ဂါနာတွင် “ထုံးတမ်းစဉ်လာ ထိမ်းမြားမင်္ဂလာ”
ဂါနာနိုင်ငံမှ နိုးလော့! သတင်းထောက် ပေးပို့သည်
ထိမ်းမြားမင်္ဂလာ—နှစ်စဉ်ပင် ကမ္ဘာတစ်ဝန်းတွင် ထောင်ပေါင်းများစွာသောသူတို့သည် ဤသို့စုံဖက်ကြသည်။ များသောအားဖြင့် မိမိတို့နေထိုင်ရာဒေသ၏ ထိမ်းမြားခြင်းထုံးစံအတိုင်း လက်ထပ်ကြသည်။
ဂါနာနိုင်ငံတွင် ထုံးတမ်းစဉ်လာထိမ်းမြားခြင်းဟုခေါ်သည့်နည်းကို အများဆုံးအသုံးပြုလေ့ရှိကြသည်။ ယင်းတွင် သတို့သမီးရှင်မိသားစုအား သတို့သား၏မိသားစုက ကွမ်းဖိုးပေးခြင်းအစီအစဉ်ပါဝင်သည်။ ထုံးစံအတိုင်းထိမ်းမြားနည်းကို အသုံးပြုသူအချို့တို့မှာ အာဖရိကတစ်လျှောက်၊ ဟောင်ကောင်၊ ပါပူဝါနယူးဂီနီ၊ စော်လမွန်ကျွန်းစုနှင့် အရှေ့မြောက်ပိုင်းကိုလံဘီယာနှင့် အရှေ့တောင်ပိုင်းဗင်နီဇွဲလားနိုင်ငံများတွင် နေထိုင်သော ဂွာဟီရိုအင်းဒီးယန်းများဖြစ်သည်။
သမ္မာကျမ်းစာခေတ်က ကွမ်းဖိုးပေးသည့်ထုံးစံရှိသည်။ (ကမ္ဘာဦး ၃၄:၁၁၊ ၁၂; ၁ ဓမ္မရာဇဝင် ၁၈:၂၅) ကွမ်းဖိုးပေးခြင်းနှင့်ပတ်သက်၍ နားလည်မှုမှာ အမျိုးသမီး၏မိဘများက သူမ၏လုပ်အားကို ဆုံးရှုံးရတော့မည့်အတွက်နှင့် သူမအိမ်ထောင်မပြုမီ သူမ၏ပညာရေးနှင့် အခြားကုန်ကျသမျှ အချိန်၊ ခွန်အားနှင့် ငွေအင်အားအတွက် လျော်ကြေးပေးခြင်းဖြစ်သည်ဟု ရှေးခေတ်နှင့်မျက်မှောက်အချိန်တွင် သဘောပေါက်နားလည်ထားကြသည်။
မိဘတို့၏တာဝန်
ရှေးခေတ်က ဂါနာနိုင်ငံတွင် လူငယ်များသည် ချိန်းတွေ့ခြင်းနှင့် ပိုးပန်းခြင်းမရှိကြပါ။ မိဘများက မိမိတို့ရပ်နယ်ရှိ အရွယ်ရောက်သော အမျိုးသားအမျိုးသမီးငယ်များကို အသေအချာဂရုစိုက်လေ့လာပြီးနောက် မိမိတို့၏အိမ်ထောင်ပြုနိုင်သောအရွယ်ရှိ သားသမီးများနှင့် ထိမ်းမြားစေ့စပ်ပေးကြပါသည်။ ဂါနာနိုင်ငံရှိ မိဘအချို့သည် ယခုပင် ဤသို့ပြုဆဲရှိသည်။
ယောက်ျားလေး၏မိဘများက မိန်းကလေး၏စိတ်နေစိတ်ထား; သူမနှင့် သူမမိသားစု၏နာမည်ကောင်း; မိသားစုတွင် မျိုးရိုးပါရောဂါရှိမရှိနှင့် ယေဟောဝါသက်သေဆိုလျှင် သူမ၏ဝိညာဉ်ရေးတို့ကို ထည့်သုံးသပ်ကြသည်။ ကျေနပ်ပါက မိဘများသည် မိန်းကလေး၏မိဘများထံချဉ်းကပ်ပြီး စကားကမ်းလှမ်းကြ၏။
