ဆူညံသံ မျက်မှောက်ခေတ် အနှောင့်အယှက်
ဗြိတိန်မှ နိုးလော့! သတင်းထောက်ပေးပို့သည်
“ဘဝ၏ အကြီးမားဆုံးဖိစီးမှုတစ်ခု။”–ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပေးအရာရှိ မာကီ တပ်စာပိုဂက်စ်။
“အမေရိက၏ အပျံ့နှံ့ဆုံးညစ်ညမ်းမှု။”–သည် ဘော့စ်တွန်ဆန်းဒေးဂလုပ်၊ ယူ.အက်စ်.အေ.
“ကျွန်ုပ်တို့အချိန်၏ အဆိုးဆုံးသောညစ်ညမ်းမှု။”–ဒေးလီးအိတ်စ်ပရက်စ်၊ လန်ဒန်၊ အင်္ဂလန်။
ယင်းကို သင်မမြင်နိုင်၊ အနံ့မရနိုင်၊ အရသာမခံစားနိုင် သို့မဟုတ် မထိတွေ့နိုင်ချေ။ မျက်မှောက်ခေတ်မြို့ကြီးပြကြီးများတွင် ဖိစီးမှုဘေးဖြစ်စေသောဆူညံသံသည် ယခုအခါ ကျေးလက်တောရွာကိုလည်း ညစ်ညမ်းစေ၏။
သဘာဝအသံများကို အသံသွင်းယူရာတွင် ၁၆ နှစ်ခန့်လုပ်ကိုင်ခဲ့သော အမေရိကန် သဘာဝပညာရှင်တစ်ဦးသည် မိမိ၏လုပ်ငန်းမှာ တိုး၍တိုး၍ခက်ခဲလာကြောင်းတွေ့ရှိရသည်။ ၁၉၈၄ ခုနှစ်တွင် ယူ.အက်စ်.အေ၊ ဝါရှင်တန်ပြည်နယ်၌ ၁၅ မိနစ် သို့မဟုတ် ထိုထက်ပိုကြာသည့် ဆူညံသံကင်းမဲ့သောနေရာ ၂၁ နေရာကို သူလေ့လာခဲ့၏။ ငါးနှစ်ကြာသော် ထိုနေရာမျိုး သုံးနေရာသာကျန်တော့သည်။
ကမ္ဘာသူကမ္ဘာသားများစွာအတွက် ဆူညံသံကင်းမဲ့သောနေရာသုံးနေရာကို ရှာဖွေခြင်းမှာ စိန်ခေါ်ချက်တစ်ရပ်ပင်။ ဂျပန်တွင် ၁၉၉၁ ခုနှစ်အတွက် နိုင်ငံလုံးဆိုင်ရာမှတ်တမ်းက အခြားမည်သည့်ညစ်ညမ်းခြင်းထက်မဆို ဆူညံသံညစ်ညမ်းခြင်းကို သာ၍ညည်းညူကြကြောင်း ဖော်ပြ၏။ အမှန်မှာ လန်ဒန်မှ သည် တိုင်းမ်စ် သတင်းစာက ဆူညံသံကို “အဆိုးဝါးဆုံးသောခေတ်သစ်ဘေးဆိုး” အဖြစ်ဆီလျော်စွာဖော်ပြထားသည်။ စိတ်ဆိုး၍အဆက်မပြတ်ဟောင်သောခွေးဟောင်သံမှသည် အိမ်နီးချင်းတစ်ဦး၏ စတီရီယိုစက်၏ကျယ်လောင်သောအသံ သို့မဟုတ် ကားအချက်ပေးကိရိယာမှ ဆက်တိုက်ကျယ်လောင်စွာမြည်သံ သို့မဟုတ် ရေဒီယိုသံတို့အထိ ဆူညံသံသည် ဖြစ်ရိုးဖြစ်စဉ်အရာတစ်ခုဖြစ်နေသည်။ သို့တိုင် ဆူညံသံညစ်ညမ်းမှုမှာ အဆန်းမဟုတ်ချေ။ ယင်းတွင် ရှည်လျားသောသမိုင်းရှိသည်။
ပြဿနာ အသစ်အဆန်းတစ်ခုမဟုတ်
