အသင်းတော်စာအုပ်ကြီးသင်တန်းအစီအစဉ်
အပိုင်း ၂။ ပြင်ဆင်၍ပါဝင်ရန်လိုအပ်
၁ ဉာဏ်ပညာနှင့်ထိုးထွင်းသိမြင်ခြင်းရရှိသူ၏ဆုလာဘ်သည် ကြီးမားတော်မူသည့်အတွက် ယေဟောဝါ၏နှုတ်ကပါဌ်တော်က သူ့အားရွှင်လန်းခြင်းရှိသည်ဟုဆိုသည်။ (သု၊ ၃:၁၃၊ ၁၄၊ ၁၆-၁၈) ဝိညာဏဉာဏ်ပညာသည် အသက်ကယ်ဆယ်သည်။ ထို့ကြောင့် တန်ဖိုးဖြတ်၍မရချေ။ ဘုရားသခင်၏နှုတ်ကပါဌ်တော်မှ ခရစ်ယာန်တစ်ဦးရရှိသောပညာကို တက်ကြွလှုပ်ရှားသောဝတ်ပြုရေး၌ အကျိုးရှိရှိအသုံးပြုစေပြီး နေ့စဉ်ကြုံကြိုက်သည့်ပြဿနာများကို ဖြေရှင်းနိုင်ရန်၊ ဘဝအသက်တာပန်းတိုင်နှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်များချနိုင်ရန် အသုံးပြုစေသည်။
၂ အသင်းတော်စာအုပ်ကြီးသင်တန်းသည် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကိုလေ့လာကျင့်သုံးရန်အတွက်၊ ဤနည်းဖြင့် ဉာဏ်ပညာနှင့်ဝိညာဏသဘောပေါက်နိုင်စွမ်း တိုးပွားလာစေရန်အတွက်ဖြစ်သည်။ အသင်းတော်စာအုပ်ကြီးသင်တန်းကို မှန်မှန်တက်ရောက်ခြင်းအားဖြင့် ဉာဏ်ပညာရှိရန် ကိုယ်ပိုင်အစီအစဉ်တွင် မပါမဖြစ်သောအစီစဉ်ဖြစ်သင့်သည်။—သု၊ ၄:၇-၉။
စေ့ငစွာပြင်ဆင်ခြင်း
၃ ပထမရာစုအသင်းတော်နှင့်ပေါင်းသင်းခဲ့သူအချို့တို့သည် သမ္မာတရားကိုလေ့လာရန်၊ တိုး၍ထွန်းတောက်နေသောအလင်းကို အမီလိုက်ရန် အားသွန်ခွန်စိုက် မကျိုးစားခဲ့ပါ။ ခရစ်တော်၌သူငယ်ဘဝတွင် ဆက်နေကြရာ ဖြောင့်မတ်ခြင်းတရားတော်ကို မသိကျွမ်းခဲ့ပေ။ (ဟေ၊ ၅:၁၁-၁၃) “စုံလင်ခြင်းအဖြစ်သို့တက်ကြ” ရန် အသင်းတော်အား တမန်တော်ပေါလုဆုံးမခဲ့သည်။ (ဟေ၊ ၆:၁) ယင်းသို့ပြုရန် သမ္မာတရားဆွေးနွေးခြင်းကို အမှုမဲ့နားထောင်ရုံထက်မကပြုရန် လိုအပ်နေပါသည်။ ‘ရှင်းလင်းပြတ်သားစွာ စဉ်းစားနိုင်စွမ်း’ ကိုနှိုးဆွပေးနိုင်ရန် စဉ်းစားဆင်ခြင်၊ လေ့လာမှုနှင့်ဝီရိယစိုက်ထုတ်မှုရှိဖို့လိုသည်။—၂ ပေ၊ ၃:၁၊ ၂။ လု၊ ၁၃:၂၄။
