ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၁၂/၈ စာ. ၄-၈
  • ရောဂါပြလက္ခဏာများကို သတိမူ ဆောင်ရွက်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရောဂါပြလက္ခဏာများကို သတိမူ ဆောင်ရွက်ခြင်း
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖြစ်ပျက်ပုံ
  • နှလုံးရပ်တန့်ခြင်း
  • ဆေးရုံ၌
  • ဆရာဝန်က ရှင်းပြ
  • ထိတ်လန့်စရာ ကြိုတင်ခန့်မှန်းချက်
  • နှလုံး ရောဂါ အသက်အန္တရာယ်
    နိုးလော့!—၁၉၉၇
  • ဘေးအန္တရာယ်ကို မည်သို့လျော့နည်းစေနိုင်မည်နည်း
    နိုးလော့!—၁၉၉၇
  • နာလန် ထူနည်း
    နိုးလော့!—၁၉၉၇
  • ဝိညာဉ်ရေး နှလုံးရပ်တန့် ခြင်းကို သင်ရှောင်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၇
န၉၇ ၁၂/၈ စာ. ၄-၈

ရောဂါပြလက္ခဏာများကို သတိမူ ဆောင်ရွက်ခြင်း

နှလုံးရပ်တန့်သည့်လက္ခဏာများ ပြလာသောအခါ ဆေးဘက်ဆိုင်ရာအကူအညီကို ချက်ချင်းတောင်းခံဖို့ အရေးတကြီးလိုအပ်ပါသည်။ အကြောင်းမှာ နှလုံးရပ်တန့်ပြီးနောက် တစ်နာရီအတွင်းပင် သေဆုံးသွားနိုင်သောကြောင့်ဖြစ်သည်။ အလျင်အမြန်ကုသပေးခြင်းက နှလုံးကြွက်သားကိုပြန်ကောင်းအောင် ပြုလုပ်မပေးနိုင်သည့်အထိ ထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ နှလုံးကြွက်သားအပျက်အစီးနည်းလေ နှလုံးရပ်တန့်ပြီးနောက် နှလုံးသည် ထိရောက်စွာသွေးပြန်ပန်းထုတ်ပေးနိုင်ဖို့ ပိုများလေဖြစ်မည်။

သို့သော်လည်း သိသာထင်ရှားသောလက္ခဏာများမပြသည့် နှလုံးရပ်တန့်ခြင်းမျိုးရှိသည်။ ဤသို့သောအခြေအနေမျိုးတွင် မိမိ၌ နှလုံးပတ်သွေးလွှတ်ကြောရောဂါ (CAD) ရှိကြောင်း လူနာမသိဘဲနေပေမည်။ ဝမ်းနည်းစရာမှာ အချို့သူတို့သည် ဆိုးဆိုးရွားရွား နှလုံးရပ်တန့်သည့်အခါကျမှသာ မိမိ၌နှလုံးရောဂါရှိနေကြောင်း ဦးဆုံးသိရှိပေမည်။ နှလုံးခုန်ရပ်တန့်သွားသောအခါ (နှလုံးပန်းထုတ်မှုရပ်သွား၏) ကယ်ဆယ်ရေးအဖွဲ့ကို ချက်ချင်းခေါ်ပြီး ရင်ဘတ်ကိုနှိပ်၍အသက်ရှူဆက်စေခြင်း (CPR) ကိုရုတ်တရက်မလုပ်ပေးပါက အသက်ရှင်ဖို့အခွင့်အလမ်း နည်းပါးသွားနိုင်ပေသည်။

ဟာဗတ်ကျန်းမာရေးစာစောင်အရ CAD လက္ခဏာရှိသူအများစုတွင် ထက်ဝက်နီးပါးခန့်မှာ ဆေးဘက်ဆိုင်ရာအကူအညီကို ချက်ချင်းမယူကြကြောင်း သိရှိရသည်။ အဘယ်ကြောင့်နည်း။ “အကြောင်းမှာ အများအားဖြင့် သူတို့သည် အချက်ပြသည့် ၎င်းတို့၏ရောဂါလက္ခဏာများက အဘယ်အရာကိုတင်ပြကြောင်း မသိခြင်း သို့မဟုတ် ယင်းတို့ကို အလေးအနက်မထားခြင်းကြောင့်ဖြစ်သည်။”

