ရည်မှန်းချက်ကင်းမဲ့ခဲ့သော်လည်း ဘဝရည်ရွယ်ချက်ကိုတွေ့ရှိ
တစ်ခုသော နံနက်စောစောတွင် ကျွန်တော့်အိပ်ခန်းကိုရှာဖွေနေသည့် သန်မာထွားကြိုင်းသောလူနှစ်ဦးကြောင့် အိပ်ပျော်နေရာမှလန့်နိုးလာသည့်အခါ ကျွန်တော်မည်မျှတုန်လှုပ်ချောက်ချား၍ ဆောက်တည်ရာမရဖြစ်မည်ကို စဉ်းစားကြည့်ပါ။ မေမေသည် ထိတ်လန့်တုန်လှုပ်နေသဖြင့် မျက်စိမျက်နှာပျက်ပြီး အားကိုးရာမဲ့စွာနှင့် ထိုသူနှစ်ဦးကို စိုက်ကြည့်နေသည်။ ထိုသူတို့မှာ စုံထောက်များဖြစ်ကြသည်။
သူတို့ဘာရှာနေသည်ကို ကျွန်တော်ချက်ချင်းပင်သိလိုက်သည်။ ကျွန်တော်သည် ဘာမထီသည့်ပုံဖမ်းထားသော်လည်း စိတ်ထဲ၌မူကြောက်ရွံ့နေသည်။ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်ရှိ လူငယ်သူခိုးဂိုဏ်းကို ရဲတပ်ဖွဲ့မှပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးနေကြောင်း ကျွန်တော်နားလည်လိုက်သည်။ စုံထောက်များက ကျွန်တော့်ကိုအဝတ်အစားလဲရန် ကြမ်းတမ်းပြတ်တောင်းသောလေသံဖြင့် အမိန့်ပေးသည်။ ထို့နောက် စစ်ဆေးမေးမြန်းရန် ကျွန်တော့်ကို ရဲစခန်းသို့ခေါ်ဆောင်သွားသည်။
စိတ်မချမ်းမြေ့ဖွယ်ကောင်းသော ဤအခြေအနေသို့ ကျွန်တော်မည်သို့ရောက်ရှိခဲ့ရပါသနည်း။ ဤဇာတ်လမ်းသည် ကျွန်တော်ငယ်စဉ်ကလေးဘဝမှစတင်ခဲ့ပါသည်။ အသက် ၁၅ နှစ်အရွယ်ကတည်းက ကျွန်တော့်ကိုကျွန်တော် စိတ်ဓာတ်ခက်ထန်မာကျောသော ဆိုးသွမ်းလူငယ်အဖြစ်သဘောထားခဲ့သည်။ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း လူငယ်လူရွယ်အများက အကြောင်းမဲ့ပုန်ကန်ခြင်းကို “အေးစက်စက်နိုင်သည်” ဟုသဘောထားကြသည့်အတိုင်း ကျွန်တော်လည်း အကြွင်းမဲ့လက်ခံသဘောတူခဲ့သည်။ သို့နှင့် အသက် ၁၆ နှစ်အရွယ်တွင် အထက်တန်းကျောင်းမှ ကျောင်းထုတ်ခံလိုက်ရသဖြင့် ရပ်ကွက်ထဲမှ ဘိလိယက်ကစားခန်းတစ်ခုတွင် ကျက်စား၍အချိန်ဖြုန်းခဲ့သည်။ ထိုနေရာတွင် ဖောက်ထွင်းမှုကျူးလွန်သည့် လူငယ်ဂိုဏ်းတစ်ဂိုဏ်းနှင့် ဆက်သွယ်မိခဲ့သည်။ သေးငယ်သောဖောက်ထွင်းမှုအချို့တွင်ပါဝင်ပြီးနောက် ခံစားရသည့်စိတ်လှုပ်ရှားမှုနှင့် သည်းထိတ်ရင်ဖိုမှုတို့ကို အကြိုက်တွေ့လာရာမှ ဖောက်ထွင်းမှုတိုင်းသည်လည်း ရင်ဖိုစရာပီတိဖြာစရာဖြစ်လာသည်။
ဤသို့ဖြင့် ဖောက်ထွင်းမှုများကို ကိုးလကြာဆက်တိုက်ကျူးလွန်ခဲ့သည်။ ကျွန်တော်တို့သည် ငွေများများထားလေ့ရှိသော အတတ်ပညာပိုင်းဆိုင်ရာရုံးခန်းများကို အဓိကထားဖောက်ထွင်းကြသည်။ အဖမ်းမခံရဘဲ ဖောက်ထွင်းမှုကိုအကြိမ်ကြိမ် ကျူးလွန်လာနိုင်သည်နှင့်အမျှ ပို၍အတင့်ရဲလာကြသည်။ နောက်ဆုံးတွင် စီရင်စုဘဏ်၏ဘဏ်ခွဲတစ်ခုကို ဝင်စီးရန်ဆုံးဖြတ်ကြသည်။
ပထမဆုံးအကြိမ်အနေနှင့် ပြဿနာစတက်လာသည်။ ထိုညတွင် ဘဏ်တိုက်ထဲသို့ ချောချောမောမော အခက်အခဲမရှိဝင်ရောက်နိုင်ခဲ့သော်လည်း ရငွေမှတ်စက်ကိုသာဖွင့်နိုင်ခဲ့သဖြင့် ဖောက်ထွင်းရကျိုးမနပ်ခဲ့ပါ။ ပို၍ဆိုးသည်မှာ ကျွန်ုပ်တို့၏ဖောက်ထွင်းမှုကို ဖက်ဒရယ်ထောက်လှမ်းရေးဗြူရို (FBI) ကကိုင်တွယ်လိုက်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့၏မှုခင်းကို (FBI) ကစုံစမ်းစစ်ဆေးလာသဖြင့် မကြာမီအတွင်း ကျွန်တော်တို့တစ်ဖွဲ့လုံးကို ဖမ်းမိသွားသည်။
