မလှုပ်မရှားဖြစ်နေသူများကို မမေ့လျော့ပါနှင့်
၁။ မလှုပ်မရှားဖြစ်နေသူများကို အဘယ်ကြောင့် အားပေးကူညီသင့်သနည်း။
၁ မလှုပ်မရှားဖြစ်နေသူတစ်ဦးဦးကို သင်သိပါသလော။ သူသည် အသင်းတော်နှင့်မပူးပေါင်းတော့ဘဲ ရွေ့လျော့သွားခြင်းဖြစ်ပေမည်။ တစ်အိမ်မှတစ်အိမ်အမှုဆောင်စဉ် ထိုသို့သောသူတစ်ဦးကို သင်တွေ့ဆုံမိပေမည်။ သူသည် ကျွန်ုပ်တို့၏ဝိညာဏညီအစ်ကို ဖြစ်နေသေးကြောင်း မမေ့လျော့ပါနှင့်။ သူတို့ကိုချစ်ကြောင်း ဖော်ပြလိုပြီး အသင်းတော်နှင့် ‘သိုးထိန်းတည်းဟူသော ကျွန်ုပ်တို့၏ဝိညာဉ်တို့ကို အုပ်စိုးကြည့်ရှုတော်မူသောအရှင်ထံ’ ပြန်လှည့်လာရန် ကူညီပေးလိုကြသည်။—၁ ပေ. ၂:၂၅။
၂။ မလှုပ်မရှားဖြစ်နေသူများကို မည်သည့်နည်းများဖြင့် အားပေးကူညီနိုင်သနည်း။
၂ စိတ်ဝင်စားမှုပြပါ– မလှုပ်မရှားဖြစ်နေသူထံ တယ်လီဖုန်းဆက်ခြင်း၊ လည်ပတ်ခြင်းဖြင့် သူ့ကို ကျွန်ုပ်တို့မမေ့လျော့ကြောင်း စိတ်ချစေသည်။ အဘယ်အရာများ ပြောဆိုနိုင်သနည်း။ သူ့ကိုသတိရကြောင်း အသိပေးရုံဖြင့် အားပေးမှုဖြစ်စေနိုင်သည်။ အပြုသဘောပါပြီး တည်ဆောက်မှုဖြစ်စေသောစကားများ ပြောဆိုပါ။ (ဖိ. ၄:၈) မကြာသေးမီက အစည်းအဝေးတစ်ခုတွင် ကြားနာခဲ့သော အချက်တစ်ချက်ကို ပြောပြနိုင်သည်။ အစည်းအဝေးနှင့် စည်းဝေးပွဲတက်ရောက်ရန် ဖိတ်ခေါ်ကာ နေရာဦးထားပေးခြင်း၊ ကြိုပို့ပေးခြင်းတို့ ပြုလုပ်နိုင်သည်။
၃။ ညီအစ်မတစ်ဦးသည် ဝိညာဉ်ရေးတွင် မည်သို့ပြန်လှုပ်ရှားလာသနည်း။
၃ အနှစ် ၂၀ ကျော် မလှုပ်မရှားဖြစ်နေသော ညီအစ်မတစ်ဦးကို အမှုဆောင်ရပ်ကွက်တွင် တွေ့ဆုံခဲ့သည်။ သူသည် ကျမ်းစာသင်အံမှုလက်မခံသော်လည်း သူနှင့်တွေ့ဆုံသောညီအစ်မက ပြန်လည်ပတ်ကာ နောက်ဆုံးထုတ် မဂ္ဂဇင်းများပေးခဲ့သည်။ ခရိုင်စည်းဝေးကြီးပြီးနောက် ကြေညာသူညီအစ်မသည် သူ့အား စည်းဝေးကြီးမှ ပေါ်လွင်ချက်အချို့ကို ပြောပြခဲ့သည်။ နောက်ဆုံး သူသည် ဝိညာဉ်ရေးတွင် ပြန်လှုပ်ရှားလာသည်။
၄။ မလှုပ်မရှားဖြစ်နေသူတစ်ဦး အစည်းအဝေးများ စတင်တက်ရောက်လာသည့်အခါ မည်သို့ပြောဆိုဆက်ဆံသင့်သနည်း။
၄ တစ်စုံတစ်ဦး ပြန်လှည့်လာသည့်အခါ– မလှုပ်မရှားဖြစ်နေသော ညီအစ်ကိုတစ်ဦး အစည်းအဝေးများ စတင်တက်ရောက်လာသည့်အခါ သင်မည်သို့ ပြောဆိုဆက်ဆံသင့်သနည်း။ မိမိအား စွန့်ပစ်၍ထွက်ပြေးသွားသော တပည့်များကို ယေရှုမည်သို့ဆက်ဆံခဲ့သနည်း။ “ငါ့ညီတို့” ဟုခေါ်ကာ သူတို့ကို ယုံကြည်စိတ်ချကြောင်း ဖော်ပြခဲ့သည်။ အရေးပါသောတာဝန်ကိုပင် အပ်နှင်းခဲ့သည်။ (မ. ၂၈:၁၀၊ ၁၈၊ ၁၉) ထို့နောက် သူတို့သည် သတင်းကောင်းကို “မပြတ်ဟောပြော” ခဲ့ကြသည်။—တ. ၅:၄၂။
၅။ မလှုပ်မရှားဖြစ်နေသူတစ်ဦးနှင့်ပတ်သက်၍ အကြီးအကဲများထံ အကြောင်းကြားသင့်သော အခြေအနေများကို ဖော်ပြပါ။
၅ မလှုပ်မရှားဖြစ်နေသူကို သင်အံမှုမကမ်းလှမ်းမီ သို့မဟုတ် နှစ်ပေါင်းများစွာ မလှုပ်မရှားဖြစ်နေသူကို အမှုဆောင်ထွက်ရန် မဖိတ်ခေါ်မီ အကြီးအကဲများထံမှ အကြံဉာဏ်တောင်းသင့်သည်။ အမှုဆောင်ရပ်ကွက်တွင် မလှုပ်မရှားဖြစ်နေသူတစ်ဦးနှင့်တွေ့ဆုံပါက အကြီးအကဲများကို အကြောင်းကြားသင့်သည်။ သို့မှသာ လိုအပ်သည့်အကူအညီကို သူတို့ပေးနိုင်မည်ဖြစ်သည်။
၆။ မလှုပ်မရှားဖြစ်နေသူများကို ကူညီပေးခြင်းမှ အဘယ်ရွှင်လန်းမှုခံစားရမည်နည်း။
၆ အဆုံးတိုင်အောင် တည်ကြည်မှသာ ကယ်တင်ခြင်းရမည်ဟု သမ္မာကျမ်းစာက ရှင်းလင်းစွာဆိုသည်။ (မ. ၂၄:၁၃) ထို့ကြောင့် ထိမိလဲသွားသူ သို့မဟုတ် ရွေ့လျော့သွားသူများကို ဂရုစိုက်အားပေးပါ။ ထိုသို့သောသူများကို အမှန်စိတ်ဝင်စားကြောင်း တင်ပြခြင်းဖြင့် ယေဟောဝါ၏မေတ္တာကိုတုပမည်ဆိုလျှင် ကျွန်ုပ်တို့နှင့်အတူ ဘုရားသခင့်အမှုတော်ကို သူတို့ ပြန်လည်ထမ်းဆောင်နေကြောင်း မြင်တွေ့ရခြင်းမှ ရွှင်လန်းမှုခံစားရပေမည်။—လု. ၁၅:၄-၁၀။