ဘုရားရေးရာ လန်းဆန်းမှုရမယ့်သုံးရက်တာ
၁။ ဒီနှစ်ရဲ့ခရိုင်စည်းဝေးကြီးကနေ ဘာအကျိုးကျေးဇူးရရှိကြမလဲ။
၁ စာတန့်လောကဟာ ဘုရားရေးရာဘက်မှာခြောက်ကပ်နေပေမဲ့ ယေဟောဝါက သူ့ကျေးကျွန်တွေကို လန်းဆန်းမှုဆက်ပေးနေတယ်။ (ဟေရှာ. ၅၈:၁၁) ကျွန်တော်တို့ကို လန်းဆန်းစေဖို့ ယေဟောဝါအသုံးပြုတဲ့အရာတစ်ခုကတော့ နှစ်စဉ်ကျင်းပတဲ့ ခရိုင်စည်းဝေးကြီးပါပဲ။ ဒီနှစ်အတွက် ခရိုင်စည်းဝေးကြီး နီးလာတာနဲ့အမျှ ဘုရားရေးရာလန်းဆန်းမှု ရရှိဖို့နဲ့ တခြားသူတွေကို လန်းဆန်းမှုပေးနိုင်ဖို့ ကျွန်တော်တို့ဘယ်လိုပြင်ဆင်ထားနိုင်မလဲ။—သု. ၂၁:၅။
၂။ ဘာပြင်ဆင်မှုတွေကို အပြီးသတ်ဖို့လိုသလဲ။
၂ စည်းဝေးကြီးအတွက် သင် အဆင်သင့်မဖြစ်သေးဘူးဆိုရင် သုံးရက်စလုံးတက်ရောက်နိုင်ဖို့ အခုကတည်းကနေ အချိန်ယူပြီး ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ လောကလုပ်ငန်းတွေကို စီစဉ်ထားပါ။ အစီအစဉ်မစတင်ခင် ထိုင်ခုံနေရာရှာတွေ့နိုင်အောင် စည်းဝေးကြီးကျင်းပတဲ့နေရာကိုရောက်ဖို့ အချိန်ဘယ်လောက်ကြာမလဲဆိုတာ တွက်ချက်ပြီးပြီလား။ ကျွန်တော်တို့ကို စိတ်လန်းဆန်းစေတဲ့ ဒီပုံဆောင်စားသောက်ပွဲကြီးကို ယေဟောဝါကိုယ်တိုင်ပြင်ဆင်ပေးတဲ့အတွက် ကျွန်တော်တို့လက်မလွတ်ချင်ကြမှာ သေချာပါတယ်။ (ဟေရှာ. ၆၅:၁၃၊ ၁၄) တည်းခိုဖို့နဲ့ သွားရေးလာရေးအတွက် အားလုံးစီစဉ်ထားပြီးပြီလား။
၃။ ဘယ်အကြံပေးချက်ကို လိုက်လျှောက်မယ်ဆိုရင် ကျွန်တော်တို့ကိုယ်တိုင်နဲ့ ကျွန်တော်တို့ရဲ့မိသားစုဟာ အစီအစဉ်ကနေ အကျိုးအပြည့်အဝရရှိမလဲ။
၃ အစီအစဉ်တွေကနေ အာရုံမပျံ့လွင့်အောင် ဘာကထောက်ကူပေးမလဲ။ ဖြစ်နိုင်မယ်ဆိုရင် စည်းဝေးကြီးအတောအတွင်းမှာ ညတိုင်း လုံလုံလောက်လောက်အနားယူပါ။ ဟောပြောသူကို အာရုံစိုက်ကြည့်နေပါ။ ကျမ်းချက်တိုင်းကို ကိုယ့်ကျမ်းစာထဲကနေ လိုက်ဖွင့်ဖတ်ပါ။ မှတ်စုတို ရေးမှတ်ပါ။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေနဲ့အတူထိုင်ပြီး