ဒုစရိုက်၏ဆိုးကျိုး
ကျွန်တော်သည် ဖောက်ထွင်းမှု ၇၈ မှုဖြင့် တရားစွဲခံရပြီး တစ်မှုချင်းကို ရုံးတော်၌ အသေးစိတ်ဖတ်ကြားသွားသဖြင့် စိတ်ကသိကအောက်ဖြစ်ပြီး အနေရခက်သွားသည်။ ဤအချက်အပြင် ကျွန်တော်တို့၏ပြစ်မှုများကို ဒေသန္တရသတင်းစာတွင် လူသိရှင်ကြားရေးသားလိုက်သဖြင့် ကျွန်တော့်မိဘတို့အပေါ် အကြီးအကျယ် ဂယက်ရိုက်ခဲ့သည်။ သို့သော် ကျွန်တော့်ကြောင့် မိဘတို့အရှက်တကွဲအကျိုးနည်းဖြစ်ရခြင်းကို ထိုစဉ်က ကျွန်တော်လုံးဝအရေးမစိုက်ခဲ့ပါ။ ကျွန်တော်သည် ပြည်နယ်စာရိတ္တပြုပြင်ရေးထောင်တွင် အချိန်ကာလ အကန့်အသတ်မရှိကျခံရန် စီရင်ချက်ချမှတ်ခံရသဖြင့် အသက် ၂၁ နှစ်ပြည့်သည်အထိ ထိန်းသိမ်းခံရမည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။ သို့သော်လည်း ကျွမ်းကျင်သောရှေ့နေတစ်ဦး၏ကြိုးပမ်းမှုကြောင့် ကျွန်တော်သည် အထူးစာရိတ္တပြုပြင်ရေးကျောင်းတစ်ကျောင်းသို့ ပြောင်းရွှေ့ခံရလေသည်။
ကျွန်တော်သည် ထောင်ဒဏ်ကိုရှောင်ရှားနိုင်ခဲ့သော်လည်း ကျွန်တော့်ရပ်ကွက်နှင့် အပေါင်းအသင်းဟောင်းများနှင့် ခွဲနေရသည့်စည်းကမ်းချက်ကိုမူ လိုက်နာရသည်။ သို့နှင့် ကျွန်တော်သည် ကျွန်တော်ကဲ့သို့သော ဆိုးသွမ်းလူငယ်များကို အထူးအာရုံစိုက်သည့် နယူးအာ့စ်မြို့ရှိ အလွတ်ပညာသင်ကျောင်းတစ်ကျောင်းတွင် အပ်နှံခံရသည်။ ၎င်းပြင် အတတ်ပညာရှင်၏ အကူအညီရရှိရေးအတွက် စိတ်ပညာရှင်တစ်ဦးနှင့် အပတ်စဉ်တွေ့ဆုံရပါသေးသည်။ ကျွန်တော့်မိဘတို့က ငွေကြေးအမြောက်အမြားအကုန်အကျခံပြီး ၎င်းစည်းကမ်းသတ်မှတ်ချက်များကို စီစဉ်ပေးခဲ့ကြသည်။
ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများ
ကျွန်တော်တို့၏ စစ်ဆေးစီရင်မှုကို လူသိရှင်ကြားကြေညာလိုက်ခြင်းကြောင့် ကျွန်တော်တို့မြို့ထုတ်သတင်းစာတွင် “အလိုလိုက်အမိုက်စော်ကား” ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော်တစ်ပုဒ်ပါရှိလာသည်။ ၎င်းဆောင်းပါးက ဆိုးသွမ်းလူငယ်ဂိုဏ်းစီရင်ခံရသည့် ပေါ့လျော့သောအပြစ်ဒဏ်ကို ဝေဖန်ထားသည်။ ဤအယ်ဒီတာ့အာဘော်သည် ကျွန်တော့်ကြောက်စိတ်ကို ပထမဆုံးအကြိမ်အဖြစ်ထိမှန်ခဲ့သည်။ သို့နှင့် သတင်းစာမှထိုသတင်းပါအပိုင်းကိုဖြတ်၍ ကျွန်တော့်ကြောင့် မိဘတို့ခံရသည့်စိတ်ဆင်းရဲမှု၊ အရှက်တကွဲဖြစ်မှုနှင့် ကုန်ကျစရိတ်များအတွက် တစ်နေ့နေ့တွင် တစ်နည်းနည်းဖြင့်ကာမိအောင် ပြန်လည်ပေးဆပ်မည်ဟု အဓိဋ္ဌာန်ပြုလိုက်သည်။
မိမိကိုယ်ကိုပြုပြင်ပြောင်းလဲနိုင်ကြောင်း သက်သေပြသည့်နည်းတစ်နည်းမှာ မူလတန်းဖြင့် အထက်တန်းကျောင်းကို ဖြေဆိုအောင်မြင်ခြင်းဖြစ်သည်ဟု ကျွန်တော်ယူဆသည်။ သို့နှင့် ယခင်ကထက် စာကိုအပတ်တကုတ်ကြိုးစားသည်။ ရလဒ်အနေနှင့် ပညာသင်နှစ်ကုန်ဆုံး၍ အစမ်းထားကာလအတွင်း ကျွန်တော့်ကိုတာဝန်ယူရသောအရာရှိနှင့်အတူ ကျွန်တော့်ကိုစီရင်ချက်ချခဲ့သည့် တရားသူကြီးရှေ့ပြန်လည်ဝင်ရောက်ရာတွင် တရားသူကြီးသည် ကျွန်တော့်ပညာရည်အဆင့် ပျမ်းမျှ (ခ) အဆင့်ရရှိသည်ကိုတွေ့ရသည့်အခါ တင်းနေသောမျက်နှာသည် ပြုံးယောင်သန်းလာသည်။ ဤသို့ဖြင့် ကျွန်တော် မူလကတက်ခဲ့သည့်ကျောင်းသို့ ပြန်သွားနိုင်သည့်လမ်းစပွင့်လာလေသည်။ နောက်တစ်နှစ်တွင် ကျွန်တော်အထက်တန်းကျောင်းကို အောင်မြင်ခဲ့သည်။