နှလုံးရပ်တန့်ခဲ့ဖူးသော ယေဟောဝါသက်သေတစ်ဦးဖြစ်သူ ဂျော်န်aက “သင့်အနေနဲ့ အခြေအနေမဟန်ဘူးလို့ ခံစားရပြီဆိုရင် နည်းနည်းပဲဖြစ်တာကို ပုံကြီးချဲ့တာပါလို့ အခြားသူတွေထင်မှာစိုးပြီး ဆေးဘက်ဆိုင်ရာအကူအညီယူဖို့ မနှောင့်နှေးပါနဲ့။ ကျွန်တော့်အနေနဲ့ အဆောတလျင်အရေးမစိုက်ခဲ့တဲ့အတွက် သေလုမျောပါးဖြစ်ခဲ့ရတယ်” ဟူ၍ပြောပြသည်။

ဖြစ်ပျက်ပုံ

ဂျော်န်က ဤသို့ရှင်းပြသည်– “နှလုံးရပ်တန့်ခြင်းမဖြစ်ခင် လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်တုန်းက CAD ကိုဖြစ်သွားစေနိုင်တဲ့ အဓိကအချက်တစ်ချက်ဖြစ်တဲ့ ကျွန်တော်ရဲ့ကိုလက်စထရောများခြင်းနဲ့ပတ်သက်ပြီး ဆရာဝန်တစ်ဦးက သတိပေးခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အသက်ငယ်တဲ့—၄၀ အောက်ဖြစ်ပြီး—ကျန်းမာရေးကောင်းတယ်လို့ ယူဆမိတဲ့အတွက် အဲ့ဒါကို အမှုမဲ့အမှတ်မဲ့နေလိုက်မိတယ်။ အဲဒီအချိန်က အရေးမစိုက်မိတာကို နောင်တရလို့ကိုမဆုံးဘူး။ ကျွန်တော် အားစိုက်အလုပ်လုပ်တဲ့အခါ အသက်ရှူကျပ်တာတို့၊ အစာမကြေတဲ့အတွက်လို့ယူမှတ်မိတဲ့ ရင်ခေါင်းအောင့်တာတို့ ဒီလိုနှလုံးရပ်တန့်ခြင်းမဖြစ်ခင် လအနည်းငယ်က အရမ်းမောတဲ့လက္ခဏာတွေလည်းဖြစ်ခဲ့တယ်။ ဒါတွေဖြစ်တာ အအိပ်နည်းလို့၊ အလုပ်ဖိစီးလို့ဆိုပြီး ထင်ခဲ့တယ်။ နှလုံးမရပ်တန့်မီ သုံးရက်အလိုမှာ ကျွန်တော့်ရင်ဘတ်ထဲမှာ ကြွက်တက်သလို ခံစားခဲ့ရတယ်။ အဲ့ဒါကတော့ အသေးအမွှားပဲ။ နောက်သုံးရက်ကြာမှ အကြီးအကျယ်ခံလိုက်ရတာပါပဲ။”

နှလုံးရပ်တန့်ခြင်းဝေဒနာခံစားရသူ ထက်ဝက်နီးပါးခန့်ကို ရင်ထဲတွင်နာကျင်ခြင်း သို့မဟုတ် ဖျစ်ညှစ်သလိုခံစားရသည့် ရင်ဆို့နာခံရခြင်းက သတိပေးပါသည်။ ရောဂါပြလက္ခဏာများဖြစ်သည့် အသက်ရှူကျပ်ခြင်း သို့မဟုတ် ပန်းလျခြင်းနှင့်အားနည်းခြင်းတို့ကိုခံစားရသူများ သိသင့်သည်မှာ နှလုံးပတ်သွေးကြောပိတ်ခြင်းကြောင့် နှလုံးသည် အောက်စီဂျင်အလုံအလောက်မရရှိကြောင်းပင် ဖြစ်သည်။ ဤအချက်ပြသတိပေးချက်များဖြစ်လာပါက နှလုံးစမ်းသပ်ဖို့ရန် ဆရာဝန်တစ်ဦးထံသို့ သွားသင့်ပါသည်။ ဒေါက်တာ ပီတာ ခေါန်က “ရင်ဆို့နာကို ကုသလိုက်လို့ နှလုံးရပ်တန့်တာကို လုံးဝတားဆီးပေးနိုင်မယ်လို့ အာမခံချက်တော့မရှိပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ဖြစ်နိုင်တဲ့အလားအလာ နည်းသွားစေနိုင်ပါတယ်” ဟူ၍ပြောပြလေသည်။