သူတို့အာရုံစိုက်နားထောင်နိုင်အောင် ကူညီပေးသင့်တယ်။ (သု. ၂၉:၁၅) အစီအစဉ်ရဲ့အဓိကပေါ်လွင်ချက်တွေကို မိသားစုလိုက် ညနေတိုင်း ဆွေးနွေးနိုင်တယ်။ ဒါမှလည်း သင့်မိသားစုဟာ စည်းဝေးကြီးပြီးသွားရင်တောင် ဆက်လန်းဆန်းနေနိုင်မှာဖြစ်တယ်၊ သင့်မိသားစုအနေနဲ့ လက်တွေ့ကျင့်သုံးနိုင်တဲ့ သတ်သတ်မှတ်မှတ်အချက်တွေကို ဆွေးနွေးဖို့ မိသားစုဝတ်ပြုမှုညချမ်းမှာ အချိန်အလုံအလောက်ထားသင့်တယ်။
၄။ အသင်းတော်မှာရှိတဲ့ တခြားသူတွေလည်း ဘုရားရေးရာလန်းဆန်းမှုရရှိဖို့ ကျွန်တော်တို့ဘယ်လိုကူညီပေးနိုင်သလဲ။
၄ တခြားသူတွေ လန်းဆန်းမှုရအောင် ကူညီပါ– ကျွန်တော်တို့က တခြားသူတွေကိုလည်း ဘုရားရေးရာလန်းဆန်းမှုရရှိစေချင်ကြတယ်။ စည်းဝေးကြီးတက်နိုင်ဖို့ အကူအညီလိုအပ်နေတဲ့ သက်ကြီးရွယ်အိုကြေညာသူတွေ ဒါမှမဟုတ် အခြားသူတွေ အသင်းတော်မှာရှိသလား။ သူတို့ကို ကူညီပေးနိုင်မလား။ (၁ ယော. ၃:၁၇၊ ၁၈) အကြီးအကဲတွေ၊ အထူးသဖြင့် အုပ်စုကြီးကြပ်မှူးတွေက အဲဒီလိုကြေညာသူတွေဟာ လိုအပ်တဲ့အကူအညီရရှိနေမနေ ဆိုတာကို အာရုံစိုက်သင့်တယ်။
၅။ စည်းဝေးကြီးဖိတ်စာတွေကို ကျွန်တော်တို့ ဘယ်လိုဝေငှကြမလဲ။ (နောက်စာမျက်နှာရဲ့အပေါ်က လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၅ အရင်ကလိုပဲ၊ စည်းဝေးကြီးမစခင် သုံးပတ်အလိုမှာ စည်းဝေးကြီးလာတက်ဖို့ ဖိတ်စာဝေတဲ့ကင်ပိန်းကို ကျွန်တော်တို့လုပ်ဆောင်ကြပါမယ်။ အသင်းတော်တွေအနေနဲ့ ကိုယ်ရတဲ့ဖိတ်စာတွေကို ဝေငှဖို့၊ ကိုယ့်ရပ်ကွက်တစ်ခုလုံးကို အတတ်နိုင်ဆုံး ကာမိအောင်ဝေငှဖို့ ရည်မှန်းချက်ထားသင့်တယ်။ ကင်းပိန်းပြီးဆုံးသွားတဲ့အခါ သင့်မိသားစုမှာ ဖိတ်စာတွေကျန်နေသေးတယ်ဆိုရင် စည်းဝေးကြီးကျင်းပတဲ့နေရာကိုယူလာပြီး အလွတ်သဘောသက်သေခံရာမှာအသုံးပြုပါ။ ထပ်ဆင့်အချက်အလက်တွေကို သောကြာနေ့အစီအစဉ်အတွင်း ထပ်ပေးပါလိမ့်မယ်။ သင့်မိသားစုအနေနဲ့ ဖိတ်စာတွေကို စည်းဝေးကြီးကျင်းပတဲ့မြို့မှာ မဝေငှနိုင်တော့ဘူးလို့ ယူဆတယ်ဆိုရင် စည်းဝေးကြီးကျင်းပမယ့်အဆောက်အအုံထဲရောက်တဲ့အခါ အဲဒီဖိတ်စာတွေကို ဧည့်ကြိုတစ်ဦးကို ပေးသင့်ပါတယ်။ သင့်ကိုယ်ပိုင်အတွက် ဖိတ်စာတစ်စောင်ယူထားပါ၊ တနင်္ဂနွေနေ့ နောက်ဆုံးဟောပြောချက်အတွင်း အဲဒီဖိတ်စာကို ပြန်ကြည့်ဖို့လိုအပ်မှာဖြစ်တယ်။
