နာလန် ထူနည်း
နှလုံးရပ်တန့်မှုခံစားပြီးနောက် လူတစ်ဦးသည် ကြောက်ရွံ့၍စိုးရိမ်ပူပန်နေမည်ကား သဘာဝပင်။ နောက်တစ်ခါ ထပ်ဖြစ်ဦးမည်လော။ မသန်မစွမ်းဒုက္ခိတဘဝ သို့မဟုတ် နာကျင်ကာ ခွန်အားနှင့် ဖျတ်လတ်သန်စွမ်းမှုဆုံးရှုံးခြင်းကြောင့် ချို့တဲ့နေမည်လော။
ဒုတိယဆောင်းပါးတွင်ဖော်ပြထားသော ဂျော်န်သည် အချိန်တန်လျှင်နေ့စဉ်ကသိကအောက်ဖြစ်နေခြင်းနှင့် ရင်ဘတ်နာကျင်ခြင်းတို့ ပျောက်သွားလိမ့်မည်ဟုမျှော်လင့်ခဲ့သည်။ သို့သော် လအနည်းငယ်ကြာပြီးနောက် သူက “အခုထက်ထိတော့ မပျောက်သေးဘူး။ အဲဒီလိုဖြစ်တာနဲ့အတူ အလွယ်တကူပင်ပန်းပြီး နှလုံးတလှပ်လှပ်ခုန်နေတာတွေကြောင့် ‘နောက်တစ်ခါထပ်ဖြစ်ခါနီးပြီလား’ လို့စိုးရိမ်တကြီးနဲ့ တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုမေးနေမိတယ်” ဟူ၍ပြောပြသည်။
အမေရိကန်ပြည်ထောင်စုမှ ငယ်ရွယ်သောမုဆိုးမတစ်ဦးဖြစ်သူ ဂျိန်းက သူမ၏နှလုံးရပ်တန့်ခဲ့ချိန်နှင့်ပတ်သက်၍ “ကျွန်မ အသက်ရှင်တော့မှာမဟုတ်ဘူး၊ ဒါမှမဟုတ် နောက်တစ်ခါထပ်ဖြစ်ရင်တော့ သေမှာပဲ ဆိုပြီးတွေးမိတယ်။ ကျွန်မမှာ ကလေးသုံးယောက်ရှိတဲ့အတွက် အမြဲထိတ်လန့်နေရတယ်” ဟူ၍ဝန်ခံခဲ့သည်။
ဂျပန်မှ ဟီရိုရှီက “ကျွန်တော့်ရဲ့နှလုံးဟာ အရင်ကလို လုပ်ဆောင်နိုင်တော့မှာမဟုတ်ဘူးလို့ ကြားလိုက်ရတဲ့အခါ မှင်တက်သွားမိတယ်; ကျွန်တော့်ရဲ့နှလုံးပန်းထုတ်နိုင်တဲ့နှုန်းဟာ ၅၀ ရာခိုင်နှုန်းကျဆင်းသွားတယ်တဲ့။ အရင်ကလုပ်နိုင်ခဲ့တာရဲ့ ထက်ဝက်တောင် လုပ်ဆောင်နိုင်တော့မှာမဟုတ်တဲ့အတွက် ယေဟောဝါသက်သေဓမ္မအမှုဆောင်တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့လုပ်ငန်းတချို့ကို လျှော့လိုက်ရမယ်လို့ ထင်မိတယ်” ဟူ၍ပြောပြသည်။
တစ်ဦးတစ်ယောက်သည် ခွန်အားအကန့်အသတ်သာရှိတော့သည်ဆိုလျှင် အခိုက်အတန့်အားဖြင့် စိတ်ကျခြင်းနှင့် အသုံးမဝင်ဟူသောခံစားချက်မျိုး ဝင်လာပေမည်။ ယေဟောဝါသက်သေတို့၏ဟောပြောခြင်းလုပ်ငန်းတွင် အချိန်ပြည့်အမှုဆောင်တစ်ဦးအဖြစ် မိမိကိုယ်ကိုဆက်ကပ်ထားသော အသက် ၈၃ နှစ်အရွယ်၊ ဩစတြေးလျသူ မာရီက “အရင်ကလို ကျွန်မ မလုပ်ဆောင်နိုင်တော့တဲ့အတွက် ဝမ်းနည်းလာမိတယ်။ အခြားသူတွေကိုကူညီဖို့နေနေသာသာ အခုဆိုရင် ကျွန်မကအကူအညီလိုနေတယ်” ဟူ၍မြည်တမ်းခဲ့သည်။ တောင်အာဖရိကမှ ဟယ်ရယ်လ်ဒ်က “သုံးလတောင် ကျွန်တော်အလုပ်မလုပ်နိုင်ခဲ့ဘူး။ အဲဒီအချိန်က ကျွန်တော်လုပ်နိုင်တာကတော့ ပန်းခြံထဲမှာလမ်းလျှောက်ရုံလေးပါပဲ။ ဒီအတွက် အလိုမကျဖြစ်ခဲ့ရတယ်!” ဟုထုတ်ဖော်ပြောလေသည်။
ဩစတြေးလျမှ သောမတ်စ်သည် ဒုတိယအကြိမ်နှလုံးရပ်တန့်ပြီးနောက် သွေးကြောလမ်းလွှဲခွဲစိတ်မှုပြုလုပ်ရန် လိုအပ်ခဲ့သည်။ သူက “နာတဲ့ဒဏ်ကို ကျွန်တော်မခံနိုင်တော့ဘူး။ ဒီတော့ အရေးကြီးတဲ့ခွဲစိတ်မှုခံရမှာကို မစဉ်းစားဝံ့ဘူး” ဟုပြောပြသည်။ ဘရာဇီးမှ ဇော်ရှ်က နှလုံးခွဲစိတ်ကုသပြီးနောက်အခြေအနေကို ဤသို့ဖော်ပြသည်– “ကျွန်တော့်မှာ ငွေကြေးချို့တဲ့လို့ ဘာအထောက်အပံ့မှမရှိဘဲ ကျွန်တော့်ဇနီးကို တစ်ယောက်တည်းထားခဲ့ရမှာ စိုးရိမ်မိတယ်။ ကျွန်တော် သက်ဆိုးရှည်မှာမဟုတ်ဘူးလို့ ခံစားမိတယ်။”
နာလန်ထူလာခြင်း
များစွာသောလူတို့ကို အဘယ်အရာက နာလန်ထူစေပြီး စိတ်ပိုင်းအရ ပြန်တည်ငြိမ်စေခဲ့သနည်း။ ဂျိန်းက “ကြောက်ရွံ့ထိတ်လန့်စိတ်ဝင်လာပြီဆိုရင် အမြဲပဲ ယေဟောဝါကိုဆုတောင်းပြီး ကျွန်မရဲ့ဝန်ထုပ်တွေကို ကိုယ်တော့်ထံမှာချထားလိုက်တယ်” ဟုပြောပြသည်။ (ဆာလံ ၅၅:၂၂) လူတစ်ဦးသည် စိုးရိမ်ပူပန်မှုများနှင့်ရင်ဆိုင်ရသောအခါ လိုအပ်နေသော ခွန်အားနှင့် စိတ်ငြိမ်သက်မှုကို ဆုတောင်းခြင်းကပေးသည်။—ဖိလိပ္ပိ ၄:၆၊ ၇။
ဂျော်န်နှင့် ဟီရိုရှီတို့က ပြန်လည်ထူထောင်ခြင်းအစီအစဉ်များတွင် ပါဝင်ခဲ့ကြသည်။ အချိန်မှန် အာဟာရရှိသောအစာစား၍ လေ့ကျင့်ခန်းပြုလုပ်ခြင်းက သူတို့၏နှလုံးများကို သန်မာလာစေသည့်အတွက် နှစ်ယောက်စလုံး အလုပ်ပြန်လုပ်နိုင်ကြသည်။ ထို့အပြင် သူတို့၏စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ နာလန်ထူလာခြင်းသည် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ ထောက်ပံ့ကူညီမှုကြောင့်ဖြစ်သည်ဟု သူတို့ယူမှတ်ကြသည်။
