ဆူညံသံ ယင်းနှင့်ပတ်သက်၍ သင်ပြုနိုင်ပုံ
အလွန်မောပန်းသောနေ့တစ်နေ့၏အဆုံးတွင် သင်အိပ်မောကျနေ၏။ ရုတ်တရက် အိမ်နီးချင်းအိမ်မှ ခွေးများဟောင်သံကြောင့် လန့်နိုးသွားသည်။ အိပ်ရာထဲတွင် တစ်ဖက်သို့စောင်းလိုက်ပြီး အနှောင့်အယှက်ပေးသည့်ဆူညံသံမှာ မကြာမီရပ်သွားမည်ဟုမျှော်လင့်မည်။ သို့သော် ဆက်ရှိနေသည်။ ခွေးတို့မှာ ဆက်တိုက်ဟောင်မြဲဟောင်နေ၏။ အိပ်မရခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်၍ စိတ်ရှုပ်ကာ မျက်စိကျယ်သွားပြီး သင့်အိမ်နီးချင်းများသည် ထိုသို့ကျယ်လောင်သောဆူညံသံကို မည်သို့နားခံနိုင်ကြောင်းသင်စဉ်းစားပေမည်။
ဆူညံသံအပေါ် လူတို့၏ခံနိုင်ရည်မှာ အမျိုးမျိုးကွဲပြားသည်။ လေယာဉ်ပြေးလမ်းနားတွင်နေကြသော လေယာဉ်ကွင်းလုပ်သားများသည် လေယာဉ်ပျံများနှင့် မသက်ဆိုင်သောလုပ်ငန်းလုပ်ဆောင်ရသူတို့ထက် လေယာဉ်ဆူညံသံ၏နှောင့်ယှက်ခံရမှု အလွန်နည်းသည်။ လျှပ်စစ်အသားကြိတ်စက်ကို အသုံးပြုနေသူအိမ်ရှင်မသည် ယင်း၏ဆူညံသံကို နောက်အခန်းရှိ စာဖတ်ဖို့ကြိုးစားနေသူ သို့မဟုတ် တီဗွီကြည့်နေသူနှင့်စာလျှင် သာ၍ခံနိုင်သည်။
ဆူညံသံညစ်ညမ်းခြင်းဟူသည် အဘယ်နည်း
ဆူညံသံညစ်ညမ်းခြင်းကို အဓိပ္ပာယ်ဖွင့်သည့်နည်းလမ်းမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူချေ။ မက္ကစီကိုတွင် “စိတ်အနှောင့်အယှက်ဖြစ်စေသည့် သို့မဟုတ် လူတို့ကို အန္တရာယ်ဖြစ်စေသည့် မနှစ်လိုဖွယ် မည်သည့်အသံမဆိုမှာ ဆူညံသံဖြစ်သည်။” နယူးဇီလန်တွင် “လူတစ်ယောက်၏ အေးချမ်းငြိမ်သက်မှု၊ သက်သောင့်သက်သာရှိမှု၊ အဆင်ပြေမှုတို့ကို အလွန်အကျွံနှောင့်ယှက်သည့်အခြေအနေတွင်” ဆူညံသံကိုလွန်ကဲမှုအဖြစ်ယူမှတ်သည်။
နာမည်ကျော် သိပ္ပံပညာရှင်များဖြစ်ကြသည့် တယ်လီဖုန်းတီထွင်သူ အလက်ဇန္ဒား ဂရေဟမ် ဘဲလ်နှင့် ဂျာမန်ရူပဗေဒပညာရှင် ဟင်းန်ရ်ချ် ဟာတ်ဇ်တို့နှစ်ဦးသည် အသံကိုတိုင်းတာခြင်းနှင့်ပတ်သက်၍ အနီးကပ်ပတ်သက်သူများဖြစ်ကြသည်။ ဘယ် သို့မဟုတ် သာ၍အသိများသည်မှာ ဒယ်ဆီဘယ် (ဘယ်၏ဆယ်ပိုင်းတစ်ပိုင်း) ဖြင့်အသံပမာဏကိုတိုင်းတာပြီး အသံအနိမ့်အမြင့် သို့မဟုတ် တုန်ခါနှုန်းကို ဟာတ်ဇ်ဖြင့်တိုင်းတာသည်။ အသံကိုတိုင်းတာသည့်အခါ မှတ်တမ်းများက ယေဘုယျအားဖြင့် အသံ၏ဒယ်ဆီဘယ်ပမာဏကိုညွှန်ပြသည်။a
သို့သော် အသံပမာဏမည်မျှသည် အနှောင့်အယှက်ဖြစ်စေသည်ဟု မည်သူအဆုံးအဖြတ်ပေးမည်နည်း။ အသင်၊ ကြားသူကိုယ်နှိုက်ပင်! “အနှောင့်အယှက်ဖြစ်ခြင်းကို အကဲဖြတ်သည့် အကောင်းဆုံးအသံဖမ်းကိရိယာမှာ လူ့နားပင်ဖြစ်သည်” ဟုလန်ဒန်မှ သည်အင်ဒီပဲန်ဒင့်သတင်းစာက ဖော်ပြသည်။