၆။ စည်းဝေးကြီးမှာ အမူအကျင့်ကောင်းကို ဘယ်လိုနည်းတွေနဲ့ တင်ပြနိုင်သလဲ။
၆ အမူအကျင့်ကောင်းက လန်းဆန်းစေ– လူအတော်များများဟာ “ကိုယ့်ကိုယ်ကိုယ်ချစ်သူ” တွေဖြစ်နေကြပြီး သူတစ်ပါးအပေါ် ကိုယ်ချင်းစာနာစိတ်မတင်ပြတဲ့အချိန်မှာ အမူအကျင့်ကောင်းကို ကြိုးစားတင်ပြတဲ့ခရစ်ယာန်တွေနဲ့ ဝန်းရံခံရတာဟာ ဘယ်လောက် လန်းဆန်းစရာကောင်းလိုက်ပါသလဲ။ (၂ တိ. ၃:၂) စည်းဝေးကြီးကျင်းပတဲ့အဆောက်အအုံကို နံနက် ၈:၀၀ မှာဖွင့်တဲ့အခါ အဲဒီအဆောက်အအုံထဲကို အေးဆေးငြိမ်သက်စွာ၊ စနစ်တကျဝင်သွားခြင်းဖြင့် အမူအကျင့်ကောင်းတင်ပြနိုင်သလို ကျွန်တော်တို့အိမ်မှာနေထိုင်သူ ဒါမှမဟုတ် ကားအတူစီးသူ ဒါမှမဟုတ် လက်ရှိကျမ်းစာသင်သားတွေအတွက်ပဲ ထိုင်ခုံနေရာယူပေးခြင်းဖြင့်လည်း အမူအကျင့်ကောင်းကို တင်ပြနိုင်တယ်။ အစီအစဉ်သဘာပတိက အစီအစဉ်ပိုင်းကိုမိတ်ဆက်ပြီးနောက် ကိုယ့်ထိုင်ခုံမှာ နေရာယူရင်း တေးသံသာကို နားထောင်ဖို့ပြောလာတဲ့အခါ ကျွန်တော်တို့လိုက်နာကြတယ်။ အစီအစဉ်အတွင်းမှာ အခြားသူတွေကို အနှောင့်အယှက်မဖြစ်စေဖို့ ဆဲလ်ဖုန်းတွေကို ပိတ်ထားခြင်းကလည်း အမူအကျင့်ကောင်း တင်ပြရာရောက်တယ်။ အစီအစဉ်အတွင်းမှာ မလိုအပ်ဘဲ စကားပြောတာ၊ ဖုန်းကနေ စာတိုလေးတွေပေးပို့တာ၊ အစာစားတာ ဒါမှမဟုတ် ဟိုသွားဒီသွားလုပ်တာတွေ မပြုလုပ်ခြင်းဖြင့်လည်း အမူအကျင့်ကောင်းကို တင်ပြကြတယ်။
၇။ ညီကိုတွေနဲ့ပေါင်းသင်းမှုလုပ်တဲ့အခါ ကိုယ်တိုင်နဲ့ တခြားသူတွေလန်းဆန်းမှုရအောင် ဘာလုပ်နိုင်သလဲ။