သံသရာရှည်သော ရည်မှန်းချက်ကင်းမဲ့သည့်ဘဝ
ထိုအချိန်သည် ၁၉၆၆ ခုနှစ်ဖြစ်သည်။ ကျွန်တော့်ကျောင်းနေဖက်အများသည် ဗီယက်နမ်စစ်ပွဲသို့ တစ်သုတ်ပြီးတစ်သုတ် ထွက်ခွာသွားကြသည်။ ကျွန်တော်သည် အနောက်ဗာဂျီးနီးယားရှိ ကွန်းကော့ကောလိပ်တွင် ကျောင်းတက်နေသည်။ ကောလိပ်ကျောင်းတွင် မူးယစ်ဆေးဝါး၊ ငြိမ်းချမ်းရေးစုဝေးပွဲနှင့် ယဉ်ကျေးမှုအသစ်အဆန်းတို့နှင့် ရင်းနှီးကျွမ်းဝင်လာသဖြင့် မိရိုးဖလာအကျင့်စရိုက်စံနှုန်းကို စောဒကတက်တတ်လာသည်။ ကျွန်တော်သည် အရာတစ်ခုခုကိုရှာနေခဲ့သော်လည်း မည်သည့်အရာဖြစ်မှန်း ကျွန်တော်ကိုယ်တိုင်မသိခဲ့ပါ။ ကျေးဇူးတော်ချီးမွမ်းရာနေ့ ကျောင်းပိတ်ရက်ရောက်သည့်အခါ ကျွန်တော်အိမ်မပြန်ဘဲ ကားကြုံဖြင့် ဘလူးရစ်ချ်တောင်တန်းကိုကျော်ဖြတ်၍ တောင်ပိုင်းဖလော်ရီဒါပြည်နယ်သို့ဆင်းခဲ့သည်။
ကျွန်တော့်တစ်သက်တာတွင် ဤသို့သောခရီးရှည်မျိုး တစ်ခါမျှမထွက်ဖူးသဖြင့် တွေ့ရမြင်ရသမျှသည် အသစ်အဆန်းချည်းဖြစ်ပြီး ရင်ထဲ၌ပျော်ရွှင်ကြည်နူးမိသည်။ ဤသို့သောပျော်ရွှင်ကြည်နူးမှုသည် ကျေးဇူးတော်ချီးမွမ်းရာနေ့တွင် ဆုံးခန်းတိုင်သွားသည်။ ထိုနေ့တွင် အခြေမဲ့အနေမဲ့နေထိုင်မှုဖြင့် ဒေတန္နာဘိချ်အချုပ်ခန်းသို့ရောက်ခဲ့ရသည်။ ကျွန်တော်သည် ရှက်လှသဖြင့် မိဘတို့နှင့်အဆက်အသွယ်မလုပ်သော်လည်း အကျဉ်းထောင်အာဏာပိုင်တို့က ဆက်သွယ်ခဲ့သည်။ ဤတစ်ကြိမ်၌လည်း ဖေဖေသည် ကျွန်တော်ထောင်မကျရအောင် ဒဏ်ငွေအမြောက်အမြားပေးဆောင်လိုက်သည်။
၎င်းနောက် ကောလိပ်ဆက်မတက်ဖြစ်တော့ပါ။ ခရီးထွက်လိုစိတ်ပေါက်လာသဖြင့် လက်ဆွဲသေတ္တာတစ်လုံးဆွဲ၍ အမေရိကန်ပြည်ထောင်စု၏အရှေ့ပိုင်း ပင်လယ်ကမ်းရိုးတန်းတစ်ကြော ကားကြုံဖြင့် ရည်ရွယ်ချက်မရှိဘဲ လူးလာဆန်ခတ်ခေါက်တုံ့ခေါက်ပြန်သွားလာပြီး ကျပန်းအလုပ်လုပ်ကာ လေလွင့်နေခဲ့သည်။ မိဘတို့ထံတစ်ခါတစ်ရံ ပြန်လေ့ရှိသော်လည်း ကျွန်တော်ဘယ်ရောက်လို့ဘယ်ပေါက်မှန်း သူတို့တော်ရုံနှင့်မသိကြချေ။ ကျွန်တော့်ကိုတွေ့ရသည့်အခါတိုင်း သူတို့ပျော်ကြသည်ကို အံ့သြစွာတွေ့ရသော်လည်း ကျွန်တော်သည် ခြေထောက်ဗွေပေါက်နေသူပီပီ တစ်နေရာတည်း၌ အတည်တကျမနေနိုင်ပေ။
ယခု ကျောင်းဆက်မတက်တော့သဖြင့် စစ်မှုထမ်းခြင်းမှရွှေ့ဆိုင်းသည့် ကျောင်းသားထောက်ခံချက်လည်းမရှိတော့ချေ။ ဥပဒေအရ စစ်မှုထမ်းရမည့်စာရင်းတွင် ထိပ်ပိုင်းမှပါဝင်နေသဖြင့် စစ်မှုထမ်းရန် အချိန်မရွေးဆင့်ခေါ်ခံရနိုင်သည်။ စည်းကမ်းတင်းကျပ်သည့်စစ်သားဘဝနှင့် လက်ရှိလွတ်လပ်မှုဆုံးရှုံးမည့်အရေးသည် မတွေးဝံ့စရာဖြစ်နေသည်။ သို့နှင့် သင်္ဘောဖြင့် နိုင်ငံမှထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်၌ အလုပ်အကိုင်သစ်တစ်ခုပေါ်လာသည်။ ထိုအလုပ်သည် နောက်ဆုံးတွင် ကျွန်တော့်အဖို့ စစ်မှန်သောဘဝရည်ရွယ်ချက် တွေ့ရှိစေပါသလော။
ပင်လယ်ပြင် ကြေးစားစစ်သားဘဝ