ဆူညံသံ၏အကျိုးသက်ရောက်မှုများ
နားသည် ဆူညံသံ၏ “အကောင်းဆုံးအသံဖမ်းကိရိယာ” ဖြစ်သောကြောင့် ယင်းသည် ထိခိုက်ခံစားမှုအထူးလွယ်ကူသော အင်္ဂါအစိတ်အပိုင်းဖြစ်သည်မှာ ထင်ရှားပါ၏။ သင့်အတွင်းနား၏ အာရုံခံနဗ်ဆဲလ်များ ပျက်စီးသွားခြင်းက ကြားနိုင်စွမ်းကို အပြီးအပိုင်ဆုံးရှုံးသွားစေနိုင်သည်။ လူတို့သည် ကျယ်လောင်သံများကို တုံ့ ပြန်ရာတွင် တစ်ဦးနှင့်တစ်ဦးကွာခြားကြသည်မှာ မှန်ပါ၏။ သို့သော် ၈၀ မှ ၉၀ ဒယ်ဆီဘယ်အထက်ရှိအသံကို ဆက်တိုက်ကြားရခြင်းက ကြားနိုင်စွမ်းကို တဖြည်းဖြည်းဆုံးရှုံးသွားစေနိုင်သည်။ အမှန်မှာ ဆူညံသံပမာဏမြင့်လေလေ သင့်ကြားနိုင်စွမ်းမထိခိုက်ရန် ထိုဝန်းကျင်တွင် နေ့စဉ် သင်အလုပ်လုပ်နိုင်သည့်အချိန်နည်းလေလေဖြစ်၏။
ပြင်သစ်နိုင်ငံတွင်ရောင်းချသော နားကြပ်ကက်ဆက်များတွင် အများဆုံးအထွက်စွမ်းအားမှာ ၁၁၃ ဒယ်ဆီဘယ်ရှိသည်ဟု နယူးဆိုင်းယင်းတစ်မဂ္ဂဇင်းကဖော်ပြသည်။ လေ့လာမှုတစ်ခုကိုကိုးကား၍ ယင်းကဖော်ပြသည်မှာ “တစ်ယောက်သုံးလေဆာဓာတ်ပြားဖွင့်စက်နှင့် ရော့ခ်သီချင်းကို အကျယ်ဆုံးအနေအထားဖြင့် တစ်နာရီကြာဖွင့်လျှင် တစ်ခုလုံးနီးပါး၌ ၁၀၀ ဒယ်ဆီဘယ်ကျော်ပြီး အမြင့်ဆုံး ၁၂၇ ဒယ်ဆီဘယ်အထိရှိသည်” ဟူ၍ဖြစ်သည်။ ဖျော်ဖြေပွဲ တိုက်ရိုက်တင်ဆက်ချိန်အတွင်း ပေါ်ထွက်လာသော ဆူညံသံ၏အကျိုးသက်ရောက်မှုမှာ သာ၍ပြင်းထန်၏။ စုံစမ်းလေ့လာသူတစ်ဦးက လူများသည် သတိလက်လွတ်နစ်မျောကာ စပီကာအနီးသို့စုရုံးလာကြကြောင်းတွေ့ရှိခဲ့သည်။ “ကျွန်တော့်အမြင်ဟာဝေဝါးသွားတယ်၊ ကိုယ်တွင်းခေါင်းထဲမှာ ဘေ့စ်တီးသံကပဲ့တင်ထပ်နေပြီး ဆူညံသံဟာ ကျွန်တော့်နားကို မခံနိုင်အောင်ဖြစ်စေတယ်” ဟုသူကပြောသည်။
ဆူညံသံက သင့်ကို မည်သို့ထိခိုက်နိုင်သနည်း။ အာဏာပိုင်တစ်ဦးက ဤသို့ဖော်ပြသည်– “အတော်အသင့်မှ ကျယ်လောင်သောအဆင့်ရှိအသံတို့၏ ဆက်တိုက်ဆူညံမှုက စိတ်ဖိစီးခြင်း၊ နွမ်းနယ်ခြင်းနှင့် စိတ်ဆိုးခြင်းကို ဖြစ်စေသည်။” ဂျာမနီနိုင်ငံ ဂျီဆန်း တက္ကသိုလ်မှ ပါမောက္ခ ဂဲရလ်ဒ် ဖလစ်ရှာက “ဆူညံသံဖြင့် နှိပ်စက်ခံရခြင်းက ပျော်ရွှင်မှုကို ဘဝမှထုတ်ယူပစ်လိုက်ရုံမက ယင်းသည် လူတစ်ဦးကို ကာယရေးရာနှင့် စိတ်ဓာတ်ရေးရာတွင် အင်အားကုန်ခန်း၍ မောပန်းစေသည်” ဟုဖော်ပြ၏။ ပါမောက္ခ မာကီ တပ်စာပိုဂက်စ်၏ဖော်ပြချက်အရ အခြားစိတ်ဖိစီးမှုအခြေအနေများတွင် ဆူညံသံကို ထပ်ဆင့်ပေါင်းစပ်လိုက်သောအခါ ယင်းက စိတ်ကျခြင်းကို ဖြစ်စေနိုင်သကဲ့သို့ အင်္ဂါအစိတ်အပိုင်းဆိုင်ရာရောဂါများကိုလည်း ဖြစ်စေနိုင်သည်။
