလဲ၊ သိချင်လိုက်တာ၊ အဖြေပေးပါ” လို့ဆုတောင်းတယ်။ ဘဝရဲ့အဓိပ္ပာယ်ကို နားလည်ဖို့လည်း ဆုတောင်းခဲ့တယ်။
အသက် ၁၃ နှစ်မှာ ဂျာမန်စာ လေ့လာဖို့ ဆုံးဖြတ်တယ်။ စာကောင်းပေကောင်းတွေ အများကြီးရှိတဲ့ ဂျာမန်စာပေတစ်ခုခုမှာ ကျွန်တော့်မေးခွန်းတွေရဲ့အဖြေကို တွေ့ရလိမ့်မယ်လို့ ထင်ခဲ့တာ။ အရှေ့ဂျာမနီရဲ့ မြို့ဖြစ်တဲ့ ဂျီနာမှာ ၁၉၆၇ ခုနှစ်ကစပြီး လေ့လာခဲ့တယ်။ ဂျာမန်အတွေးအခေါ်ပညာရှင်တွေရဲ့ စာအုပ်တွေနဲ့ လူသားတည်ရှိမှုအကြောင်း ရေးထားတဲ့စာအုပ်တွေကို စွဲစွဲမြဲမြဲ ဖတ်ခဲ့တယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တချို့တော့ တွေ့ခဲ့ပါရဲ့။ ဒါပေမဲ့ ဒါတွေက စိတ်ကျေနပ်မှု အပြည့်အဝ မပေးနိုင်ခဲ့ဘူး။ ဒါကြောင့် အဖြေရဖို့ ဆက်ဆုတောင်းနေရတယ်။
သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ–
၁၉၇၀ ပြည့်နှစ်မှာ ဟန်ဂေရီနိုင်ငံကို ပြန်လာခဲ့ပြီး ကျွန်တော့်ဇနီးလောင်း ရို့စ်နဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီအချိန်တုန်းက ဟန်ဂေရီနိုင်ငံဟာ ကွန်မြူနစ်အုပ်ချုပ်မှုအောက်မှာ ရှိနေတယ်။ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ ဩစတြီးယားနိုင်ငံကို ထွက်ပြေးခဲ့ရတယ်။ ဦးလေးနေတဲ့ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို ပြောင်းရွှေ့သွားဖို့ ရည်ရွယ်ချက်ရှိတယ်။
မကြာခင်မှာပဲ ဩစတြီးယားနိုင်ငံမှာ အလုပ်ရခဲ့တယ်။ တစ်နေ့တော့ ကျွန်တော့်မေးခွန်းတွေရဲ့ အဖြေမှန်သမျှကို ကျမ်းစာမှာတွေ့နိုင်တယ်လို့ အလုပ်ဖော်တစ်ဦးက ပြောပြတယ်။ ကျမ်းစာအကြောင်း ဆွေးနွေးထားတဲ့ စာအုပ်တွေကိုလည်း ပေးတယ်။ အဲဒီစာအုပ်တွေကို တစ်ထိုင်တည်းနဲ့ သဲကြီးမဲကြီး ဖတ်လိုက်တယ်။ ဒါနဲ့တင် အားမရသေးဘူး၊ ထပ်သိချင်ခဲ့တယ်။ ဒါကြောင့် အဲဒီစာအုပ်တွေ ထုတ်ဝေတဲ့ ယေဟောဝါသက်သေတွေဆီစာရေးပြီး စာပေတွေပို့ပေးဖို့ တောင်းဆိုခဲ့တယ်။
အိမ်ထောင်သက် တစ်နှစ်ပြည့်တဲ့နေ့မှာ ဩစတြီးယားလူငယ် သက်သေခံတစ်ယောက် ကျွန်တော်တို့ဆီ ရောက်လာတယ်။ တောင်းဆိုထားတဲ့ စာပေတွေကို ယူလာပေးပြီး ကျမ်းစာသင်အံမှု ကမ်းလှမ်းတော့ ကျွန်တော် လက်ခံလိုက်တယ်။ သိချင်စိတ်ပြင်းပြလွန်းလို့ တစ်ပတ်မှာ နှစ်ကြိမ်လေ့လာကြတယ်။ တစ်ခါ လေ့လာရင် လေးနာရီလောက် ကြာတယ်။
သက်သေခံတွေက ကျမ်းစာကိုသုံးပြီး သင်ပေးတဲ့အတွက် ကျွန်တော် ပီတိဖြစ်ရတယ်။ ကျွန်တော့်ကိုယ်ပိုင် ဟန်ဂေရီကျမ်းစာအုပ်ကနေ ဘုရားသခင့်နာမည် ယေဟောဝါကို သူတို့ပြတဲ့အခါ ယုံတောင်မယုံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၇ နှစ်လုံးလုံး ချာ့ချ်ကျောင်းတက်ခဲ့ပေမဲ့ ဘုရားနာမည်ကို တစ်ခါမှ မကြားဖူးလို့ပဲ။ ယုတ္တိရှိပြီး ရှင်းလင်းတဲ့ ကျမ်းစာအဖြေတွေကို ကျွန်တော် သဘောကျခဲ့တယ်။ ဥပမာ၊ သေဆုံးသွားတဲ့သူတွေက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့သူတွေလို ဘာမှမသိဘူးဆိုတာ သိခဲ့ရတယ်။ (ဒေသနာ ၉:၅၊ ၁၀; ယောဟန် ၁၁:၁၁-၁၅) ကမ္ဘာသစ်ဖြစ်လာမယ်ဆိုတဲ့ ကျမ်းစာကတိကိုလည်း သိခဲ့ရတယ်။ အဲဒီမှာ “သေခြင်းရှိတော့” မှာမဟုတ်ဘူး။ (ဗျာဒိတ် ၂၁:၃၊ ၄) ကမ္ဘာသစ်မှာ သေလွန်သူတွေ အသက်ပြန်ရှင်လာကြမယ်။ ဒါကြောင့် အဖေ့ကို ပြန်တွေ့ခွင့်ရဖို့ ကျွန်တော် မျှော်လင့်နေပါတယ်။—တမန်တော် ၂၄:၁၅။
ကျွန်တော်နဲ့အတူ ရို့စ်လည်း ကျမ်းစာကို အားတက်သရော လေ့လာတယ်။ နှစ်လအတွင်းမှာပဲ ကျမ်းစာလေ့လာတာ ပြီးသွားတယ်။ ဝတ်ပြုရာခန်းမမှာ ကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးမှန်သမျှကို တက်ရောက်ခဲ့ကြတယ်။ ယေဟောဝါသက်သေတွေအလယ်မှာ တွေ့ရတဲ့ ချစ်ခြင်းမေတ္တာ၊ ကူညီရိုင်းပင်းမှု၊ စည်းလုံးမှုတို့ကို ကျွန်တော်တို့ စိတ်စွဲမှတ်ခဲ့ကြတယ်။—ယောဟန် ၁၃:၃၄၊ ၃၅။
၁၉၇၆ ခုနှစ်မှာ ကျွန်တော်တို့ ဇနီးမောင်နှံဟာ ဩစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်ရခဲ့တယ်။ ချက်ချင်းပဲ ယေဟောဝါသက်သေတွေကို လိုက်ရှာခဲ့တယ်။ အဲဒီမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကူညီပေးမှုကြောင့် ကိုယ့်အိမ်ကိုယ့်ရာမှာ နေထိုင်သလိုမျိုး ခံစားလာရတယ်။ ၁၉၇၈ ခုနှစ်မှာ ကျွန်တော်တို့ ယေဟောဝါသက်သေတွေ ဖြစ်လာတယ်။
အကျိုးကျေးဇူးရရှိခဲ့ပုံ–
နှစ်ပေါင်းများစွာ ကျွန်တော် သိပ်သိချင်တဲ့ မေးခွန်းတွေရဲ့ အဖြေကို နောက်ဆုံးမှာ ရှာတွေ့ခဲ့ပါတယ်။ ယေဟောဝါဘုရားနဲ့ ခင်မင်ရင်းနှီးလာတဲ့အခါ ဘုရားသခင်ဟာ အကောင်းဆုံးအဖေလို့ ကျွန်တော် ခံစားလာရတယ်။ (ယာကုပ် ၄:၈) လာမယ့်ကမ္ဘာသစ်မှာ အဖေ့ကို ပြန်တွေ့ခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်က ကျွန်တော့်ကို အကြီးအကျယ် စိတ်သက်သာရာရစေတယ်။—ယောဟန် ၅:၂၈၊ ၂၉။
၁၉၈၉ ခုနှစ်မှာ ဟန်ဂေရီနိုင်ငံကို ပြန်ဖို့ ကျွန်တော်နဲ့ ရို့စ် ဆုံးဖြတ်လိုက်တယ်။ ဒါမှ ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့ တခြားသူတွေကို ကျွန်တော်တို့ရဲ့ ယုံကြည်ချက်အကြောင်း ပြောပြခွင့်ရမှာ။ လူတွေကို ကျမ်းစာအမှန်တရား သင်ပေးခွင့်ရတဲ့ အခွင့်ထူးကြီး ကျွန်တော်တို့မှာရှိတယ်။ လူပေါင်း ၇၀ ဟာ ကျွန်တော်တို့နဲ့အတူ ယေဟောဝါဘုရားကို ကိုးကွယ်လာကြတယ်။ အဲဒီထဲမှာ ကျွန်တော့်အမေလည်း ပါတယ်။
ကျွန်တော်သိချင်နေတဲ့ မေးခွန်းတွေရဲ့ အဖြေကို ၁၇ နှစ်ကြာမှပဲ သိခဲ့ရတယ်။ အဲဒီနောက်ပိုင်း ဘုရားသခင်ဆီ ကျွန်တော် ဆက်ဆုတောင်းနေတာ အခုဆို ၃၉ နှစ်ရှိပါပြီ။ အခုလောလောဆယ် ကျွန်တော် ဒီလိုပြောနိုင်ပါပြီ– “ကလေးဘဝကတည်းက တောင်းလာခဲ့တဲ့ ဆုတောင်းချက်တွေကို အဖြေပေးခဲ့လို့ ကျွန်တော် သိပ်ချစ်ရတဲ့ ကောင်းကင်အဖေကို ကျေးဇူးအထူးတင်ပါတယ်။”