ဥယျာဉ်မှူးဝိဇ္ဇာ
တောင်အမေရိကမှ ရွက်ဖြတ်ပုရွက်ဆိတ်သည် ရှုပ်ထွေးခက်ခဲသော ၎င်း၏ဥယျာဉ်မှူးပညာများဖြင့် ဇီဝဗေဒပညာရှင်များကို အကြီးအကျယ်အံ့အားသင့်စေခဲ့၏။ ၎င်းအင်းဆက်ပိုးငယ်သည် အစာစုဆောင်းရန် သစ်ရွက်များကို အပိုင်းအစဖြစ်အောင်ကိုက်ဖြတ်ကြပြီး သစ်တောကြမ်းပြင်မှ အမှိုက်သရိုက်များကို ၎င်း၏မြေအောက်အသိုက်အအုံသို့ သယ်ယူသွားကြသည်။ ထို့နောက် ၎င်းတို့၏သစ်ဆွေးမှိုဥယျာဉ်ကို မြေသြဇာကျွေးဖို့ ထိုအမှိုက်စများကို ကြေမွသွားအောင်ကိုက်ခြေလိုက်သည်။ ဤရွက်ဖြတ်ကောင်များသည် မိမိတို့၏သစ်ဆွေးမှိုကို အကျိုးအရှိဆုံးဖြစ်အောင် သင့်တော်သောအပူချိန်နှင့် စိုထိုင်းဆတို့တွင် မည်သို့ထိန်းသိမ်းထားရမည်ကို အလိုအလျောက်သိကြသည်။ စိုက်ကွက်သစ်များဖော်ရန် ကိုက်ဖြတ်စများကို ရှိနှင့်ပြီးသားသစ်ဆွေးမှိုခင်းများမှ ရွက်ခင်းသစ်များဆီသို့ ပြောင်းရွှေ့လိုက်သည်။ ရွက်ဖြတ်ပုရွက်ဆိတ်သည် သစ်ဆွေးမှိုအကြီးထွားဆုံးဖြစ်ရန်အတွက် ကိုင်းဖြတ်ပေးသည့်အတတ်ပညာကိုပင် ပိုင်နိုင်ကျွမ်းကျင်ကြသည်။ ဤလိမ္မာကျွမ်းကျင်သောဥယျာဉ်မှူးသည် အုံတွင်လိုအပ်သည့်ရိက္ခာနှင့်အညီ မိမိ၏ကြိုးပမ်းမှုကိုပြုပြင်ပြောင်းလဲကြောင်း ဤနည်းဖြင့် အချိန်နှင့်ခွန်အားကို ချွေတာကြောင်း ဝဲ့လ်ချ်သုတေသီများကတွေ့ ရှိခဲ့ကြ၏။
ဥယျာဉ်စိုက်ပျိုးခြင်းမှာ ပင်ပန်းကြီးစွာလုပ်ရသောအလုပ်တစ်ခုဖြစ်ပြီး ဤနေရာတွင် ရွက်ဖြတ်ပုရွက်ဆိတ်များသည် အလွန်အံ့အားသင့်ဖွယ်ကောင်းသည်။ သမ္မာကျမ်းစာက ဤသို့ဆိုထားသည်မှာ အံ့ဩစရာမဟုတ်ပါ– “ပုရွက်ဆိတ်ထံသို့သွား၍ သူ၏အပြုအမူတို့ကိုဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပုရွက်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊ နွေကာလနှင့်စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကိုရှာဖွေသိုထားတတ်၏။” (သု. ၆:၆-၈) အမှန်ဆိုလျှင် ရွက်ဖြတ်ပုရွက်ဆိတ်၏ သဘာဝအသိက ၎င်း၏ဖန်ဆင်းရှင်ဖြစ်သော ယေဟောဝါဘုရားသခင်၏ ဉာဏ်ပညာတော်ကို ထင်ရှားစေပါသည်။—သု. ၃၀:၂၄၊ ၂၅။