ဆူညံသံကို အကာအကွယ်မဲ့ကြာရှည်စွာခွင့်ပြုထားခြင်းက သင့်ပင်ကိုစရိုက်ကိုထိခိုက်နိုင်၏။ ဗြိတိသျှအစိုးရ၏သုတေသီများက အသံညစ်ညမ်းမှုအတွက်တာဝန်ရှိသူများနှင့်ပတ်သက်၍ မည်သို့ခံစားရကြောင်း ယင်းဒဏ်ခံရသူများကို မေးမြန်းသောအခါ သူတို့က မုန်းတီးခြင်း၊ ကလဲ့စားချေခြင်းနှင့် လူသတ်မှုပင်ကျူးလွန်လိုခြင်းအထိပြောဆိုကြသည်။ အခြားတစ်ဖက်တွင်မူ ဆူညံသံပြုလုပ်သူတို့သည် သူတို့ကို ရည်ရွယ်၍ထပ်ခါထပ်ခါ ညည်းညူဖန်များလာသောအခါ မကြာခဏရန်လိုလေ့ရှိကြ၏။ “ဆူညံသံက သူတစ်ပါးအကျိုးလိုလားစိတ်ကို လျော့နည်းသွားစေပြီး ရန်လိုခြင်းနှင့် ဆန့်ကျင်ခြင်းကို ဖြစ်စေသည်” ဟု ဆူညံသံတိုက်ဖျက်ရေးလှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးကဆို၏။
ဆူညံသံညစ်ညမ်းခြင်းခံရသူအများစုသည် မိမိတို့တွင်အနှောင့်အယှက်များကို ခံရပ်နိုင်စွမ်းတဖြည်းဖြည်းနည်းလာကြောင်း သတိပြုမိကြ၏။ မိမိ၏ ဆူညံသောအိမ်နီးချင်းထံမှ ကျယ်လောင်သည့်တေးသံကို အမြဲကြားနေရသည့်အမျိုးသမီးတစ်ဦး၏ အောက်ပါရှုမြင်ပုံကို ထိုသူတို့သံယောင်လိုက်ကြသည်– “သင်နားမထောင်ချင်သောအရာတစ်ခုကို နားထောင်ဖို့ အတင်းအကျပ်ပြုခံရသောအခါ ယင်းက သင့်ကို နွမ်းလျစေသည်။ . . . ထိုဆူညံသံ ဆုံးသွားလျှင်ပင် ယင်းသည် ထပ်မံပေါ်လာမည်ကို သိရှိနေသည်။”
သို့ဖြစ်လျှင် ဆူညံသံညစ်ညမ်းခြင်းကို ဖြေရှင်းဖို့ရာနည်းလမ်း လုံးဝမရှိတော့ပြီလော။
သင်ပြုလုပ်နိုင်သောအရာ
နေရာအနှံ့တွင် ဆူညံသံများပျံ့နှံ့နေခြင်းကြောင့် များစွာသောသူတို့သည် သူတစ်ပါးကို မိမိတို့ အနှောင့်အယှက်ဖြစ်စေနေကြောင်း သတိမပြုမိကြခြင်းသာဖြစ်၏။ သူတို့သိရှိခဲ့လျှင် အချို့တို့မှာ ထိုသို့သောပြုမူဆောင်ရွက်မှုကို ရပ်ပစ်လိုက်မည်မှာအမှန်ပင်။ ထိုအကြောင်းကြောင့် ဆူညံသောအိမ်နီးချင်းတစ်ဦးကို ခင်မင်ရင်းနှီးစွာချဉ်းကပ်ခြင်းက အောင်မြင်မှုရရှိစေနိုင်သည်။ လူတစ်ဦးကို ဆူညံမှုဖြင့် သူ၏အိမ်နီးချင်းက အာဏာပိုင်များကိုတိုင်တန်းသောအခါ ထိုသူစိတ်ဆိုးသည်။ သူက ဤသို့ပြောသည်– “ဒီဆူညံသံကြောင့် သူတို့အနှောင့်အယှက်ဖြစ်ခဲ့လို့ ကျွန်တော့်ဆီလာပြီးတွေ့မယ်ဆိုရင် ကျွန်တော်တာဝန်ယူဆောင်ရွက်ပေးမှာပါ။” ကလေးငယ်တစ်စုအတွက် ပါတီပွဲကျင်းပပေးသော မိခင်တစ်ဦးသည် ဆူညံမှုပြုလုပ်သည်ဟူသောတိုင်ကြားချက်ကြောင့် အာဏာပိုင်တစ်ဦးနှင့်ရင်ဆိုင်လိုက်ရသောအခါ အလွန်အံ့အားသင့်သွား၏။ “ကျွန်မဖြစ်စေချင်တာကတော့ တိုင်တန်းသူတွေအနေနဲ့ သူတို့အတွက်မနှစ်မြို့စရာဖြစ်နေရင် ကျွန်မဆီလာပြီးပြောစေချင်ပါတယ်” ဟုထုတ်ပြောခဲ့သည်။ ထို့အပြင် အိမ်နီးချင်းဆူညံမှုကြောင့် တိုင်တန်းသူ ၈၀ ရာခိုင်နှုန်းသည် ဆူညံသံလျှော့ပေးဖို့ မိမိအိမ်နီးချင်းကို သွားရောက်ပြောဆိုခြင်းမရှိကြောင်း ဗြိတိသျှဝန်းကျင်ကျန်းမာရေးအရာရှိတစ်ဦး အံ့အားသင့်ဖွယ်တွေ့ရှိရခြင်းမှာ အဆန်းမဟုတ်ချေ။
ဆူညံသောအိမ်နီးချင်းတို့နှင့် စကားပြောဆိုဖို့ လူတို့နှုတ်လေးနေရခြင်းက အပြန်အလှန် လေးစားမှုကင်းမဲ့နေကြောင်း တင်ပြသည်။ ‘ကျွန်တော်သီချင်းဖွင့်ချင်ရင် ဖွင့်နိုင်တယ်။ ဒါဟာ ကျွန်တော့်လုပ်ပိုင်ခွင့်ပဲ!’ ဟူသောတုံ့ ပြန်မှုကိုမျှော်လင့်ထားကြပြီး မကြာခဏပင် ထိုသို့ဖြစ်တတ်၏။ ဆူညံသံအနည်းငယ်လျှော့ရန် ညင်ညင်သာသာဖြင့်သတိပေးခြင်းကို ဆူညံသောအိမ်နီးချင်းမှ အပြစ်တင်စွက်ဖက်သည်ဟုသဘောထား၍ ရန်တွေ့မည်ကို သူတို့ကြောက်ရွံ့ ကြသည်။ ယင်းသည် ယနေ့လက်ရှိ လူ့အဖွဲ့အစည်းအပေါ် ဝမ်းနည်းဖွယ်ရောင်ပြန်မှုပါတကား! ဤ “ခဲယဉ်းသောကာလ” တွင် အများအားဖြင့် လူတို့သည် ‘ကိုယ်ကိုကိုယ်ချစ်သောသူ၊ ထောင်လွှားစော်ကားသောသူ၊ ပြင်းထန်သောသူ၊ သတိပေးခြင်းကို မခံသောသူ’ ဖြစ်ကြလိမ့်မည်ဟူသော ကျမ်းစာဆိုင်ရာဖော်ပြချက်နှင့် မည်မျှကိုက်ညီလှလေခြင်း!—၂ တိမောသေ ၃:၁-၄။
ခံစားရသူ၏ လုပ်ဆောင်ချဉ်းကပ်ပုံအပေါ် များစွာမူတည်ပါသည်။ အမျိုးသမီးပတ်စဉ် မဂ္ဂဇင်းက ကျူးလွန်သူကိုစိတ်ထိခိုက်စေသည့် ရန်လိုသောညည်းညူမြည်တမ်းမှုပြီးနောက် တင်းမာသည့်အခြေအနေကို ဖြေရှင်းပုံနှင့်ပတ်သက်သောအဖြစ်အပျက်ကို အောက်ပါအတိုင်းဖော်ပြထား၏– “နွေးထွေးပြီးနားလည်မှုအပြည့်ဖြင့် ‘အိပ်လို့မရတာကြောင့် အရမ်းမောပန်းနေတဲ့အတွက် စိတ်ဆိုးမိတာကို ဝမ်းနည်းပါတယ်’ ဟုပြောလိုက်ခြင်းက [ကျူးလွန်သူအိမ်နီးချင်းများကို] ကျေအေးသွားစေနိုင်သည်။” သူတို့သည် ကျေကျေနပ်နပ်ဖြင့် နံရံနှင့်ကပ်လျက်ရှိသော အသံချဲ့ကိရိယာကို အဝေးသို့ရွှေ့လိုက်ခြင်းနှင့် အသံကိုတိုးပေးခြင်း တစ်ခုခုပြုလုပ်ပေမည်။
အမှန်စင်စစ် သင်၏အိမ်နီးချင်းများနှင့် ဆက်ဆံရေးကောင်းရှိထားခြင်းက ကောင်းကျိုးဖြစ်ထွန်းစေ၏။ အချို့ဒေသခံအစိုးရအာဏာပိုင်တို့သည် မသင့်မြတ်သောအိမ်နီးချင်းများကို ရင်ကြားစေ့ပေးရန် ပြန်လည်ညှိနှိုင်းဆောင်ရွက်မှုကို ကမ်းလှမ်းကြသည်။ တိုင်တန်းမှုများသည် ရန်လိုသည့်သဘောကိုနှိုးဆွပေးသောကြောင့် ဥပဒေဝန်ထမ်းတစ်ဦးခေါ်ခြင်းကို “နောက်ဆုံးဖြေရှင်းနည်း” အဖြစ် ရှုမြင်သင့်သည်။
