ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၁၂/၈ စာ. ၈-၁၀
  • ဘေးအန္တရာယ်ကို မည်သို့လျော့နည်းစေနိုင်မည်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘေးအန္တရာယ်ကို မည်သို့လျော့နည်းစေနိုင်မည်နည်း
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသက်အရွယ်၊ လိင်နှင့် မျိုးရိုးလိုက်ခြင်း
  • အကြောင်းအချက်တစ်ရပ်ဖြစ်သည့် ကိုလက်စထရော
  • အထိုင်များသောဘဝပုံစံ
  • သွေးတိုးခြင်း၊ ကိုယ်အလေးချိန်များခြင်းနှင့် ဆီးချို
  • ဆေးလိပ်သောက်ခြင်း
  • ဖိစီးမှု
  • သင့်အစားအစာ သင့်ကိုသေစေနိုင်သလော
    နိုးလော့!—၁၉၉၈
  • နှလုံး ရောဂါ အသက်အန္တရာယ်
    နိုးလော့!—၁၉၉၇
  • ရောဂါပြလက္ခဏာများကို သတိမူ ဆောင်ရွက်ခြင်း
    နိုးလော့!—၁၉၉၇
  • ကိုယ်လက်လှုပ်ရှားဖို့ အမှန်တကယ်လို အပ်သလော
    နိုးလော့!—၂၀၀၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၇
န၉၇ ၁၂/၈ စာ. ၈-၁၀

ဘေးအန္တရာယ်ကို မည်သို့လျော့နည်းစေနိုင်မည်နည်း

နှလုံးပတ်သွေးလွှတ်ကြောရောဂါ (CAD) သည် မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်နှင့် ဘဝပုံစံဆိုင်ရာ အကြောင်းအချက်တို့ကြောင့် ဖြစ်လေ့ဖြစ်ထရှိသည်။ ယင်းတို့မှ အကြောင်းအချက်တစ်ချက် သို့မဟုတ် ထိုထက်မကသောအချက်နှင့်ဆက်စပ်သည့် ဘေးကို ဆယ်စုနှစ်များမဟုတ်ပါက နှစ်များစွာခံခဲ့ရာမှ CAD နှင့်ဖြစ်ပြီး နှလုံးရပ်တန့်ရခြင်းဖြစ်လေသည်။

အသက်အရွယ်၊ လိင်နှင့် မျိုးရိုးလိုက်ခြင်း

အသက်အရွယ်ရလာသည်နှင့်အမျှ နှလုံးရပ်တန့်ဖို့ ဘေးအန္တရာယ်များလာပေသည်။ နှလုံးရပ်တန့်သူ ၅၅ ရာခိုင်နှုန်းခန့်သည် အသက် ၆၅ နှစ်ကျော်ဖြစ်သည်။ နှလုံးရပ်တန့်၍ သေဆုံးသူ ၈၀ ရာခိုင်နှုန်းခန့်သည် အသက် ၆၅ နှစ် သို့မဟုတ် ယင်းအထက်ဖြစ်သည်။

အသက် ၅၀ အောက်အမျိုးသားများသည် သက်တူရွယ်တူအမျိုးသမီးများထက် ဘေးကြုံဖို့အကြောင်းများသည်။ အမျိုးသမီးတစ်ဦးသည် သွေးဆုံးပြီးနောက်တွင် အကာအကွယ်ပေးသည့် အက်စထရိုဂျင်ဟော်မုန်း ရုတ်တရက်လျော့နည်းလာရာ နှလုံးရပ်တန့်ခြင်းဘေးကြုံဖို့ ပိုများလာပါသည်။ အက်စထရိုဂျင်အစားဖြည့်ကုထုံးက အမျိုးသမီးများတွင် နှလုံးရောဂါဖြစ်မည့်ဘေးကို ၄၀ ရာခိုင်နှုန်း သို့မဟုတ် ထိုထက်မက လျော့နည်းစေမည်ဖြစ်သော်လည်း ကင်ဆာရောဂါအချို့ဖြစ်ဖို့ဘေးကိုကား တိုးပွားစေပေမည်ဟု အချို့ကခန့်မှန်းကြသည်။