ဂျူးလီယက်စီဇာက လမ်းသွားလမ်းလာပိတ်ဆို့မှု မဖြစ်စေဖို့ နေ့အချိန်တွင် ရောမမြို့လယ်ကောင်အတွင်း ဘီးတပ်ယာဉ်သွားလာမှုကို တားမြစ်ထားသည်။ ဝမ်းနည်းစရာမှာ အမိန့်ဆင့်ဆိုချက်ကြောင့် သူနှင့် သူ့ရောမလူမျိုးချင်းတို့သည် ညအချိန်၌ “သစ်သား သို့မဟုတ် သံစွပ်ထားသည့်လှည်းဘီးက ကျောက်ခင်းထားသောလမ်းပေါ် ဖြတ်သွားခြင်းဖြင့်” ပြင်းထန်သည့် ဆူညံသံညစ်ညမ်းမှုကိုခံစားကြရသည်။ (လူဝစ္စ မန်းဖောဒ်ရေးသားသည့် သမိုင်းတွင်ရှိမြို့တော်) ရာစုနှစ်တစ်ခုကျော်ကြာပြီးနောက်တွင် ကဗျာဆရာ ဂျူဗာနေလ်က ဆူညံသံသည် ရောမသားတို့ကို ထာဝရအိပ်မရသည့်အဖြစ်သို့ ဒဏ်စီရင်ခဲ့သည်ဟု ညည်းညူခဲ့၏။
၁၆ ရာစုနှစ်တွင် အင်္ဂလန်နိုင်ငံ၏မြို့တော်၊ လန်ဒန်မှာ ဆူညံသောမြို့တစ်မြို့ဖြစ်လာသည်။ “အလည်အပတ်လာရောက်သူတို့ကို ဦးဆုံးစွဲမှတ်စေသောအရာကား အဆက်မပြတ်ဆူညံသံဖြစ်သည်; ထောင်ချီသောအလုပ်ရုံများမှ တဒုန်းဒုန်းဖြင့်တူရိုက်သံ၊ လှည်းဘီးများ၏တချွတ်ချွတ်နှင့် တကျွိကျွိမြည်သံ၊ ဈေးထဲသို့မောင်းနှင်သွားသည့် နွားအုပ်၏အော်သံ၊ ရောင်းချသောပစ္စည်းများအကြောင်း ကြေညာနေသည့်လမ်းဘေးဈေးသည်တို့၏ သံဝါသံကြောင်များဖြစ်သည်” ဟု အဲလိဇဘက်သန် အင်္ဂလန်၏ကလောင်ရှင် အဲလ်ဆန် ပလောက်ဒန်ကရေးသားသည်။
၁၈ ရာစုတွင် စက်မှုတော်လှန်ရေးစတင်ခဲ့သည်။ ယခု စက်ဘက်ဆိုင်ရာဆူညံသံ၏အကျိုးသက်ရောက်မှုသည် စက်ရုံလုပ်သားများ၏အကြားအာရုံကို ပျက်စီးစေသည်အထိ ထင်ရှားလာ၏။ သို့သော် စက်ရုံများအနီးတွင်မနေထိုင်သူ မြို့သားများပင်လျှင် တိုးများလာသည့်နှောင့်ယှက်မှုကြောင့် ညည်းညူကြသည်။ သမိုင်းပညာရှင် သောမတ်စ် ကာလေလီသည် ကြက်ဖတွန်သံ၊ အိမ်နီးချင်း၏စန္ဒရားသံနှင့် အနီးရှိယာဉ်သွားယာဉ်လာသံတို့မှရှောင်ရှားဖို့ လန်ဒန်ရှိ သူ၏အိမ်ခေါင်မိုးပေါ်တွင် “အသံလုံသောအခန်း” တစ်ခန်းကိုဖန်တီးခဲ့သည်။ သည်တိုင်းမ်စ် ကဤသို့ဖော်ပြသည်– “ယင်းသည် အလုပ်မဖြစ်ချေ။” အဘယ်ကြောင့်နည်း။ “သူသည် သင်္ဘောဥသြဆွဲသံနှင့် ရထားဝီစီမှုတ်သံအပါအဝင် ဆက်တိုက်ဖြစ်သောဆူညံသံအသစ်များကြောင့် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်!”
