မျက်နှာဖုံးဆောင်းပါး | ကျမ်းစာက ဘဝကို တိုးတက်စေနိုင်ပုံ
ကျမ်းစာကို စိတ်ဝင်တစား ဖတ်ရှုနိုင်ပုံ
ကျမ်းစာဖတ်ရတာ သင့်အတွက် လန်းဆန်းမှုမဖြစ်ဘဲ ပျင်းစရာကောင်းနေသလား။ အဖြေက သင်ဘယ်လို ဖတ်ရှုသလဲအပေါ် မူတည်ပါတယ်။ ကျမ်းစာဖတ်တာကို ပိုပြီး စိတ်ဝင်စားစရာကောင်းအောင်၊ နှစ်သက်စရာဖြစ်အောင် လုပ်နိုင်မယ့်နည်းတွေကို ကြည့်ရအောင်။
ယုံကြည်စိတ်ချရပြီး နားလည်လွယ်တဲ့ ဘာသာပြန်ကျမ်းကို ရွေးပါ။ သင်ဖတ်နေတဲ့ကျမ်းက နားလည်ရခက်ပြီး ခေတ်နောက်ကျတဲ့ စကားလုံးတွေ သုံးထားတယ်ဆိုရင် ဖတ်ရတာ ငြီးငွေ့သွားနိုင်တယ်။ ဒါကြောင့် ဖတ်ရှုတဲ့အရာတွေ ရင်ထဲထိရောက်နိုင်ဖို့ နားလည်ရလွယ်တဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ ကျမ်းစာကို ရှာဖတ်ပါ။ ဒါပေမဲ့ တိတိကျကျနဲ့ မှန်မှန်ကန်ကန် ပြန်ဆိုထားတဲ့ ဘာသာပြန်ကျမ်း ဖြစ်ရပါမယ်။a
ခေတ်ပေါ်နည်းပညာတွေကို အသုံးပြုပါ။ အခုချိန်မှာ ကျမ်းစာကို ပုံနှိပ်စာအုပ်နဲ့သာမက အီလက်ထရောနစ်ပုံစံနဲ့လည်း ရနိုင်ပါတယ်။ တချို့ကျမ်းစာတွေဆိုရင် အင်တာနက်မှာ ဒါမှမဟုတ် ကွန်ပျူတာ၊ တက်ဘလက်၊ ဖုန်းတွေမှာ ကူးယူဖတ်ရှုနိုင်တယ်။ တချို့အီလက်ထရောနစ်ပုံစံတွေမှာ အကြောင်းအရာတစ်ခုနဲ့သက်ဆိုင်တဲ့ တခြားကျမ်းချက်တွေကို ဖတ်ရှုနိုင်အောင်၊ တခြားဘာသာပြန်ကျမ်းတွေနဲ့လည်း နှိုင်းယှဉ်ကြည့်လို့ရအောင် ပြုလုပ်ပေးထားတယ်။ စာအုပ်နဲ့ဖတ်ရတာထက် နားထောင်ရတာကို ပိုနှစ်သက်တယ်ဆိုရင်လည်း ကျမ်းစာကို အသံသွင်းထားတဲ့ပုံစံနဲ့ ရနိုင်ပါတယ်။ လူအတော်များများကတော့ အများသုံးယာဉ်နဲ့ သွားလာနေချိန်၊ တခြားလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နေချိန်မှာ နားထောင်ရတာကို နှစ်သက်ကြတယ်။ သင့်အတွက် သင့်တော်မယ့်နည်းကို သုံးကြည့်နိုင်ပါတယ်။
လေ့လာမှု အထောက်အကူပြု ကိရိယာတွေကို သုံးပါ။ လေ့လာမှု အထောက်အကူပြု ကိရိယာတွေသုံးရင် ကျမ်းစာဖတ်ရှုခြင်းကနေ ပိုအကျိုးရနိုင်တယ်။ ကျမ်းစာနဲ့ပတ်သက်တဲ့ မြေပုံတွေရှိတယ်။ အဲဒီမြေပုံတွေဟာ ကျမ်းစာထဲက နေရာဒေသတွေရဲ့ တည်နေရာကို သိရှိစေတယ်၊ ဖတ်နေတဲ့အဖြစ်အပျက်ရဲ့ နောက်ခံအချက်အလက်ကို ပိုနားလည်ဖို့ ကူညီပေးတယ်။ ဒီမဂ္ဂဇင်းမှာပါတဲ့ ဆောင်းပါးတွေ ဒါမှမဟုတ် jw.org မှာရှိတဲ့ “သမ္မာကျမ်းစာ သွန်သင်ချက်များ” အပိုင်းက ကျမ်းချက်တွေရဲ့ ဆိုလိုရင်းကို နားလည်ဖို့ ကူညီပေးနိုင်ပါတယ်။
နည်းအမျိုးမျိုး ပြောင်းပါ။ ကျမ်းစာကို အစကနေအဆုံးထိ ဖတ်ဖို့ တွန့်ဆုတ်နေတယ်ဆိုရင် သင်ကြိုက်နှစ်သက်တဲ့ အပိုင်းကနေ စပြီးဖတ်ရှုနိုင်ပါတယ်။ ကျမ်းစာထဲက နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တွေအကြောင်း သိချင်တယ်ဆိုရင် ဇာတ်ကောင်တစ်ဦးစီကို ရွေးချယ်ဖတ်ရှုနိုင်တယ်။ နမူနာကို “ကျမ်းစာမှာပါတဲ့ ပုဂ္ဂိုလ်တွေအကြောင်း ထပ်ဆင့်လေ့လာပါ” ဆိုတဲ့ လေးထောင့်ကွက်မှာ ဖော်ပြထားတယ်။ ဒါမှမဟုတ် အကြောင်းအရာအလိုက်၊ အဖြစ်အပျက်အစဉ်အလိုက် ဖတ်ရှုနိုင်တယ်။ နည်းတစ်ခုခုကို စမ်းကြည့်ပါ။
a ကမ္ဘာသစ်ဘာသာပြန်ကျမ်းဟာ တိကျမှန်ကန်တယ်၊ ယုံကြည်စိတ်ချရပြီး ဖတ်ရလွယ်ကူတယ်ဆိုတာ လူအများစု တွေ့ရှိခဲ့ကြတယ်။ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ဒီကျမ်းစာကို ဘာသာစကားပေါင်း ၁၃၀ ကျော်နဲ့ ရရှိနိုင်တယ်။ ဒီကျမ်းစာကို jw.org ကနေဖြစ်စေ၊ JW Library app ကနေဖြစ်စေ ကူးယူဖတ်ရှုနိုင်တယ်။ ဒါမှမဟုတ် ယေဟောဝါသက်သေတွေက ပုံနှိပ်စာအုပ်ကို အိမ်တိုင်ရာရောက် ပို့ပေးနိုင်ပါတယ်။