၇ လန်းဆန်းစေတဲ့ပေါင်းသင်းမှု– စည်းဝေးကြီးတက်တဲ့အခါ ကျွန်တော်တို့ရဲ့ခရစ်ယာန်ညီကိုအသင်းအပင်းစည်းလုံးမှုကိုမြင်ရလို့ လန်းဆန်းပြီး ရွှင်လန်းကြရတယ်။ (ဆာ. ၁၃၃:၁-၃) ကျွန်တော်တို့ရဲ့စိတ်နှလုံးကို အစပြု “ကျယ်ဝန်းစေ” ပြီး တခြားအသင်းတော်တွေက ညီကို၊ ညီမတွေနဲ့ နှုတ်ဆက်စကားပြောသင့်တယ်။ (၂ ကော. ၆:၁၃) နေ့တိုင်း အနည်းဆုံး လူသစ်တစ်ယောက် ဒါမှမဟုတ် မိသားစုတစ်စုကို သိကျွမ်းဖို့ ပန်းတိုင်ထားနိုင်တယ်။ နေ့လယ်ရပ်နားချိန်က အဲဒီလိုလုပ်ဖို့ အခွင့်အရေးကောင်းရရှိစေတယ်။ ဒါကြောင့် အပြင်မှာ ထမင်းထွက်စားမယ့်အစား ဒါမှမဟုတ် အနီးအနားက စားသောက်ဆိုင်မှာ သွားစားမယ့်အစား ဟင်းအမည် မများတဲ့နေ့လယ်စာကို ယူလာပါ။ ဒီလိုလုပ်ခြင်းကြောင့် မိတ်ဆွေအသစ်တွေရလာပြီး သူတို့နဲ့ရင်းနှီးခင်မင်သွားမှာဖြစ်တယ်၊ ဒါကလည်း ကောင်းချီးတစ်ခုပါပဲ။
၈။ ကျွန်တော်တို့ဟာ စည်းဝေးကြီးမှာ ဘာကြောင့် စေတနာ့ဝန်ထမ်းလုပ်သင့်တာလဲ၊ ဘယ်လိုလုပ်ဆောင်နိုင်သလဲ။
၈ အမှုတော်မြတ်မှာ ယုံကြည်သူချင်းတွေနဲ့အတူ တွဲဖက်လုပ်ဆောင်ရတာဟာ တကယ့်ကို လန်းဆန်းစေပါတယ်။ ဌာနတစ်ခုကို ကူညီပေးဖို့ ဒါမှမဟုတ် သန့်ရှင်းရေးတာဝန်ရထားတဲ့ သင့်အသင်းတော်ကို ကူညီဖို့ စေတနာ့ဝန်ထမ်းလုပ်နိုင်မလား။ (ဆာ. ၁၁၀:၃) တာဝန်ခန့်အပ်ချက်တစ်ခုခု မရထားသေးဘူးဆိုရင် စည်းဝေးကြီးစေတနာ့ဝန်ထမ်းဌာနကို ကျေးဇူးပြု၍ အကြောင်းကြားနိုင်ပါတယ်။ စေတနာ့ဝန်ထမ်းများစွာရှိတဲ့အခါ အလုပ်လုပ်ရတာပျော်စရာကောင်းပြီး သိပ်မပင်ပန်းတော့ဘူး။
၉။ စည်းဝေးကြီးအတွင်းမှာ ကျွန်တော်တို့ရဲ့အမူအကျင့်နဲ့ အသွင်အပြင်ကို ဘာကြောင့် အထူးအာရုံစိုက်သင့်သလဲ။
၉ ကျွန်တော်တို့ရဲ့အမူအကျင့်က အကဲခတ်နေသူတွေကို လန်းဆန်းစေ– ကျွန်တော်တို့ဟာ အစီအစဉ်အတွင်းလောက်သာမဟုတ်ဘဲ စည်းဝေးကြီးသုံးရက်စလုံးမှာ စည်းဝေးကြီးကို ကိုယ်စားပြုတဲ့သူတွေ ဖြစ်ကြတယ်။ စည်းဝေးကြီးကျင်းပတဲ့မြို့မှာရှိနေစဉ် ကျွန်တော်တို့ဟာ သက်သေခံမဟုတ်သူတွေနဲ့ သိသိသာသာကွာခြားကြောင်း အကဲခတ်သူတွေ တွေ့မြင်ပြီး လန်းဆန်းသွားစေသင့်တယ်။ (၁ ပေ. ၂:၁၂) စည်းဝေးကြီးကျင်းပတဲ့နေရာ၊ တည်းခိုတဲ့နေရာနဲ့ စားသောက်ဆိုင်တွေမှာ ကျွန်တော်တို့ရဲ့ဝတ်စားဖြီးလိမ်းပုံက ယေဟောဝါကို ဂုဏ်တင်သင့်ပါတယ်။ (၁ တိ. ၂:၉၊ ၁၀) ရင်ထိုးကတ်တွေ တပ်ဆင်ထားမယ်ဆိုရင် ကျွန်တော်တို့ဟာ ယေဟောဝါသက်သေတွေဆိုတာကို လူတွေသိကြပါလိမ့်မယ်။ အဲဒါက စည်းဝေးကြီးအကြောင်းကို ပြောပြခွင့်ရရှိစေမှာဖြစ်ပြီး နောက်ထပ်သက်သေခံခွင့်လည်း ရရှိနိုင်တယ်။
၁၀။ ကျွန်တော်တို့ရဲ့ခရစ်ယာန်အမူအကျင့်ဟာ ကောင်းတဲ့သက်သေခံချက်ဖြစ်ကြောင်းဖော်ပြတဲ့ ဘာတွေ့ကြုံမှုရှိသလဲ။
၁၀ စည်းဝေးကြီးအတွင်းမှာ ကျွန်တော်တို့ရဲ့အမူအကျင့်ကောင်းကြောင့် တခြားသူတွေ ဘာစိတ်စွဲမှတ်သွားနိုင်သလဲ။ သတင်းစာဆောင်းပါးတစ်ခုအရ စည်းဝေးကြီးအတွက်အသုံးပြုတဲ့ အဆောက်အအုံမန်နေဂျာက ဒီလိုပြောတယ်– “သူတို့ဟာ အင်မတန်ယဉ်ကျေးတဲ့သူတွေပဲ။ ကျွန်တော်တို့ရဲ့အဆောက်အအုံကို သူတို့တွေကို နှစ်တိုင်းငှားစေချင်တယ်။” လွန်ခဲ့တဲ့နှစ် စည်းဝေးကြီးကိုယ်စားလှယ်တွေတည်းတဲ့ဟိုတယ်တစ်ခုမှာ သက်သေခံမဟုတ်တဲ့လူတစ်ယောက် ပိုက်ဆံအိတ်ပျောက်သွားခဲ့တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့သက်သေခံက ဟိုတယ်မန်နေဂျာကို ပိုက်ဆံအိတ်နဲ့အတူ အထဲမှာပါတဲ့အရာတစ်ခုမကျန် ပြန်ပေးလိုက်တဲ့အခါ မန်နေဂျာက ပိုက်ဆံအိတ်ပိုင်ရှင်ကို ဒီလိုပြောတယ်– “ဒီအနီးအနားမှာ ယေဟောဝါသက်သေခံတွေ စည်းဝေးကြီးကျင်းပနေတာ၊ ဒီဟိုတယ်မှာ သူတို့တွေနဲ့ပြည့်နေတာက ခင်ဗျားအတွက် ကောင်းသွားတာပေါ့ဗျာ။ အဲဒီလိုမှမဟုတ်ရင် ပိုက်ဆံအိတ်ကို ခင်ဗျား ပြန်ရချင်မှပြန်ရမှာ။”
၁၁။ စည်းဝေးကြီးနီးလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က ဘာဖြစ်သင့်သလဲ၊ ဘာကြောင့်လဲ။
၁၁ ဒီနှစ်အတွက် စည်းဝေးကြီးကျင်းပမယ့်အချိန် နီးလာပါပြီ။ အစီအစဉ်တွေရေးဆွဲတဲ့အခါနဲ့ လန်းဆန်းမှုပေးတဲ့စည်းဝေးကြီးဝန်းကျင်ဖြစ်ဖို့ စီစဉ်ပြုလုပ်တဲ့နေရာမှာ အချိန်နဲ့ကြိုးစားအားထုတ်မှုများစွာ ပေးဆပ်ခဲ့ပြီ။ သုံးရက်စလုံးတက်ဖို့ ပန်းတိုင်ထားပါ၊ ယေဟောဝါနဲ့ သူ့အဖွဲ့အစည်းက သင့်ကိုပြင်ဆင်ပေးထားတာတွေရယူနိုင်အောင် ကြိုတင်ပြင်ဆင်မှုလုပ်ပါ။ သင့်ရဲ့အမူအကျင့်ကောင်း၊ ရွှင်လန်းဖွယ်ပေါင်းသင်းမှုနဲ့ ကောင်းတဲ့အပြုအမူတွေအားဖြင့် တခြားသူတွေကို လန်းဆန်းစေဖို့ စိတ်ပိုင်းဖြတ်ပါ။ ဒီလိုဆိုရင် “ဒါထက်ပိုကောင်းတဲ့အတွေ့အကြုံ မရှိနိုင်တော့ဘူး” လို့ရေးခဲ့တဲ့ မနှစ်ကကိုယ်စားလှယ်တစ်ဦးလိုပဲ သင်နဲ့ တခြားသူတွေလည်း ခံစားနိုင်ပါလိမ့်မယ်။
[စာမျက်နှာ ၁ ပါ စာ]
အရင်ကလိုပဲ၊ စည်းဝေးကြီး မစခင် သုံးပတ်အလိုမှာ စည်းဝေးကြီးလာတက်ဖို့ ဖိတ်စာဝေတဲ့ကင်ပိန်းကို ကျွန်တော်တို့လုပ်ဆောင် ကြပါမယ်
[စာမျက်နှာ ၂ ပါ စာ]
စည်းဝေးကြီးကျင်းပတဲ့ နေရာမှာ၊ တည်းခိုတဲ့နေရာနဲ့ စားသောက်ဆိုင်တွေမှာ ကျွန်တော်တို့ရဲ့ဝတ်စား ဖြီးလိမ်းပုံက ယေဟောဝါကို ဂုဏ်တင်သင့်ပါတယ်
[စာမျက်နှာ ၂ ပါလေးထောင့်ကွက်]
ဖိတ်စာတွေကို ကျွန်တော်တို့ ဘယ်လိုဝေငှကြမလဲ
ရပ်ကွက်တစ်ခုလုံးပြီးမြောက်နိုင်ဖို့ အတိုချုပ်ပြောသင့်ပါတယ်။ ဒီလိုပြောနိုင်တယ်– “မင်္ဂလာပါ။ ဒီဖိတ်စာကို ကျွန်တော်တို့ ကမ္ဘာတစ်ဝန်းလုံးမှာ ဝေငှနေပါတယ်။ သင့်အတွက် တစ်စောင်ယူလာပါတယ်။ ဖိတ်စာထဲမှာ ပိုပြီးတော့အသေးစိတ်တွေ့ရပါလိမ့်မယ်။” ဖိတ်စာရဲ့မျက်နှာဖုံးက အိမ်ရှင်ရဲ့စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်တဲ့အတွက် ဝေငှတဲ့အခါ မျက်နှာဖုံးကို အိမ်ရှင်မြင်သာစေပါ။ စိတ်ထက်သန်မှုရှိပါ။ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဝေငှတဲ့အခါ သင့်တော်တဲ့အခါတိုင်း မဂ္ဂဇင်းတွေနဲ့လည်း တွဲဝေသင့်ပါတယ်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
သင့်ရဲ့အမူအကျင့်ကောင်း၊ ရွှင်လန်းဖွယ်ပေါင်းသင်းမှုနဲ့ ကောင်းတဲ့အပြုအမူတွေ အားဖြင့် တခြားသူတွေကို လန်းဆန်းစေဖို့ စိတ်ပိုင်းဖြတ်ပါ
[စာမျက်နှာ ၃ ပါလေးထောင့်ကွက်]
၂၀၁၁ ခရိုင်စည်းဝေးကြီး သတိပေးချက်များ