ယခုတစ်ဖန် မိန်းကလေး၏မိဘများက ယောက်ျားလေးနှင့် သူ့မိဘများ၏နောက်ခံကို စုံစမ်းစစ်ဆေးကြသည်။ အထက်ပါအချက်အလက်များအပြင် ယောက်ျားလေးမှာ မိန်းမယူ၍ ထောက်ပံ့ပေးနိုင်စွမ်း—အလုပ်အကိုင်ရှိ၊ မရှိ—ကို သုံးသပ်သည်။ မိန်းကလေး၏မိဘများက ကျေနပ်မည်ဆိုလျှင် ယောက်ျားလေး၏မိဘများကို သတင်းပို့ပြီး ယောက်ျားကလေးနှင့် မိန်းကလေးနှစ်ဦးစလုံးက သဘောတူလက်ခံကြပြီးနောက် မိဘများသည် တွဲဖက်ပြီး ထိမ်းမြားခြင်းအစီအစဉ်ကို အသေးစိတ် ဆွေးနွေးတိုင်ပင်ကြသည်။
မိဘအချို့သည် လူကြီးအဖြစ်သို့ရောက်နေသော သူတို့၏သားသမီးများအတွက် အိမ်ထောင်ဖက်ရှာပေးရန် အဘယ်ကြောင့်တာဝန်ယူနေကြရသေးသနည်း။ မိမိ၏အိမ်ထောင်ရေးကို မိဘများစီစဉ်ပေးခဲ့သော အိန္ဒိယနိုင်ငံမှအမျိုးသမီးတစ်ဦးက ဤသို့ပြောပြသည်– “ဤမျှအရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို လူငယ်တစ်ဦး ပြုလုပ်ရန် အဘယ်နည်းဖြင့် အရည်အချင်းရှိနိုင်မည်နည်း။ ပညာအရှိဆုံးရွေးချယ်မှုကို ပြုလုပ်ပေးနိုင်သော အသက်အရွယ်နှင့် အတွေ့အကြုံရှိသူများအား ဆုံးဖြတ်ချက်ချပေးစေခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။” သူမပြောဆိုသကဲ့သို့ အာဖရိကလူမျိုးများစွာလည်း ပြောဆိုကြပါသည်။
သို့သော် ဂါနာနိုင်ငံတွင် အခြေအနေများ ပြောင်းလဲနေသည်။ ချိန်းတွေ့ပိုးပန်းခြင်းကို ပိုမိုပြုလုပ်နေကြပြီ။ ပိုးပန်းနေစဉ် သင့်တော်သည့်အချိန်တစ်ချိန်တွင် ထိုစုံတွဲသည် သူတို့၏ရည်ရွယ်ချက်များကို မိဘများအား အသိပေးကြသည်။ နှစ်ဦးနှစ်ဖက်မှမိဘများသည် အချင်းချင်းတွေ့ဆုံဆွေးနွေးပြီး တွဲဖက်ညီပါလိမ့်မည်ဟု ကျေနပ်ကြသည့်အခါ ဂါနာနိုင်ငံရှိ ဘာသာစကားအသီးသီးတွင် ခေါ်ဆိုလေ့ရှိသည့်အတိုင်း အိမ်ထောင်ရေးတံခါးခေါက်ခြင်းထုံးစံကို သက်ဆိုင်သောမိသားစုများက ပွဲခံပြုလုပ်ကြလေတော့သည်။
တံခါးခေါက်ခြင်းအခမ်းအနား