သောမတ်စ်သည် မိမိခရစ်ယာန်ညီအစ်ကိုချင်းတို့၏ ဖေးမကူညီမှုအားဖြင့် ခွဲစိတ်ကုသခံဖို့ သတ္တိရှိလာသည်။ သူက “ကျွန်တော့်ကို မခွဲစိတ်ခင် ကြီးကြပ်မှူး ရောက်လာပြီး ဆုတောင်းပေးခဲ့တယ်။ ကျွန်တော့်ကို ခွန်အားပေးပါလို့ ယေဟောဝါကိုတိုးလျှိုးတောင်းပန်ပေးတယ်။ အဲဒီညမှာ သူ့ရဲ့ဆုတောင်းချက်ကို ကျွန်တော်လေးလေးနက်နက်အာရုံစိုက်မိတယ်။ စိတ်လှုပ်ရှားတဲ့အချိန်မှာ သူ့လို စာနာမှုရှိတဲ့ အကြီးအကဲတွေဟာ ရောဂါသက်သာစေတဲ့အတွက် တကယ့်ကောင်းချီးတစ်ရပ်ပဲလို့ ခံစားရတယ်” ဟုထုတ်ဖော်ပြောဆိုခဲ့သည်။
အီတလီမှ အာနာသည် စိတ်ကျခြင်းကို ဤနည်းဖြင့်ဖြေရှင်းခဲ့သည်– “ကျွန်မ စိတ်ဓာတ်ကျလာတဲ့အခါ ဘုရားသခင့်ကျေးကျွန်တစ်ယောက်အနေနဲ့ ကျွန်မရရှိထားတဲ့ ကောင်းချီးတွေနဲ့ ဘုရားသခင့်နိုင်ငံတော်မှာ ရရှိမယ့်ကောင်းချီးတွေကို စဉ်းစားလိုက်တယ်။ အဲ့ဒါက ကျွန်မကို စိတ်ငြိမ်သက်မှု ပြန်ရစေတယ်။”
မာရီသည် ယေဟောဝါ၏အကူအညီအတွက် ကျေးဇူးတင်လေးမြတ်ခဲ့သည်။ သူမ၏မိသားစုသည် သူမကို အားပေးခဲ့သည်။ သူမက “ကိုယ့်ဝန်ကိုယ် အသီးသီးထမ်းနေကြရရှာတဲ့ ကျွန်မရဲ့ ဝိညာဉ်ရေးညီအစ်ကိုညီအစ်မများလည်း ကျွန်မဆီကို လာလည်ဖို့အချိန်ပေးကြ၊ တယ်လီဖုန်းဆက်ကြ ဒါမှမဟုတ်ရင် ကတ်တွေပေးပို့ကြတယ်။ ဒီလိုမေတ္တာပြတာတွေကြောင့် ကျွန်မ ဘယ်လိုလုပ်ပြီးဝမ်းနည်းနေနိုင်တော့မှာလဲ” ဟူ၍ပြောပြသည်။
အထီးကျန် နှလုံးများမဟုတ်
ရောဂါပျောက်ကင်းနေသောနှလုံးသည် အထီးကျန်နှလုံးမဖြစ်သင့်ဟူ၍ ပြောကြသည်။ ပကတိနှင့် ပုံဆောင်သဘောအရပါ နှလုံးပြန်ကောင်းလာဖို့အတွက် မိသားစုနှင့် မိတ်ဆွေများ၏ထောက်ပံ့ကူညီမှုသည် အလွန်အကျိုးပြုအခန်းကဏ္ဍမှ ပါဝင်သည်။
တောင်အာဖရိကမှ မိုက်ကယ်က “စိတ်ညှိုးငယ်တာကို ရှင်းပြဖို့ခက်တယ်။ ဒါပေမဲ့လည်း ဘုရားသခင့်နိုင်ငံတော်ခန်းမထဲကို ဝင်လိုက်တာနဲ့ ကျွန်တော့်အပေါ် ညီအစ်ကိုတွေပြသကြတဲ့ စိုးရိမ်ပူပန်မှုက ကျွန်တော့်ကို ကြည်နူးစေပြီး စိတ်ဓာတ်မြှင့်တင်ပေးတယ်” ဟုပြောပြသည်။ ဩစတြေးလျမှ ဟင်နရီသည်လည်း သူ၏အသင်းတော်မှရရှိသော နက်ရှိုင်းသည့်မေတ္တာနှင့် နားလည်မှုကြောင့် ခွန်အားများစွာရသည်။ သူက “ကြင်နာပြီးစာနာတတ်တဲ့ အားပေးစကားတွေကို ကျွန်တော်တကယ်လိုအပ်နေတာ” ဟုပြောခဲ့သည်။