◼ အစီအစဉ်အချိန်များ– အစီအစဉ်သုံးရက်စလုံးကို နံနက် ၉:၂၀ နာရီမှာ စတင်မှာဖြစ်တယ်။ တံခါးတွေကို နံနက် ၈:၀၀ နာရီမှာ ဖွင့်ပါလိမ့်မယ်။ အစီအစဉ်ကို စနစ်တကျစတင်နိုင်ဖို့အတွက် အဖွင့်တေးသံသာကြေညာချိန်မှာ ကျွန်တော်တို့အားလုံးဟာ မိမိတို့ရဲ့ထိုင်ခုံမှာ ရှိနေသင့်ပါတယ်။ အစီအစဉ်ကို သောကြာနေ့နဲ့ စနေနေ့မှာ ညနေ ၄:၅၅ နာရီ၊ တနင်္ဂနွေနေ့မှာ ညနေ ၃:၄၀ နာရီမှာ နိဂုံးချုပ်မှာ ဖြစ်ပါတယ်။
◼ ကားရပ်နားခြင်း– စည်းဝေးကြီးကျင်းပတဲ့နေရာမှာ ကားရပ်မယ့်နေရာတွေကို ကျွန်တော်တို့ ကြီးကြပ်ပေးမှာ ဖြစ်ပါတယ်၊ တက်ရောက်လာသူတွရဲ့ကားတွေရပ်နားဖို့ နေရာတွေကို စီစဉ်ပေးထားမှာဖြစ်ပြီး အခကြေးငွေ ပေးစရာမလိုဘဲ ဦးရာလူစနစ်နဲ့ ရပ်နားနိုင်ပါတယ်။ ကားရပ်နားဖို့နေရာတွေက အများအားဖြင့် အကန့်အသတ်ရှိတာကြောင့် အတတ်နိုင်ဆုံး စုပေါင်းစီးသင့်ပါတယ်။
◼ ထိုင်ခုံဦးခြင်း– သင်နဲ့အတူ ကားတစ်စီးတည်းစီးလာသူတွေ ဒါမှမဟုတ် သင်နဲ့တစ်အိမ်တည်း နေတဲ့သူတွေ၊ သင်နဲ့အတူ လက်ရှိကျမ်းစာလေ့လာနေတဲ့သူတွေအတွက် ထိုင်ခုံဦးထားနိုင်ပါတယ်။—၁ ကော. ၁၃:၅။
◼ နေ့လယ်စာ– နေ့လယ်စာစားချိန်မှာ အပြင်ထွက်ပြီး ဝယ်စားမယ့်အစား ကျေးဇူးပြု၍ နေ့လယ်စာယူလာပါ။
◼ အလှူငွေများ– နိုင်ငံတော်ခန်းမမှာ ဒါမှမဟုတ် စည်းဝေးကြီးမှာ ကမ္ဘာချီလုပ်ငန်းအတွက် စေတနာအလျောက် အလှူငွေထည့်ဝင်ခြင်းဖြင့် စည်းဝေးကြီးအစီအစဉ်တွေအတွက် ကျွန်တော်တို့ရဲ့ကျေးဇူးတင်လေးမြတ်မှုကို ဖော်ပြနိုင်ပါတယ်။ စည်းဝေးကြီးမှာ ချက်လက်မှတ်နဲ့ အလှူငွေပေးလိုတယ်ဆိုရင် “ယေဟောဝါသက်သေများ၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ ရန်ကုန်” သို့ ပေးလှူသင့်ပါတယ်။
◼ မတော်တဆထိခိုက်မှုများနဲ့ အရေးပေါ်အခြေအနေများ– စည်းဝေးကြီးကျင်းပတဲ့နေရာမှာ ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေပေါ်ပေါက်လာရင် ရှေးဦးသူနာပြုဌာနကို ချက်ချင်းအကြောင်းကြားပေးမယ့် အနီးအနားမှာရှိတဲ့ ဧည့်ကြိုတစ်ဦးနဲ့ ကျေးဇူးပြုပြီး ဆက်သွယ်ပါ။ အဲဒါမှ ကျွန်တော်တို့ရဲ့ အရည်အချင်းရှိ ရှေးဦးသူနာပြုတွေက အခြေအနေစိုးရိမ်စရာရှိမရှိ အကဲဖြတ်ပြီး အကူအညီပေးနိုင်ပါလိမ့်မယ်။