နှလုံးရပ်တန့်ခြင်း

ဂျော်န်က ဆက်လက်၍ပြောပြသည်– “အဲဒီနေ့က ကျွန်တော်တို့ ဆော့ဖ်ဒ်ဘောကစားကြမလို့။ နေ့လယ်စာအတွက် အသားညှပ်ပေါင်မုန့်လုံးနဲ့ အာလူးကျော်ကိုအမြန်စားရင်းက ပျို့အန်ချင်သလိုလိုနဲ့ ကိုယ်ခန္ဓာအထက်ပိုင်း တင်းကျပ်နေသလိုလိုဖြစ်နေတာကို အရေးမစိုက်မိဘူး။ ဒါပေမဲ့ ဘောလုံးကွင်းကိုရောက်ပြီး စကစားတာနဲ့ အခြေအနေမဟန်မှန်းရိပ်မိတယ်။ တဖြည်းဖြည်းနဲ့ ပိုဆိုးလာလေရော။

“အားကစားသမားခုံတန်းရှည်ပေါ်မှာ အကြိမ်ကြိမ်လှဲပြီး ရင်ဘတ်ကြွက်သားတွေကို ကြိုးစားဆန့်ကြည့်ပေမဲ့ တင်းကျပ်သည်ထက် ပိုမိုပြီးတင်းကျပ်လာတယ်။ ကစားနေရင်း စေးထန်းထန်းဖြစ်ပြီး အားပြတ်သလိုခံစားရတဲ့အတွက် ‘ငါတော့တုပ်ကွေးဖြစ်ချင်ပြီနဲ့တူတယ်’ လို့ကိုယ့်ကိုယ်ကိုပြောနေမိတယ်။ ပြေးတဲ့အခါလည်း အရမ်းမောတာပဲ။ ဒါနဲ့ ခုံတန်းရှည်ပေါ်မှာ ပြန်လှဲနေလိုက်တယ်။ အဲ့ဒီနောက် ထထိုင်လိုက်တဲ့အခါ ကျွန်တော့်မှာ ဒုက္ခကြီးကြီးကျယ်ကျယ်ဖြစ်နေပြီဆိုတာ သိလိုက်ရတယ်။ ဒါနဲ့ ကျွန်တော့်သားဂျိမ်းစ်ကို ‘အခုချက်ချင်း ဆေးရုံကိုပို့ပေးပါ!’ ဆိုပြီးအော်ပြောလိုက်တယ်။ ကျွန်တော့်ရင်ဘတ်က အထဲထဲကိုချိုင့်ဝင်သွားသလိုပဲ ခံစားရတယ်။ နာလွန်းလို့ လုံးလုံးမထနိုင်တော့ဘူး။ ‘ဒါနှလုံးရပ်တန့်တာတော့ မဖြစ်နိုင်ပါဘူး။ ငါ ၃၈ နှစ်ပဲရှိသေးတယ်’ လို့တွေးမိတယ်။”

ထိုအချိန်က အသက် ၁၅ နှစ်သာရှိသေးသော ဂျော်န်၏သားဖြစ်သူက ဇာတ်စုံခင်းပြသည်– “မိနစ်အနည်းငယ်မှာပဲ အဖေ့မှာ အားမရှိတော့လို့ သူ့ကို ကားပေါ် ပွေ့တင်ပေးရတယ်။ ကျွန်တော့်သူငယ်ချင်းက ကားမောင်းရင်း အဖေ့ရဲ့အခြေအနေကိုသိချင်လို့ မေးခွန်းတွေမေးသွားတယ်။ နောက်ဆုံးတော့ အဖေက စကားပြန်မပြောတော့ဘူး။ ကျွန်တော့်သူငယ်ချင်းက ‘ဂျော်န်!’ လို့အော်ခေါ်လိုက်တယ်။ ဒါပေမဲ့လည်း အဖေက မတုံ့ပြန်ဘူး။ အဲ့ဒီနောက် အဖေဟာ အကြောဆွဲ၊ တက်ပြီး အန်တော့တာပဲ။ ကျွန်တော်က ‘မသေပါနဲ့အဖေရယ်၊ အဖေကို ကျွန်တော်ချစ်တယ်!’ လို့ထပ်ခါထပ်ခါအော်နေမိတော့တယ်။ ဒီလိုဖြစ်ပြီးနောက် အဖေဟာခွေယိုင်ပြီး ပုံလျက်သားကျသွားတယ်။ အဖေသေသွားပြီလားလို့ ကျွန်တော်ထင်မိတယ်။”