စုံတွဲ၏မိဘများက တွေ့ဆုံကြမည့် ရက်စွဲနှင့်ရည်ရွယ်ချက်ကို မိသားစုအသိုင်းအဝိုင်းအား အသိပေးကြသည်။ ထိုအာဖရိက “မိသားစု” တွင်စုံတွဲ၏ဦးလေးအဒေါ်၊ ဝမ်းကွဲများနှင့် အဘိုးအဘွားများလည်းပါဝင်ပါသည်။ ထိုနေ့ရက်တွင် နှစ်ဦးနှစ်ဖက်စလုံးမှ ကိုယ်စားလှယ်များသည် ပွဲအတွက် စုဝေးလာကြသည်။ သတို့သားရောက်ရှိသင့်မသင့်မှာ စိတ်ကြိုက်အတိုင်း ပြုခွင့်ရှိသည်။ တံခါးခေါက်ခြင်း အခမ်းအနားပွဲတစ်ခုတွင် ဖြစ်ပျက်လေ့ရှိရာကို ဤတွင် လိုရင်းတိုရှင်း ဖော်ပြထားပါသည်။
မိန်းကလေး၏ကိုယ်စားလှယ် (မက)– [သတို့သား၏ ကိုယ်စားလှယ်များအား] ခင်ဗျားတို့ ရောက်လာတဲ့အကြောင်းကို ကျွန်တော်တို့သိပေမဲ့ ဘာလို့လာကြတာလဲလို့ ထုံးစံအရ မေးပါရစေ။
ယောက်ျားလေး၏ကိုယ်စားလှယ် (ယက)– ကျွန်တော်တို့သားကွဲဇီက ခင်ဗျားတို့အိမ်ရှေ့ ဖြတ်သွားတဲ့အခါ ပန်းလှလှလေးတစ်ပွင့် တွေ့လိုက်လို့ ဆွတ်ခူးခွင့်တောင်းချင်လို့ပါ။
မက– [မသိဟန်ဆောင်ကာ] ဒီအိမ်မှာ ဘာပန်းမှမရှိဘူး။ ကိုယ်တိုင်စစ်ဆေးကြည့်နိုင်ပါတယ်။
ယက– သားပြောတာမမှားပါဘူး။ ဒီအိမ်မှာ ပန်းလှလှလေးတစ်ပွင့် တကယ်ရှိတယ်လို့ အသေအချာပြောနိုင်ပါတယ်။ အဲ့ဒီပန်းနာမည်ကတော့ အာဖီးလို့ခေါ်ပါတယ်။
မက– အော်၊ လူသားပန်းကိုး။ ဟုတ်တယ် အာဖီး ဒီမှာနေပါတယ်။
ယက– ကျွန်တော်တို့တံခါးခေါက်ပြီး ကျွန်တော်တို့သား ကွဲဇီနဲ့အာဖီးကိုထိမ်းမြားဖို့ စကားကြောင်းလမ်းချင်လို့ပါ။
ဤတွင် ယောက်ျားလေးမိသားစုက ယမကာအမျိုးမျိုးနှင့် ငွေအချို့ အစရှိသည့်အရာများကို တင်ဆက်ပါသည်။ တင်ဆက်ရာများ၏ အရေအတွက်နှင့် အမျိုးအစားတို့သည် အမျိုးအနွယ်လိုက် ကွာခြားပါသည်။ ဤပွဲလမ်းသဘင်သည် အနောက်တိုင်းစေ့စပ်ကြောင်းလမ်းနည်းနှင့် အကြမ်းအားဖြင့်တူညီပြီး အချို့ပွဲများတွင် စေ့စပ်ထားသည့်အထိမ်းအမှတ်အနေနှင့် လက်စွပ်စွပ်ပေးပါသည်။
ဤတွင် သတို့သမီး၏ကိုယ်စားလှယ်က တင်ဆက်သောလက်ဆောင်ပစ္စည်းများကို လက်ခံသင့်မသင့် မိန်းကလေးအား ပရိသတ်အရှေ့တွင် မေးမြန်းလေသည်။ သူမက လက်ခံသည်ဟုဖြေဆိုလိုက်ရာ လက်ထပ်ဖို့သဘောတူကြောင်း ရောက်ရှိသူအပေါင်း သက်သေဖြစ်ကြသည်။ ထိမ်းမြားရန်အတွက် မိသားစုနှစ်ဖက်စလုံး အဆင်ပြေသောရက်စွဲကို သဘောတူညီလိုက်ကြ၏။ သို့နှင့်အခမ်းအနားသည် ဧည့်ခံကျွေးမွေးခြင်းနှင့် ပြီးစီးပါသည်။
ထိမ်းမြားမင်္ဂလာပွဲ