ပျံ့နှံ့လျက်ရှိသည့် မျက်မှောက်ခေတ်ညစ်ညမ်းမှု
ယနေ့ဆူညံသံ ကန့်ကွက်သူတို့က လေယာဉ်ကွင်းများကို အာရုံစူးစိုက်သကဲ့သို့ လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကလည်း ဆူညံသံညစ်ညမ်းခြင်းကို တရားစွဲဆိုဖို့ကြိုးစားအားထုတ်မှုများကို အပြင်းအထန်ခုခံကြသည်။ အင်္ဂလန်ရှိ မန်ချက်စတာလေယာဉ်ကွင်းတွင် အသံထက်မြန်သောကော်န်ကော့ဒ်လေယာဉ် ပျံသန်းသည့်အခါတိုင်း မပေးမနေရဒဏ်ကြေးပေးရသည်၊ ယင်းသည် ထိရောက်မှုရှိပါသလော။ မရှိပါ။ လေယာဉ်ဆူညံသည်မှာမှန်ကြောင်း၊ သို့သော် ဆူညံသံကို လျော့ချရန်အတွက် လောင်စာဆီလျော့ထည့်ခြင်းဖြင့် ဝန်ပေါ့စေသောအခါ တိုရွန်တို သို့မဟုတ် နယူးယောက်သို့ ဆက်တိုက်မပြန်သန်းနိုင်ကြောင်း ကော်န်ကောဒ်လေယာဉ်မှူးတစ်ဦးကပြောခဲ့သည်။
ယာဉ်သွားယာဉ်လာဆူညံသံကို ကာကွယ်ခြင်းသည် အလားတူပင်ပြဿနာဖြစ်သည်။ ဥပမာ၊ ဂျာမနီတွင် ဤညစ်ညမ်းမှုမျိုးသည် လူဦးရေ ၆၄ ရာခိုင်နှုန်းကို အနှောင့်အယှက်ဖြစ်စေသည်ဟု လေ့လာမှုများကဖော်ပြသည်။ ယင်းသည် ကြီးထွားနေသော ပြဿနာတစ်ခုဖြစ်ပြီး လူ့ဘောင်တွင် စက်တပ်ယာဉ်မဝင်ရောက်မီကထက် အဆပေါင်းထောင်ချီ၍မြင့်မားသည်ဟု အဆိုရှိသည်။ ဂရိနိုင်ငံမှသတင်းတစ်ခုအရ “ဥရောပတွင် အေသင်မြို့သည် အဆူညံဆုံးမြို့တစ်မြို့ဖြစ်ပြီး စီစီညံညံဆူသံသည် ဆိုးရွားလွန်းသဖြင့် အေသင်မြို့သားတို့၏ကျန်းမာရေးကို ထိခိုက်သည်” ဟူ၍ဖြစ်၏။ အလားတူ ဂျပန်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီက လမ်းသွားလမ်းလာဆူညံသံ သာ၍ဆိုးလာပြီး၊ ထိုသို့ဖြစ်ခြင်းမှာ မော်တော်ယာဉ်သုံးစွဲမှု တရိပ်ရိပ်တိုးများလာခြင်းကြောင့်ဖြစ်သည်ဟု မှတ်ချက်ချသည်။ မြန်နှုန်းနိမ့်သည့်အခါ ကားအင်ဂျင်က အဓိကဆူညံမှုကိုဖြစ်စေသော်လည်း တစ်နာရီမိုင် ၄၀ အထက်တွင်ဖြစ်သောအခါ အဆူညံဆုံးမှာတာယာဖြစ်သည်။