ကျွန်တော်တို့မိသားစု၏ မိတ်ဆွေဟောင်းတစ်ဦးသည် အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေကြောင်းတွင် မာလိန်မှူးဖြစ်သည်။ သူကကျွန်တော့်ကို များမကြာမီကဖွဲ့စည်းတည်ထောင်လိုက်သည့် ရေကြောင်းအင်ဂျင်နီယာ လေ့ကျင့်ရေးအစီအစဉ်တစ်ခုအကြောင်း ပြောပြသည်။ ယင်းသင်တန်းတက်လျှင် စစ်မှုထမ်းခြင်းမှရွှေ့ဆိုင်းခွင့်ရမည့်အပြင် ရေကြောင်းအင်ဂျင်နီယာဘွဲ့လည်းရနိုင်မည်ဖြစ်သည်။ ၁၉၆၉ ခုနှစ်တွင် ဒီပလိုမာဘွဲ့ကိုရရှိပြီး ဆန်ဖရန်စစ္စကိုရှိ ပထမဦးဆုံးသင်္ဘောတွင် တတိယအင်ဂျင်နီယာအရာရှိအဖြစ် တာဝန်ထမ်းဆောင်ရန် သဘောတူစာချုပ်ချုပ်လိုက်သည်။ ချက်ချင်းပင် ခဲယမ်းမီးကျောက်ကုန်စည်များတင်ဆောင်လျက် ဗီယက်နမ်နိုင်ငံသို့ထွက်ခွာခဲ့သည်။ ခရီးစဉ်တစ်လျှောက် ထူးထူးခြားခြားအဖြစ်အပျက် ဘာမျှမရှိချေ။ စင်ကာပူနိုင်ငံရောက်သည့်အခါ ထိုသင်္ဘောမှ ကျွန်တော်နုတ်ထွက်လိုက်သည်။
စင်ကာပူနိုင်ငံ၌ တိမ်းရှောင်သင်္ဘောတစ်စင်းတွင်လုပ်ကိုင်ရန် သဘောတူစာချုပ်ချုပ်သည်။ တိမ်းရှောင်သင်္ဘောဟုခေါ်ရသည်မှာ ၎င်းသင်္ဘောသည် ဆိပ်ကမ်းတွင်စောင့်ဆိုင်းနေကြသည့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်မဟုတ်သော အလုပ်သမားများကို ငှားရမ်းအသုံးပြု၍ဖြစ်သည်။ ၎င်းသင်္ဘောကို ဗီယက်နမ်ပင်လယ်ကမ်းခြေတစ်လျှောက်၊ တောင်ပိုင်းကမ်ရန်ပင်လယ်အော်မှ မြောက်ပိုင်းစစ်မဲ့ဇုန်အနီးရှိ ဒါနန်းမြို့အထိကူးသန်းသွားလာရာတွင် အသုံးပြုသည်။ ဤဒေသအတွင်း ကျယ်လောင်မြည်ဟီးသည့် ဗုံးသံအမြောက်သံများ စဲသည်ဟူ၍မရှိပေ။ သို့သော် စီးပွားရေးအရ ဤလမ်းကြောင်းသည် တွက်ခြေကိုက်သည့်အပြင် စစ်ပွဲအန္တရာယ်နှင့် ရံဖန်ရံခါ တိုက်ရိုက်တိုက်ခိုက်မှုခံရခြင်းအတွက် အပိုဆုကြေးများပါရရှိသည်။ ကျွန်တော်သည် ကြေးစားစစ်သားအနေနှင့် တစ်နှစ်အတွင်း ဝင်ငွေဒေါ်လာ ၃၅,၀၀၀ ရရှိခဲ့သည်။ ဤသို့ဝင်ငွေဖြောင့်နေစေကာမူ ကျွန်တော့်ဘဝတွင် ရည်ရွယ်ချက်မဲ့လျက်ပင်ရှိသည်။ လူ့ဘဝအဘယ်အဓိပ္ပာယ်ရှိသနည်း၊ ကျွန်တော်ဘယ်သွား၍ ဘယ်လာနေသနည်းဟူ၍ စောကြောနေမိသည်။
ရေးရေးမျှသော ဘဝအဓိပ္ပာယ်ရောင်ခြည်
တစ်ခါက ကျွန်တော်တို့သည် ရန်သူ၏သဲသဲမဲမဲတိုက်ခိုက်ခြင်းခံရပြီးနောက် ဘွိုင်လာအိုးတာဝန်ခံဖြစ်သူ အဲလ်ဘတ်က ဘုရားသခင်သည် မကြာမီ ကမ္ဘာအတွက် ငြိမ်းချမ်းရေးကို မည်သို့မည်ပုံဆောင်ကြဉ်းပေးမည့်အကြောင်း စ၍ပြောပြသည်။ ထူးဆန်းသောဤအကြောင်းကို ကျွန်တော်အာရုံစူးစိုက်စွာ နားထောင်မိသည်။ စင်ကာပူသို့အပြန်တွင် အဲလ်ဘတ်က သူသည် ယေဟောဝါသက်သေတစ်ဦးဖြစ်ခဲ့ကြောင်း၊ သို့သော် လှုပ်ရှားသူမဟုတ်တော့ကြောင်း ပြောပြသည်။ သို့နှင့် စင်ကာပူရှိယေဟောဝါသက်သေများကိုရှာရန် နှစ်ဦးသားဆိုင်းပြင်းကြသည်။ ကျွန်တော်တို့ကိုကူညီပေးနိုင်မည့်သူ ရှိပုံမရပေ။ သို့သော် ကျွန်တော်တို့သင်္ဘောပြန်မထွက်မီညတွင် အဲလ်ဘတ်က ဟိုတယ်ဧည့်ခန်းတွင် ကင်းမျှော်စင် မဂ္ဂဇင်းတစ်စောင်ကိုတွေ့လိုက်သည်။ ၎င်းပေါ်တွင် လိပ်စာရိုက်နှိပ်ထားသည်။ သို့သော် ထိုလိပ်စာကိုရှာရန်အချိန် မရခဲ့ပါ။ နောက်တစ်နေ့နံနက်တွင် သင်္ဘောကိုနှစ်ပတ်ကြာ လွန်းတင်မည့်အစီအစဉ်ဖြင့် ဂျပန်နိုင်ငံ၊ ဆာဆဲဘိုမြို့သို့ထွက်ခွာခဲ့သည်။