သင့်အနေဖြင့် နေရာသစ်သို့ပြောင်းရွှေ့ဖို့ စီစဉ်ထားပါက နောက်ဆုံးစာချုပ်မချုပ်ဆိုမီ အဘက်ဘက်မှ အသံနှောင့်ယှက်မှုများရှိမရှိ စစ်ဆေးခြင်းသည် ပညာရှိရာကျကြောင်းသင်တွေ့ရှိမည်။ သင့်အိမ်ဖြစ်လာမည့်နေရာကို တစ်နေ့တာ၏ခြားနားသောအချိန်များတွင် သွားရောက်၍ ဆူညံမှုရှိမရှိစစ်ဆေးရန် အိမ်မြေပွဲစားများက သင့်ကိုအကြံပြုပေမည်။ အနီးအနားရှိသူတို့ကို သူတို့တွေ့ မြင်သိရှိချက်များနှင့်ပတ်သက်၍ မေးမြန်းနိုင်၏။ နေရာသစ်သို့ သင်ပြောင်းရွှေ့ပြီးသည့်နောက်ပိုင်းမှ ပြဿနာများကြုံတွေ့လာလျှင် ခင်မင်ရင်းနှီးသည့်နည်းလမ်းဖြင့် ဖြေရှင်းသင့်သည်။ တရားစွဲဆိုခြင်းက အများအားဖြင့် ရန်ငြိုးသိုစေသည်။
သို့သော် သင်သည် ဆူညံသောပတ်ဝန်းကျင်တွင် နေထိုင်ရပြီး အခြားတစ်နေရာသို့ပြောင်းရွှေ့ရန် လုံးဝမဖြစ်နိုင်လျှင်ကော။ အချိန်အကန့်အသတ်မဲ့ ခံနေရတော့မည်ဟု သင်လက်လျှော့လိုက်ရမည်လော။ ထိုသို့မဟုတ်ပါ။
ဆူညံသံကို မည်သို့အောင်မြင်စွာကာကွယ်နိုင်ပုံ
သင့်အိမ်ကို ပြင်ပဆူညံသံမှကာကွယ်ရန် မည်သို့ပြုလုပ်နိုင်ကြောင်းသုံးသပ်ပါ။ နံရံများနှင့် ကြမ်းခင်းများတွင် အသံဝင်နိုင်သောအပေါက်တစ်စုံတစ်ရာ ရှိ၊ မရှိစစ်ဆေးပါ။ အထူးသဖြင့် လျှပ်စစ်ပလတ်ပေါက်များရှိသည့်နေရာကို သတိပြုပါ။ ယင်းတို့သည် စိတ်ချရပါသလော။
ဆူညံသံသည် တံခါးများနှင့် ပြတင်းပေါက်များမှတစ်ဆင့် အိမ်ထဲသို့ဝင်လာလေ့ရှိသည်။ ပြတင်းပေါက်များတွင် ဒုတိယအလွှာအဖြစ် မှန်ချပ်ကိုတပ်ဆင်ထားခြင်း (မှန်နှစ်ထပ်တပ်ခြင်း) က ဆူညံသံကို လျော့ပါးစေဖို့အကူအညီဖြစ်စေနိုင်သည်။ တံခါးကျည်းပေါင်တွင် ပါးလွှာသည့်ရေမြှုပ်စရှည်တစ်စကို ကပ်ထားခြင်းအားဖြင့် တံခါးကိုတိတိရိရိဖြစ်စေသည်။ ပေါင်းမိုးငယ်ဆောက်၍ တံခါးနောက်တစ်ခုတပ်ဆင်ခြင်းဖြင့် အနှောင့်အယှက်ပေးသော ယာဉ်သွားယာဉ်လာဆူညံခြင်းမှ အကာအကွယ်ဖြစ်စေမည်။
ယာဉ်သွားယာဉ်လာဆူညံမှုသည် တစ်မုဟုတ်ချင်းတိုးများလာနေသော်လည်း ယာဉ်အတွင်း အသံကို နိမ့်နိုင်သမျှနိမ့်စေသည့် ကိရိယာအသစ်များနှင့် နည်းလမ်းအသစ်များကို အဆက်မပြတ်တိုးတက်ထုတ်လုပ်လာနေပါသည်။ ဆူညံသံလျော့ ကားတာယာများကလည်း အကူအညီဖြစ်စေမည်။ နိုင်ငံများစွာတွင် ခြားနားသောလမ်းမျက်နှာပြင် အမျိုးမျိုးဖြင့် စမ်းသပ်မှုပြုလုပ်ရာ “ဆူညံသံလျော့ကွန်ကရစ်လမ်း” ကဲ့သို့သောအရာများ ပေါ်ထွက်လာသည်။ ယင်းတွင် ကျောက်မှုန့်သဲမှုန့်အချို့ကို