အခြားသူများတွင် ထာဝရအသက်မျှော်လင့်ချက်ကို သွင်းပေးပါ
၁ လူသည် အိုမင်းခြင်းဖြစ်စဉ်ကိုလျှော့ချရန်နှင့် သက်တမ်းရှည်ရန် နည်းလမ်းများရှာကြံခဲ့သော်လည်း အိုမင်းခြင်းနှင့်သေခြင်းသည် ရှောင်လွဲ၍မရဖြစ်နေတုန်းပင်။ သမ္မာကျမ်းစာက လူသားတို့သည် အဘယ်ကြောင့်အိုရသေရကြောင်းသာမက မည်သို့မည်ပုံဇရာ၏ဖိစီးမှုဒဏ်သည် ပယ်ဖျက်ခံရမည်နှင့် သေခြင်းသည် ဖယ်ရှားခံရမည်တို့ကိုပါ ရှင်းပြပေးသည့်အတွက် အလွန်ကျေးဇူးတင်စရာပင်။ ဤသမ္မာတရားများကို ထာဝရအသက်ရစေသောအသိပညာစာအုပ်တွင် သဘောပေါက်နားလည်အောင်တင်ပြထားသည်။ ဤစာအုပ်က စာရှုသူအား ပရဒိသုကို ပြန်လည်တည်ထောင်မည့်အချိန်ထိ ညွှန်ပြကာ စိတ်ရှုပ်ထွေးစေသည့်မေးခွန်းများကို ရှင်းလင်းစွာဖြေကြားပေးသည်။
၂ မတ်လတွင် ကျွန်ုပ်တို့သည် အိမ်တွင်းကျမ်းစာသင်အံမှုများစရန်ပန်းတိုင်ဖြင့် အသိပညာစာအုပ်ကိုဝေငှကြမည်။ (မ. ၂၈:၁၉၊ ၂၀) ထို့နောက် နိုင်ငံတော်သတင်းတရားကို စိတ်ဝင်စားမှုပြသူအားလုံးထံ ပြန်လည်ပတ်ကြမည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် အခြားသူများတွင် ထာဝရအသက်မျှော်လင့်ချက်ကို သွင်းပေးပေမည်။ (တိ. ၁:၂) ယင်းကိုပြီးမြောက်စေရန် အောက်ပါအကြံပြုချက်များသည် အထောက်အကူဖြစ်ကြောင်း သင်တွေ့ရှိပေမည်။
၃ ဦးဆုံးအကြိမ်သွားရောက်လည်ပတ်ချိန်တွင် ဤမေးခွန်းကို သင်မေးနိုင်သည်–
▪ “လူသားတွေဟာ အသက်ရှည်ရှည်နေဖို့ ဘာကြောင့်တမ်းတကြတယ်ဆိုတာ မိတ်ဆွေတွေးဖူးသလား။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်စလင်နဲ့ အခြားဘာသာဝင်အားလုံးဟာ တမလွန်ဘဝကိုမျှော်လင့်ကြပါတယ်။” အသိပညာစာအုပ် အခန်း ၆၊ “ကျွန်ုပ်တို့အဘယ်ကြောင့်အိုရသေရသနည်း” ကိုဖွင့်ပြီး အပိုဒ် ၃ ကိုဖတ်ပြပါ။ ညွှန်ထားသောကျမ်းချက်များကို ကျိုးကြောင်းဆင်ခြင်ပါ။ အပိုဒ်၏အဆုံးပိုင်းရှိမေးခွန်းနှစ်ခုကို ရည်ညွှန်းကာ သူကိုယ်တိုင် အဖြေများကိုတွေ့လိုသလောဟု အိမ်ရှင်အားမေးပါ။ တွေ့လိုပါက နောက်အပိုဒ်အနည်းငယ်ကို ဆက်၍ဆွေးနွေးပါ။ သင်အံမှုစခြင်းဖြစ်သည်! ဤသို့မဟုတ်လျှင် သူဖတ်ဖို့ စာအုပ်ကိုဝေငှပြီး ယင်း၏တန်ဖိုးသည် ၄၀ ကျပ်ဖြစ်ကြောင်းရှင်းပြပါ။ အဖြေများကိုဆွေးနွေးရန် ဖြစ်နိုင်လျှင် တစ်ရက်နှစ်ရက်အတွင်း ပြန်သွားရန်စီစဉ်ပါ။