ဇော်ရှ်သည် သူအလုပ်ပြန်ဝင်နိုင်သည့်အချိန်အထိ သူ၏မိသားစုကို ငွေရေးကြေးရေးအကူအညီပေးခြင်းဖြင့် စိုးရိမ်တကြီး ဂရုစိုက်ခဲ့သူများကိုလည်း ကျေးဇူးတင်မဆုံးနိုင်ပါ။ အလားတူပင် ဆွီဒင်မှ အော်လ်ဂါက ဝိညာဉ်ရေးဆိုင်ရာညီအစ်ကိုညီအစ်မများထံမှ သူမနှင့် သူမ၏မိသားစုရရှိခဲ့သော လက်တွေ့ကျအကူအညီအတွက် ကျေးဇူးတင်လေးမြတ်ခဲ့သည်။ အချို့သူတို့က ဈေးဝယ်ခြမ်းပေးစဉ် အခြားသူများက အိမ်သန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြသည်။
နှလုံးရောဂါသည်များသည် မိမိတို့မြတ်နိုးသော လုပ်ငန်းဆောင်တာများတွင် ပါဝင်ဆောင်ရွက်ခြင်းကို ကန့်သတ်ပေးရလေ့ရှိသည်။ ဆွီဒင်မှ ဆဖဲန်က “တစ်ခါတလေ လေတိုက်လွန်းတဲ့အခါ ဒါမှမဟုတ် အရမ်းအေးတဲ့အခါ သွေးကြောကျုံ့တက်တတ်လို့ ကျွန်တော် အမှုဆောင်မထွက်နိုင်ဘူး။ ဒီလိုအခြေအနေမှာ ကျွန်တော့်ရဲ့သက်သေခံမိတ်ဆွေများက ကျွန်တော့်အပေါ်နားလည်မှုပြတဲ့အတွက် ကျေးဇူးတင်မိပါတယ်” ဟုပြောပြခဲ့သည်။ ထို့အပြင် ညီအစ်ကိုများကမေတ္တာဖြင့် ဟောပြောချက်များကို အသံသွင်းပေးသောကြောင့် ဆဖဲန်သည် အိပ်ရာတွင်လှဲနေရစဉ် အစည်းအဝေးများတွင် ပါဝင်နားထောင်နိုင်ခဲ့သည်။ “အသင်းတော်မှာ ဖြစ်ပျက်တာတွေကို အမြဲပြောပြကြတဲ့အတွက် ကျွန်တော်လည်း တစ်ယောက်အပါအဝင်ဖြစ်တယ်လို့ ခံစားမိစေတယ်။”
အိပ်ရာတွင်လှဲနေရသော မာရီက သူမနှင့်ကျမ်းစာလေ့လာသူများသည် သူမထံလာသင်ကြခြင်းကို ကောင်းချီးတစ်ရပ်ဟုယူမှတ်ပါသည်။ ဤနည်းဖြင့် သူမသည် မိမိမျှော်လင့်နေသော အံ့မခန်းဖွယ်အနာဂတ်ကို ဆက်လက်၍ဆွေးနွေးနိုင်လေသည်။ သောမတ်စ်သည် သူ့အားပြသည့် ဂရုစိုက်မှုအတွက် ကျေးဇူးတင်၏– “အကြီးအကဲတွေက ကျွန်တော့်ကိုအရမ်းစာနာမှုပြပြီး တာဝန်လျှော့ပေးထားတယ်။”
မိသားစုများလည်း ပံ့ပိုးမှုလိုအပ်