ချန်ထားခဲ့ခြင်းအားဖြင့် တာရာနှင့် လမ်းမျက်နှာပြင်ထိတွေ့မှုနည်းစေ၏။ ဤလမ်းမျက်နှာပြင်ကို အသုံးပြုခြင်းက သာ၍ပေါ့ပါးသောယာဉ်များတွင် ဆူညံသံကို နှစ်ဒယ်ဆီဘယ်လျော့နည်းစေပြီး လေးလံသောကုန်တင်ယာဉ်များမှာမူ တစ်ဒယ်ဆီဘယ်လျော့နည်းစေသည်ဟု ဖော်ပြသည်။ ယင်းသည် မသိသာဟန်ရှိသော်လည်း ပျမ်းမျှသုံးဒယ်ဆီဘယ်လျော့နည်းစေခြင်းက ယာဉ်သွားယာဉ်လာဆူညံသံထက်ဝက်ခန့်ကို လျော့နည်းစေခြင်းနှင့်ညီမျှသည်တကား!
ယခုတွင် လမ်းဖောက်သူတို့သည် လမ်းမကြီးများကို အရံအတားများကြားတွင်ထားခြင်း သို့မဟုတ် လမ်းဘေးတစ်လျှောက်မြေကမူဖို့ရန် စီစဉ်ခြင်းဖြင့် ဆူညံသံကိုထိရောက်စွာပင် လျော့ချပေးသည်။ ထိုသို့မလုပ်နိုင်သောနေရာများ၌ပင် လန်ဒန်အရှေ့ပိုင်းမှ လမ်းတစ်လမ်းကဲ့သို့ ယှက်ထားသောမိုးမခကိုင်းများနှင့် အမြဲစိမ်းသစ်ပင်များဖြင့် အထူးစီစဉ်ထားသောစည်းရိုးများသည် အဝေးပြေးလမ်းမအနီးတွင်နေထိုင်သူတို့ကို မလိုလားအပ်သည့်ဆူညံသံမှ ကာကွယ်ပေးသည်။
အာရုံပျံ့လွင့်စေသောအသံများကို ညံသံဖြူ—ဥပမာ တည်ငြိမ်သော သို့မဟုတ် ပြင်းထန်စွာရွေ့ရှားနေသောလေ—ဟုခေါ်သောအသံဖြင့် ကာကွယ်ခြင်းသည် ရုံးများကဲ့သို့သော ပတ်ဝန်းကျင်အနေအထားမျိုးအတွက် အသုံးဝင်သည်။b ဂျပန်နိုင်ငံတွင် အသံတိတ်စန္ဒရားများ ဈေးကွက်တွင်ပေါ်နေသည်။ စန္ဒရား၏တူသည် ကြိုးကိုရိုက်ခတ်မည့်အစား အီလက်ထရွန်နစ်ဓာတ်စီးပတ်လမ်းကို လုပ်ဆောင်စေခြင်းဖြင့် တီးသူ၏နားကြပ်တွင် သံစဉ်များပေါ်လာသည်။
သိပ္ပံပညာရှင်များသည် ဆန့်ကျင်ညံသံဟု သူတို့ခေါ်ဆိုကြသည့်အရာကို ရှာဖွေထုတ်လုပ်နိုင်ရန် အချိန်များစွာအသုံးပြုခဲ့ကြပြီ။ အခြေခံအားဖြင့် ယင်းသည် အခြားအသံရင်းမြစ်တစ်ခုကိုအသုံးပြုကာ ဆူညံသံ၏ဆိုးကျိုးများကို ဖျောက်ဖျက်သော တုန်ခါမှုကိုပေါ်ထွက်စေခြင်းပါဝင်လေသည်။ မှန်ပါသည်၊ ယင်းက အပိုပစ္စည်းပါဝင်လာပြီး စရိတ်စကသာ၍များကာ အမှန်အားဖြင့် ပြဿနာ၏အရင်းအမြစ်ကို ပယ်ရှားမပေးနိုင်ချေ။ “ဆူညံမှုကို အသံဆိုင်ရာအမှိုက်သရိုက်အဖြစ် လူတို့စတင်ယူမှတ်သည့်အချိန်အထိ ဆူညံသံတိုက်ဖျက်ရေးသည် တစ်ခဏတာဆိတ်ညံမှုရရှိနိုင်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်ဖွယ်ရှိသည်” ဟု ယူ.အက်စ်.သတင်းနှင့်ကမ္ဘာ့မှတ်တမ်း ကဖော်ပြသည်။ ဖြစ်နိုင်သော်လည်း ယင်းအသံတိတ်ဆိတ်မှုသည် အသံညစ်ညမ်းမှုအတွက် ဖြေရှင်းနည်းဖြစ်ပါသလော။
သင်နှင့် သင့်အိမ်နီးချင်းအတွက် ငြိမ်သက်ပြီး ဆိတ်ငြိမ်သောအလားအလာ အမှန်တကယ်ရှိပါ၏လော။ ကျွန်ုပ်တို့၏ နောက်ဆောင်းပါးက စစ်မှန်သောမျှော်လင့်ချက်ကို ဖော်ပြပါမည်။