ထိမ်းမြားမှုဖြစ်မြောက်မည့်ကွမ်းဖိုးပေးခြင်းပွဲအတွက် မိန်းကလေးအိမ် သို့မဟုတ် စိတ်ကြိုက်ရွေးချယ်ထားသည့် ကိုယ်စားလှယ်တစ်ဦး၏အိမ်တွင် စုဝေးလာသူ အရေအတွက်မှာ တံခါးခေါက်ပွဲမှာထက် ပိုများပါသည်။ အကြောင်းမှာ ဤအချိန်တွင် မိတ်ဆွေများစွာလည်းရှိနေသည်။
အားလုံးပျော်ရွှင်မြူးထူးနေကြ၏။ လူပျိုအပျိုများက သတို့သမီးအတွက် လက်ဆောင်များကို တွေ့လိုကြသည်။ သို့သော် သတို့သမီး၏မိသားစုက ကွမ်းဖိုးပေးသောပစ္စည်းများသည် မပြည့်စုံပါဟု ပြစ်တင်ပြောဆိုသည့်အခါ ပျော်ရွှင်မှုပျောက်ပြီး အခြေအနေတင်းမာလာသည်။ သတို့သမီး၏မိသားစုက အလျှော့ပေးပုံမရှိသောအခါ ပရိသတ်မှသူအချို့သည် စိုးရိမ်နေပုံရှိ၏။ သတို့သား၏ကိုယ်စားလှယ်သည် သတို့သမီး၏မိသားစုကို ထောက်ထားစာနာပေးရန် ပါးနပ်ကျွမ်းကျင်စွာ အကြောင်းပြပြီးပြောဆိုသည်။ မိန်းကလေး၏မိသားစုက လျှော့ပေါ့လေသော် တင်းမာမှုလျော့နည်းသွားသည်။ ဤတွင် အခြေအနေသည် တစ်ဖန်ပြောင်းလဲသွားသည်။ ယခုတစ်ခါ ပျော်ပွဲရွှင်ပွဲဖြစ်လာပြီး စားသောက်ပွဲများတည်ခင်းလေသည်။
မင်္ဂလာပွဲကိုစရန် သတို့သမီး၏ကိုယ်စားလှယ်သည် ပရိသတ်ကိုဆိတ်ငြိမ်စေပြီးနောက် နှုတ်ခွန်းဆက်စကားပြောဆိုသည်။ သတို့သား၏ကိုယ်စားလှယ်များကို သူတို့ရောက်လာရခြင်းအကြောင်း မေးမြန်းသည်။ ရောက်လာကြရသည့်အကြောင်း ဖော်ပြရာတွင် တံခါးခေါက်ပြီးနှင့်၍ ဝင်ခွင့်ရရှိထားကြောင်းကို စုဝေးလာသူတို့အား သိရှိစေသည်။
ထိုအခါ မိသားစုကိုယ်စားလှယ်တို့က မိန်းကလေးအား ထိမ်းမြားခွင့်ပြုသူနှင့် ယောက်ျားကလေးကို ထောက်ခံသူတို့ပါအပါအဝင် မိမိတို့အသီးသီးဘက်မှ မိသားစုကို ပရိသတ်နှင့် မိတ်ဆက်ပေးပါသည်။ ထို့နောက် ပွဲလမ်းသဘင်ကို ဆက်လက်ကျင်းပပါသည်။
မက– [သတို့သား၏ ကိုယ်စားလှယ်များအား] ကျွန်တော်တို့တောင်းဆိုထားတဲ့ ထိမ်းမြားပစ္စည်းများကို ကျေးဇူးပြုပြီး ထုတ်ပြပါ။