ဆာဆဲဘိုမြို့တွင် ကျွန်ုပ်တို့သည် သင်္ဘောသားများအား လစာထုတ်ပေးသည်။ ထို့နောက် အဲလ်ဘတ်က အလုပ်ထွက်သွားသည်။ သို့သော် တစ်ပတ်ကြာပြီးနောက် ဤသီတင်းပတ်ကုန်ရက်များတွင် ဆာဆဲဘိုမြို့၌ ယေဟောဝါသက်သေများ စည်းဝေးကြီးကျင်းပမည်ဟူသော ကြေးနန်းစာတစ်စောင်ကို သူ့ထံမှမမျှော်လင့်ဘဲရရှိခဲ့သည်။ မည်သို့သောစည်းဝေးမျိုးဖြစ်မည်ကို စူးစမ်းသည့်အနေနှင့်သွားကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုနေ့—၁၉၇၀ ပြည့်နှစ်၊ ဩဂုတ်လ ၈ ရက်—သည် ကျွန်တော့်တစ်သက်တာတွင် မမေ့နိုင်သောနေ့ဖြစ်ခဲ့သည်။ စည်းဝေးကြီးကျင်းပရာသို့ တက္ကစီဖြင့်ရောက်သွားပြီး သန့်သန့်ပြန့်ပြန့်ဝတ်ဆင်ထားကြသည့် ရာပေါင်းများစွာသော ဂျပန်လူမျိုးကြားထဲသို့ဝင်ရောက်ခဲ့သည်။ အများစုသည် အင်္ဂလိပ်စကားမပြောတတ်သော်လည်း အားလုံးက ကျွန်တော့်ကိုလက်ဆွဲနှုတ်ဆက်လိုပုံရသည်။ ဤသို့သောအဖြစ်အပျက်မျိုးကို တစ်ခါမျှမတွေ့ ကြုံဖူးပေ။ ဂျပန်ဘာသာဖြင့် ဟောပြောသွားသည့်အစီအစဉ်ကို ကျွန်တော်တစ်လုံးတစ်ပါဒမျှ နားမလည်သော်လည်း အလားတူကြိုဆိုမှုမျိုးကို နောက်တစ်ခါခံရမခံရသိလိုစိတ်ဖြင့် နောက်တစ်နေ့ဆက်လက်တက်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ ယခင်အတိုင်းပင်ကြိုဆိုခံရပါသည်!
သင်္ဘောအမှုထမ်းလူသစ်နောက်တစ်သုတ်နှင့် စာချုပ်ချုပ်ပြီးတစ်ပတ်အကြာတွင် စင်ကာပူသို့ ပြန်လည်ထွက်ခွာခဲ့သည်။ စင်ကာပူရောက်လျှင်ရောက်ချင်း ပထမဦးဆုံးတက္ကစီငှား၍ ကင်းမျှော်စင် မဂ္ဂဇင်းပေါ်မှလိပ်စာကို လိုက်ရှာသည်။ ခင်မင်ဖော်ရွေသည့်အမျိုးသမီးတစ်ဦး အိမ်ထဲမှထွက်လာပြီး ဘာအကူအညီပေးရမည်နည်းဟု မေးမြန်းသည်။ ကင်းမျှော်စင် ပေါ်မှလိပ်စာကိုပြလိုက်သည်နှင့် ချက်ချင်းပင်အိမ်ထဲသို့ခေါ်ထိုင်ပါသည်။ ထိုနောက် သူမ၏ခင်ပွန်းနှင့်တွေ့ဆုံ၍ သူတို့သည် ဩစတြေးလျနိုင်ငံမှ သာသနာပြုများဖြစ်ကြောင်း၊ နော်မန်နှင့်ဂလက်ဒီစ် ဘယ်လိုတီတို့ဖြစ်ကြောင်း သိရှိလိုက်ရသည်။ သူတို့သည် ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲကြိုဆို၍ မေးသမျှမေးခွန်းများကို ဖြေကြားခဲ့သည်။ ထိုနောက် ကျမ်းစာပေအပြည့်ထည့်ထားသော ဈေးဝယ်အိတ်တစ်လုံးနှင့် ကျွန်တော်အိမ်ပြန်ခဲ့သည်။ နောက်လအနည်းငယ်အတွင်း ဗီယက်နမ်ပင်လယ်ကမ်းခြေတစ်လျှောက် သင်္ဘောလိုက်ရင်းနှင့် ထာဝရအသက်သို့ပို့ဆောင်သော သမ္မာတရား စာအုပ်အပါအဝင် စာအုပ်တော်တော်များများကိုဖတ်ဖြစ်ခဲ့သည်။
ယခုသော် ကျွန်တော့်ဘဝအသက်တာတွင် စစ်မှန်သောရည်ရွယ်ချက်နှင့်ဦးတည်ချက် ရှိလာပြီဟုခံစားမိတော့သည်။ နောက်တစ်ခေါက် စင်ကာပူပြန်အရောက်တွင် ထိုသင်္ဘောမှ ကျွန်တော်အလုပ်ထွက်လိုက်သည်။
စိတ်ပျက်ဖွယ်ကောင်းသော အိမ်ပြန်ခြင်း
ပထမဆုံးအကြိမ်အနေနှင့် အိမ်ပြန်ချင်စိတ်ပြင်းပြလာသည်။ သို့နှင့် သီတင်းပတ်အနည်းငယ်ကြာပြီးနောက် မိဘတို့ကို ယေဟောဝါသက်သေများအကြောင်း ပြောပြလိုစိတ်ထက်သန်ပြင်းပြစွာဖြင့် အိမ်သို့ပြန်ရောက်ခဲ့သည်။ သူတို့သည် ကျွန်တော့်နည်းတူ စိတ်အားထက်သန်မှုမရှိကြချေ။ ဤသို့ဖြစ်မည်ဆိုလည်းဖြစ်လောက်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်အမူအကျင့်က ပြောင်းလဲခြင်းမရှိ၍ဖြစ်ပါသည်။ အိမ်ပြန်ရောက်၍ သီတင်းပတ်အနည်းငယ်သာရှိသေးသည်၊ ရပ်ကွက်ရှိညကလပ်တစ်ခုတွင် အကြီးအကျယ်ဒေါသထွက်ပြီး ရမ်းကားဖျက်ဆီးမိခဲ့သည်။ သတိပြန်ရသည့်အခါ အကျဉ်းထောင်ထဲ၌ရောက်ရှိနေသည်။