၄ “အသိပညာ” စာအုပ်ဝေငှထားခဲ့ရာသို့ပြန်သွားသောအခါ သင် ဤသို့ပြောနိုင်သည်–
▪ “မဖြေဘဲထားခဲ့တဲ့ သေခြင်းနဲ့ပတ်သက်တဲ့မေးခွန်းနှစ်ခုကို သုံးသပ်ဖို့ပြန်လာပါတယ်။” အိမ်ရှင်အား မေးခွန်းများကို ပြန်အမှတ်ရစေပါ။ ထို့နောက် အခန်း ၆ “ယုတ်မာသောလျှို့ဝှက်ကြံစည်မှု” ခေါင်းစဉ်ငယ်အောက်ရှိအကြောင်းအရာကို ဆွေးနွေးပါ။ အခြေအနေပေါ်မူတည်၍ ဆက်လေ့လာပါ သို့မဟုတ်လျှင် နောက်တစ်ကြိမ်ဆွေးနွေးရန်အတွက် အခြေချရန် အပိုဒ် ၇ ၏အဆုံးပိုင်းရှိ နောက်ဆုံးမေးခွန်းကိုအသုံးပြုပါ။ ပြန်သွားရန် တိကျသောအစီအစဉ်များဆွဲပါ။ အိမ်ရှင်အား လက်ကမ်းဝေစာတစ်စောင်ပေးပြီး အသင်းတော်အစည်းအဝေးများကျင်းပပုံကို တိုတုတ်စွာပြောပြပါ။ တက်ရောက်ရန် သူ့အား လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်ပါ။
၅ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင်ဖြစ်စေ၊ အလွတ်သဘောသက်သေခံရာတွင်ဖြစ်စေ သင်ဤသို့အစပြု၍ပြောနိုင်သည်–
▪ “ကျွန်တော်တို့အတွက်နဲ့ ကမ္ဘာမြေအတွက် အနာဂတ်ဘာဖြစ်မယ်ဆိုတာ မိတ်ဆွေတွေးဖူးသလား။ [တုံ့ ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာက ပရဒိသုဘုံဆိုတဲ့ စကားလုံးတစ်လုံးထဲနဲ့ အနာဂတ်ကို အကျဉ်းချုံးဖော်ပြတယ်! အစက ဘုရားသခင်ဟာ ကမ္ဘာမြေရဲ့တစ်စိတ်တစ်ဒေသကို သာယာလှပတဲ့ပရဒိသုအသွင်ဖန်တီးပြီး ကိုယ်တော်ဖန်ဆင်းထားတဲ့ လူသားမောင်နှံကို အဲ့ဒီမှာထားခဲ့တယ်လို့ ရှင်းပြတယ်။ တစ်ကမ္ဘာလုံးဟာ သူတို့နေဖို့ဖြစ်ပြီး တဖြည်းဖြည်းနဲ့ ပရဒိသုဘုံအသွင်ပြောင်းသွားဖို့ဖြစ်တယ်။ အဲ့ဒါဘာနဲ့တူခဲ့မယ်ဆိုတာ ဒီရှင်းပြချက်ကိုသတိပြုပါ။” အသိပညာစာအုပ် စာမျက်နှာ ၈ ကိုဖွင့်ပြီး “ပရဒိသုဘုံအသက်တာ” ခေါင်းစဉ်ငယ်အောက် အပိုဒ် ၉ ကိုဖတ်ပြပါ။ ထို့နောက် အပိုဒ် ၁၀ ပါအချက်များကိုဆွေးနွေးပြီး ညွှန်းထားသောကျမ်းချက်ဖြစ်သည့် ဟေရှာယ ၅၅:၁၀၊ ၁၁ ကိုဖတ်ပါ။ ပြန်လည်ထူထောင်မည့်ပရဒိသုဘုံတွင် မည်သည့်အသက်တာမျိုးဖြစ်မည်ကို ဆွေးနွေးရန်နှင့် အပိုဒ် ၁၁-၁၆ ကိုအတူသုံးသပ်ရန် ၄၀ ကျပ်နှင့် စာအုပ်ကိုဝေငှပါ။ သို့မဟုတ် သူ့ဘာသာသူဖတ်ရန် အားပေးကာ နောက်တစ်ကြိမ်ပြန်တွေ့ဆုံ၍ဆွေးနွေးဖို့ စီစဉ်ပါ။
၆ ဦးဆုံးအကြိမ်တွင် သင်အံမှုကိုအခြေမချခဲ့ရလျှင် ယင်းကိုပြုလုပ်ရန် ပြန်လည်ပတ်သောအခါ ဤသို့ပြော၍စမ်းကြည့်နိုင်သည်–
▪ “အရင်တစ်ခါ ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အတိုင်း ဘုရားသခင့်ရည်ရွယ်ချက်ဟာ ကမ္ဘာမြေတစ်ခုလုံးကို ပရဒိသုအသွင်ပြောင်းလဲပစ်ဖို့ဖြစ်တယ်။ အဲ့ဒါက ပရဒိသုဘုံဆိုတာ ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတဲ့ မေးခွန်းကိုပေါ်ပေါက်စေတယ်။” အသိပညာစာအုပ် အခန်း ၁ ကိုဖွင့်ပြီး “ပြန်လည်ထူထောင်သည့် ပရဒိသုဘုံအသက်တာ” ခေါင်းစဉ်ငယ်အောက် အပိုဒ် ၁၁-၁၆ ကိုလေ့လာပါ။ ထို့နောက် အပိုဒ် ၄-၅ ပါရုပ်ပုံကိုပြပြီး ဤကဲ့သို့သာယာလှပသောပတ်ဝန်းကျင်တွင် နေထိုင်လိုသလောဟု ထိုသူအားမေးပါ။ ထို့နောက် စာမျက်နှာ ၁၀ ရှိအပိုဒ် ၁၇ ၏ပထမဝါကျကို ဖတ်ပြပါ။ အခြေအနေပေါ်မူတည်ပြီး ဆက်လေ့လာပါ သို့မဟုတ်လျှင် နောက်တစ်ခါလည်ပတ်သည့်အခါ တစ်စုံတစ်ယောက်သည် ပြန်လည်ထူထောင်သည့်ပရဒိသုဘုံတွင်နေထိုင်ရန် မည်သည့်အရာများကို ဘုရားသခင်တောင်းဆိုကြောင်း ရှင်းပြမည်ဟုပြောပါ။ လက်ကမ်းဝေစာတစ်စောင်ဝေငှပြီး အစည်းအဝေးအစီအစဉ်ကိုရှင်းပြကာ နိုင်ငံတော်ခန်းမတွင် တက်ရောက်ရန် ထိုသူအားဖိတ်ခေါ်ပါ။
၇ အသိပညာစာအုပ်သည် ဘုရားသခင်ကတိပြုထားသည့် “ထာဝရအသက်” အကြောင်းကို အခြားသူများအားပြောပြရာတွင် အလွန်ကောင်းမွန်သည့်ကိရိယာတစ်ခုဖြစ်သည်။ သင်သည် လူတို့နှင့် အိမ်တွင်းကျမ်းစာသင်အံမှုများကျင်းပခြင်းဖြင့် “မုသားနှင့်ကင်းစင်” သောဘုရားသခင်မှုတ်သွင်းထားသည့် ဤမြင့်မြတ်သောမျှော်လင့်ချက်ကို သူတို့တွင်ရှိလာစေနိုင်သည်။