မျိုးရိုးလိုက်ခြင်းက အဓိကအချက်တစ်ချက်ဖြစ်နိုင်သည်။ မိဘတို့သည် အသက် ၅၀ မတိုင်မီ နှလုံးရပ်တန့်ခဲ့လျှင် သားသမီးတို့သည်လည်း ထိုဘေးကြုံဖို့ အကြောင်းများသည်။ မိဘတို့သည် အသက် ၅၀ နောက်ပိုင်းမှ နှလုံးရပ်တန့်ခဲ့သည့်တိုင် နှလုံးရပ်တန့်မှုဘေး ကြုံဖို့များသည်။ မိသားစုတွင် မျိုးရိုးလိုက်၍ နှလုံးရောဂါပြဿနာရှိလျှင် သားသမီးများမှာ အလားတူပြဿနာမျိုးဖြစ်ဖို့ရန် အကြောင်းအလွန်များပေသည်။

အကြောင်းအချက်တစ်ရပ်ဖြစ်သည့် ကိုလက်စထရော

အဆီစုအမျိုးအစားတစ်မျိုးဖြစ်သည့် ကိုလက်စထရောမှာ အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်သည်။ ယင်းကို အသည်းကထုတ်လုပ်ပေးပြီး ဆဲလ်များထံသို့ သွေးကသယ်ဆောင်ပေးရာ မော်လီကျူးများထဲရောက်သောအခါ လိုက်ပိုပရိုတင်းဟုခေါ်လေသည်။ လိုက်ပိုပရိုတင်းအမျိုးအစားနှစ်မျိုးမှာ သိပ်သည်းမှုနည်း လိုက်ပိုပရိုတင်း (LDL ကိုလက်စထရော) နှင့် သိပ်သည်းမှုများ လိုက်ပိုပရိုတင်း (HDL ကိုလက်စထရော) တို့ဖြစ်သည်။ သွေးထဲတွင် LDL ကိုလက်စထရောများလွန်းလျှင် ကိုလက်စထရောသည် CAD ဖြစ်စေသည့် ဘေးအန္တရာယ်တစ်ရပ် ဖြစ်လာသည်။

HDL သည် တစ်သျှူးများမှ ကိုလက်စထရောကို ဖယ်ရှားပြီး ၎င်းကို အသည်းသို့ ပြန်လည်ပို့ဆောင်ပေးရာ ထိုတွင်ဓာတ်ပြောင်းပြီး ကိုယ်ခန္ဓာမှစွန့်ထုတ်ပစ်ခြင်းအားဖြင့် ကာကွယ်ခြင်းအပိုင်းကဏ္ဍကို ထမ်းဆောင်သည်ဟုယူမှတ်ကြ၏။ စစ်ဆေးရာတွင် LDL များပြီး HDL နည်းနေလျှင် နှလုံးရောဂါဖြစ်ဖို့ဘေးအန္တရာယ်များသည်။ LDL ပမာဏကို လျော့နည်းစေခြင်းက နှလုံးရပ်တန့်ဖို့ဘေးအန္တရာယ်ကို သိသိသာသာ လျော့နည်းစေနိုင်သည်။ ကုသနည်းတွင် သတ်မှတ်ရာအစာကို အတိုင်းအချင့်နှင့်စားသုံးခြင်းသည် ပဓာနဖြစ်ပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်းက အကူအညီပေးနိုင်သည်။ ဆေးဝါးအမျိုးမျိုးက ပြန်လည်၍ကောင်းမွန်လာစေနိုင်သော်လည်း မလိုလားသောအကျိုးဆက်များ ရရှိစေနိုင်သည်။a