◼ ဆေးဝါး– ဆရာဝန်ညွှန်းတဲ့ဆေးသောက်ဖို့လိုတယ်ဆိုရင် စည်းဝေးကြီးကျင်းပတဲ့နေရာမှာ လိုအပ်တဲ့ဆေးတွေရနိုင်မှာမဟုတ်တဲ့အတွက် သောက်ဖို့လိုအပ်တဲ့ဆေးတွေကို ကျေးဇူးပြု၍ သင်နဲ့တစ်ပါတည်းယူလာပါ။
◼ ဖိနပ်များ– ဖိနပ်ကြောင့် နှစ်စဉ် ထိခိုက်ဒဏ်ရာရသူ အတော်များများရှိတယ်။ လှေကားတွေ၊ သံဘားတန်းတွေ အစရှိတဲ့နေရာတွေမှာ ဘေးကင်းစွာ လျှောက်လှမ်းနိုင်ဖို့ သင့်တော်တဲ့ဖိနပ်ကို ရွေးချယ်တာက အကောင်းဆုံးဖြစ်ပါတယ်။
◼ ကျေးဇူးပြု၍ ဆက်လိုက်ပေးပါ (S-43) ပုံစံများ– စည်းဝေးကြီးအတွင်း အလွတ်သဘောသက်သေခံတဲ့အခါ စိတ်ဝင်စားမှုပြသူတွေရဲ့ အချက်အလက်တွေကို မှတ်သားဖို့ ကျေးဇူးပြု၍ ဆက်လိုက်ပေးပါ ပုံစံကို အသုံးပြုသင့်ပါတယ်။ ကြေညာသူတွေဟာ ဆက်လိုက်ပေးပါပုံစံ တစ်ရွက်နှစ်ရွက်ကို စည်းဝေးကြီးသို့ ယူလာသင့်ပါတယ်။ ဖြည့်စွက်ပြီးတဲ့ပုံစံတွေကို စာအုပ်စာတမ်းကောင်တာ ဒါမှမဟုတ် သင့်အသင်းတော်ကို ပြန်ရောက်တဲ့အခါ အတွင်းရေးမှူးကို ပေးနိုင်ပါတယ်။—၂၀၀၉၊ နိုဝင်ဘာလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စ. ၄ တွင်ကြည့်ပါ။
◼ စားသောက်ဆိုင်များ– စားသောက်ဆိုင်တွေမှာ သင့်ရဲ့အမူအကျင့်ကောင်းတွေနဲ့ ယေဟောဝါရဲ့နာမတော်ကို ဂုဏ်တင်ပါ။
◼ စေတနာ့ဝန်ထမ်းခြင်း– ကျွန်တော်တို့ဟာ လိုအပ်တာတွေကို ကူညီလုပ်ဆောင်ပေးဖို့ စေတနာ့ဝန်ထမ်းမယ်ဆိုရင် စည်းဝေးကြီးတက်ရောက်ခြင်းကနေ ပိုပြီးပျော်ရွှင်မှု ရပါလိမ့်မယ်။ (တ. ၂၀:၃၅) စေတနာ့ဝန်ထမ်းလိုသူ ဘယ်သူမဆို စည်းဝေးကြီးစေတနာ့ဝန်ထမ်းဌာနကို အကြောင်းကြားသင့်ပါတယ်။ အသက် ၁၆ နှစ်အောက် ကလေးတွေလည်း မိဘ ဒါမှမဟုတ် အုပ်ထိန်းသူ ဒါမှမဟုတ် မိဘအုပ်ထိန်းသူ ယုံကြည်စိတ်ချတဲ့ လူကြီးတစ်ယောက်ယောက်ရဲ့ ကွပ်ကဲမှုအောက်မှာ အလုပ်လုပ်ခြင်းဖြင့် ကူညီပေးနိုင်ပါတယ်။