ကွမ်းဖိုးပစ္စည်းများကို သတို့သမီး၏ကိုယ်စားလှယ်က ရောက်ရှိနေသူအားလုံး တွေ့မြင်နိုင်ရန် တစ်ခုချင်းစီရေတွက်ဖော်ပြသည်။ သတို့သမီး၏မိသားစုသည် အဆမတန်တောင်းဆိုထားသည်ဟု သတို့သား၏ကိုယ်စားလှယ်က ယူမှတ်မည်ဆိုလျှင် ထိမ်းမြားမည့်ရက်မတိုင်မီ ယင်းကိစ္စကို သီးသန့်ဖြေရှင်းဆွေးနွေးကြသည်။ သို့ရာတွင် သတို့သမီး၏မိသားစုက အကျပ်ကိုင်လာခဲ့သော် စျေးဆစ်ဖို့ ထိုပွဲသဘင်သို့ သတို့သား၏မိသားစုသည် အသင့်ပြင်ဆင်လာကြပါသည်။ မည်သည့်နေရာတွင် နေထိုင်စေကာမူ သတ်မှတ်ထားသောကွမ်းဖိုးသည် များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ အပြည့်အဝတင်ဆက်ကြရသည်။
အချို့မိသားစုများက သောက်ရန်၊ အဝတ်အစား၊ဆွဲကြိုး၊ နားကပ်နှင့် အမျိုးသမီးလက်ဝတ်လက်စားများကို တောင်းဆိုတတ်ကြသည်။ မြောက်ပိုင်းဂါနာတွင် ကွမ်းဖိုး၌ ဆား၊ ကိုလာပဲ၊ ရစ်၊ သိုးနှင့် နွားပင်ပါဝင်ပေမည်။ ကွမ်းဖိုးတွင် ငွေပါလေ့ရှိသည်။
ဤသို့စေ့စပ်နှီးနှောနေစဉ် သတို့သမီးမရှိသော်လည်း မလှမ်းမကမ်းနေရာမှနေ၍ ရှုစားနေ၏။ သတို့သားမူကား စိတ်ကြိုက်အတိုင်း ပြုခွင့်ရှိသည်။ သို့ဖြစ်သောကြောင့် ရပ်ဝေးတွင်နေထိုင်သူသည် မိမိအတွက် စေ့စပ်ကြောင်းလမ်းပေးရန် သူ၏မိဘများကို အာဏာလွှဲပေးနိုင်ပါသည်။ သို့သော် ဤတွင်ဖော်ပြထားသည့်အချိန်အခါတွင် သတို့သားကိုယ်တိုင်ရှိနေပါသည်။ ယခု သူ၏မိသားစု တောင်းဆိုချက်များပြုလုပ်ရန်အလှည့်ကျသည်။
ယက– ကျွန်တော်တို့ကို တောင်းဆိုသမျှ ဖြည့်စွက်ပေးပြီ၊ ဒါပေမဲ့ ချွေးမလေးကို အခုထိမတွေ့ရသေးဘူး။
ထိမ်းမြားမင်္ဂလာပွဲသည် အစအဆုံးရင်လေးဖွယ်ကိစ္စသာမဟုတ်၊ ပျော်ပါးစရာအချိန်လည်းဖြစ်သည်။ ယခု အမျိုးသမီး၏မိသားစုသည် သတို့သမီးကိုတွေ့လိုသည့် အမျိုးသားမိသားစု၏တောင်းဆိုချက်ကို တုံ့ပြန်လေသည်။
မက– သတို့သမီး ဒီမှာရှိရင်ကောင်းမှာပဲ။ လောလောဆယ် သူနိုင်ငံခြားရောက်နေတယ်။ သူ့ကိုပြန်ခေါ်လာဖို့ ကျွန်တော်တို့မှာ နိုင်ငံကူးလက်မှတ်တွေ၊ ဗီစာတွေ မရှိဘူး။
ယင်း၏အဓိပ္ပာယ်ကို အားလုံးသဘောပေါက်ကြသည်။ ချက်ချင်းပင်လျှင် သတို့သား၏မိသားစုသည် သတို့သားတတ်နိုင်သလောက် ငွေထုတ်ပေးသည်! သို့နှင့်ပင် စိတ်ကူးယဉ် နိုင်ငံကူးလက်မှတ်များနှင့် ဗီစာများ အသင့်ရှိနေလေသည်။ သတို့သမီးသည် နိုင်ငံခြားမှ အလိုလိုပြန်ရောက်လာပေပြီ!