ဆေးရုံ၌

“ကျွန်တော်တို့ဟာ ဆေးရုံထဲကိုပြေးဝင်ပြီး အကူအညီတောင်းကြတယ်။ အဖေသေပြီလို့ ကျွန်တော်ထင်မိတာ နှစ်မိနစ်၊ သုံးမိနစ်လောက်ရှိသွားပေမဲ့ ပြန်သတိလည်လာလိမ့်မယ်လို့ မျှော်လင့်နေတုန်းပဲ။ ဘောလုံးကွင်းမှာရှိနေတဲ့ ယေဟောဝါသက်သေ အယောက် ၂၀ လောက်ဟာ ဧည့်ခန်းထဲမှာစောင့်နေတာတွေ့လို့ ကျွန်တော် အံ့အားသင့်သွားတယ်။ အဲ့ဒီလို စိတ်ဆင်းရဲနေတဲ့အချိန်မှာ သူတို့ကို ကျွန်တော်တွေ့တော့ စိတ်သက်သာပြီး အရမ်းအားရှိသွားတယ်။ ၁၅ မိနစ်လောက်ကြာတော့ ဆရာဝန်တစ်ဦးရောက်လာပြီး ‘မင်းရဲ့အဖေပြန်သတိရလာပြီ၊ ဒါပေမဲ့ စိုးရိမ်ရတဲ့နှလုံးရပ်တန့်ခြင်းဖြစ်ခဲ့လို့ အခြေအနေကိုတော့မပြောနိုင်ဘူး။’

“အဲ့ဒီနောက် အဖေကို ခဏဝင်ကြည့်ခွင့်ပေးတယ်။ ကျွန်တော်တို့မိသားစုအတွက် အဖေ့ရဲ့မေတ္တာပါစကားတွေက ကျွန်တော့်ကိုအရမ်းစိတ်ထိခိုက်စေခဲ့တယ်။ အရမ်းနာကျင်နေတဲ့ကြားမှာ အဖေက– ‘သား၊ မင်းကို ငါချစ်တယ်။ အဖေတို့အတွက် ယေဟောဝါဟာ အရေးကြီးဆုံးဆိုတာကို အမြဲသတိရနော်။ ဘယ်တော့မှ သူ့ကိုမဝတ်ပြုဘဲ မနေနဲ့။ မင်းအမေနဲ့ ညီလေးတွေကိုလည်း သူ့ကိုအမြဲဝတ်ပြုဖို့ ကူညီပေးပါ။ အဖေတို့မှာ စိတ်ချရတဲ့ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် ရှိတယ်။ တကယ်လို့များ အဖေသေလို့ ပြန်ထလာတဲ့အခါ မင်းတို့အားလုံးကိုမြင်ချင်တယ်။’ ကျွန်တော်တို့နှစ်ယောက်စလုံး ချစ်၊ ကြောက်၊ မျှော်လင့်တကြီးနဲ့ ငိုကြတယ်။”

တစ်နာရီကြာလေသော် ဂျော်န်၏ဇနီးဖြစ်သူ မေရီရောက်လာသည်။ “ကျွန်မအရေးပေါ်အခန်းထဲကို တန်းဝင်လိုက်တာနဲ့ ဆရာဝန်က ‘ခင်ဗျားရဲ့ ခင်ပွန်းသည်ဟာ အကြီးအကျယ်နှလုံးရပ်တန့်ခြင်းဖြစ်ခဲ့တယ်’ လို့ပြောပြတယ်။ ကျွန်မဖြင့် ကြက်သေသေသွားတာပဲ။ ဂျော်န်ရဲ့နှလုံး ပုံမှန်ပြန်ခုန်နိုင်ဖို့ ရှစ်ကြိမ်တောင် ပြုလုပ်ပေးခဲ့ရတယ်လို့ရှင်းပြတယ်။ ဒီအရေးပေါ်ဆောင်ရွက်မှုမှာ နှလုံးခုန်မမှန်တာကို ရပ်စေပြီး ပုံမှန်နှလုံးခုန်ဖို့ နှလုံးကိုလျှပ်စစ်ဓာတ်အားဖြတ်စေတဲ့ကိရိယာတပ်ပေးရတယ်။ CPR၊ အောက်စီဂျင်၊ ဆေးသွင်းပေးတာနဲ့အတူ ပုံမှန်နှလုံးပြန်ခုန်ဖို့လုပ်ပေးတာက ခေတ်မီအသက်ကယ်နည်းဖြစ်တယ်။

