ဘုရားအမှုတော်ထမ်းခြင်းမှ အကျွန်ုပ်ကျေနပ်မှုရ
ဂျော့ရှုအာ တောန်ဝါနာ ပြောပြသည်
လွန်ခဲ့သော ၁၉၄၂ ခုနှစ်က ကျွန်တော်ဝေခွဲမရ စိတ်ရှုပ်ထွေးခဲ့ပါသည်။ ထိုစဉ်က သတ္တမနေ့ဥပုသ်အသင်းစာပေများနှင့် ကင်းမျှော်စင်အသင်း၏ စာပေများကိုပါ လေ့လာနေသည်။ ရှေးဣသရေလလူမျိုးများကဲ့သို့ပင် ထိုစဉ်က ကျွန်တော်သည် “ယူဆချက်နှစ်ခုစပ်ကြား နုန့်နဲ့စွာ ဒွိဟဖြစ်” နေပါသည်။—၃ ဓမ္မရာဇဝင် ၁၈:၂၁၊ ကဘ။
သတ္တမနေ့ဥပုသ်အသင်းမှ “ဗျာဒိတ်တော်အသံ” အမည်ရှိ ပုံနှိပ်ဟောပြောချက်များကို ကျွန်တော်ရရှိနေသည်။ သူတို့မေးခွန်းအားလုံးကိုဖြေဆိုနိုင်မည်ဆိုလျှင် အောင်လက်မှတ်ထုတ်ပေးမည်ဟု ကတိရရှိထားသည်။ ကျွန်တော်တစ်ခုသတိပြုမိသည်ကား “ဗျာဒိတ်တော်အသံ” နှင့် ကင်းမျှော်စင်အသင်းမှလာသောစာပေများသည် တောင်အာဖရိကနိုင်ငံ၏ ကိတ်ပ်တောင်းမြို့မှ ပို့ပေးနေကြောင်းဖြစ်သည်။ ‘ဤအဖွဲ့အစည်းနှစ်ခုသည် တစ်ခုကိုတစ်ခုသိသလော။ သူတို့သွန်သင်ချက်များ တူညီသလော။ မတူပါက မည်သူမှန်ကန်သနည်း’ ဟုကျွန်တော်သိလိုခဲ့သည်။
အဖြေရရှိနိုင်ရန် အဖွဲ့အစည်းတစ်ခုစီထံ ဆင်တူယိုးမှားစာများကို ကျွန်တော်ရေးပို့ပေးခဲ့သည်။ ဥပမာ၊ ကင်းမျှော်စင်အသင်းထံ ဤသို့ရေးသားပါသည်။ “‘ဗျာဒိတ်တော်အသံ’ ထုတ်ဝေသူများကို သိပါသလော။ သိသည်ဆိုလျှင် သူတို့၏သွန်သင်ချက်များကို မည်သို့သဘောထားသနည်း။” နောက်ဆုံး အဖွဲ့နှစ်ခုစလုံးထံမှ ပြန်ကြားစာများရောက်လာပါသည်။ ကင်းမျှော်စင်အသင်းမှလာသောစာက “ဗျာဒိတ်တော်အသံ” အကြောင်းသူတို့သိရှိကြောင်း၊ ယင်း၏သွန်သင်ချက်များဖြစ်သည့် သုံးပါးတစ်ဆူနှင့် အသွေးအသားဖြင့် ကမ္ဘာပေါ်သို့ခရစ်တော်၏ပြန်ကြွလာခြင်းသည် ကျမ်းစာနှင့်မညီညွတ်ကြောင်း ရှင်းပြသည်။ ဤအယူဝါဒများမှားကြောင်း သက်သေထူသည့်ကျမ်းချက်များလည်း စာတွင်ထည့်ရေးပေးပါသည်။—ယောဟန် ၁၄:၁၉၊ ၂၈။
“ဗျာဒိတ်တော်အသံ” မှလာသောပြန်ကြားစာအရ သူတို့သည် “ကင်းမျှော်စင်အဖွဲ့ဝင်” များကိုသိရှိကြောင်း၊ သို့သော် သူတို့၏သွန်သင်ချက်များကို သဘောမတူနိုင်ကြောင်းသာ တင်ပြပါသည်။ အကြောင်းပြချက်များမပါခဲ့ပါ။ သို့ဖြစ်၍ ယေဟောဝါသက်သေများအသုံးပြုသည့် တရားဝင်အဖွဲ့အစည်းဖြစ်သော ကင်းမျှော်စင်အသင်းဘက် အလေးသာသွားပါသည်။ ယနေ့ သက်သေခံများနှင့် နှစ်ပေါင်း ၅၀ ပေါင်းသင်းခွင့်ရရှိပြီးနောက် ထိုသို့မှန်ကန်စွာဆုံးဖြတ်ခဲ့သဖြင့် အလွန်ဝမ်းသာမိပါသည်။