ကိုလက်စထရောနှင့် ပြည့်ဝအဆီလျော့နည်းသောဓာတ်စာကို စားသုံးရန်အကြံပြုထားပါသည်။ ထောပတ်ကဲ့သို့သော ပြည့်ဝအဆီများသည့်အစာအစား ကနိုလာဆီ သို့မဟုတ် သံလွင်ဆီကဲ့သို့သော အဆီလျော့နည်းသည့်အစာတို့ကို စားသုံးခြင်းက LDL ကိုကျဆင်းစေနိုင်ပြီး HDL ကိုထိန်းထားပေးသည်။ အခြားတစ်ဖက်တွင်မူ အမေရိကန်လူထုကျန်းမာရေးဂျာနယ်က မာဂျရင်း သို့မဟုတ် ဟင်းသီးဟင်းရွက်များမှထုတ်ယူသည့်ဆီခဲတို့တွင် အများဆုံးတွေ့ရှိရသည့် ဟိုက်ဒရိုဂျင်ပေါင်းစပ်ထားသော သို့မဟုတ် ဟိုက်ဒရိုဂျင် တစ်စိတ်တစ်ပိုင်းပါဝင်သော ဟင်းသီးဟင်းရွက်ဆီများသည် LDL ကိုများစေနိုင်ပြီး HDL ကိုနည်းစေနိုင်သည်။ အဆီများသောအသားကို လျှော့စားပြီး ကြက် သို့မဟုတ် ကြက်ဆင်၏ အဆီနည်းသောအပိုင်းကိုစားသုံးရန် အကြံပြုထားပါသေးသည်။

လေ့လာတွေ့ရှိချက်များက ဗီတာမင် E၊ ဗီတာ-ကယ်ရိုတင်းနှင့် ဗီတာမင် C သည် တိရစ္ဆာန်တို့တွင် သွေးလွှတ်ကြော မာကျစ်ခြင်းကို လျော့စေနိုင်သည်ဟုဖော်ပြသည်။ ယင်းတို့က လူတို့တွင်လည်း နှလုံးခုန်ရပ်တန့်ခြင်းကို လျော့နည်းစေပေမည်ဟု လေ့လာတွေ့ရှိချက်တစ်ခုက ကောက်ချက်ချပါသည်။ ခရမ်းချဉ်သီး၊ အစိမ်းရင့်ရောင်အရွက်များ၊ ငရုတ်မျိုးစုံ၊ မုန်လာဥဝါ၊ ကန်စွန်းဥနှင့် ဖရဲသီးကဲ့သို့သော ဗီတာ-ကယ်ရိုတင်းနှင့် အခြားကယ်ရိုတီနွိုက်အပြင် ဗီတာမင် C ပါသည့်ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများသည် CAD မဖြစ်စေရန် ကာကွယ်ပေးပေမည်။

ဗီတာမင် B6 နှင့် မဂ္ဂနီဆီယမ်တို့ကို မှီဝဲလျှင်လည်းကောင်းသည်ဟု ပြောကြသည်။ ဘာလီနှင့် အုတ်ဂျုံကဲ့သို့သော ဂျုံကြမ်းနှင့်အတူ ပဲများ၊ ပဲနီကလေးနှင့် အစေ့အချို့အပြင် အခွံမာအသီးများသည် အကျိုးရှိစေနိုင်သည်။ ထို့အပြင် ပင်လယ်ငါးသလောက်မျိုး (salmon)၊ ငါးကွမ်းရှပ် (mackerel)၊ ငါးမျက်ဆန်ကျယ်မျိုး ပင်လယ်ငါးငယ် (herring) သို့မဟုတ် ငါးမည်းလုံး (tuna) ကဲ့သို့သောငါးတို့တွင် အိုမီဂါ-၃ သာလွန်မပြည့်ဝ အဆီအက်ဆစ် ကြွယ်ဝစွာပါဝင်သောကြောင့် တစ်ပတ်လျှင် အနည်းဆုံးနှစ်ကြိမ်စားသုံးခြင်းက CAD ဖြစ်မည့်ဘေးအန္တရာယ်ကို လျော့နည်းစေနိုင်ပေမည်။

အထိုင်များသောဘဝပုံစံ

အထိုင်များသောသူတို့တွင် နှလုံးရပ်တန့်ဖို့ဘေး ပိုများသည်။ ဤသူတို့သည် တစ်နေကုန်နီးပါး ကာယလှုပ်ရှားမှုမရှိ၊ လေ့ကျင့်ခန်းကိုလည်း မှန်မှန်မပြုလုပ်ကြချေ။ ဤသူတို့တွင် ပင်ပင်ပန်းပန်းဥယျာဉ်စိုက်ပျိုးခြင်း၊ ဖြည်းဖြည်းမှန်မှန်ပြေးခြင်း၊ အလေးအပင်များမခြင်း သို့မဟုတ် ဆီးနှင်းများကိုကော်ပစ်ခြင်းကဲ့သို့သော အားစိုက်ရသည့်အလုပ်များ လုပ်ကိုင်ပြီးနောက် နှလုံးရပ်တန့်ခြင်းဖြစ်လေ့ရှိသည်။ သို့သော် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်သူများတွင်မူ ရပ်တန့်ဖို့ဘေးနည်းသည်။