ထိုအချိန်မှစ၍ ကျွန်တော့်ကိုယ်ကို ပြုပြင်ပြောင်းလဲရန်နှင့် အမျက်ဒေါသကိုထိန်းချုပ်ရန် မျှော်လင့်ချက်မရှိတော့ဟု ယုံကြည်လာသည်။ ဤအတိုင်းပင် အကြောင်းမဲ့ပုန်ကန်တတ်သူ ဖြစ်သွားဖွယ်ရှိတော့သည်။ အိမ်၌ဆက်လက်နေ၍မဖြစ်တော့ဟု သဘောရသဖြင့် အိမ်မှထွက်ခဲ့ရပြန်သည်။ သို့နှင့် ရက်အနည်းငယ်အတွင်း အင်္ဂလန်နိုင်ငံသို့ထွက်ခွာသည့် နော်ဝေးကုန်တင်သင်္ဘောတစ်စီးနှင့်လိုက်ပါခဲ့သည်။
အင်္ဂလန်နှင့် ပြဇာတ်သင်တန်းကျောင်း
အင်္ဂလန်နိုင်ငံတွင်နေထိုင်ရသည်မှာ ပျော်စရာကောင်းသော်လည်း အလုပ်အကိုင်ကရှားပါးလှသည်။ သို့နှင့် ပြဇာတ်သင်တန်းကျောင်းအသီးသီးသို့ သွားရောက်စမ်းသပ်ခံရန် ဆုံးဖြတ်လိုက်လည်။ အံ့ဩစရာကောင်းသည်မှာ လန်ဒန်ပြဇာတ်အနုပညာသင်ကျောင်းတွင် ဝင်ခွင့်ရခဲ့သည်။ လန်ဒန်တွင်နေထိုင်သည့် နှစ်နှစ်တာကာလအတွင်း အပေါင်းအသင်းများနှင့် အရက်အလွန်အကျွံသောက်စားခဲ့သည့်အပြင် မူးယစ်ဆေးဝါးအမျိုးမျိုးကိုလည်း သုံးစွဲတတ်လာသည်။
အမေရိကန်ပြည်တွင်ရှိသည့် မိသားစုထံပြန်သွားလိုစိတ်ပေါက်လာပြန်သဖြင့် ပြန်သွားရန် ကောက်ကာငင်ကာဆုံးဖြတ်လိုက်သည်။ ကျွန်တော်၏ထူးဆန်းသောပုံပန်းသဏ္ဌာန်ကြောင့် သူတို့မည်မျှလန့်ဖျပ်သွားကြမည်ကို သင်စဉ်းစားကြည့်နိုင်ပါသည်။ ကျွန်တော်သည် ဝတ်ရုံအနက်ဝတ်ဆင်ထားပြီး ရွှေခြင်္သေ့ခေါင်းနှစ်လုံးကို တွဲဆက်ထားသည့်ရွှေဆွဲကြိုးကို လည်ပင်း၌ဆွဲထားသည်။ အနီရောင်ကတ္တီပါလက်ပြတ်ကိုယ်ကျပ်အင်္ကျီနှင့် ဒူးဆစ်အထိရှည်သောဘွတ်ဖိနပ်ထဲ ထိုးထည့်ထားသည့်သားရေအနားပါသော အနက်ရောင်ကတ္တီပါဘောင်းဘီကို ဝတ်ဆင်ထားသည်။ မိဘတို့က ကျွန်တော့်ပုံစံကို စိတ်နှင့်မတွေ့သည်မှာ မဆန်းလှပါ။ ကျွန်တော်လည်း အစဉ်အလာကြီးမားသည့် မိဘအသိုင်းအဝိုင်းတွင်အနေကျဉ်းကျပ်လှသည်။ သို့နှင့် အင်္ဂလန်သို့ပြန်ပြီး ထိုတွင် ၁၉၇၂ ခုနှစ်၌ ပြဇာတ်အနုပညာဒီပလိုမာကို ရရှိခဲ့သည်။ ယခု ရည်ရွယ်ချက်ပန်းတိုင်နောက်တစ်ခုသို့ အရောက်လှမ်းနိုင်ခဲ့ပြီဖြစ်သော်လည်း တစ်ချိန်လုံးစိတ်အနှောင့်အယှက်ပေးနေသည့် ကျွန်တော်ဘယ်ကိုဦးတည်သွားနေသလဲ ဟူသောမေးခွန်းက ထပ်တလဲလဲ ဒုက္ခပေးနေသေးသည်။ စစ်မှန်သောဘဝရည်ရွယ်ချက်ရှိဖို့လိုသည် ဟူသောခံစားချက် ရှိမြဲရှိနေဆဲပင်။
ရည်မှန်းချက်ကင်းမဲ့သောဘဝ၏နိဂုံး
၎င်းနောက်မကြာမီ၊ ကျွန်တော့်ဘဝတွင် တည်ငြိမ်မှုအတန်အရာရှိလာသည်ဟု နောက်ဆုံး၌ ခံစားမိလာသည်။ အိမ်နီးချင်းဖြစ်သူ ကယ်ရိုလိုင်းနှင့်မိတ်ဆွေဖြစ်ရာမှ စတင်လာသည်။ သူမသည် ဩစတြေးလျမှရောက်လာသည့် ကျောင်းဆရာမဖြစ်ပြီး ရိုးရိုးနှင့်တည်တည်နေတတ်သူဖြစ်သည်။ ကျွန်တော့်စရိုက်နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည်။ ကျွန်တော်တို့သည် ချစ်ကြိုက်ခြင်းမရှိဘဲနှင့် နှစ်နှစ်ကြာ ခင်မင်ရင်းနှီးခဲ့ကြသည်။ ကယ်ရိုလိုင်းသည် အမေရိကန်ပြည်သို့ သုံးလကြာသွားရောက်ရန် အကြောင်းကိစ္စပေါ်လာသဖြင့် ခင်မင်ရင်းနှီးမှုကြောင့် မိဘများထံ ရက်သတ္တပတ်အတန်ကြာတည်းခိုရန် စီစဉ်ပေးလိုက်သည်။ မိဘတို့သည် ကျွန်တော်ကဲ့သို့သော လူထူးလူဆန်းနှင့် အဘယ်ကြောင့်ပတ်သက်ဆက်ဆံရသနည်းဟူ၍ အံ့သြကြပေမည်။