ဘာသာတရားနောက်ခံ
တောင်အာဖရိနိုင်ငံရှိ ပီတာစဘာ့ဂ်မြို့၏အရှေ့ဘက် မာကန်ယကျေးလက်တွင် ၁၉၁၂ ခုနှစ်တွင် ကျွန်တော်မွေးဖွားခဲ့ပါသည်။ ထိုစဉ်က မာကန်ယသည် အင်္ဂလီကန်အသင်း၏အုပ်ချုပ်မှုအောက် ရှိခဲ့ပါသည်။ သို့ဖြစ်၍ ထိုအသင်းကို ကျွန်တော်ဝင်ခဲ့ပါသည်။ ဆယ်နှစ်အရွယ်တွင် ကျွန်တော်တို့မိသားစုသည် လူသရင်ဘာလင်မစ်ရှင်အသင်း လွှမ်းမိုးသည့် အရပ်သို့ရွှေ့ပြောင်းနေထိုင်ကြရာ ကျွန်တော့်မိဘများက ထိုအသင်းကိုဝင်လေသည်။ ကျွန်တော်လည်းပွဲတော်ဝင်၍ မုန့်တစ်ကိုက်စာနှင့်စပျစ်ရည်တစ်ငုံစာသုံးဆောင်နိုင်သည်အထိ အရည်အချင်းပြည့်မီလာခဲ့သော်လည်း ကျွန်တော့်ဝိညာဏအာသာပြေမှု မရရှိနိုင်ပါ။
ရှစ်နှစ်ကျောင်းနေပြီးနောက် ကျွန်တော်အား အဖေက ကီလ်နာတန်လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ပေးပြီး ၁၉၃၅ ခုနှစ်တွင် တတိယနှစ်ကျောင်းဆရာလက်မှတ် ရရှိခဲ့ပါသည်။ ကျွန်တော်နှင့်တွဲဖက်သင်ကြားခဲ့သော ဆရာဆရာမများတွင် ကယ်ရိုလိုင်းအမည်ရှိ အမျိုးသမီးငယ်တစ်ဦးပါသည်။ ကျွန်တော်တို့အကြောင်းပါ၍ နောင်တွင် ကယ်ရိုလိုင်းသည် သမီးလေးမွေးပေးခဲ့ရာ သူ့အား ဒမားရစ္စအမည်ပေးခဲ့ကြသည်။ နှစ်အနည်းငယ်အကြာတွင် မာမာတစ်ရှ်ကျေးလက်ရှိ စက်သ်လာလကျောင်းတွင် ကျွန်တော်ဆရာကြီးဖြစ်လာသည်။ ထိုကျောင်းမှာ ဒတ်ချ်ပြန်လည်တည်ထောင်ရေးအသင်း၏ကျောင်းဖြစ်သည့်အတွက် ထိုအသင်းကို ကျွန်တော်တို့ဝင်ပြီး ယင်း၏ဆုတောင်းအစည်းအဝေးများကို မှန်မှန်တက်ခဲ့ပါသည်။ ထိုသို့ပြုခြင်းသည် ရေပန်းစားနေ၍သာ ကျွန်တော်တို့ပြုကြခြင်းဖြစ်၍ အမှန်မှာကျွန်တော်စိတ်ကျေနပ်မှု မရရှိခဲ့ပါ။
အလှည့်အပြောင်းဖြစ်ချိန်
၁၉၄၂ ခုနှစ်၊ တနင်္ဂနွေနေ့တစ်နေ့တွင် ကျွန်တော်တို့ဓမ္မသီချင်းများကျင့်ဆိုနေစဉ် ကင်းမျှော်စင်အသင်းထုတ်ဝေသည့် Creation, Vindication နှင့် Preparation ဟူသည့်စာအုပ်များကို မျက်နှာဖြူလူငယ်တစ်ဦး ယူလာပြသည်။ ကျွန်တော်၏စာကြည့်စင်ပေါ် ထိုစာအုပ်များကိုတင်ထားလျှင် ကြည့်ကောင်းမည်သဘောမျိုးဖြင့် သုံးသျှီလင် ပေးဝယ်လိုက်ပါသည်။ နောင်တွင် တီနီ ဘစေဒင်ဟော့တ်အမည်ရှိ ထိုသူသည် ကျွန်ုပ်တို့အရပ်ရှိ တစ်ဦးတည်းသောယေဟောဝါသက်သေဖြစ်ကြောင်းကို သိရှိလာသည်။ နောက်တစ်ကြိမ် တီနီ ပြန်လည်ပတ်လာသည့်အခါ တရားသူကြီး ရပ်သဖော့ဒ်၏ ဟောပြောချက်များကို ဓာတ်ပြားဖွင့်ပြ၍ နားထောင်စေခဲ့ပါသည်။ “ကျော့ဖမ်းရာ နည်းဗျူဟာ” အကြောင်းကိုကား ကျွန်တော်အထူးနှစ်သက်ခဲ့သည်။ သို့သော် ကယ်ရိုလိုင်းနှင့် ကျွန်တော်တို့နှင့်အတူနေသော ကျွန်တော့်ညီမ ပရစ်စီလာတို့က မကြိုက်ကြပါ။ တီနီသည် တတိယအကြိမ်လည်ပတ်လာချိန်တွင် ဓာတ်ပြားများကို ကျွန်တော့်မိတ်ဆွေတို့အား ဖွင့်ပြနိုင်ရန် ဓာတ်စက်ကိုပေးခဲ့ပါသည်။
တစ်နေ့သောအခါ Creation စာအုပ်ကို ကျွန်တော်လှန်လှောကြည့်ရာတွင် “လူသေများ အဘယ်မှာရှိသနည်း” အခန်းကိုတွေ့ရှိလေသည်။ ကွယ်လွန်သူတို့၏ဝိညာဉ်များ ကောင်းကင်၌ကြုံတွေ့နေမည့်ပျော်ရွှင်မှုများအကြောင်း ပိုမိုသိရှိလာရန်ရည်ရွယ်ချက်ဖြင့် ထိုအခန်းကိုစတင်ဖတ်ရှုလေသည်။ သို့သော်ကျွန်တော်ထင်သည့်အတိုင်းမဟုတ်ဘဲ လူသေများသည် သင်္ချိုင်းများတွင်ရှိနေ၍ အဘယ်အရာကိုမျှမသိကြောင်း ထိုစာအုပ်ကဆိုသည်။ ထောက်ခံချက်အဖြစ် ဒေသနာ ၉:၅၊ ၁၀ အစရှိသည့်ကျမ်းချက်များကိုလည်း ကိုးကားထားသည်။ အခြားအခန်းတစ်ခုကား “လူသေတို့ကို နှိုးထစေခြင်း” အကြောင်းဖြစ်၍ လူသေများ အဘယ်အရာကိုမျှမသိဘဲ ရှင်ပြန်ထမြောက်ခြင်းကို စောင့်မျှော်နေကြောင်းသက်သေပြရန် ယောဟန် ၅:၂၈၊ ၂၉ ကိုကိုးကားပါသည်။ ယင်းတင်ပြချက်မှာ ယုတ္တိရှိသည်။ ကျေနပ်အားရစရာပင်တည်း။
ထိုစဉ်အချိန် ၁၉၄၂ ခုနှစ်တွင် “ဗျာဒိတ်တော်အသံ” နှင့်ကျွန်တော်အဆက်ဖြတ်ပြီး ကင်းမျှော်စင်အသင်းစာပေများမှ ကျွန်တော်သိရှိလာသည့်အကြောင်းများကို စတင်ပြောဟောလေတော့သည်။ လက်ခံနားထောင်သူတို့တွင် ပထမဆုံးတစ်ဦးမှာ ကျွန်တော့်မိတ်ဆွေဟောင်း ဂျူဒါ လီတစွာလို ဖြစ်သည်။ သူနှင့်အတူ ကီလ်နာတန်လေ့ကျင့်ရေးသင်တန်းကျောင်း တက်ခဲ့ဖူးပါသည်။
ပီတာစဘာ့ဂ်မြို့တွင် အာဖရိကသက်သေခံများအတွက် စည်းဝေးပွဲတက်ခြင်းငှာ ဂျူဒါနှင့်ကျွန်တော် ၃၂ မိုင်စက်ဘီးစီးသွားခဲ့ပါသည်။ ထိုနောက် ပီတာစဘာ့ဂ်မြို့မှမိတ်ဆွေများသည် မာမာတစ်ရှ်ကျေးလက်အထိ မကြာခဏလာ၍ ကျွန်တော့်အိမ်နီးချင်းတို့အား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဝိုင်းဝန်းကူညီဟောပြောပေးကြပါသည်။ နောက်ဆုံးတွင် ပီတာစဘာ့ဂ်မြို့၌ကျင်းပသည့် အခြားအစည်းအဝေးပွဲတစ်ခုတွင် ၁၉၄၄ ခု၊ ဒီဇင်ဘာလ၌ ယေဟောဝါထံကျွန်တော့်ဆက်ကပ်အပ်နှံမှုကို တင်ပြသည်အနေနှင့် ရေတွင်နှစ်ခြင်းယူခဲ့ပါသည်။
ကျွန်တော့်မိသားစုနှင့် အခြားသူများ လက်သင့်ခံနားထောင်လာ