“ကျွန်မ ဂျော်န်ကိုတွေ့လိုက်တော့ အရမ်းစိတ်ထိခိုက်သွားတယ်။ သူ့ခမျာ အရမ်းကိုဖြူဖပ်ဖြူရော်ဖြစ်နေပြီး၊ သူရဲ့ကိုယ်ခန္ဓာကိုမော်နီတာနဲ့ ပိုက်တွေ၊ ဝါယာကြိုးတွေနဲ့ဆက်ထားတယ်။ ကျွန်မတို့ရဲ့ သားသုံးယောက်အတွက် ထောက်ထားပြီး ဒီဒုက္ခကိုခံရပ်နိုင်ဖို့ ကျွန်မကိုခွန်အားနဲ့ ရှေ့ဆက်ဖြစ်မယ့်အရေးမှာ တော်မှန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ လမ်းညွှန်မှုပေးပါလို့ ယေဟောဝါကို စိတ်ထဲမှာဆုတောင်းခဲ့တယ်။ ဂျော်န်ရဲ့ခုတင်နားကို ကပ်သွားရင်းက ‘ဒီလိုအချိန်မျိုးမှာ ကိုယ်ချစ်မြတ်နိုးရတဲ့သူကို ဘာပြောရမလဲ။ အသက်အန္တရာယ်ရှိနေတဲ့ ဒီလိုအခြေအနေမျိုးကိုရင်ဆိုင်ဖို့ ကျွန်မတို့အသင့်ရှိသလား’ လို့စဉ်းစားမိတယ်။

ဂျော်န်က “‘ချစ်ရေ’ ကိုယ်တော့ ဒီတောင်ကိုကျော်ချင်မှ ကျော်နိုင်မှာ။ ဒါပေမဲ့ အရေးကြီးတာက ဒီအစီအစဉ်စနစ်ကြီးရဲ့ဆုံးခန်းဟာ အရမ်းနီးနေပြီး မကြာခင်မှာ ဖျားနာခြင်းနဲ့သေခြင်းလုံးဝမရှိတော့တဲ့အတွက် မင်းနဲ့သားလေးတွေဟာ ယေဟောဝါအပေါ် ဆက်လက်ပြီးသစ္စာရှိပါနော်။ စနစ်သစ်မှာ ငါပြန်ထလာတဲ့အခါ မင်းနဲ့သားလေးတွေကို အဲဒီမှာတွေ့ချင်တယ်” ဆိုပြီးပြောတယ်။ ကျွန်မတို့ရဲ့မျက်နှာမှာ မျက်ရည်ချောင်းစီးခဲ့ရတာပေါ့ရှင်။”

ဆရာဝန်က ရှင်းပြ

“အဲ့ဒီနောက် ဆရာဝန်က ကျွန်မကိုခေါ်ထုတ်သွားပြီး စစ်ဆေးစမ်းသပ်ချက်အရ ဂျော်န်ရဲ့နှလုံးရပ်တန့်ခြင်းဖြစ်ရတာဟာ ဘယ်ဘက်အရှေ့ပိုင်းအဆင်းသွေးလွှတ်ကြောမှာ ၁၀၀ ရာခိုင်နှုန်းပိတ်ဆို့နေလို့ပဲ ဆိုပြီးရှင်းပြတယ်။ အခြားသွေးလွှတ်ကြောတစ်ခုလည်း ပိတ်ဆို့နေသေးတယ်တဲ့။ ဂျော်န်ရဲ့ကုသမှုနဲ့ပတ်သက်ပြီး ကျွန်မမှာဆုံးဖြတ်ချက်ချဖို့လိုတယ်လို့ ဆရာဝန်ကပြောတယ်။ ရွေးချယ်နိုင်တဲ့နည်းနှစ်နည်းကတော့ ဆေးဝါးနဲ့ သွေးကြောပြုပြင်ခြင်းပဲဖြစ်တယ်တဲ့။ ဒုတိယနည်းက ပိုပြီးသင့်လျော်လိမ့်မယ်လို့ သူကထင်ကြေးပေးတဲ့အတွက် ကျွန်မတို့လည်း သွေးကြောပြုပြင်ဖို့ပဲ ရွေးချယ်လိုက်တယ်။ ဒါပေမဲ့ ဒီလိုနှလုံးရပ်တန့်ခြင်းမျိုးဖြစ်တဲ့သူတွေဟာ အများအားဖြင့်သေဆုံးခဲ့တဲ့အတွက် ဆရာဝန်တွေကတော့ ဘာမှသေချာပေါက်မပြောရဲကြဘူး။”