ဗြိတိန်တွင် ညည်းညူမှုအများဆုံးဖြစ်စေသည့်ဆူညံသံမှာ အိမ်နီးချင်းဆူညံခြင်းဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် အိမ်နီးချင်းဆူညံခြင်းကို ညည်းညူမှုမှာ ၁၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗြိတိန်အခြေခံဝန်းကျင်ကျန်းမာရေးအဖွဲ့ကဖော်ပြသည်။ ထိုအဖွဲ့၏ပြောရေးဆိုခွင့်ရှိအမျိုးသမီးတစ်ဦး ဤသို့ထုတ်ဖော်ပြောဆိုခဲ့သည်– “အဲ့ဒါက ရှင်းပြရခက်ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းတစ်ခုကတော့ လုပ်ငန်းခွင်မှာတွေ့ ကြုံရတဲ့ ဖိစီးမှုတွေက အိမ်မှာ အေးအေးဆေးဆေးငြိမ်ငြိမ်သက်သက် ရှိဖို့လိုအပ်ချက်ကို ပိုပြီးဖြစ်ပေါ်စေတယ်ဆိုတဲ့အချက်ပါပဲ။” ၁၉၉၄ ခုနှစ်အတွင်း၌ ဗြိတိန်တွင် စွဲချက်တင်ထားသော ညည်းညူမှု၏သုံးပုံနှစ်ပုံမှာ ညဉ့်နက်ပိုင်းတေးသီချင်းနှင့် ကားစက်သံ၊ အချက်ပေးဆူညံသံနှင့် ဟွန်းသံများပါဝင်သည်။ သို့သော် အသံညစ်ညမ်းခြင်းခံစားနေရသော်လည်း လက်တုံ့ပြန်ခံရမည်ကိုကြောက်သောကြောင့် မညည်းညူဝံ့သူ ခန့်မှန်းခြေ ၇၀ ရာခိုင်နှုန်းနှင့် ပတ်သက်၍ကော။ ထိုပြဿနာသည် နေရာတိုင်းတွင် အမှန်ပင်ရှိနေ၏။
ပျံ့နှံ့လျက်ရှိသော အသံနှောင့်ယှက်မှုကြောင့် သဘာဝဝန်းကျင်ကိုကာကွယ်ရန် ဦးတည်ချက်ရှိသည့် အေဂျင်စီများက အသံညစ်ညမ်းမှုကိုထိန်းချုပ်သည့် ဥပဒေများကိုထုတ်ပြန်ရန် အပူတပြင်းတောင်းဆိုကြသည်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုရှိ အချို့ရပ်ကွက်များတွင် စက်တပ်ပစ္စည်းအမျိုးမျိုးသုံးစွဲခြင်းကို ကန့်သတ်မှုဖြစ်စေဖို့ ပြဋ္ဌာန်းထားသောဥပဒေများကို လိုက်နာဆောင်ရွက်ကြသည်။ ဗြိတိန်တွင် ဆူညံသောအိမ်နီးချင်းများကို ရည်စူးသည့်အက်ဥပဒေတစ်ရပ်ထုတ်ပြန်ထားကာ ယင်းကို ည ၁၁ နာရီမှ နံနက် ၇ နာရီအတွင်းချိုးဖောက်ပါက ချက်ချင်းပင်ဒဏ်တပ်ခံရသည်။ ဒေသခံအာဏာပိုင်တို့သည် ကျယ်လောင်သည့်စတီရီယိုစက်များကို သိမ်းပိုင်ခွင့်ပင်ရှိသည်။ သို့ဖြစ်စေကာမူ ဆူညံသံမှာ ရှိဆဲပင်။
ဆူညံသံညစ်ညမ်းခြင်းပြဿနာမှာ အမှန်ပင်ကြီးထွားလာနေရာ ယင်း၏သားကောင်အနေဖြင့် အဘယ်အရာပြုလုပ်နိုင်ကြောင်းကို သင်ကောင်းစွာသိလိုမည်။ သို့သော် သင့်အနေနှင့်လည်း ဆူညံသံဖြစ်စေခြင်းကို မည်သို့ရှောင်ရှားနိုင်သနည်း။ တည်မြဲသည့်ငြိမ်သက်မှုနှင့် ဆိတ်ငြိမ်မှုရှိပါဦးမည်လော။ အဖြေများအတွက် နောက်ဆောင်းပါးများကို ဖတ်ရှုပါလေ။