ကယ်ရိုလိုင်း၊ ပရစ်စီလာနှင့် ကျွန်တော့်သမီး ဒမားရစ္စတို့မူ ဒတ်ချ်ပြန်လည်တည်ထောင်ရေးအသင်းကို ဆက်တက်နေကြသည်။ မမျှော်လင့်ဘဲ ကျွန်တော်တို့ဘေးဒုက္ခကြုံတွေ့ခဲ့ကြရသည်။ ကယ်ရိုလိုင်းသည် ကျွန်တော်တို့၏ဒုတိယကလေး၊ အလွန်ကျန်းမာပုံရှိသော ဆဲမ်မြူရယ်လေးကိုမွေးဖွားပါသည်။ ဗြုန်းကနဲသားလေးဖျား၍ သေသွားရှာသည်။ ကယ်ရိုလိုင်း၏အသင်းမှ မိတ်ဆွေများက သားကလေးကို ဘုရားသခင်ကောင်းကင်တွင် ကိုယ်တော်နှင့်အတူနေရန်အလိုရှိသည်ဟု ပြောဆိုကြကာ အဘယ်နှစ်သိမ့်မှုမျှမရရှိစေခဲ့ပါ။ ဝမ်းနည်းစွာဖြင့် ကယ်ရိုလိုင်းက “ကျွန်မတို့သားလေးကိုမှ ဘုရားသခင်ဘာကြောင့်ခေါ်သွားရတာလဲ” ဟုမကြာခဏမေးမြန်းပါသည်။
ကျွန်တော်တို့၏ပူဆွေးမှုအကြောင်း ပီတာစဘာ့ဂ်မြို့ရှိသက်သေခံများကြားသိကြသောအခါ ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုအခြေခံသည့် စစ်မှန်သောစိတ်သက်သာမှုရရှိစေရန် လာပြောပြပါသည်။ ကယ်ရိုလိုင်းနောက်ပိုင်း၌ ဤသို့ပြောခဲ့သည်။ “သေရတဲ့အကြောင်း၊ လူသေများရဲ့အခြေအနေ၊ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်း ကျမ်းစာပြောသမျှဟာ ယုတ္တိရှိပြီး ကျွန်မ စိတ်သက်သာမှုများစွာရရှိခဲ့ပါတယ်။ ကမ္ဘာသစ်ကို ကျွန်မရောက်ရှိပြီး သင်္ချိုင်းကကျွန်မသားလေးကို ပြန်ကြိုဆိုချင်ပါတယ်။”
သို့နှင့် ကယ်ရိုလိုင်းလည်း ချာ့ချ်ဆက်မတက်တော့ဘဲ ၁၉၄၆ ခုနှစ်တွင် ပရစ်စီလာ၊ ဂျူဒါတို့နှင့်အတူ နှစ်ခြင်းယူခဲ့ပါသည်။ နှစ်ခြင်းယူပြီး များမကြာမီအချိန်တွင် ဂျူဒါသည် မာမာသလိုလာကျေးလက်တွင် ဟောပြောခြင်းလုပ်ငန်းကိုစတင်ရန် ထွက်ခွာသွားခဲ့ပြီး သူသေဆုံးသည့် ၁၉၉၁ အထိ သစ္စာတည်ကြည်ခဲ့သည်။
ဂျူဒါထွက်ခွာသွားပြီးနောက် ကျွန်တော်တို့၏ဘဝိုင်နီးအသင်းတော်ကို ကြီးကြပ်ပေးရန် အမျိုးသားအနေနှင့် ကျွန်တော်တစ်ဦးတည်းသာရှိတော့သည်။ ထိုနောက် ဂရာ့စလီ မာသလာတရီသည် ကျွန်တော်တို့အရပ်ဒေသသို့ ရွှေ့ပြောင်းနေထိုင်ကာ နောင်တွင် ပရစ်စီလာကို ထိမ်းမြားခဲ့သည်။ ပတ်စဉ်ပင် ဂရာ့စလီနှင့်ကျွန်တော်သည် ဒေသခံအာဖရိကဘာသာဖြစ်သည့် စပီဒီစကားဖြင့် တစ်လှည့်စီ လူထုဟောပြောချက်ပေးခဲ့ပါသည်။ ဒေသခံတို့အတွက် ကျမ်းစာစာပေများရှိစေရန် အသင်းမက စပီဒီစကားသို့ စာပေများကို ကျွန်တော့်အား ဘာသာပြန်ဆိုစေခဲ့သည်။ ဤစာပေတို့မှ လူအများ စိတ်ကျေနပ်မှုရရှိကြသည်ကို တွေ့ရှိရပြီး အလွန်ဝမ်းသာမိသည်။