[အောက်ခြေမှတ်ချက်များ]
a ယေဘုယျအားဖြင့် အသံကို ဒယ်ဆီဘယ်ဖြင့်တိုင်းတာသည့်မီတာကိုအသုံးပြု၍ ဆူညံသံ၏ပမာဏကို သတ်မှတ်သည်။ နားသည် တုန်ခါနှုန်းအချို့ကို အခြားတုန်ခါနှုန်းများထက် သာ၍တိကျစွာကြားနိုင်သောကြောင့် မီတာကိုလည်းအလားတူတုံ့ပြန်မှုဖြင့် တည်ဆောက်ထား၏။
b အလင်းဖြူဟူသည် အလင်းရောင်စဉ်ရှိ တုန်ခါနှုန်းအားလုံးရောနှောနေသော ရောင်စဉ်ကို ဆိုလိုသည်နည်းတူ ညံသံဖြူသည်လည်း ခန့်မှန်းခြေအားဖြင့် တူညီသောအသံပမာဏများရှိ ကြားနိုင်သောလှိုင်းအားလုံးပါဝင်သည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
ဆူညံသောအိမ်နီးချင်းတစ်ဦးဖြစ်ခြင်းကိုသင်မည်သို့ရှောင်ရှားနိုင်ပုံ
● ဆူညံသံတစ်ခု သင်ပြုလုပ်မည်ဆိုပါက သင့်အိမ်နီးချင်းများကို ထည့်သွင်းစဉ်းစား၍ သူတို့ကို ကြိုတင်အကြောင်းကြားပါ။
● အိမ်နီးချင်းတစ်ဦးက ဆူညံသံကို လျော့ပေးဖို့တောင်းဆိုလာသောအခါ ပူးပေါင်းဆောင်ရွက်မှုရှိပါ။
● သင်၏ပျော်ရွှင်မှုက သင့်အိမ်နီးချင်းကို ပူပင်သောကမရောက်စေသင့်ကြောင်း အသိအမှတ်ပြုပါ။
● ခန်းမများနှင့် ကြမ်းခင်းများမှတစ်ဆင့် ဆူညံသံနှင့် တုန်ခါမှုသည် အလွယ်တကူပျံ့နှံ့နိုင်ကြောင်း သတိရပါ။
● ဆူညံသည့်အိမ်သုံးကိရိယာကို အခုအခံပစ္စည်းပေါ်တွင် ထားရှိပါ။
● အိမ်နှင့်ကားတို့မှ မှားယွင်းသည့်အချက်ပေးသံထွက်ပေါ်လာလျှင် ပြင်ပေးနိုင်သူတစ်ဦးကို ရှာထားပါ။
● ညဉ့်နက်လျှင် ဆူညံစေသောအလုပ်လုပ်ခြင်း သို့မဟုတ် ဆူညံသောအိမ်တွင်းပစ္စည်းကိရိယာများအသုံးပြုခြင်းကိုရှောင်ပါ။
● သင့်အိမ်နီးချင်းများကို စိတ်အနှောင့်အယှက်ဖြစ်စေသည့်အဆင့်အထိ တေးသီချင်းကို မဖွင့်ပါနှင့်။
● အိမ်တွင်လူမရှိဘဲ ခွေးများကို ကြာရှည်စွာမထားခဲ့ပါနှင့်။
● ကလေးများ ကြမ်းပြင်ပေါ်တွင်ခုန်ခြင်းကြောင့် အောက်ထပ်တွင်နေထိုင်သူတို့ကို အနှောင့်အယှက်ဖြစ်စေခြင်းကို ခွင့်မပြုပါနှင့်။
● ညအချိန်၌ ကားဟွန်းတီးခြင်း၊ တံခါးများကို ဆောင့်ပိတ်ခြင်း သို့မဟုတ် အင်ဂျင်စက်များကို အရှိန်မြှင့်ခြင်း မပြုလုပ်ပါနှင့်။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ဆူညံသံနှင့် အသင်
“ဆူညံသံသည် ဗြိတိန်တွင် အပျံ့နှံ့ဆုံးသောစက်မှုလုပ်ငန်းဆိုင်ရာအန္တရာယ်ဖြစ်ပြီး နားလေးခြင်းသည် ယင်း၏အများဆုံးသော အကျိုးဆက်ဖြစ်သည်” ဟု သည်တိုင်းမ် မဂ္ဂဇင်းကဖော်ပြသည်။ လုပ်ငန်းခွင်ကျန်းမာရေးဆိုင်ရာ လေ့လာမှုအချို့က ၈၅ ဒယ်ဆီဘယ်အထက်ဆူညံသံသည် သန္ဓေသားကို အန္တရာယ်ဖြစ်စေနိုင်ကြောင်းဖော်ပြ၏။ ကလေးငယ်၏ကြားနိုင်စွမ်းမှာ ပျက်စီးသွားပြီး ဟော်မုန်းဆိုင်ရာနှောင့်ယှက်မှုဖြစ်သွားရာ မွေးရာပါချို့ယွင်းချက်များလည်းပါလာသည်။