သွေးကြောပြုပြင်ခြင်းဆိုသည်မှာ ထိပ်တွင်ပူဖောင်းပါသည့်ပြွတ်ကို နှလုံးပတ်သွေးလွှတ်ကြောအတွင်းသို့ ထည့်သွင်းလိုက်ပြီး ပိတ်ဆို့မှုကိုပွင့်သွားရလေအောင် လေထိုးသွင်းရသည့် ခွဲစိတ်ကုသနည်းတစ်နည်းဖြစ်သည်။ ထိုကုထုံးက သွေးကောင်းမွန်စွာပြန်လည်စီးဆင်းရန် အလားအလာများစေသည်။ သွေးလွှတ်ကြောအချို့သည် အလွန်အမင်းပိတ်ဆို့နေသောအခါ သွေးကြောလမ်းလွှဲ ခွဲစိတ်ကုသမှုကိုပြုလုပ်ဖို့ အကြံပေးလေ့ရှိသည်။

ထိတ်လန့်စရာ ကြိုတင်ခန့်မှန်းချက်

သွေးကြောပြုပြင်ပြီးနောက် ၇၂ နာရီအတွင်း ဂျော်န်၏အခြေအနေသည် အလွန်စိုးရိမ်စရာရှိနေသည်။ နောက်ဆုံးတွင်မူ သူ၏နှလုံးသည် ထိုစိုးရိမ်စရာအခြေအနေကို ကျော်ဖြတ်လာလေသည်။ သို့သော် ဂျော်န်၏နှလုံးသည် ယခင်အနေအထား၏ထက်ဝက်သာ သွေးပန်းထုတ်ပေးနိုင်ပြီး ၎င်း၏အစိတ်အပိုင်းအတော်အတန်သည် အမာရွတ်တစ်သျှူးဖြစ်နေရာ သူသည်နှလုံးရောဂါသည်တစ်ဦးဖြစ်ဖို့ အကြောင်းများနေပါသည်။

ပြန်ပြောင်းပြောပြရာတွင် ဂျော်န်က ဤသို့သတိပေးခဲ့သည်–“ကျွန်တော်တို့ဟာမိမိတို့ရဲ့ဖန်ဆင်းရှင်နဲ့ မိသားစုတစ်တွေကိုရယ်၊ ဝိညာဉ်ရေးဘက် ညီအစ်ကိုညီအစ်မတစ်တွေကိုနဲ့ ကိုယ်ကိုယ်တိုင်ကို တာဝန်ရှိတဲ့အတွက် နေထိုင်မကောင်းတဲ့လက္ခဏာတွေကို သတိထားပြီး ကျန်းမာရေးကို ဂရုစိုက်သင့်တယ်—အထူးသဖြင့် စိုးရိမ်စရာအခြေအနေမှာဖြစ်တယ်။ ပျော်ရွှင်စရာ ဒါမှမဟုတ် ဝမ်းနည်းပူဆွေးစရာဟာ ကျွန်တော်တို့အပေါ်မှာ အတော်လေးကိုမူတည်တယ်။”

ဂျော်န်၏အခြေအနေသည် အရေးပေါ်ကိစ္စဖြစ်နေသဖြင့် ချက်ချင်းအရေးယူဆောင်ရွက်ခဲ့ရ၏။ သို့သော် ရင်ပူနာဝေဒနာသည်တိုင်း ဆရာဝန်ထံပြေးရန်မလိုအပ်ပါ။ သို့တိုင် ရောဂါလက္ခဏာများခံစားနေရသူများသည် ဆေးစစ်သင့်ကြောင်း သူ၏တွေ့ ကြုံမှုက သတိပေးပါသည်။

နှလုံးရပ်တန့်ခြင်း အန္တရာယ်ကိုလျော့ပါးစေရန် အဘယ်အရာပြုလုပ်နိုင်သနည်း။ ယင်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးထားပါသည်။

[အောက်ခြေမှတ်ချက်]

a ဤဆောင်းပါးများတွင်ပါရှိသော အမည်များကို ပြောင်းလဲထားပါသည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

နှလုံးရပ်တန့် ခြင်း၏ လက္ခဏာများ

• သွေးဖိအားကြောင့် နေရထိုင်ရခက်ခြင်း၊ ဖျစ်ညှစ်သလိုခံစားရခြင်း သို့မဟုတ် ရင်ဘတ်တွင်နာကျင်ခြင်းတို့ကို မိနစ်အနည်းငယ်ထက်မက ခံစားရလေသည်။ ပြင်းထန်သောရင်ပူနာနှင့် မှားယွင်းနိုင်ပေသည်

