ကျွန်ုပ်ကျမ်းစာသင်အံမှုတစ်ခုလိုချင်သည်!
၁ ကျွန်ုပ်တို့အများစုသည် ကျမ်းစာသင်အံမှုတစ်ခု ရလိုသောဆန္ဒကို တင်ပြခဲ့ကြကာ ယင်းအတွက် ခိုင်လုံသောအကြောင်းလည်းရှိ၏။ ကျမ်းစာသင်အံမှုလုပ်ငန်းသည် တပည့်သစ်များဖြစ်စေခြင်းဆိုင်ရာ ကျွန်ုပ်တို့၏ပန်းတိုင်ကို အထမြောက်စေသောလုပ်ငန်းဖြစ်သည်။ (မ. ၂၈:၁၉၊ ၂၀) သို့တိုင် ကျွန်ုပ်တို့အများစုသည် တစ်စုံတစ်ဦးအား သမ္မာတရားသင်ကြားပေးခြင်းမှရရှိသည့် အထူးရွှင်လန်းမှုကိုမခံစားရဘဲ လပေါင်းများစွာမက နှစ်နှင့်ချီ၍ပင် ကုန်လွန်ခဲ့ပေပြီ။ ယင်းနှင့်စပ်လျဉ်း၍ နိုဝင်ဘာလတွင် ကျွန်ုပ်တို့မည်သို့လုပ်ဆောင်နိုင်သနည်း။ ဤလတွင် အသိပညာစာအုပ်ကို ဝေငှမည်ဖြစ်သောကြောင့် ကျမ်းစာသင်အံမှုအသစ်များစဖို့ ၎င်းကိုအသုံးပြုရန် အထူးကြိုးစားနိုင်ပါသည်။
၂ စနေတနင်္ဂနွေနေ့များကို ဖယ်ထားပါ– ကျမ်းစာသင်အံမှုအသစ်စခြင်းကို အာရုံစူးစိုက်ရန် ဤလတွင်အချိန်တချို့ ဖယ်ထားကြဖို့ ယောက်တိုင်းကိုအားပေးပါသည်။ အသင်းတော်စာအုပ်ကြီးသင်တန်းမှူးများသည် ယင်းရည်ရွယ်ချက်အတွက် အထူးအသုံးပြုကြဖို့ စနေတနင်္ဂနွေနေ့(များ) ကိုရွေးချယ်ပြီးနောက် ပြန်လည်ပတ်မှုလုပ်ငန်းတွင် တက်ညီလက်ညီကြိုးစားကြရန် မိမိတို့၏အုပ်စုများကို စီစဉ်ဆောင်ရွက်သင့်သည်။
၃ ဤလုပ်ငန်းတော်စည်းဝေးများသို့ သင်၏လည်ပတ်မှုမှတ်တမ်းများကို သင်နှင့်တစ်ပါတည်းယူလာပါ။ ထို့နောက် စိတ်ဝင်စားမှုတင်ပြသူ၊ စာပေယူထားသူ သို့မဟုတ် အစည်းအဝေးများတက်သူအားလုံးထံ လည်ပတ်ပါ။ လည်ပတ်မှုတိုင်းကို သင်အံမှုစဖို့အထူးရည်ရွယ်ချက်ဖြင့် လည်ပတ်ပါ။
၄ ကျမ်းစာသင်အံမှုပြုပုံကို သရုပ်ပြပါ– လုပ်ငန်းတော်အတွက် ရွေးချယ်ထားသောအစည်းအဝေးများ၌ ပြန်လည်ပတ်မှုတစ်ခုတွင် သင်အံမှုကို မည်သို့စကြောင်းပြသည့် ကောင်းစွာပြင်ဆင်ထားသောသရုပ်ပြတစ်ခုကို တင်ဆက်သင့်သည်။ သင် ဤသို့ပြောနိုင်သည်– “လူများစွာမှာ ကျမ်းစာရှိကြပါတယ်၊ ဒါပေမဲ့ ဘဝမှာ ကျွန်တော်တို့အားလုံးရင်ဆိုင်ရတဲ့ အရေးကြီးတဲ့မေးခွန်းတွေကို အဲဒီစာအုပ်က ဖြေကြားပေးတယ်ဆိုတာ သူတို့သဘောမပေါက်ကြဘူး။ [အသိပညာစာအုပ်ရှိ မာတိကာဇယားကိုပြကာ အခန်း ၃, ၅, ၆, ၈ နှင့် ၉ ၏ခေါင်းစဉ်များကိုဖတ်ပြပါ။] ဒီသင်အံမှုအထောက်အကူကို တစ်ပတ်မှာ တစ်နာရီ ဒါမှမဟုတ် အဲဒီလောက်သုံးရုံနဲ့ လအနည်းငယ်အတွင်းမှာ ကျမ်းစာကို အခြေခံကျကျ မိတ်ဆွေနားလည်လာနိုင်ပါတယ်။ ဒီအကြောင်းအရာတွေထဲကတစ်ခုကို မိတ်ဆွေရွေးပေးမယ်ဆိုရင် အစီအစဉ်ကို ဘယ်လိုလုပ်သလဲဆိုတာ ကျွန်တော်ပြပေးချင်တယ်။” ထိုသူသည် အလုပ်များ၍လေ့လာရန် ချီတုံချတုံဖြစ်နေပါက ကျွန်ုပ်တို့၌ တိုတုတ်သည့်အစီအစဉ်တစ်ခုလည်းရှိကြောင်း ရှင်းပြပါ။ တောင်းဆိုဘရိုရှာကိုပြပြီး တစ်ပတ်လျှင် သင်ခန်းစာတိုကလေးတစ်ခုကို ၁၅-၃၀ မိနစ်လေ့လာရန် ကမ်းလှမ်းပါ။
၅ သင်အံမှုများစရန် ကျွန်ုပ်တို့အားလုံး ပူးပေါင်းကြိုးပမ်းကာ ကျွန်ုပ်တို့၏ကြိုးပမ်းမှုအပေါ် ယေဟောဝါကောင်းချီးပေးရန် ဆုတောင်းမည်ဆိုလျှင် သင်အံမှုအသစ်များရရှိမည်မှာသေချာပါသည်! (၁ ယော. ၅:၁၄၊ ၁၅) သင်သည် ကျမ်းစာသင်အံမှုတစ်ခုလိုချင်ပါက အသစ်တစ်ခုစရန် ယင်းသည် သင့်အခွင့်အရေးဖြစ်ပေမည်။