တစ်ပတ်လျှင် သုံးကြိမ် သို့မဟုတ် လေးကြိမ် မိနစ် ၂၀ မှ ၃၀ အထိ ခပ်သုတ်သုတ်လမ်းလျှောက်ပေးခြင်းက နှလုံးရပ်တန့်မည့်ဘေးကို လျော့နည်းစေနိုင်ပေမည်။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးခြင်းက နှလုံး၏ပန်းထုတ်ပေးနိုင်စွမ်းကို ကောင်းမွန်စေကာ ကိုယ်ခန္ဓာအလေးချိန်ကိုထိန်းပေးပြီး ကိုလက်စထရောလျော့နည်းစေရာ သွေးပေါင်ချပေးနိုင်ပါသည်။

သွေးတိုးခြင်း၊ ကိုယ်အလေးချိန်များခြင်းနှင့် ဆီးချို

သွေးပေါင်တိုးခြင်း (သွေးတိုးခြင်း) က သွေးလွှတ်ကြောနံရံများကို ထိခိုက်စေနိုင်ပြီး LDL ကိုလက်စထရောကို သွေးလွှတ်ကြောထဲသို့ဝင်စေ၍ ချိုးတက်စေနိုင်သည်။ ချိုးထူလာသည်နှင့်အမျှ သွေးလည်ပတ်မှုကို သာ၍ဟန့်တားလာသည့်အတွက် သွေးပေါင်တိုးလေသည်။

ရောဂါလက္ခဏာ မပေါ်ဘဲနေကောင်းနေမည် ဖြစ်နိုင်သည့်အတွက် သွေးပေါင်မှန်မှန်ချိန်ပေးသင့်သည်။ နှလုံးလျော့နားချိန်သွေးဖိအား (အောက်သွေးအတိုင်းအတာ) ကို တစ်ဆင့်ချင်းလျှော့ချခြင်းဖြင့် နှလုံးရပ်တန့်မည့်ဘေးကို ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ လျော့နည်းစေပါသည်။ သွေးပေါင်ကျစေရန် ဆေးဝါးများသုံးဆောင်ခြင်းက ထိရောက်ပေမည်။ အစာရှောင်ခြင်းနှင့် အချို့အခြေအနေတွင် အငန်လျှော့စားခြင်းနှင့်အတူ ကိုယ်အလေးချိန်ကျစေရန် ပုံမှန်လေ့ကျင့်ခန်းယူခြင်းက သွေးပေါင်တိုးခြင်းကိုထိန်းချုပ်ပေးဖို့ အကူအညီဖြစ်စေနိုင်သည်။

ကိုယ်အလေးချိန်များခြင်းက သွေးတိုးစေ၍ အဆီစုကိုပုံမှန်ထက်လွန်ကဲစေပါသည်။ အဝလွန်ခြင်းကို ရှောင်ရှားခြင်း သို့မဟုတ် ကုသခြင်းက ဆီးချိုရောဂါမဖြစ်ဖို့ရန် ကာကွယ်သည့်အဓိကနည်းတစ်နည်းဖြစ်သည်။ ဆီးချိုရောဂါသည် CAD ကိုဖြစ်စေနိုင်ပြီး နှလုံးရပ်တန့်ခြင်း ဘေးအန္တရာယ်များစေသည်။