ကယ်ရိုလိုင်းထွက်ခွာပြီးမကြာမီ ကျွန်တော်လည်း အိမ်ပြန်တော့မည်ဟု မိတ်ဆွေသူငယ်ချင်းတို့အား ပြောပြသည့်အခါ သူတို့က နှုတ်ဆက်ပွဲတစ်ခု သိုက်သိုက်မြိုက်မြိုက် ကျင်းပပေးသည်။ သို့သော် ကျွန်တော်သည် အမေရိကန်ပြည်သို့မပြန်ဘဲ လန်ဒန်၊ ဆောက်သ်ကင်ဆင်တန်သို့ပြောင်းသွားကာ မြေအောက်တိုက်ခန်းတစ်ခန်းငှားပြီး လန်ဒန်ရှိယေဟောဝါသက်သေများ၏ ဌာနခွဲရုံးသို့ဖုန်းဆက်လိုက်သည်။ မည်သို့သောဘဝအသက်တာလမ်းစဉ် လိုက်ရမည်ကို ကျွန်တော်စတင်သိမြင်လာသည်။ ရက်သတ္တတစ်ပတ်အတွင်း ခင်မင်စရာကောင်းသော ဇနီးမောင်နှံနှစ်ယောက် ကျွန်တော့်ထံရောက်လာပြီး မှန်မှန်ကျမ်းစာသင်အံမှုကို ချက်ချင်းပင်စီစဉ်သည်။ ကျွန်တော်ဖတ်ထားသည့် သက်သေခံစာပေများကြောင့် ကျွန်တော်သည် အလွန်စိတ်ထက်သန်နေသဖြင့် တစ်ပတ်နှစ်ကြိမ်သင်ပေးရန်ပန်ကြားခဲ့သည်။ ကျွန်တော်၏စိတ်အားထက်သန်မှုကို တွေ့ရှိသဖြင့် ဘော့ဘ်က ကျွန်တော့်ကို နိုင်ငံတော်ခန်းမသို့ စည်းဝေးတက်ရောက်ရန် ဖိတ်ခေါ်လေသည်။ များမကြာမီ အပတ်စဉ်အစည်းအဝေးအားလုံးကို ကျွန်တော်တက်ရောက်လျက် ရှိနေလေပြီ။
ယေဟောဝါသက်သေများ ဆေးလိပ်မသောက်ကြောင်းတွေ့ရသည့်အခါ ၎င်းအကျင့်ကိုချက်ချင်းဖြတ်ပစ်ရန် ကျွန်တော်ဆုံးဖြတ်လိုက်လည်။ သို့သော် ကျွန်တော်၏ပုံပန်းအသွင်အပြင်ကော။ ပုံပျက်ပန်းပျက်ဝတ်စားဆင်ယင်ခြင်း မပြုလိုတော့သဖြင့် ရှပ်အင်္ကျီတစ်ထည်၊ လည်စည်းတစ်ခုနှင့် ဝတ်စုံတစ်စုံကိုဝယ်လိုက်သည်။ မကြာမီအတွင်း တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ရန်အရည်အချင်း ပြည့်မီလာသည်။ အစပိုင်း၌ အတော်လေးကြောက်သော်လည်း တဖြည်းဖြည်းနှင့်ပျော်လာသည်။
ကယ်ရိုလိုင်းတော့ပြန်ရောက်လျှင် အကြီးအကျယ်အံ့သြမိမှာပဲဟု ကျွန်တော်ထင်ထားသည်။ ထင်သည်ထက်ပင်ပိုနေသေးသည်။ ဤမျှတိုတောင်းသည့်ကာလအတွင်း ကျွန်တော်၏ဝတ်စားဖြီးလိမ်းပုံနှင့် အခြားအခြားနေရာများ၌ ဤမျှကြီးမားစွာပြောင်းလဲသွားသည်ကို သူမ မယုံကြည်နိုင်အောင်ဖြစ်ခဲ့သည်။ ကျွန်တော်က ကျမ်းစာသင်အံမှုက မည်သို့အထောက်အကူပြုခဲ့ပုံကိုရှင်းပြပြီး အတူကျမ်းစာသင်ရန် ဖိတ်ခေါ်လိုက်သည်။ အစ၌ သူမသည် အနည်းငယ်စိုးရိမ်ပူပန်ပုံရသော်လည်း ကျွန်တော်နှင့်ကျမ်းစာသင်ရုံသာသင်မည်ဟူသော စည်းကမ်းချက်ဖြင့် သဘောတူလက်ခံလိုက်သည်။ ယခုကဲ့သို့ သူမလျင်မြန်စွာတုံ့ပြန်၍ များမကြာမီအတွင်း ကျမ်းစာသမ္မာတရားကို လေးမြတ်တန်ဖိုးထားလာခြင်းအတွက် ကျွန်တော်များစွာနှစ်ထောင်းအားရ ဖြစ်မိပါသည်။
လအတန်ကြာပြီးနောက် ကယ်ရိုလိုင်းက ဩစတြေးလျနိုင်ငံသို့ပြန်ရန်ဆုံးဖြတ်လိုက်သည်။ ဆစ်ဒနီမြို့တွင် ကျမ်းစာသင်အံမှု ဆက်လက်ပြုလုပ်သည်။ ကျွန်တော်ကား နှစ်ခြင်းခံနိုင်သည်အထိ လန်ဒန်တွင်နေရစ်ခဲ့သည်။ ခုနစ်လကြာပြီးနောက် ကျွန်တော်နှစ်ခြင်းခံဖြစ်သည်။ ယခု အမေရိကန်ပြည်ထောင်စုရှိ မိသားစုကိုတွေ့ချင်စိတ်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် ရည်မှန်းချက်ပန်းတိုင်ကိုအရောက်လှမ်းရန် ကျွန်တော်သန္နိဋ္ဌာန်ချထားသည်။