ကျွန်တော်တို့၏လူထုဟောပြောချက်အစီအစဉ်ကို တိုးတက်စေရန် တစ်ရပ်ကွက်လုံးအနှံ့ ကျမ်းစာဟောပြောချက်များကို ဖွင့်ပြနိုင်ဖို့အတွက် အသံချဲ့စက်အကြီးတစ်လုံးပါအပါအဝင် ဓာတ်စက်တစ်လုံးဝယ်လိုက်ပါသည်။ တစ်နေရာမှတစ်နေရာသို့ ဤလေးလံသောစက်ကိရိယာများကိုသယ်ဆောင်သွားရန် မြည်းဆွဲလှည်းတစ်စီးကို ကျွန်ုပ်တို့ ငှားခဲ့ကြသည်။ သို့ဖြစ်၍ အိမ်နီးချင်းတို့က ကျွန်ုပ်တို့အား “မြည်းအသင်း” ဟုအမည်ပေးခဲ့သည်။
ဤအတောအတွင်း ကျွန်တော်တို့၏အသင်းတော်ငယ်သည် တဖြည်းဖြည်း ကြီးလာပါသည်။ နောက်ဆုံးတွင် ကျွန်တော့်အစ်မနှစ်ယောက်နှင့် သူတို့၏အမျိုးသားများပါ သက်သေခံများဖြစ်လာပြီး သေလွန်သည်တိုင် သစ္စာရှိခဲ့ကြသည်။ ထို့ပြင်ဘဝိုင်နီးအသင်းတော် (ယခု မိုကိုဒီးဘဟုခေါ်) မှများစွာသောသူတို့သည် အချိန်ပြည့် ဧဝံဂေလိသတင်းဟောပြောသူများ ဖြစ်လာကြရာ အချို့ ထိုသို့ပင် ဆက်ထမ်းဆောင်နေပါသည်။ ယနေ့ကျေးလက်ပေါင်းများစွာရှိ ဤရပ်ကွက်ကြီးတွင် အသင်းတော်နှစ်ခုရှိနေ၍ ဟောပြောခြင်းလုပ်ငန်း၌ ကြေညာသူ ၇၀ ကျော်စုစုပေါင်းပါဝင်နေပါသည်။
အသက်မွေးဝမ်းကြောင်းအသစ်
၁၉၄၉ ခုနှစ်တွင် ကျောင်းဆရာမလုပ်တော့ဘဲ ကျွန်တော်မှန်မှန်ရှေ့ဆောင်ခဲ့ပါသည်။ ကျွန်တော်၏ပထမဆုံးတာဝန်မှာ ထရန့်စဗာလ်ဒေသ၊ ဗာလ်ဝါတာအရပ်တစ်ဝိုက် လူဖြူပိုင် မွေးမြူစိုက်ပျိုးရေးခြံများတွင် နေထိုင်သော ခြံအလုပ်သမား လူမည်းများထံ လည်ပတ်သွားခြင်းဖြစ်သည်။ လယ်ယာခြံရှင်အချို့က လူဖြူလူမည်းခွဲခြားရေးဝါဒကို ထောက်ခံကြရာ လူမည်းတို့သည် လူဖြူများလက်အောက် အညံ့ခံရမည်အယူကို လက်ခံထားကြ၍ လူဖြူသခင်များအစေခံကြရမည်ဟု ယူဆကြသည်။ ထိုကြောင့် ခြံလုပ်သားလူမည်းများအား ကျွန်တော်ဟောပြောသက်သေခံသည့်အတွက် အချို့လူဖြူများက တော်လှန်ပုန်ကန်ရန် ကျွန်တော်တိုက်တွန်းနေသည်ဟု ယူမှတ်ကြပါသည်။ အချို့ဆိုလျှင် ကျွန်တော့်အား ကွန်မြူနစ်ဟူ၍စွပ်စွဲကာ ပစ်သတ်မည်ဟု ခြိမ်းခြောက်ကြပါသည်။
ဤအခြေအနေကို ကင်းမျှော်စင်အသင်း၏ဌာနခွဲရုံးသို့ အကြောင်းကြားခဲ့ရာ ဒါဝလ်စကလပ်ဖ်ခေါ် အခြားကျေးလက်သို့ ကျွန်တော့်အားရွှေ့ပြောင်းပေးခဲ့သည်။ ဤအချိန်တွင်ပင် ကျွန်တော့်အမျိုးသမီးလည်း ကျောင်းဆရာမအလုပ်မှထွက်၍ ရှေ့ဆောင်လုပ်ငန်းတွင် ကျွန်တော်နှင့်အတူ ပါဝင်လုပ်ကိုင်လေသည်။ ၁၉၅၀ ခုနှစ်၊ မွန်းလွဲပိုင်းတစ်ရက်တွင် လယ်ကွင်းလုပ်ငန်းမှ အိမ်သို့ပြန်ရောက်လာသောအခါ အသင်းမထံမှ စာအိတ်ကြီးတစ်အိတ်ကိုတွေ့ရှိ၍ အလွန်အံ့အားသင့်ခဲ့ကြသည်။ နယ်လှည့်ကြီးကြပ်မှူးဖြစ်ရန် သင်တန်းလာတက်ဖို့အတွက် ဖိတ်ခေါ်စာဖြစ်နေ၍ ကျွန်တော်တို့အလွန်အံ့သြကြပါသည်။ တောင်အာဖရိကရှိ အသင်းတော်များထံ သုံးနှစ်တိုင် ကျွန်တော်တို့လည်ပတ်ပြီးနောက် ၁၉၅၃ ခုနှစ်တွင် တောင်အာဖရိကအလယ်ရှိ ကုန်းဝန်းရံသော လီစိုသိုနိုင်ငံ၌ တာဝန်ခန့်အပ်ခံရကြသည်။
လီစိုသိုနှင့် ဘော့တ်စဝါနာနိုင်ငံများတွင် ဓမ္မအမှုဆောင်ခြင်း
လီစိုသိုနိုင်ငံတွင် ကျွန်တော်တို့အမှုစတင်ဆောင်ရွက်စဉ်တွင် ထုံးစံရှိသည်အတိုင်း သူစိမ်းများကိုသတ်ဖြတ်လေ့ရှိကြောင်း သတင်းလွှင့်ချက်များကို ကြားနာကြရပါသည်။ ကျွန်တော်တို့နှစ်ယောက်စလုံး အတော်စိုးရိမ်မိသော်လည်း စိုသိုညီအစ်ကိုများ၏မေတ္တာနှင့် သူတို့၏ဧည့်ဝတ်ပျူငှာမှုကြောင့် စိုးရိမ်စိတ်များ ပျောက်လွင့်သွားလေတော့သည်။
လီစိုသိုနိုင်ငံ၊ မလူတီတောင်တန်းများရှိအသင်းတော်များထံ လည်ပတ်ရန် ကျွန်တော်ပြန်ရောက်သည်အထိ ရှေ့ဆောင်လုပ်ငန်းထမ်းဆောင်နေရန် ကျွန်တော့်အမျိုးသမီးကို မြေပြန့်တွင်ချန်ရစ်ပြီး လေယာဉ်ခရီးစဉ်ဖြင့် သွားလာလေ့ရှိပါသည်။ တောင်တန်းဒေသတွင် လမ်းမပျောက်စေရန် အသင်းတော်တစ်ခုမှတစ်ခုထံသို့ ညီအစ်ကိုများ ပို့ဆောင်ပေးရှာသည်။
တစ်ခါက နောက်အသင်းတော်ထံသွားရန် မြင်းစီး၍ အော ရင့်ဂျ်မြစ်ကို ဖြတ်ကူးရမည်ဟု ပြောကြပါသည်။ ကျွန်တော်စီးမည့်မြင်းသည် ယဉ်သည်မှန်သော်လည်း မြစ်ရေသန်သည့်အခါ မြင်း၏ဓလေ့မှာ သူတို့ဝန်ထုပ်ဝန်ပိုးကို ဖယ်ချလေ့ရှိသည်ဟု သတိပေးကြပါသည်။ မြင်းကိုကောင်းစွာမစီးတတ်သည့်အပြင် ရေလည်းမကူးတတ်သည့်အတွက် ကျွန်တော်အလွန်စိုးရိမ်မိပြန်သည်။ မကြာမီပင် မြစ်ထဲရောက်ခါ မြင်းဇက်ကြိုးအထိ ရေရှိပါသည်။ ကြောက်အားလန့်အားနှင့် မြင်းဇက်ကြိုးများကိုလွှတ်ပြီး မြင်း၏လည်ဆံမွှေးကို ကိုင်ဆွဲထားပါသည်။ တစ်ဖက်ကမ်းသို့ရောက်မှသာ ကျွန်တော် စိတ်သက်သောင့်သက်သာရှိလေတော့သည်။
ထိုညတွင် မြင်းစီးထားသည့်ဒဏ်ကြောင့် တစ်ကိုယ်လုံးကိုက်ခဲပြီး ကျွန်တော်အိပ်မပျော်နိုင်ပါ။ သို့သော် ကျွန်တော်တို့ရောက်ရှိလာသည့်အတွက် ညီအစ်ကိုများအလွန်ဝမ်းသာအားရသည်ကိုတွေ့ရှိပြီး ခံစားခဲ့သမျှ ကသိကအောက်ဖြစ်မှုတို့သည် အကျိုးနပ်ပါသည်။ လီစိုသိုနယ်တွင် ကျွန်တော်တိုက်နယ်လုပ်ငန်းစတင်ခဲ့စဉ် အများဆုံးကြေညာသူ ၁၁၃ ဦးရှိပါသည်။ ယနေ့ ထိုအရေအတွက်သည် ၁,၆၄၉ ယောက်သို့တိုးတက်လာပေပြီ။