ဆေးလိပ်သောက်ခြင်း

CAD ကိုဖြစ်စေသည့် ထင်ရှားသောအချက်တစ်ချက်မှာ ဆေးလိပ်သောက်ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၌ နှလုံးရောဂါအမျိုးမျိုးကြောင့် သေဆုံးသူ ၂၀ ရာခိုင်နှုန်းခန့်နှင့် နှလုံးရပ်တန့်ခဲ့သော အသက် ၅၅ နှစ်အောက်အမျိုးသမီး ၅၀ ရာခိုင်နှုန်းနီးပါးသည် ယင်းကြောင့်ပင်ဖြစ်သည်။ ဆေးလိပ်သောက်ခြင်းက သွေးတိုးစေပြီး နစ်ကိုတင်းနှင့် ကာဗွန် မိုနိုအောက်ဆိုဒ်ကဲ့သို့သော အဆိပ်တောက်ဓာတုပစ္စည်းများကို သွေးကြောအတွင်းသို့ ပို့ပေးသည်။ ဤဓာတုပစ္စည်းများသည် သွေးလွှတ်ကြောတို့ကို တစ်ဖန်ပျက်စီးစေသည်။

ဆေးလိပ်သောက်သူများသည် သူတို့၏ဆေးလိပ်ငွေ့ကို ရှူရှိုက်မိသူများအားလည်းဘေးပြုသည်။ ဆေးလိပ်သောက်သူများနှင့် နေထိုင်ကြသော ဆေးလိပ်မသောက်သူများသည် နှလုံးရပ်တန့်မည့်ဘေးများကြောင်း လေ့လာချက်များက ဖော်ပြပါသည်။ သို့ဖြင့် ဆေးလိပ်ဖြတ်ခြင်းက မိမိကိုယ်တိုင်၏ဘေးကို လျော့နည်းစေပြီး ဆေးလိပ်မသောက်သော မိမိချစ်မြတ်နိုးရသူတို့၏ အသက်ကိုပင် ကယ်ဆယ်ရာရောက်ပေမည်။

ဖိစီးမှု

စိတ်ပိုင်းဆိုင်ရာလှုပ်ရှားမှု အပြင်းအထန်ခံရသောအခါ သို့မဟုတ် စိတ်ဖိစီးမှုခံရသောအခါ CAD ရောဂါရှိသူတို့သည် ရောဂါမရှိသူတို့နှင့်စာလျှင် နှလုံးရပ်တန့်ဖို့ဘေးများပြီး ရုတ်တရက်သေဆုံးဖို့အကြောင်းရှိပါသည်။ လေ့လာမှုတစ်ခုအရ ဖိစီးမှုက ချိုးတက်နေသောသွေးလွှတ်ကြောများကို ကျဉ်းသွားစေရာ ယင်းက သွေးစီးဆင်းမှုကို ၂၇ ရာခိုင်နှုန်းအထိလျော့ကျစေပါသည်။ ရောဂါနုနေသေးသော သွေးလွှတ်ကြောများ၌ပင်လျှင် ကျဉ်းခြင်းကို သိသာထင်ရှားစွာ တွေ့ရှိနိုင်ပါသည်။ လေ့လာမှုနောက်တစ်ခုက ပြင်းထန်သောဖိစီးမှုသည် သွေးလွှတ်ကြောနံရံများတွင်ရှိနေသောချိုးကို အက်ကွဲစေပြီး နှလုံးရပ်တန့်ဖို့ အစပျိုးပေးနိုင်၏ဟူ၍ တင်ပြထားသည်။

ကျန်းမာရေးဆိုင်ရာ သုံးစွဲသူများမှတ်တမ်းက “အချို့သူတို့သည် ဘဝတစ်လျှောက်လုံး စိတ်ထားသိမ်ဖျင်းကြသည်။ သူတို့သည် အကောင်းမမြင်တတ်ဘဲ ဒေါသကြီး၍ စိတ်တိုတတ်ကြသည်။ များစွာသောသူတို့က စိတ်ဆိုးစရာအသေးအဖွဲများကို လျစ်လျူရှုကြသော်လည်း ရန်လိုတတ်သူများမှာမူ စိတ်လှုပ်ရှားမှုအလွန်ပြင်းထန်တတ်ကြ၏” ဟုဖော်ပြထားသည်။ ဒေါသဖြစ်သည့်အကျင့်ရှိခြင်းနှင့် ရန်လိုမုန်းထားခြင်းက သွေးတိုးစေပြီး နှလုံးခုန်နှုန်းမြန်စေ၍ အသည်းသည် လှုံ့ဆော်ခံရရာ သွေးကြောထဲတွင်ကိုလက်စထရောကို စုပုံစွန့်ပစ်လေသည်။ ယင်းက နှလုံးပတ်သွေးလွှတ်ကြောကို ပျက်စီးစေပြီး CAD ဖြစ်စေသည်။ ဒေါသသည် နှလုံးရပ်တန့်ခြင်းဘေးကို နှစ်ဆပွားစေတတ်ပြီး ယင်းဘေးသည် ရုတ်ခြည်းအန္တရာယ်အဖြစ် အနည်းဆုံးနှစ်နာရီကြာမျှ ဆက်လက်ရှိနေနိုင်သည်။ အဘယ်အရာက ကူညီနိုင်မည်နည်း။

