ဟောပြောရန် လူသစ်များကို လေ့ကျင့်ပေးနိုင်ပုံ
၁။ သင်ဦးဆုံးအကြိမ် ဓမ္မအမှုတွင်ပါဝင်ချိန်၌ မည်သို့ခံစားခဲ့ရသနည်း။
၁ သင်ဦးဆုံးအကြိမ် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် ပါဝင်ချိန်ကို သတိရပါသလော။ သင်အလွန်စိုးရိမ်ခဲ့ပေမည်။ သင့်ကိုကျမ်းစာသင်ပေးသူ သို့မဟုတ် အခြားကြေညာသူတစ်ဦးနှင့်အတူ သင်လုပ်ဆောင်သည်ဆိုလျှင် သူ၏အကူအညီအတွက် သင်ဝမ်းသာမည်မှာသေချာသည်။ ယခု သင်သည် ဓမ္မအမှုဆောင်တစ်ဦးအဖြစ် အတွေ့အကြုံများရှိနေပြီဖြစ်ရာ ဟောပြောရန် လူသစ်များကို လေ့ကျင့်ပေးနိုင်သည့် အနေအထားတွင်ရှိနေသည်။
၂။ ကြေညာသူလူသစ်များသည် အဘယ်အရာများကို သင်ယူဖို့လိုသနည်း။
၂ ကြေညာသူလူသစ်များသည် အိမ်ပေါက်၀တွင် အိမ်ရှင်များနှင့် စကားစမြည်စတင်ပြောဆိုပုံ၊ ကျမ်းစာအသုံးပြုပုံ၊ ပြန်လည်ပတ်မှုပြုလုပ်ပုံနှင့် ကျမ်းစာသင်အံမှုစတင်ပုံတို့ကို သင်ယူဖို့လိုသည်။ လမ်းပေါ်သက်သေခံခြင်း၊ စီးပွားရေးရပ်ကွက်ရှိလူတို့ကိုဟောပြောခြင်း စသည့်ဟောပြောနည်းအမျိုးမျိုးကိုလည်း သင်ယူဖို့လိုသည်။ ဤကဏ္ဍများတွင် သူတို့တိုးတက်နိုင်ဖို့ သင်၏ပုံသက်သေနှင့် အကြံပြုချက်တို့ဖြင့် ကူညီပေးနိုင်သည်။
၃။ ကျွန်ုပ်တို့၏ပုံသက်သေဖြင့် အခြားသူများကို မည်သို့ကူညီပေးနိုင်သနည်း။
၃ ပုံသက်သေဖြင့်သင်ပေးခြင်း– ယေရှုသည် မည်သို့ဟောပြောရမည်ကို မိမိ၏တပည့်များအား ပြသခဲ့သည်။ (လု. ၈:၁; ၁ ပေ. ၂:၂၁) သင်သည် ကြေညာသူလူသစ်နှင့် တွဲအမှုဆောင်မည်ဆိုလျှင် သူအတုယူနိုင်သည့် ရိုးရှင်းသောတင်ဆက်မှုကိုပြင်ဆင်ပါ၊ ကျွန်ုပ်တို့စာပေများတွင်ပါသော နမူနာတင်ဆက်နည်းတစ်ခုကို အသုံးပြုနိုင်သည်။ ထို့နောက် သင်ဟောပြောသည်ကို ကြေညာသူလူသစ်ကြားနိုင်ရန် ပထမတစ်အိမ်၊ နှစ်အိမ်တွင် သင်ဦးဆုံးဟောပြောပါ။ တစ်အိမ်နှင့်တစ်အိမ်အကူးတွင် သင့်တင်ဆက်မှု၏ထိရောက်ပုံနှင့်ပတ်သက်၍ ကြေညာသူလူသစ်၏ရှုမြင်ချက်ကို မေးမြန်းပေမည်။ ယင်းက ဓမ္မအမှုတွင် အခြားသူများနှင့်တွဲအမှုဆောင်ခြင်း၏အကျိုးကို သူ့အားသိမြင်စေပြီး သူဟောပြောပြီးနောက် သင် ပေးမည့် မည်သည့်အကြံပြုချက်ကိုမဆို သူလက်ခံရန် လွယ်ကူစေပါလိမ့်မည်။
၄။ ကြေညာသူလူသစ်၏တင်ဆက်မှုကို နားထောင်ပြီး မည်သို့ကူညီပေးနိုင်သနည်း။