ရယ်စရာမောစရာဖြစ်စေရန် အချို့လူမျိုးနွယ်တို့သည် သတို့သမီး၏မိတ်ဆွေအချို့ကို သူမဖြစ်ဟန်ဆောင်စေသည်။ ဟန်ဆောင်သူတစ်ဦးစီကို လူအုပ်က အသိအမှတ်မပြု လုံးဝငြင်းပယ်ပြီးနောက် သတို့သမီးအစစ်ကိုထုတ်ပေးသည့်အခါ အားလုံးသြဘာပေးချီးမွမ်းကြလေသည်။ ထိုအခါ သူမ၏ကိုယ်စားလှယ်က ကွမ်းဖိုးအဖြစ် တင်ဆက်ထားသည့် ပစ္စည်းများကို ရှုစားစေသည်။ ထို့နောက် သတို့သားယူဆောင်လာသော လက်ဆောင်များကို လက်ခံရမည်လောဟု သူမအား မေးမြန်းလေသည်။ အဖြေကို အားလုံးစောင့်ဆိုင်းနေကြစဉ် တိတ်ဆိတ်သွားပါသည်။ အချို့အမျိုးသမီးများက ရှက်ကြောက်တတ်၍ အခြားသူများမှာမူ ပြောဝံ့ဆိုဝံ့ကြ၏။ သို့သော် များသောအားဖြင့် ဟုတ်ကဲ့ဟုဖြေဆိုလေ့ရှိရာ ဩဘာပေးချီးမွမ်းကြလေသည်။
သတို့သားရောက်ရှိနေမည်ဆိုလျှင် သတို့သမီး၏မိသားစုက သူ့အားသိလိုကြောင်း တောင်းဆိုသည်။ သူ၏မိတ်ဆွေများက သူဖြစ်သည်ဟုဟန်ဆောင်ကြရန် အစီအစဉ်ရှိခဲ့မည်ဆိုလျှင် ပျော်စေပျက်စေ ကျီစားမှုဆက်ရှိပါသည်။ မိတ်ဆွေတစ်ဦးက အရေးပါအနေအထားမျိုးဖြင့် မတ်တတ်ရပ်ပြသည့်အခါ သူ့အားလက်မခံလိုကြောင်း ကျယ်လောင်စွာငြင်းပယ်ကြ၏။
သတို့သမီးမိဘများက မိမိတို့၏သားမက်ကို တွေ့မြင်လိုကြောင်း ပြောဆိုကြ၏။ ယခု သတို့သားအစစ်အမှန်သည် မတ်တတ်ရပ်ပြရာ အားလုံးပြုံးရွှင်စွာ သဘောတူလက်ခံကြသည်။ သတို့သမီး၏မိသားစုသည် ကွမ်းဖိုးတွင် လက်စွပ်တောင်းထားသည်ရှိသော် သူမအားလက်စွပ်စွပ်ပေးသည့် သူမ၏လင်သားနှင့် ပူးပေါင်းခွင့်ပြုလေသည်။ လက်စွပ်သည် အနောက်နိုင်ငံမှ လက်ခံယူထားသည့် ထုံးစံအသစ်တစ်ခုဖြစ်သည်။ သူမလည်း တန်ပြန်၍ လက်စွပ်စွပ်ပေးပါသည်။ အားလုံးဝမ်းသာအားရနှင့် ဩဘာပေးချီးမွမ်းကြလေသည်။ အဆင်ပြေဖို့နှင့် ချွေတာဖို့အတွက် အချို့သူများသည် ယနေ့တွင် တံခါးခေါက်အခမ်းအနားနှင့် ထိမ်းမြားလက်ထပ်ခြင်းကို တစ်နေ့တည်းတွင် ပြုလုပ်ဆောင်ရွက်ကြသည်။