• နာကျင်မှုမှာ—တစ်နေရာတည်းတွင်ဖြစ်ပေါ်ခြင်း သို့မဟုတ်—မေးရိုး၊ လည်ပင်း၊ ပခုံး၊ လက်မောင်းများ၊ တံတောင်ဆစ်များ သို့မဟုတ် လက်ဝဲဘက်လက်သို့ပျံ့နှံ့ခြင်း

• ဝမ်းဗိုက်အထက်ပိုင်းတွင် ကြာမြင့်စွာနာကျင်ခြင်း

• အသက်ရှုကျပ်ခြင်း၊ မူးဝေခြင်း၊ အားနည်းခြင်း၊ ချွေးထွက်များခြင်း သို့မဟုတ် စေးထန်းထန်းဖြစ်ခြင်း

• နှလုံးရပ်တန့်ခြင်းမဖြစ်မီ ရက်သတ္တပတ်များတွင် အားအင်ကုန်ခန်းမှုဖြစ်ခဲ့ခြင်း

• ပျို့ခြင်း သို့မဟုတ် အန်ခြင်း

• အားစိုက်လုပ်ဆောင်ခြင်းမရှိဘဲနှင့် မကြာခဏရင်ဆို့နာဖြစ်ခြင်း

ရောဂါလက္ခဏာသည် ညင်သာသည်မှ ပြင်းထန်သည့်အထိ အမျိုးမျိုးကွဲပြားသော်လည်း နှလုံးရပ်တန့်ခြင်းတိုင်းတွင် လက္ခဏာအားလုံးဖြစ်ပေါ်လေ့မရှိပါ။ သို့သော် ယင်းတို့မှ ပူးပေါင်းလက္ခဏာတစ်စုံတစ်ခု ဖြစ်ပေါ်လာပြီဆိုလျှင် လျင်မြန်စွာအကူအညီတောင်းဆိုပါ။ သို့ရာတွင် အခြေအနေအချို့၌ ရောဂါပြလက္ခဏာများမဖြစ်ပေါ်သည့်အတွက် ယင်းတို့ကို လက္ခဏာမဲ့နှလုံးရပ်တန့်ခြင်းဟု ခေါ်ဆိုကြလေသည်။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

အသက်ဆက်ရေးအတွက် ပြုမူဆောင်ရွက်မှုများ

သင်ကိုယ်တိုင် သို့မဟုတ် သင့်အသိမိတ်ဆွေတစ်ဦးမှာ နှလုံးရပ်တန့်သည့်လက္ခဏာများ တွေ့ ရှိရလျှင်–

• ရောဂါလက္ခဏာများကို အကဲခတ်၍ ရောဂါမျိုးမည် သိရှိပါ။

• သင်ပြုလုပ်နေသည့်အရာတို့ကို ချက်ချင်းရပ်စဲလိုက်ပြီး ထိုင်ချပါ သို့မဟုတ် လှဲလိုက်ပါ။

• အကယ်၍ ရောဂါပြလက္ခဏာများသည် မိနစ်အနည်းငယ်ထက် သာ၍ကြာမြင့်စွာ ဖြစ်ပေါ်ပါက ဒေသအတွင်းရှိ အရေးပေါ်ဌာနသို့ ဖုန်းဆက်ခေါ်ပါ။ ဖုန်းကိုင်သူဝန်ထမ်းအား နှလုံးခုန်ရပ်တန့်ခြင်းဖြစ်ပေလိမ့်မည်ဟု မိမိအထင်ရှိကြောင်းပြောပြ၍ နေရပ်လိပ်စာအတိအကျကိုပေးလိုက်ပါ။

• ဝေဒနာသည်အား အရေးပေါ်ဌာနသို့ သင်ကိုယ်တိုင်ကားမောင်းပို့နိုင်မည်ဆိုလျှင် အမြန်ဆုံးမောင်းပို့ပါ။ အကယ်၍ သင်သည် နှလုံးခုန်ရပ်တန့်ခြင်းခံစားနေရသည်ဟုထင်လျှင် ထိုဌာနသို့မောင်းပို့ပေးရန် တစ်ဦးတစ်ယောက်အား အကူအညီတောင်းခံပါ။