ဘဝခရီးလမ်းသည် ဝေဒနာရှင်အတွက်ခက်ခဲသကဲ့သို့ မိသားစုအတွက်လည်း ခက်ခဲပေမည်။ သူတို့သည်လည်း အကြီးအကျယ်ဖိစီးမှုခံရပြီး စိုးရိမ်နေကြရသည်။ တောင်အာဖရိကမှ အဲလ်ဖရဒ်က သူ့ဇနီး၏စိုးရိမ်ပူပန်မှုနှင့်ပတ်သက်၍ “ကျွန်တော်ဆေးရုံကဆင်းပြီး အိမ်ကိုရောက်လာတဲ့အခါ ကျွန်တော့်ဇနီးက ညဘက်မှာ ကျွန်တော့်အခြေအနေကောင်းမကောင်းသိဖို့ ကျွန်တော့်ကိုခဏခဏနှိုးတယ်၊ အဲဒီအပြင် သုံးလတစ်ကြိမ် ဆေးစစ်ဖို့အတွက် ဆရာဝန်ဆီသွားခိုင်းတယ်” ဟူ၍ပြောပြသည်။
နယပုံပြင် ၁၂:၂၅ (သမ္မာ) က “စိုးရိမ်ကြောင့်ကြခြင်းသည် ညှိုးငယ်စေတတ်၏” ဟုဖော်ပြထားသည်။ အီတလီမှ ကာလိုက မိမိနှလုံးရပ်တန့်ခဲ့ကတည်းက အထောက်အမပေးသော သူ၏ချစ်ဇနီးသည် “စိတ်ကျဝေဒနာခံစားနေရသည်” ဟုဖော်ပြသည်။ ဩစတြေးလျမှ လောရဲန့်စ်က “ဂရုပြုရမယ့်အချက်တစ်ချက်ကတော့ သင့်ကြင်ဖော်ရဲ့အရေးဖြစ်တယ်။ ကြင်ဖော်အတွက် ဖိစီးမှုကြီးမားနိုင်တယ်” ဟူ၍ပြောပါသည်။ သို့ဖြင့် ကျွန်ုပ်တို့သည် သားသမီးများပါ အပါအဝင် မိသားစုတစ်စုလုံး၏လိုအပ်ရာများကို သတိချပ်သင့်သည်။ အခြေအနေက သူတို့၏စိတ်ပိုင်းနှင့် ကာယပိုင်းကို များစွာထိခိုက်နိုင်ပါသည်။
ဒုတိယဆောင်းပါးတွင်ဖော်ပြခဲ့သော ဂျိမ်းစ်သည် သူ၏ဖခင် နှလုံးရပ်တန့်ဝေဒနာခံစားပြီးနောက် အရောမဝင်သီးခြားနေလာလေသည်။ သူက “ကျွန်တော် ဘယ်တော့မှမပျော်နိုင်တော့ဘူး၊ ပျော်လိုက်တာနဲ့ မကောင်းတာတစ်ခုခုဖြစ်တော့မယ်လို့ ခံစားရတယ်” ဟုပြောခဲ့သည်။ သူ၏စိုးရိမ်ပူပန်မှုကို ဖခင်အားပြောပြလိုက်ပြီး အခြားသူများနှင့်ဆက်သွယ်ရေးကောင်းဖို့ ကြိုးစားလိုက်ခြင်းဖြင့် သူ၏ပူပင်မှုကိုလျော့နည်းသွားစေနိုင်ခဲ့သည်။ ထိုအချိန်အတောအတွင်း ဂျိမ်းစ်သည် သူ၏အသက်တာတွင် များစွာအကျိုးရှိသည့် အရာတစ်ခုကိုပြုလုပ်ခဲ့သည်။ သူက “ကိုယ်ပိုင်လေ့လာမှုနဲ့ ခရစ်ယာန်အစည်းအဝေးတွေအတွက် ကြိုတင်ပြင်ဆင်ခြင်းကို ကျွန်တော်ပိုလုပ်လာတယ်” ဟုပြောပြခဲ့သည်။ သုံးလအကြာတွင် သူသည် သူ၏အသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံလိုက်ပြီး ယင်းကို နှစ်ခြင်းခံခြင်းအားဖြင့်တင်ပြခဲ့သည်။ သူက “အဲ့ဒီအချိန်ကစပြီး ယေဟောဝါနဲ့ အလွန်ရင်းနှီးတဲ့ဆက်ဆံရေး တိုးပြီးရရှိလာခဲ့တယ်။ ကိုယ်တော့်ကို ကျွန်တော်ကျေးဇူးတင်စရာ တကယ်များတယ်” ဟုပြောပြသည်။