တစ်မူထူးခြားသည့်အိမ်ပြန်ခြင်း
အံ့သြတွေဝေနေသည့်မိဘတို့က ဤတစ်ကြိမ်တွင် ဘာများဖြစ်ဦးမလဲဟုသိလိုကြသည်။ ကျွန်တော့်ကိုယ်နှုတ်အမူအရာက အလွန်တရာ လေးစားစရာကောင်းနေ၍တည်း! ယခုမှ ကျွန်တော်လည်း ကိုယ့်အိမ်ကိုယ့်ရာကို အမှန်တကယ် ပြန်ရောက်နေသည်ဟူသောအသိစိတ်ဖြင့် ဝမ်းသာကြည်နူးနေမိသည်။ မိဘတို့သည် ကျွန်တော်၏ရုတ်တရက် ထူးထူးခြားခြားပြောင်းလဲပုံကို အံ့သြကြသော်လည်း ခါတိုင်းကဲ့သို့ပင် ကြင်နာမှု၊ ခွင့်လွှတ်သည်းခံမှုတို့ဖြင့် အလိမ္မာသုံး၍ ပြုမူတုံ့ပြန်ကြသည်။ နောက်ပိုင်းလများအတွင်း သူတို့နှင့်ကျမ်းစာသင်နိုင်သည့်အခွင့်အရေး ရရှိလာသည်။ ကျွန်တော့်နေပုံထိုင်ပုံပြောင်းလဲမှုကြောင့် စိတ်ဝင်စားလာသည့်အစ်မနှစ်ယောက်နှင့် ကျမ်းစာသင်အံမှုစတင်ခဲ့သည်။ မှန်ပါသည်၊ ဤတစ်ကြိမ်အိမ်ပြန်ခြင်းသည် အစစ်အမှန်ပင် ဖြစ်တော့သည်။
၁၉၇၃ ခုနှစ်တွင် ကယ်ရိုလိုင်းနှင့်အတူ ဩစတြေးလျကိုလိုက်သွားပြီး ထိုတွင် ၁၉၇၃ ခုနှစ်၊ ယေဟောဝါသက်သေများ၏ အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးတွင် အခြားလူ ၁,၂၀၀ နှင့်အတူ သူမနှစ်ခြင်းခံသည်ကို ဝမ်းမြောက်စွာတွေ့ မြင်ရသည်။ နောက်တစ်ပတ် ဩစတြေးလျနိုင်ငံ၏မြို့တော် ကင်ဘာရာမြို့တွင် ကျွန်တော်တို့လက်ထပ်လိုက်ကြသည်။ ဤမြို့တွင် ကျွန်တော်သည် အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်းတွင် အနှစ် ၂၀ ကြာ၊ ဒေသခံအသင်းတော်တွင် အကြီးအကဲအဖြစ် ၁၄ နှစ်ကြာ ထမ်းဆောင်ခွင့်ရရှိခဲ့သည်။
ကျွန်တော့်ဇနီး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သားသမီးသုံးယောက်—တော်ဘီ၊ အမ်ဘာနှင့် ဂျော်နသန်—ကိုကျွေးမွေးစောင့်ရှောက်နိုင်ခဲ့သည်။ သာမန်မိသားစုပြဿနာများကို ကျွန်တော်တို့လည်းရင်ဆိုင်ရသော်လည်း ကျွန်တော်သည် ရှေ့ဆောင်အဖြစ် အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်းတော်တွင် ပါဝင်နိုင်အောင်စီမံ၍ တစ်ချိန်တည်းတွင် မိသားစု၏ရုပ်ပိုင်းလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းနိုင်ခဲ့သည်။
ယနေ့၊ အမေရိကန်ပြည်ထောင်စုတွင်ရှိကြသော မိဘနှစ်ပါးတို့လည်း ယေဟောဝါ၏သစ္စာနှံအမှုတော်ထမ်းများ ဖြစ်ကြသည့်အပြင် နှစ်ဦးစလုံးသည် အသက် ၈၀ ကျော်ပြီဖြစ်သော်လည်း နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်နေကြဆဲဖြစ်သည်။ ဖေဖေသည် ဒေသအသင်းတော်တွင် ဓမ္မအမှုထမ်းအဖြစ် အမှုတော်ထမ်းဆောင်လျက်ရှိသည်။ အစ်မနှစ်ယောက်လည်း ယေဟောဝါ၏အမှုတော်တွင် စိတ်အားထက်သန်နေကြသည်။
နှစ်ပေါင်းများစွာ ရည်ရွယ်ချက်ကင်းမဲ့စွာလေလွင့်ခဲ့သော ကျွန်တော့်ဘဝအသက်တာသည် အတိတ်၌ ကုန်လွန်ကျန်ရစ်ခဲ့ပြီဖြစ်သောကြောင့် ယေဟောဝါ၏ကျေးဇူးတော်ကို လှိုက်လှိုက်လှဲလှဲချီးမွမ်းမိသည်။ အသက်တာကို အကောင်းဆုံးနည်းဖြင့်အသုံးပြုတတ်အောင် သွန်သင်ပေးရုံမျှမက စည်းလုံး၍ချစ်ခင်ကြင်နာသော မိသားစုရှိအောင်လည်း ကောင်းချီးမင်္ဂလာပေးတော်မူ၏။—ဒေးဗစ် ဇုဂ် ပက်ထရစ် ပြောပြသည်။
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ဒေးဗစ်နှင့် ဇနီးကယ်ရိုလိုင်း