အရေးပေါ်ဆေးဘက်ဆိုင်ရာအကူအညီ မရရှိမီစပ်ကြား–

• ခါးပတ် သို့မဟုတ် နက်ကတိုင်အပါအဝင် တင်းကျပ်နေသောအဝတ်အစားများကို လျှော့ချပစ်လိုက်ပါ။ ဝေဒနာသည်ကို သက်သောင့်သက်သာရှိစေရန် ကူညီပေးပြီး လိုအပ်မည်ဆိုလျှင် မှီဖို့ရန် ခေါင်းအုံးများခုပေးပါ။

• သင်သည် ဝေဒနာသည်ဖြစ်စေ၊ ကူညီပေးသူဖြစ်စေ စိတ်တည်တည်ငြိမ်ငြိမ်ထားပါ။ စိတ်လှုပ်ရှားမှုများခြင်းက အသက်အန္တရာယ်ရှိသော နှလုံးခုန်စည်းပျက်ဝါးပျက်ဖြစ်ခြင်းကို ပို၍ဖြစ်စေသည်။ တည်တည်ငြိမ်ငြိမ်ရှိနေဖို့ ဆုတောင်းခြင်းက အကူအညီဖြစ်စေနိုင်သည်။

ဝေဒနာသည်သည် အသက်ရှူရပ်သွားဟန်ရှိလျှင်–

• အသံကျယ်ကျယ်ဖြင့် “ကျွန်တော်ပြောတာ ကြားရသလား” ဟုမေးပါ။ ဝေဒနာသည်မှ တုံ့ ပြန်မှုမရှိ၊သွေးခုန်ခြင်းမရှိဘဲ အသက်ရှူရပ်နေပုံရှိလျှင် ရင်ဘတ်ကိုနှိပ်၍အသက်ရှူဆက်စေခြင်း (CPR) ကိုပြုလုပ်ပေးပါ။

• CPR ၏အခြေခံ အဆင့်သုံးဆင့်ကို သတိရပါ–

၁။ လေလမ်းပွင့်သွားစေဖို့ ဝေဒနာသည်၏မေးစေ့ကို ပင့်ပေးပါ။

၂။ လေလမ်းပွင့်နေစဉ် ဝေဒနာသည်၏နှာခေါင်းကိုပိတ်ထားပြီး ရင်ဘတ်မြင့်တက်လာသည့်အထိ ပါးစပ်ထဲသို့နှစ်ကြိမ်တိုင်တိုင် ဖြည်းညင်းစွာ လေမှုတ်သွင်းပေးပါ။

၃။ နှလုံးပြန်ခုန်လာစေဖို့ ရင်ဘတ်တည့်တည့်တွင် ၁၀ ကြိမ်မှ ၁၅ ကြိမ်အထိ ဖိနှိပ်ပေးပါ။ သွေးပြန်ခုန်လာပြီး အသက်ပြန်ရှူလာသည့်အထိ သို့မဟုတ် အရေးပေါ်အဖွဲ့ မရောက်မချင်း ၁၅ စက္ကန့်တစ်ကြိမ် လေနှစ်ခါမှုတ်သွင်းပြီး ၁၅ ကြိမ်ဖိပေးပါ။

CPR ကို လေ့ကျင့်ထားသူတစ်ဦးက ပြုလုပ်ပေးသင့်သည်။ သို့သော် နှလုံးရောဂါအရေးပေါ်ဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဒေါက်တာ အာရ် ကာမန်စ်အရ တတ်မြောက်ထားသူတစ်ဦးတစ်ယောက်မျှမရှိသောအခါ “CPR လုံးလုံးမပြုလုပ်ပေးသည်နှင့်စာလျှင် မည်သည့် CPR မဆိုသည် သာ၍ကောင်း၏” ဟုပြောပါသည်။ တစ်ဦးတစ်ယောက်သည် ဤအဆင့်များကို အစပြုဆောင်ရွက်မပေးလျှင် အသက်ဆက်ရေးအတွက်အခွင့်အလမ်း အလွန်နည်းပါးပေမည်။ CPR က အကူအညီမရမီအထိ လူနာ၏အခြေအနေကို ထိန်းပေးထားနိုင်သည်။

[စာမျက်နှာ ၅ ပါပုံစာ]

နှလုံးရပ်တန့်ပြီးပြီးချင်း အလျင်အမြန်ကုသခြင်းက အသက်အန္တရာယ်မှ ကယ်ဆယ်နိုင်ပြီး နှလုံးပျက်စီးခြင်းကိုလျော့နည်းစေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