မိသားစုနှစ်ခုစလုံးမှ အတွေ့အကြုံရင့်ကျက်သူများနှင့် အခြားသူများသည် ကြင်စဦးမောင်နှံစုံ၏အိမ်ထောင်ရေးသည် သေသည်တိုင် သာယာနေဖို့ မည်သို့ဆောင်ရွက်ပြုလုပ်ရကြမည်အကြောင်း အကြံဉာဏ်များပေးကြပါသည်။ ထိုနေ့ရက်ကို ပျော်ရွှင်စွာအဆုံးသတ်ကြဖို့ရန် စားပွဲသောက်ပွဲများနှင့် တည်ခင်းဧည့်ခံကြပါသည်။
ထိမ်းမြားမင်္ဂလာပွဲ ပြီးဆုံးလေပြီ! ဂါနာနိုင်ငံတွင် ထိုနေ့ရက်မှစ၍ ၎င်းမောင်နှံစုံအား တရားဝင်ထိမ်းမြားထားသည်ဟု ရပ်ကွက်က အသိအမှတ်ပြုကြသည်။ အကြောင်းတစ်ခုခုကြောင့် မိန်းကလေးမိသားစုဘက်မှ အရေးကြီးသူများသည် ထိုအခမ်းအနားပွဲကို မတက်ရောက်နိုင်ပါက ထိမ်းမြားမင်္ဂလာပွဲ ပြီးမြောက်သွားကြောင်း အသိအမှတ်ပြုစေရန် တင်ဆက်ခဲ့သော ယမကာအချို့ကို သူတို့ထံပို့ပေးလေ့ရှိသည်။ သတို့သမီး၊ သတို့သားများသည် ယေဟောဝါသက်သေများဖြစ်ပါက အချို့ပွဲများတွင်သက်သေခံများသည် သမ္မာကျမ်းစာဟောပြောချက်တစ်ခုပေးရန် စီစဉ်ပြီးနောက် ဧည့်ခံကျွေးမွေးတတ်ကြသည်။
ဂါနာနိုင်ငံတွင် အချို့စုံတွဲများသည် အနောက်တိုင်းပုံစံ ထိမ်းမြားမင်္ဂလာပွဲ ကျင်းပကြရာ ယင်းကိုဤနိုင်ငံတွင် ရုံးတက်လက်မှတ်ထိုး၍ မင်္ဂလာဆောင်ခြင်း သို့မဟုတ် တစ်ချက်လွှတ်ဥပဒေအရ ထိမ်းမြားခြင်းဟုခေါ်ကြသည်။ ယင်းကို မိဘတို့၏သဘောတူညီချက် ပါမပါ လက်မှတ်ရေးထိုးနိုင်ပါသည်။ စုံတွဲသည်သာ တရားဝင်အသက်အရွယ်ရှိဖို့လိုပါသည်။ ထုံးတမ်းစဉ်လာ ထိမ်းမြားခြင်းတွင်မူကား မိဘတို့၏သဘောတူညီချက် မပါမဖြစ်ပါ။
တရားရုံးတွင်ထိမ်းမြားရာတွင် သက်ဆိုင်သူစုံတွဲသည် လက်ထပ်ကျမ်းကျိန်ခြင်းပြုရ၏။ သို့သော် ထုံးတမ်းစဉ်လာထိမ်းမြားခြင်းတွင် ကျမ်းကျိန်စရာမလိုပါ။ နိုင်ငံတော်က ထုံးတမ်းစဉ်လာထိမ်းမြားခြင်းအားလုံးကို မှတ်ပုံတင်စေလိုသည်။ ယေဟောဝါသက်သေများသည် ယင်းဥပဒေကို လိုက်နာကြ၏။ (ရောမ ၁၃:၁) ၎င်းနောက် မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးပါသည်။
