အထူးစည်းဝေးပွဲနေ့ အစီအစဉ်သစ်
၂၀၀၈ လုပ်ငန်းတော်နှစ်အတွက် အထူးစည်းဝေးပွဲနေ့အစီအစဉ်၏ အဓိကအကြောင်းမှာ ဟေရှာယ ၆၄:၈ ကိုအခြေပြုထားသော “ကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏—ယေဟောဝါသည် ကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏” ဖြစ်သည်။ ဤအစီအစဉ်အားဖြင့်ရရှိသော ကျမ်းစာတိုက်တွန်းချက်က ကြီးမြတ်သောအိုးထိန်းရှင်အဖြစ် ယေဟောဝါ၏ဉာဏ်ပညာ၊ တရားမျှတမှု၊ တန်ခိုးနှင့် မေတ္တာကို ပို၍တန်ဖိုးထားနားလည်စေပါလိမ့်မည်။
“ဓမ္မအမှုတွင် အသရေရှိသောအိုးများအဖြစ် ထမ်းဆောင်ခြင်း” ဟူသော တိုက်နယ်ကြီးကြပ်မှူး၏ဟောပြောချက်က အမှန်တရားကိုသိရှိခြင်းနှင့် ယင်းကို သူတစ်ပါးအားဝေမျှခြင်းတို့၏ ကြွယ်ဝသောကောင်းချီးများကို လူများစွာ မည်သို့ခံစားနေရကြောင်း သိရှိစေမည်။ “တွေးတောဆင်ခြင်ခြင်းက သင့်ကိုကာကွယ်စောင့်ရှောက်လိမ့်မည်” ဟူသောဟောပြောချက်က ယေဟောဝါ၏ဖြောင့်မတ်သောမူများကို လေးလေးနက်နက် တွေးတောဆင်ခြင်ခြင်းသည် ကျွန်ုပ်တို့ကို မည်သို့ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြလိမ့်မည်။ “ဤအစီအစဉ်စနစ်၏ ပုံသွင်းခြင်းကိုမခံကြနှင့်၊” “ကြီးမြတ်သောအိုးထိန်းရှင်၏ပုံသွင်းမှုကို ခံယူပါ” ဟူသောအကြောင်းအရာများကို ဧည့်ဟောပြောသူက တင်ဆက်သွားမည်။ “ယေဟောဝါအတွက် အသုံးဝင်သောလူငယ်များ၊” “သားသမီးများကိုပုံသွင်းပေးရာတွင် မိဘများ၏အရေးပါသောအခန်းကဏ္ဍ” ဟူသောအပိုင်းများသည် မိဘနှင့်သားသမီးတို့ကို အားရှိစေပါလိမ့်မည်။ ညီအစ်ကိုညီအစ်မများသည် သူတို့၏ဓမ္မအမှုတွင် အဘယ်အရာပြီးမြောက်နေကြောင်းကိုလည်း သရုပ်ပြခန်းများနှင့် လူတွေ့မေးမြန်းခန်းများမှတစ်ဆင့် ကျွန်ုပ်တို့ကြားသိရပေမည်။ ဘုရားသခင်ထံဆက်ကပ်အပ်နှံထားကြောင်း ရေတွင်နှစ်ခြင်းခံခြင်းဖြင့် ဖော်ပြလိုသူများသည် ဦးစီးကြီးကြပ်မှူးထံ အမြန်ဆုံးအကြောင်းကြားသင့်သည်။ အထူးစည်းဝေးပွဲနေ့ ကျင်းပသော အပတ်တွင် လေ့လာရမည့် ကင်းမျှော်စင် ကို ယူဆောင်လာဖို့ မမေ့ပါနှင့်။
ကြီးမြတ်သောအိုးထိန်းရှင်သည် မိမိ၏ ရည်ရွယ်ချက်မှန်သမျှကို ပြည့်စုံစေသည်။ သို့သော် ကိုယ်တော်၏ပုံသွင်းမှုကို မည်သို့တုံ့ပြန်မည်ကို ကျွန်ုပ်တို့တစ်ဦးစီ ရွေးချယ်ရမည်။ ယေဟောဝါ၏စံနှုန်းများ၊ သန့်စင်ပေးမှုများကို ပညာရှိရှိလက်အောက်ခံသူများသည် အိုးထိန်းစက်ပေါ်မှရွှံ့တုံးကဲ့သို့ ပုံသွင်းခံရ၊ သန့်စင်ခံရကာ အသုံးဝင်သောအိုးများအဖြစ် ပြောင်းလဲသွားနိုင်သည်။ ကျွန်ုပ်တို့သည် ယေဟောဝါနှင့်ပူးပေါင်းလုပ်ဆောင်သောအခါ ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ဂုဏ်တင်ရာရောက်ပြီး ကောင်းချီးများစွာရရှိကြသည်။