ကျယ်လောင်သောဆူညံသံကို ကြားနေရခြင်းသည် သွေးကြောလေးများကို ကျုံ့စေပြီး သင့်အင်္ဂါများသို့ သွေးစီးဆင်းမှုကို လျော့နည်းစေသည်။ သို့နှင့် သင့်ကိုယ်ခန္ဓာက တုံ့ပြန်သည့်အနေဖြင့် သွေးဖိအားမြှင့်ပေးသည့်ဟော်မုန်းများကိုထုတ်ပေးရာ ယင်းက နှလုံးခုန်မြန်စေကာ တစ်ခါတစ်ရံ နှလုံးတုန်ခြင်း သို့မဟုတ် ရင်ဆို့နာပင်လျှင် ဖြစ်စေသည်။
သင်၏လုပ်ရိုးလုပ်စဉ်ကို ဆူညံသံကနှောင့်ယှက်လာသောအခါ အခြားပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ အိပ်စက်နားနေမှုနှောင့်ယှက်ခံရခြင်းက နေ့အချိန်တွင် သင်၏တုံ့ ပြန်မှုကို ထိခိုက်နိုင်သည်။ ဆူညံသံသည် သင်၏အလုပ်လုပ်နှုန်းကို ပြောင်းလဲစေမည်မဟုတ်သော်လည်း ယင်းက မှားယွင်းမှုအရေအတွက်အပေါ် ဩဇာသက်ရောက်နိုင်သည်။
[စာမျက်နှာ ၉ လေးထောင့်ကွက်/ရုပ်ပုံ]
လုပ်ငန်းခွင်အကာအကွယ်
သင့်အနေနှင့် လုပ်ငန်းခွင်၌ဆူညံမှုကို ပြဿနာတစ်ခုအဖြစ်ကြုံတွေ့နေပါက နားကိုကာကွယ်ပေးသည့် အရာတစ်ခုခု တပ်ဆင်ထားရန် စဉ်းစားကြည့်ပါ။* သင့်ခေါင်းတွင်တပ်ဆင်ရသည့် နားကြပ်ကဲ့သို့သောနားဖုံးကိရိယာများသည် အသံဆူညံမှုမြင့်မားချိန်တွင် အများအားဖြင့်ထိရောက်မှုရှိသည်။ ယင်းက အသံထွက်ပေါ်ရာနေရာကို အတိအကျမသိနိုင်သော်လည်း နှုတ်ဖြင့်ဆက်သွယ်သည့်အသံ၊ စက်၏သတိပေးအချက်ပြသံတို့ကို ကြားမြဲကြားနိုင်သည့်အကျိုးဖြစ်ထွန်းစေသည်။ နားဆို့ကိရိယာမှာ သင့်အတွက်တော်မှန်သောအရွယ်အစားဖြစ်ရမည်ဖြစ်ပြီး သင့်တွင်နားရောဂါ သို့မဟုတ် နားပြွန်လမ်းကြောင်းယားယံခြင်းရှိပါက အသုံးပြုရန်မသင့်တော်ပါ။
စက်ကိုကောင်းစွာပြုပြင်ထိန်းသိမ်းထားခြင်းက တုန်ခါမှုများကို လျော့နည်းစေနိုင်၏။ ရော်ဘာအောက်ခံပြားခံ၍ စက်ကိရိယာများကိုနေရာချခြင်း၊ ဆူညံသောစက်များကို သီးသန့်ထားခြင်းတို့ ဖြင့် အသံညစ်ညမ်းမှုကို လျော့ပါးစေနိုင်သည်။
*နိုင်ငံများစွာတွင် အလုပ်ရှင်တို့အား မိမိတို့အလုပ်သမားများသည် ကြားနိုင်စွမ်းကာကွယ်ပေးသည့်ကိရိယာကို တပ်ဆင်ထားကြောင်းသေချာစေရန် ဥပဒေများက တောင်းဆိုထားသည်။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ယာဉ်သွားယာဉ်လာများသည့်နေရာက ပေါ်ထွက်လာသောဆူညံသံမှ သင့်ကိုယ်ကိုမည်သို့ကာကွယ်နိုင်မည်နည်း