ဌာနခွဲစာ
ချစ်လှစွာသောနိုင်ငံတော်ကြေညာသူများ–
“မြေကြီးလေးထောင့်ပေါ်မှာရပ်နေသော ကောင်းကင်တမန်လေးပါး” သည် “မြေကြီး၏လေးမျက်နှာလေများကို တင်းကျပ်စွာကိုင်” ထားသည်ဟု ဗျာဒိတ် ၇:၁ (ကဘ) ကဆို၏။ ကျွန်ုပ်တို့သိကြသည့်အတိုင်း ဤသရုပ်ဖော်ချက်က စာတန်၏ဆိုးသွမ်းသော အစီအစဉ်စနစ်ရှိရှိသမျှကို အစိတ်စိတ် အမြွှာမြွှာကွဲလွင့်စေမည့် “ကြီးစွာသောဒုက္ခ” ကိုထိန်းထားသည့် ယေဟောဝါ၏ သစ္စာရှိကောင်းကင်တမန်များကို ပုံဆောင်သည်။ (မ. ၂၄:၂၁) ကောင်းကင်တမန်များသည် “ကြီးစွာသောဒုက္ခ” ၏လေးမျက်နှာမှလေများကို အဘယ်ကြောင့်ထိန်းထားသနည်း။ အခန်းငယ် ၃ အရ ယင်းသည် ကောင်းကင်တက်မည့် ၁၄၄,၀၀၀ မှကျန်ကြွင်းသူများကို နောက်ဆုံးတံဆိပ်ခတ်ရန်အတွက် အချိန်ရစေဖို့ဖြစ်သည်။ ထို့အပြင် အခန်းငယ် ၉၊ ၁၀ တွင်ဖော်ပြထားသည့်အတိုင်း မြေကြီးပေါ် ထာဝစဉ်အသက်ရှင်မည့်သူများဖြစ်သော “လူအုပ်ကြီး” ကိုစုသိမ်းရန် ယင်းက အခွင့်အလမ်းပွင့်စေသည်။ ကျွန်ုပ်တို့သည် ၎င်းအား လုပ်ဆောင်ရန် ကျန်ရှိသောအချိန်ကို ကောင်းစွာအသုံးချရမည်။
ဤလသည် ၂၀၀၄ လုပ်ငန်းတော်နှစ်၏ ဦးဆုံးလဖြစ်သည်။ ကျွန်ုပ်တို့သည် ယခုအချိန်အထိ ဩဂုတ်လမှတ်တမ်းများမရသေးသောကြောင့် ၂၀၀၃ လုပ်ငန်းတော်နှစ် မည်သို့ကုန်ဆုံးခဲ့ကြောင်း မသိရပါ။ “ကြီးစွာသောဒုက္ခ” မစတင်မီ မိမိတို့၏အသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံရန် နောက်ထပ်လူများစွာအား ကြိုးစားကူညီပေးကြဖို့ အသင်းတော်များ၊ အကြီးအကဲများ၊ ဓမ္မအမှုထမ်းနှင့် နယ်လှည့်ကြီးကြပ်မှူးများအားလုံးထံသို့ ကျွန်ုပ်တို့စာရေးထားပါသည်။ ကျွန်ုပ်တို့၏စက်တင်ဘာမှတ်တမ်းများသည် ဩဂုတ်လမှတ်တမ်းထက် ပိုမိုကောင်းမွန်နိုင်ပါစေ။ လက်ရှိလ၏မှတ်တမ်းသည် ယခင်လမှတ်တမ်းထက် ပိုမိုကောင်းမွန်ကြောင်းတွေ့မြင်ရန် လစဉ်ကြိုးစားလုပ်ဆောင်နိုင်ကြပါစေ။ ကျွန်ုပ်တို့၏မေတ္တာရှင်ဘုရားသခင်သည် ကျွန်ုပ်တို့၏ကြိုးစားလုပ်ဆောင်မှုကို မည်သည့်အခါမျှ မေ့မည်မဟုတ်ပေ။ ကိုယ်တော်သည် ကြီးမားသောတိုးတက်မှုဖြင့် ကျွန်ုပ်တို့ကိုဆုချပါလိမ့်မည်။—ဟေဗြဲ ၆:၁၀။
ကျွန်ုပ်တို့တစ်ဦးစီသည် လယ်ကွင်းလုပ်ငန်းတွင်ပါဝင်ကာ စိတ်ဝင်စားသူများ သို့မဟုတ် စာပေများ (ဝေစာများအပါအဝင်) ယူထားသူများအားလုံးထံ ပြန်လည်ပတ်မှုများ မှန်မှန်လုပ်နိုင်ကြပါစေ။ ကျေးဇူးပြု၍ သင်အံမှုများစတင်ရန် ကြိုးစားပါ။ အစည်းအဝေးများတက်ရန် သူတို့ကို အစကတည်းက ဖိတ်ခေါ်ပါ။ အစည်းအဝေးများတက်ရန် သင်ကိုယ်တိုင် သူတို့ကို သွားခေါ်ရပေမည်။ ဘုရားသခင်သည် လုပ်ငန်းတော်၌ ကျွန်ုပ်တို့၏ကြိုးပမ်းမှုများကို ကောင်းချီးပေးပါလိမ့်မည်။ သမ္မာတရားကို လူများစွာလက်ခံကာ ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါ၏အမှုတော်ထမ်းဆောင်ရန် သူတို့ကိုယ်ကို ဆက်ကပ်အပ်နှံကြကြောင်း တွေ့မြင်ရသောအခါ ကျွန်ုပ်တို့၏ဘုရားသခင်ရော ကျွန်ုပ်တို့ပါ မည်မျှပျော်ရွှင်လိုက်ကြမည်ဖြစ်ခြင်း!—သု. ၁၁:၂၇
၂၀၀၄ လုပ်ငန်းတော်နှစ် စတင်သည်နှင့်အမျှ ယေဟောဝါသည် ‘ဆက်၍ကြီးပွားစေ’ မည်အကြောင်း သင်တို့နှင့်အတူ ကျွန်ုပ်တို့ဆုတောင်းပါသည်။—၁ ကော. ၃:၆
သင်တို့၏ညီအစ်ကိုများ၊
မြန်မာနိုင်ငံဌာနခွဲ