သတင်းကောင်းဝေငှခြင်း—ကြိမ်ဖန်များစွာ အမှုဆောင်သည့်ရပ်ကွက်တွင်
၁ ကြိမ်ဖန်များစွာအမှုဆောင်သည့်ရပ်ကွက်တွင်ဟောပြောခြင်းသည် အထူးစိန်ခေါ်ချက်ဖြစ်သည်။ သတင်းတရားကို အသစ်အဆန်းဖြစ်၍ နှစ်မြို့ဖွယ်ဖြစ်စေရန် မည်သို့ပြောဆိုမည်နည်း။ စိတ်မဝင်စားပါဟုစိတ်ဆုံးဖြတ်ထားနှင့်ပြီးသူများထံ မည်သို့ချဉ်းကပ်မည်နည်း။ အခေါက်ပေါင်းများစွာလာခြင်းကို ကန့်ကွက်သူများအား မည်သို့ပြောဆိုမည်နည်း။
အပြုသဘောရှိပါ
၂ အချို့ထင်သည့်အတိုင်းမဟုတ်ဘဲ ကြိမ်ဖန်များစွာစေ့စေ့ငငအမှုဆောင်သည့်ရပ်ကွက်များမှထွက်လာသည့်အကျိုးများသည် တစ်ခါတစ်ရံသာရောက်သည့်ရပ်ကွက်များထက် ပိုများပါသည်။ ထိုကြောင့် ကျော်လွှားရမည့် ပထမအတားအဆီးမှာ တစ်အိမ်တည်းသို့ အခေါက်ခေါက်ပြန်သွားရသည့်အတွက် အပြုသဘောမရှိစိတ်ထားပင်ဖြစ်သည်။ လူတိုင်းအား နိုင်ငံတော်သတင်းကြားနာရခွင့် များများပေးဖို့လိုသည်။ အကြိမ်ကြိမ်လည်ပတ်ခဲ့လျက်နှင့် လက်သင့်ခံနားမထောင်သူတို့အား အသက်မရထိုက်သူဟု ယေဟောဝါစီရင်လေပြီဟူ၍ စိတ်ဆုံးဖြတ်ခြင်းသည် အလွန်ပင်မှားပါလိမ့်မည်။
၃ ထပ်ခါတလဲအမှုဆောင်ရွက်ထားသည့်ရပ်ကွက်တွင် ကိုယ်ချင်းစာနာမှုတင်ပြရန် အထူးအရေးကြီးသည်။ ပတ်ဝန်းကျင်ရှိအခြေအနေနှင့်ပတ်သက်သည့်သတင်းမျိုးကိုအခြေခံပြောမည်ဆိုလျှင် နားမထောင်ချင်သူများပင် နားစွင့်လာကြမည်။ နောက်ဆုံးသတင်းကိုသိထားပြီး လူ့ပြဿနာများကို ကျမ်းစာမည်သို့ဖြေရှင်းပေးနိုင်ကြောင်းတင်ပြရန် အသင့်ရှိပါသလော။
ချဉ်းကပ်ပုံကို ပြုပြင်ပြောင်းလဲပေးခြင်း
၄ ကြိမ်ဖန်များစွာအမှုဆောင်ကြသောရပ်ကွက်တွင် သင့်ချဉ်းကပ်ပုံကိုပြုပြင်ပြောင်းလဲပေးပါ။ တစ်ခါတစ်ရံ နိဒါန်းစရန် ဝေစာကိုအသုံးပြုနိုင်သည်။ အခြားတစ်ချိန်တွင် Reasoning စာအုပ်စာမျက်နှာ ၉-၁၅ ၌အကြံပေးထားသည့် နိဒါန်း ၄၀ ကျော်ကို မိမိဒေသနှင့်ကိုက်ညီစွာ ပြုပြင်အသုံးပြုနိုင်သည်။ လွန်ခဲ့သောတစ်ခေါက်က ထိုရပ်ကွက်သို့ သင်အမှုဆောင်ထွက်ခဲ့ခြင်းကိုထည့်ပြောမည်ဆိုလျှင် အိမ်ရှင်အတွက် ဆင်ခြေပေးချက်တစ်ခုလျော့စေမည်။ နောက်ဆုံးတစ်ခေါက်က အိမ်ရှင်ပြောခဲ့သည့်လေးနက်သောစကားတစ်ခွန်းကိုမှတ်မိမည်ဆိုလျှင် စိတ်ဝင်စားမှုနှိုးဆွပေးရန် ယင်းကိုထည့်ပြောဆိုနိုင်သည်။
၅ လူတို့ကိုယေဟောဝါကြည့်မြင်သကဲ့သို့ မြင်တတ်ပါ။ စိတ်မဝင်စားပါဘူးဟူ၍ပြောသူများအတွက် စိုးရိမ်ကြောင့်ကြစိတ်ရှိကြောင်း တင်ပြပါ။ ကိုယ်တော်၏စေတမန်များကို ဥပေက္ခာပြုခဲ့သော်လည်း ယေဟောဝါသည် မိမိရှေးလူမျိုးကို အကြိမ်ကြိမ်တောင်းပန်၍သွေးဆောင်ခဲ့သည်။ (၂ ရာဇဝင် ၃၆:၁၅။ ယေ၊ ၇:၁၃) တစ်ချိန်က စိတ်မဝင်စားပါဘူးဟုယူမှတ်ခဲ့သူအမြောက်အမြားတို့သည် ယနေ့ ကျွန်ုပ်တို့ညီအစ်ကိုညီအစ်မများဖြစ်နေကြပါသည်။ သမ္မာတရားကိုအပြင်းအထန်ဆန့်ကျင်ခဲ့သူများပင် သွေးဆောင်ခံခဲ့ရပြီ။ သတင်းကောင်းကို မိမိတို့ထံ စိတ်ရှည်စွာ ကြိမ်ဖန်များစွာလာရောက်ဟောပြောသည့်အတွက် ဤသူများသည် ယနေ့အလွန်ကျေးဇူးတင်နေကြသည်။
မှတ်တမ်းကောင်းများထားပါ
၆ တစ်အိမ်မှတစ်အိမ်မှတ်တမ်းကောင်းထားပေးရန် အလွန်အရေးကြီးသည်။ လူမတွေ့ခဲ့သောအိမ်များထံပြန်လည်ပတ်သွားခြင်းဖြင့် ရပ်ကွက်ကိုစေ့ငစွာအမှုဆောင်ပြီးကြောင်း သေချာစေသည်။ အချို့ကြေညာသူများသည် လူမတွေ့ခဲ့သည့်အိမ်လိပ်စာမှတ်တမ်းစာရွက်များကို အချင်းချင်းလဲလှယ်ခြင်းဖြင့် အကျိုးရှိခဲ့ပေပြီ။ ၁၉၈၉ ဇူလိုင် ၁၅ ကင်းမျှော်စင် စာမျက်နှာ ၁၆-၂၂ တွင်အခြားအကြံပြုချက်များပါရှိသည်။
၇ ကြားနာလိုသူတို့ထံသတင်းတရားရောက်ရန် အလုံအလောက်ကြိုးစားခဲ့ကြောင်းကို ယေဟောဝါသိတော်မူသည်။ ခရစ်တော်၏ဦးစီးမှုအောက်တွင် ကိုယ်တော်ကိုဆက်နာခံပြီး ပေးထားသည့်အချိန်ကာလအတွင်း လုပ်ငန်းတော်ပြီးစီးလိမ့်မည်ဟု စိတ်ချနိုင်ပါသည်။—ယေဇ၊ ၉:၁၁။