၄ အသင်းတော်စာအုပ်ကြီးအတွက် အသေအချာပြင်ဆင်ခြင်းအားဖြင့် လေ့လာရာကိုနားလည်မှု၊ တန်ဖိုးထားမှုတိုးပွားစေသည်။ သို့ရာတွင် ထိရောက်စွာပြင်ဆင်ရန် အပိုဒ်များကိုဖတ်ရှုပြီး မေးခွန်း၏အဓိကအဖြေများကို မျဉ်းသားပေးရုံထက်မကလိုအပ်သည်။ ယင်း၏အဓိပ္ပာယ်နှင့်ကျွန်ုပ်တို့အတွက် တန်ဖိုးရှိသက်ဆိုင်ပုံကို တွေးတောရန် လေ့လာနေသည့်အကြောင်းကိုစားမြုံ့ပြန်ဖို့လိုသည်။ ညွှန်းထားသည့်ကျမ်းချက်များကို ဖွင့်ဖတ်ပြီး အပိုဒ်များပါအချက်တို့နှင့် မည်သို့ဆက်စပ်ကြောင်း စဉ်းစားကြည့်ပါ။ အပြည့်အဝနားမလည်သောစကားလုံးများအနက်ကို ရှာဖွေလေ့လာပါ။
၅ ကျွန်ုပ်တို့အနက် အချို့သူများအတွက် ကိုယ်ပိုင်လေ့လာမှုသည် ဝန်လေးစရာဖြစ်ပေမည်။ အချိန်လည်း ကုန်သည်မှန်၏။ သို့သော် မည်မျှအကျိုးရှိသည်တကား။ ဤသို့သောဂရုစိုက်လေ့လာမှု၏ရလဒ်အကြောင်း ပေါလုဤသို့ဆိုသည်။ “ကောင်းကျိုးမကောင်ကျိုးကိုပိုင်းခြား၍သိနိုင်သောဉာဏ်ပေးတတ်သော၊ အကြားအမြင်အတွေ့အစမ်းများသောသူတည်းဟူသော၊ စုံလင်သောအရွယ်ရှိသောသူတို့မူကား ကြေခဲသောအစာအာဟာရကိုသုံးဆောင်ရကြ၏။” (ဟေ၊ ၅:၁၄) ဤသို့သောကိုယ်ပိုင်လေ့လာမှုသည် ပါရမီရင့်ကျက်မှုသို့ ကြီးထွားတိုးတက်စေသည်။ သို့ဖြင့် ဆုံးဖြတ်ချက်ချရမည့်အခါမျိုးတွင် လမ်းမှန်ကိုလိုက်စေပါသည်။
ပါဝင်ခြင်း
၆ စည်းဝေးတိုင်းတွင်ပါဝင်ရန် ကြိုးစားသင့်သည်။ အဘယ်ကြောင့်နည်း။ ကောင်းစွာပြင်ဆင်ထားသော ကျွန်ုပ်တို့အဖြေများသည် ကိုယ့်ယုံကြည်ချက်ကိုတင်ပြစေသည်သာမက ညီအစ်ကိုချင်းတို့အတွက် အားပေးတည်ဆောက်မှုလည်းဖြစ်သည်။ (ရော၊ ၁၀:၁၀။ ဟေ၊ ၁၀:၂၃-၂၅) အသင်းတော်စာအုပ်ကြီးသင်တန်းတွင် တက်ကြွစွာပါဝင်ခြင်းသည် ဝိညာဏဖွံ့ဖြိုးမှုအတွက် အရေးကြီးသည်။ အတွေ့အကြုံများသူ၊ ကလေးသူငယ်နှင့်စိတ်ဝင်စားခါစလူသစ်များသည် လွတ်လပ်စွာပါဝင်ဖြေဆိုကြမည်ဆိုလျှင် အုပ်စုရှိသူတို့သည် အသိပညာဘက် အကျိုးအမျိုးမျိုးရရှိသည်။ လန်းဆန်းမှုလည်းရှိသည်။—နိုင်ငံတော်ဓမ္မအမှ ၅/၈၆ စာမျက်နှာ ၅။
၇ အသင်းတော်စာအုပ်ကြီးသင်တန်းအတွက် ဝီရိယစိုက်ထုတ်ပြီးပြင်ဆင်မည်၊ မှန်မှန်တက်ရောက်မည်၊ လွတ်လပ်စွာပါဝင်ဖြေဆိုမည်ဆိုလျှင် ဉာဏ်ပညာအတွက် ကျွန်ုပ်တို့၏ရှာပုံတော်အောင်မြင်မည်ဖြစ်၍ “ဘုရားသခင်ကိုသိသောဉာဏ်နှင့်ပြည့်စုံလိမ့်မည်။”—သု၊ ၂:၄၊ ၅။