၁၉၅၆ ခုနှစ်တွင် ယခုဘော့တ်စဝါနာခေါ် ဘီချွာနာနယ် ကာကွယ်ခံနိုင်ငံသို့ ကျွန်တော်တို့ပြောင်းရွှေ့ဟောပြောရန် တာဝန်ရခဲ့ပါသည်။ ဘော့တ်စဝါနာနိုင်ငံသည် ပိုကြီးသည့်အတွက် ကြေညာသူအားလုံးထံသို့ရောက်ရှိနိုင်ရန် ခရီးဝေးဝေးလံလံသွားကြရပါသည်။ ရထား၊ သို့မဟုတ် အမိုးမပါကုန်တင်ကားများဖြင့် ကျွန်တော်တို့ခရီးသွားလာလေ့ရှိပါသည်။ ထိုင်ခုံများမရှိသည့်အတွက် ကြမ်းခင်းပေါ်တွင် ကုန်စည်စလည်များနှင့်အတူ ကျွန်တော်တို့ရောထိုင်ကြရပါသည်။ ခရီးဆုံးရောက်သည့်အခါ အများအားဖြင့် ဖုန်ထူ၍ အလွန်မောပန်းနေကြရသည်။ ကျွန်တော်တို့၏ခရစ်ယာန်ညီအစ်ကိုများသည် အမြဲဝမ်းသာအားရစွာကြိုဆိုကြပြီး သူတို့၏ရွှင်လန်းသောမျက်နှာထားများသည် အားသစ်တက်စရာဖြစ်လေ့ရှိသည်။
ထိုအချိန်က အသင်းမစာပေများသည် ဘော့တ်စဝါနာနိုင်ငံတွင် ပိတ်ပင်ထားသဖြင့် အသင်းမစာပေများကိုအသုံးမပြုဘဲ ကျွန်တော်တို့၏တစ်အိမ်မှတစ်အိမ်လုပ်ငန်းကို သတိရှိရှိဆောင်ရွက်ကြရပါသည်။ တစ်ချိန်တွင် မာပါရှာလာလကျေးရွာတွင် အမှုဆောင်နေစဉ် အဖမ်းခံခဲ့ရပါသည်။ ကျွန်တော်တို့၏ထုချေချက်တွင် မဿဲ ၂၈:၁၉၊ ၂၀ ပါ တာဝန်အပ်နှင်းခြင်းအကြောင်းကို ကျမ်းစာမှ ဖတ်ပြကြပါသည်။ အတိုင်ပင်ခံလူကြီးအချို့ စွဲမှတ်စရာဖြစ်ပြီး ချီးကျူးကြသော်လည်း ရွာသူကြီးက ဒေသခံသက်သေခံများကို အပြင်းအထန်ရိုက်နှက်ရန် အမိန့်ထုတ်ပါသည်။ ထိုအခါ ဓမ္မဆရာဖြစ်သူက ကျွန်တော်တို့ကိုသနားသောအားဖြင့် ခွင့်လွှတ်ပေးရန် ရွာသူကြီးအားတောင်းပန်ပေးသည်ကို အံ့အားသင့်ခဲ့ရသည်။ သူကြီးလည်း သဘောတူညီလိုက်၍ ကျွန်တော်တို့အားလွှတ်လိုက်ပါသည်။
ညှဉ်းပန်းနှိပ်စက်မှုနှင့် ကျွန်တော်တို့စာပေများကို ပိတ်ပင်ထားစေကာမူ ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်း ဆက်တိုးတက်ခဲ့ပါသည်။ ဘော့တ်စဝါနာနိုင်ငံသို့ ကျွန်တော်စရောက်စဉ်က အများဆုံးကြေညာသူ ၁၅၄ ယောက်သာရှိပါသေးသည်။ သုံးနှစ်အကြာတွင် ပိတ်ပင်မှုကိုဖယ်ရှားလိုက်သည့်အခါ ၁၉၂ ယောက်သို့တိုးတက်ခဲ့သည်။ ယနေ့ထိုနိုင်ငံတွင် ယေဟောဝါသက်သေ ၇၇၇ ယောက်ရှိနေပါပြီ။
သွန်သင်ခြင်းနှင့် ဘာသာပြန်ခြင်း