၄ အကြံပေးခြင်း– မည်သို့ဟောပြောရမည်နှင့်ပတ်သက်၍ တပည့်များအား ယေရှု လမ်းညွှန်ချက်ပေးခဲ့သည်။ (မ. ၁၀:၅-၁၄) သင်လည်း ကြေညာသူလူသစ်များကို အလားတူ ကူညီပေးနိုင်သည်။ သူဟောပြောရမည့်အလှည့်ရောက်လျှင် သေချာနားထောင်ပါ။ ထို့နောက် အိမ်မှထွက်လာပြီးနောက် စိတ်ရင်းမှန်ဖြင့် သတ်သတ်မှတ်မှတ်အချက်ကို ချီးမွမ်းပေးပါ။ သူ၏တင်ဆက်မှုတွင် တိုးတက်ရမည့်အချက်များ ရှိကောင်းရှိပေမည်။ နောက်တစ်အိမ်တွင် ထိုကဏ္ဍ၌ တိုးတက်မှုရှိမရှိကြည့်ကာ သူ့ကို အကြံပေးသင့်မပေးသင့် ဆုံးဖြတ်ပေမည်။ သူစိုးရိမ်နေသောကြောင့်လည်း ဖြစ်နိုင်သည်။ ကြေညာသူအားလုံးတွင် တူညီသောစွမ်းရည်တစ်မျိုးတည်းရှိခြင်း မဟုတ်ကြောင်း၊ အကြောင်းအရာတစ်ခုကို တစ်နည်းထက်မက တင်ဆက်နိုင်ကြောင်း သတိရပါ။—၁ ကော. ၁၂:၄-၇။
၅။ အကြံပေးရန် အစပြုလုပ်ဆောင်သည့်အခါ ကျွန်ုပ်တို့ အဘယ်အရာပြောနိုင်သနည်း။
၅ တစ်ခါတစ်ရံ ကြေညာသူလူသစ်သည် သင့်ထံမှ အကြံဉာဏ်တောင်းပေမည်။ သို့သော် သူအကြံမတောင်းလျှင် သူ့ကို ကူညီပေးရန် သင်အစပြုလုပ်ဆောင်ပါ။ ယင်းကို လိမ္မာပါးနပ်စွာ မည်သို့ပြုလုပ်နိုင်သနည်း။ အတွေ့အကြုံရှိသော ကြေညာသူအချို့သည် “အကြံတစ်ခုပေးလို့ ရမလား” ဟု ရိုးရိုးလေးမေးနိုင်သည်။ ထို့ပြင် ဤသို့လည်းပြောနိုင်သည်– “ကျွန်တော် ကြေညာသူစလုပ်တုန်းက . . . နဲ့ပတ်သက်ပြီး အခက်တွေ့ခဲ့တယ်။ ဒါပေမဲ့ . . . က ကျွန်တော့်အတွက် အထောက်အကူဖြစ်ခဲ့တယ်။” တစ်ခါတစ်ရံ ကျိုးကြောင်းဆင်ခြင်စာအုပ်ကို အတူလေ့လာခြင်းက အကျိုးရှိသည်။ သူ စိတ်မထိခိုက်စေရန် သူ့တင်ဆက်နည်းမှ အချက်တစ်ချက်ကိုသာ အကြံပြုပါ။
၆။ ဓမ္မအမှုတွင် “သံကိုသံဖြင့်” မည်သို့ထက်စေနိုင်သနည်း။
၆ သံကိုသံဖြင့်ထက်စေ– ပေါလုသည် အတွေ့အကြုံရှိသော သတင်းကောင်းဟောပြောသူ တိမောသေအား မိမိ၏သွန်သင်ခြင်းအမှုကို အဆက်မပြတ်ကြိုးစားလုပ်ဆောင်ရန်နှင့် တိုးတက်မှုကို ထင်ရှားစေရန် အားပေးခဲ့သည်။ (၁ တိ. ၄:၁၃၊ ၁၅) သင်သည် ဓမ္မအမှုတွင် ပါဝင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည့်တိုင် သင့်စွမ်းရည်များတိုးတက်အောင် ဆက်လုပ်ဆောင်နေပါ။ သင်နှင့်အတူ ဟောပြောသူသည် ဓမ္မအမှုတွင် သိပ်အတွေ့အကြုံမရှိသူဖြစ်လျှင်ပင် သူ့ထံမှ သင်ယူပါ၊ ထို့ပြင် အခြားသူများကို ကြင်နာစွာကူညီပေးရန် နိုးနိုးကြားကြားရှိပါ၊ အထူးသဖြင့် လူသစ်များ သတင်းကောင်းအတွက် ကျွမ်းကျင်သောဓမ္မအမှုဆောင်များ ဖြစ်လာစေရန်ဖြစ်သည်။—သု. ၂၇:၁၇။