တိုက်နယ်စည်းဝေးပွဲအစီအစဉ်သစ်
ကျွန်ုပ်တို့သည် ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားစေခြင်းဖြင့် ကိုယ်တော်အား ချီးမွမ်းဂုဏ်တင်ထိုက်သည်။ ယေဟောဝါ၏ဘုန်းတော်ကို မည်သို့ထင်ရှားစေနိုင်သနည်း။ ဤကိစ္စတွင် အဘယ်စိန်ခေါ်ချက်များကို အချို့သူတို့ ရင်ဆိုင်နေကြရသနည်း။ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသူတို့သည် ယခု အဘယ်အကျိုးကျေးဇူးများ ခံစားနေကြသနည်း။ ၂၀၀၈ လုပ်ငန်းတော်နှစ်၏ တိုက်နယ်စည်းဝေးပွဲ အစီအစဉ်က ထိုမေးခွန်းများအတွက် စိတ်ကျေနပ်ဖွယ်အဖြေများ ပေးပါလိမ့်မည်။ စည်းဝေးပွဲ၏အဓိကအကြောင်းမှာ “ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့” ဖြစ်သည်။ (၁ ကော. ၁၀:၃၁) ဝိညာဏသွန်သင်ချက်များစွာရရှိမည့် နှစ်ရက်တာအတွင်း ကျွန်ုပ်တို့အတွက် အဘယ်အရာစောင့်ကြိုနေသည်ကို သုံးသပ်ကြည့်ပါ။
“အဘယ်ကြောင့် ဘုရားသခင့်ဘုန်းတော်ကို ထင်ရှားစေရသနည်း၊” “ဘုရားသခင့်တောင်းဆိုချက်များကို ပြည့်မီခြင်းတွင် ပုံသက်သေပြပါ” ဟူသည့်အကြောင်းအရာများကို ခရိုင်ကြီးကြပ်မှူးက ဟောပြောပါလိမ့်မည်။ ထို့ပြင် “ဘုရားသခင့်ဘုန်းတော်ထင်ရှားစေသူတို့ကား မည်သူတို့နည်း” ဟူသည့်လူထုဟောပြောချက်နှင့် “ဘုရားသခင့်ဘုန်းတော်ကို ကမ္ဘာချီ စည်းလုံးစွာထင်ရှားစေခြင်း” ဟူသည့်နိဂုံးချုပ်ဟောပြောချက်ကိုလည်း သူတင်ဆက်သွားပါလိမ့်မည်။ သူသည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းကို ကိုင်တွယ်သွားမည်ဖြစ်၏။ “ဘုရားသခင့်ဘုန်းတော်ရောင်ပြန်ဟပ်ခြင်းတွင် ပျော်မွေ့ပါ၊” “တိုက်နယ်လိုအပ်ရာများကို ဂရုပြုခြင်း” နှင့် ၂ ပေတရု ၁:၁၂ ကိုအခြေခံထားသော “‘သမ္မာတရား၌ တည်ကြည်စွာ’ ဆက်၍နေလော့” ဟူသည့်အကြောင်းများကို တိုက်နယ်ကြီးကြပ်မှူးက ဟောပြောပါလိမ့်မည်။ ထို့ပြင် “ရှေ့ဆောင်ဓမ္မအမှုက ဘုရားသခင့်ဘုန်းတော်ထင်ရှားစေ” နိုင်ပုံကိုလည်း ကျွန်ုပ်တို့သိရှိရပါလိမ့်မည်။ “ကျွန်ုပ်တို့၏ဘဝကဏ္ဍအသီးသီးတွင် ဘုရားသခင့်ဘုန်းတော်ထင်ရှားစေခြင်း” ဟူသည့် ဦးဆုံးအခန်းဆက်ဟောပြောချက်က ၁ ကောရိန္သု ၁၀:၃၁ တွင်ပါသော မှုတ်သွင်းခံစကားများ၏ အဓိပ္ပာယ်ကို လေးလေးနက်နက်ဆန်းစစ်သွားပါမည်။ “ဘုရားသခင်ကိုဂုဏ်တင်သည့် မြင့်မြတ်သောလုပ်ငန်းတော်၏ အခြားအသွင်အပြင်များ” ဟူသည့်နောက်အခန်းဆက်ဟောပြောချက်တွင် ကျွန်ုပ်တို့ဝတ်ပြုရေး၏ ကဏ္ဍအသီးသီးကို သုံးသပ်သွားပါမည်။ တနင်္ဂနွေနေ့တွင် ကင်းမျှော်စင်အကျဉ်းချုပ်နှင့် နေ့စဉ်ကျမ်းချက်သုံးသပ်ခြင်းကို ကြားနာရမည်။ ထိုတွင် နှစ်ခြင်းခံမည့်အစီအစဉ်လည်း ရှိမည်ဖြစ်၏။
လူအများစုသည် ဘုရားသခင်ကိုအသိအမှတ်ပြုရန် ငြင်းဆန်ကြသည်။ ယေဟောဝါ၏ကြီးကျယ်ခမ်းနားမှုကို မတွေးတောနိုင်လောက်အောင် လူ့အကြံအစည်များကို အလွန်အထင်ကြီးကြ၏။ (ယော. ၅:၄၄) သို့သော် “ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြု” နိုင်ပုံကို အချိန်ယူသုံးသပ်ခြင်းသည် အရေးကြီးကြောင်း ကျွန်ုပ်တို့ယုံကြည်ကြ၏။ ယင်းကိုတက်ရောက်နိုင်ရန်နှင့် အစီအစဉ်ပိုင်းလေးခုစလုံးမှ အကျိုးအပြည့်အဝရရှိနိုင်ရန် စီစဉ်ပါ။