သည်နယူးယောက်တိုင်းမ်စ်အရ ဒေါက်တာ မာရေး မစ်တဲလ် မန်က စိတ်သဘောထားကွဲလွဲကြရာတွင် အေးဆေးတည်ငြိမ်စွာနေဖို့ ကြိုးစားသူတို့သည် နှလုံးရပ်တန့်ခြင်းဘေးကို လျော့နည်းစေနိုင်၏ဟု ပြောသည်။ ယင်းသို့ပြောဆိုခြင်းသည် လွန်ခဲ့သောရာစုနှစ်များစွာက သမ္မာကျမ်းစာ၌မှတ်တမ်းတင်ထားသော စကားများနှင့် အလွန်တူညီမှုရှိသည်– “ငြိမ်သက်သောနှလုံးသည် ကိုယ်ကာယအသက်ရှင်ရာအကြောင်း . . . ဖြစ်၏။—သု. ၁၄:၃၀၊ သမ္မာ။

တမန်တော်ပေါလုသည် ဖိစီးမှုအောက်တွင်ရှိနေသောအနေအထားကို ကောင်းကောင်းသိရှိခဲ့သည်။ သူ၏နေ့စဉ်အသက်တာတွင် တစ်ရှိန်ထိုးဝင်ရောက်တတ်သည့် စိုးရိမ်ပူပန်မှုများအကြောင်း သူပြောပြသည်။ (၂ ကောရိန္သု ၁၁:၂၄-၂၈) သို့သော် သူသည် ဘုရားသခင်ထံတော်မှ အကူအညီရရှိခဲ့ပြီး “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင်မလိမ့်မည်” ဟူ၍ရေးသားခဲ့လေသည်။—ဖိလိပ္ပိ ၄:၆၊ ၇။

နှလုံးဆိုင်ရာပြဿနာများနှင့်ပတ်သက်၍ အခြားအချက်အလက်များရှိသော်ငြားလည်း ဤတွင်ဆွေးနွေးတင်ပြထားသော အချက်တို့သည် ဘေးအန္တရာယ်ကိုသိမြင်စေ၍ လျော်ကန်စွာအရေးယူဆောင်ရွက်စေနိုင်သည်။ သို့သော် နှလုံးရပ်တန့်ပြီးဆိုးကျိုးကို မည်သို့ဆက်ခံသွားကြသနည်းဟု အချို့သူများသိလိုကြသည်။ ပြန်လည်ကောင်းမွန်လာဖို့ အလားအလာမည်မျှရှိသနည်း။

[အောက်ခြေမှတ်ချက်]

a နိုးလော့! က ဆေးဘက်ဆိုင်ရာ၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း သို့မဟုတ် ဓာတ်စာဖြင့်ကုသခြင်းတို့ကို အတည်ပြုဆုံးဖြတ်ပေးနေခြင်းမဟုတ်သော်လည်း ကောင်းစွာသုတေသနပြုထားသည့်အကြောင်းအချက်များကို တင်ပြပေးခြင်းဖြစ်သည်။ အဘယ်အရာပြုလုပ်မည်ကို တစ်ဦးစီအနေဖြင့် မိမိတို့ဘာသာဆုံးဖြတ်ရမည်ဖြစ်သည်။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဆေးလိပ်သောက်ခြင်း၊ အလွယ်တကူစိတ်တိုခြင်း၊ အဆီများသောအစာတို့ကိုစားသုံးခြင်းနှင့် အထိုင်များသောဘဝပုံစံက နှလုံးရပ်တန့်ခြင်းဘေး တိုးပွားစေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