ယခုဂါနာခေါ် ဂိုးလ်ကို့စ်သည် ဗြိတိသျှကိုလိုနီနိုင်ငံမဖြစ်လာမီ ရှေးခေတ်ကာလတစ်လျှောက် ထုံးတမ်းစဉ်လာထိမ်းမြားခြင်း အစီအစဉ်တစ်မျိုးတည်းသာရှိခဲ့ပါသည်။ ၎င်းနောက် ဗြိတိသျှလူမျိုးသည် ထိုတွင်နေထိုင်သော မိမိ၏နိုင်ငံသားများအတွက် အနောက်တိုင်းပုံစံ ထိမ်းမြားခြင်းအစီအစဉ်ကို စတင်သွင်းခဲ့ပါသည်။ တိုင်းရင်းသားများလည်း ဤကဲ့သို့လက်ထပ်ခွင့်ရှိရာ ယခုနှစ်ချီ၍ အနောက်တိုင်းပုံစံလက်ထပ်နည်းနှင့် ထုံးတမ်းစဉ်လာလက်ထပ်နည်းတို့သည် ယှဉ်တွဲ၍ရှိနေပေပြီ။ ဂါနာတွင် ၎င်းနည်းနှစ်နည်းစလုံးကို တရားဝင်သည်ဟု အသိအမှတ်ပြုထားသဖြင့် ယေဟောဝါသက်သေများ လက်ခံနိုင်စရာဖြစ်ပါသည်။ မိမိကြိုက်နှစ်သက်ရာကိုမိမိ ရွေးချယ်ပြုလုပ်နိုင်ပါသည်။
အချို့သောအာဖရိကနိုင်ငံများတွင် မောင်နှံစုံတို့ကို တရားဝင်လက်ထပ်ထားသည်ဟု ယူမှတ်နိုင်ရန် ထုံးစံအတိုင်းလက်ထပ်ထားကြောင်းကို မှတ်ပုံတင်စရာလိုသည်။ သို့သော် ဂါနာနိုင်ငံတွင် အထက်ပါဖော်ပြထားချက်အရ ထုံးစံအတိုင်းလက်ထပ်ခြင်းကို မှတ်ပုံတင်စရာမလိုဘဲ တရားဝင်ပါသည်။ သို့ဖြင့် ထုံးစံအတိုင်းလက်ထပ်ပြီးပြီဆိုလျှင် ထိုမောင်နှံစုံများသည် တရားဝင်လက်ထပ်ထားသူများအဖြစ် အသိအမှတ်ပြုခံရကြ၏။ နောက်ပိုင်းတွင် စာရင်းသွင်းသည့်သဘောမျိုးဖြင့်သာ ထုံးတမ်းစဉ်လာလက်ထပ်ခြင်းကို မှတ်ပုံတင်လေ့ရှိသည်။
ထိမ်းမြားခြင်းသည် လူသားတို့အား ဘုရားသခင်ပေးသည့် မေတ္တာဆုကျေးဇူး အမှန်ဖြစ်ပါသည်။ ကောင်းကင်တမန်များပင် မရရှိသော ထူးခြားသည့်ဆုကျေးဇူးဖြစ်သည်။ (လုကာ ၂၀:၃၄-၃၆) ယင်းကိုစတီထွင်တော်မူသောအရှင် ယေဟောဝါဘုရားသခင်၏ဘုန်းတော် ထင်ရှားရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ထိုက်သော မြတ်နိုးဖွယ်စုံဖက်ခြင်းတစ်မျိုးပင်တည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
လက်စွပ်များလဲနေကြခြင်း