နှလုံးရပ်တန့်ပြီးနောက်တွင် မိမိ၏ဘဝအသက်တာကို ပြန်လည်ဆန်းစစ်ဖို့ အချိန်ရရှိလာလေသည်။ ဥပမာအနေဖြင့် ဂျော်န်၏ရှုမြင်သုံးသပ်ပုံမှာ ပြောင်းလဲသွားသည်။ သူက “လောကီရေးရာတွေကိုလိုက်စားခြင်းဟာ အချည်းနှီးပဲဆိုတာသိလာပြီး မိသားစုနဲ့ မိတ်ဆွေတွေရဲ့မေတ္တာဟာ အရေးကြီးကြောင်း၊ အဲ့ဒီအပြင် ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာကို သတိပြုမိတယ်။ အခုဆိုရင် ယေဟောဝါရယ်၊ ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်ဝိညာဉ်ရေး ညီအစ်ကိုညီအစ်မတွေနဲ့ ဆက်ဆံရေးကောင်းဖို့ကို ကျွန်တော်ပိုဦးစားပေးတတ်လာတယ်” ဟုပြောလေသည်။ သူကြုံတွေ့ခဲ့ရသော ထိတ်လန့်ဖွယ်ဝေဒနာကို ပြန်စဉ်းစားကြည့်ရာတွင် သူက “ဒီအရာအားလုံးကို ကုစားပေးမယ့်အချိန်တစ်ချိန်ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်သာမရှိရင် ဒါကို ကျွန်တော်ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို စဉ်းစားလို့တောင်မရဘူး။ ကျွန်တော်စိတ်မချမ်းမသာဖြစ်လာတဲ့အခါ အနာဂတ်အကြောင်းစဉ်းစားလိုက်တယ်၊ အဲ့ဒါနဲ့ အခုဖြစ်နေတဲ့အရာတွေဟာ ဘာမှအရေးမကြီးတော့ဘူး” ဟုထပ်ဆင့်၍ပြောပြသည်။
နှလုံးရပ်တန့်ခဲ့ဖူးသော ဤသူတို့သည် နာလန်ထူလာရာတွင် ကောင်းတစ်ချီ ဆိုးတစ်လှည့်ဖြစ်နေစဉ် ကျွန်ုပ်တို့ဆုတောင်းဖို့ရန် ယေရှုခရစ်သွန်သင်ပေးတော်မူခဲ့သော ဘုရားသခင့်နိုင်ငံတော်အပေါ် မြဲမြံခိုင်ခံ့စွာ ကျောက်ဆူးချ မျှော်လင့်နေကြပါသည်။ (မဿဲ ၆:၉၊ ၁၀) ဘုရားသခင့်နိုင်ငံတော်သည် လူသားတို့ကို စုံလင်သောအသက်တာဖြင့် ပရဒိသုမြေကြီးပေါ်တွင် ထာဝစဉ်နေထိုင်သွားစေရန် ပြုလုပ်ပေးပါလိမ့်မည်။ ထိုအခါ နှလုံးရောဂါနှင့် အခြားသောမသန်မစွမ်းမှုရှိရှိသမျှတို့သည် ထာဝစဉ်ပယ်ရှင်းခြင်းခံရလိမ့်မည်။ ကမ္ဘာသစ်သည် ရှေ့နားလေးတွင်ပင်ရှိသည်။ အကောင်းတကာ့ အကောင်းဆုံးသောအသက်တာ ဧကန်အမှန် ရောက်လုပြီ!—ယောဘ ၃၃:၂၅; ဟေရှာယ ၃၅:၅၊ ၆; ဗျာဒိတ် ၂၁:၃-၅။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
နာလန်ထူရာတွင် မိသားစုနှင့် မိတ်ဆွေများ၏ ထောက်ပံ့ကူညီမှုသည် အကျိုးပြုအခန်းကဏ္ဍမှပါဝင်