အတန်ကြာလေသော် ကျွန်တော့်အား ခရစ်ယာန်အကြီးအကဲများအတွက် နိုင်ငံတော်ဓမ္မအမှုသင်တန်းကျောင်းတွင် ပို့ချပေးသူအဖြစ် အသုံးပြုခဲ့ပါသည်။ နောင်တွင် ရှေ့ဆောင်လုပ်ငန်းသင်တန်းကျောင်း၌ သွန်သင်ပို့ချပေးသူဖြစ်ခွင့် ရရှိပြန်သည်။ ကျွန်တော်တို့မောင်နှံစုံသည် တောင်အာဖရိကဌာနခွဲတွင် တစ်ခါတစ်ရံအမှုဆောင်ခွင့်လည်း ရရှိခဲ့ပါသည်။ ဤအချိန်အခါမျိုးတွင် ဘာသာပြန်ခြင်းလုပ်ငန်း၌ ကျွန်တော်ဝိုင်းဝန်းကူညီပေးစဉ် ကယ်ရိုလိုင်းသည် မီးဖိုချောင်တွင်ဝင် ကူညီပေးခဲ့ရပါသည်။
၁၉၆၉ ခုနှစ်တစ်ရက်တွင် ဌာနခွဲကြီးကြပ်မှူး ဖရန့်ဇ် မူလာသည် ကျွန်တော့်ထံလာ၍ “ညီအစ်ကိုတောန်ဝါနာ၊ ခင်ဗျားတို့မောင်နှံစုံကို ရုံးခန်းထဲမှာ ခဏတွေ့ချင်တယ်” ဟုလာပြောပါသည်။ ရုံးခန်းသို့ရောက်သည့်အခါ လန်ဒန်မြို့၌ကျင်းပမည့် ၁၉၆၉ ခုနှစ် “ကမ္ဘာပေါ်ငြိမ်သက်ခြင်း” စည်းဝေးပွဲကြီးကို တက်ရောက်မည့်ကိုယ်စားလှယ်များအဖြစ် ကျွန်တော်တို့အားရွေးချယ်ထားကြောင်း ရှင်းပြပါသည်။ အင်္ဂလန်နှင့် စကော့တလန်နိုင်ငံများရှိ ညီအစ်ကိုများ၏ မေတ္တာကရုဏာရှိရှိ ဧည့်ဝတ်ပျူငှာမှုကို ခံစားရပြီးနောက် ကမ္ဘာချီညီအစ်ကိုများအသင်းအပင်းကို ကျွန်တော်တို့ပိုမိုတန်ဖိုးထားလာပါသည်။
လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်တစ်လျှောက် အချိန်ပြည့် ဧဝံဂေလိတရားဟောပြောခြင်းလုပ်ငန်းတွင် ကယ်ရိုလိုင်းသည် ကျွန်တော်၏ သစ္စာရှိအဖော်အဖက်ဖြစ်ခဲ့ပါသည်။ အတူတကွ ရွှင်လန်းမှုများစွာ ခံစားခဲ့ကြရသည်နည်းတူ ဝမ်းနည်းခြင်းအချို့ကိုလည်း ကြုံတွေ့ခဲ့ကြရ၏။ ကလေးနှစ်ယောက်သေဆုံးခဲ့သော်လည်း ကျွန်တော်တို့၏သမီး ဒမားရစ္စသည် သက်သေခံကောင်းတစ်ဦးအဖြစ် ကြီးပြင်းလာပြီး တောင်အာဖရိကဌာနခွဲတွင် ဘာသာပြန်လုပ်ငန်း၌ ပါဝင်ခဲ့ပါသည်။
ကျွန်ုပ်တို့၏ကျန်းမာရေးကြောင့် နယ်လှည့်လုပ်ငန်းတွင် မပါဝင်နိုင်တော့သဖြင့် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ပီတာစဘာ့ဂ်မြို့အနီး အာဖရိကမြို့နယ်ဖြစ်သည့် စီရှီဂိုရှိ အသင်းတော်တစ်ခုတွင် အထူးရှေ့ဆောင်များဖြစ်နေကြပါသည်။ ဦးစီးကြီးကြပ်မှူးအဖြစ် ဤတွင် ကျွန်တော်အမှုထမ်းနေပါသည်။ ယေဟောဝါ “ရှေ့တော်၌ တင်းတိမ်ဖွယ်အားရခွင့်” တည်ရှိသည်ဟု ကျမ်းစာဆိုသည်အတိုင်းပင် အာဖရိကတောင်ပိုင်းတွင် ဘုရားသခင့်အမှုတော်ထမ်းဆောင်ခြင်း၌ အားရရွှင်လန်းမှု အမှန်ရရှိခဲ့ပါပြီ။—ဆာလံ ၁၆:၁၁၊ သမ။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
တောင်အာဖရိက၊ စီရှီဂိုမြို့နယ်တွင် သက်သေခံနေခြင်း