ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၂/၈ စာ. ၈-၁၂
  • ယင်း၏ ထိခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယင်း၏ ထိခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်း
  • နိုးလော့!—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိသားစုနှင့်မိတ်ဆွေများ၏ထောက်မမှု
  • အထောက်အမပေးဖို့ သင်ယူခြင်း
  • ယေဟောဝါ၏မေတ္တာပါသောအထောက်အမဖြင့် ကျော်လွှားခြင်း
  • ပြုစုပေးသူများ ထောက်မမှုရ
  • အကြီးအကျယ်အကန့်အသတ်ဖြစ်မှုများကို ရင်ဆိုင်ခြင်း
  • လေဖြတ်ခြင်း—အကြောင်းရင်း
    နိုးလော့!—၁၉၉၉
  • လေဖြတ်ခြင်း!
    နိုးလော့!—၁၉၉၉
  • ကျွန်ုပ်တို့၏စာရှုသူများထံမှ
    နိုးလော့!—၁၉၉၉
  • နာလန် ထူနည်း
    နိုးလော့!—၁၉၉၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၉
န၉၉ ၂/၈ စာ. ၈-၁၂

ယင်း၏ ထိခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်း

ခြေလက်များမလှုပ်မရှားနိုင်ဖြစ်သွားသော ဂေးလ်ဘာ့သည် ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေရင်း မိမိ၏ဆရာဝန်အား ဤသို့မေးလိုက်သည်– “ကျွန်တော်ရဲ့ခြေလက်တွေ ပြန်ပြီးအသုံးပြုနိုင်ပါဦးမလား။” စိတ်လှုံ့ဆော်မှုဖြစ်စေသော တုံ့ပြန်မှုကို ဂေးလ်ဘာ့ ဤသို့ကြားလိုက်ရသည်– “ပိုပြီး ပြင်းပြင်းထန်ထန်ကြိုးစားလေလေ ပြန်ပြီးအသုံးပြုနိုင်လေလေပဲ၊ မကြာခင်မှာ ပြန်ကောင်းလာမှာပါ။” “အဆင်သင့်ပဲ!” ဟုသူပြန်ဖြေလိုက်သည်။ အကောင်းမြင်သဘောထားနှင့် ရူပကုထုံးတို့ပေါင်းစပ်မှုဖြင့် အသက် ၆၅ နှစ်အရွယ်ရှိသော သူသည် ဘီးတပ်ကုလားထိုင်မှ ချိုင်းထောက်သုံးနိုင်သည့်အဆင့်သို့၊ ထိုမှတစ်ဖန် တောင်ဝှေးနှင့်သွားနိုင်ပြီး နောက်ဆုံး အလုပ်ပြန်လုပ်နိုင်သည်အထိ တိုးတက်လာလေသည်။

“ဦးနှောက်၏အစိတ်အပိုင်းတစ်ခု ထိခိုက်ပျက်စီးသွားလျှင် ပျက်စီးသွားသောတစ်ရှူး၏တာဝန်ကို အခြားအပိုင်းများက လုပ်ပေးနိုင်သည်ဟူသည့် အယူအဆကို ယနေ့အချိန်ရှိ လေဖြတ်ပြီးလူနာများအတွက် ပြန်လည်ထူထောင်ရေးဌာနအများစုက ထောက်ခံကြသည်။ ကုထုံး၏ရည်ရွယ်ချက်တစ်ခုမှာ ပတ်သက်ထိခိုက်မှုမရှိသောဤအပိုင်းများ၏အစွမ်းသတ္တိကို ပေါ်ထွက်လာစေရန်နှင့် ဦးနှောက်အား ပြန်လည်စုစည်းခွင့်ရပြီး အထိုင်ပြန်ကျခွင့်ရသွားစေသည့် လှုံ့ဆော်မှုပေးရန်ဖြစ်သည်” ဟု သုတေသီ ဝင်းနား လီနှင့် ဘဲလ်တို့က ဆိုသည်။ သို့သော် နာလန်ထူရေးကို လေဖြတ်သွားသည့်နေရာ၊ ပြင်းထန်မှု၊ တစ်ဦးစီ၏ ယေဘုယျကျန်းမာရေး၊ ဆေးဝါးကုသမှုအရည်အသွေးနှင့် အခြားသူများ၏အထောက်အပံ့ကဲ့သို့သော အခြားအချက်အလက်များက အဆုံးအဖြတ်ပေးသည်။

မိသားစုနှင့်မိတ်ဆွေများ၏ထောက်မမှု

အဲလ်ရစ်ကာသည် ကျန်းမာရေးပုံမှန်ပြန်ဖြစ်စေသည့် လေ့ကျင့်ခန်းများကို သုံးနှစ်တိုင်တိုင်လုပ်ခဲ့ကာ လမ်းစမ်းလျှောက်ပြီး မသန်မစွမ်းဖြစ်နေသော ဘက်လက်နေရာတွင် ညာလက်ကို အစားထိုးအသုံးပြုတတ်အောင်သင်သည်။ သူကိုင်တွယ်ကျော်လွှားနိုင်ခဲ့သည့်အကြောင်းနှင့်ပတ်သက်ပြီး ဤသို့ဆိုသည်– “အရေးအကြီးဆုံးအရာကတော့ ကျွန်မခင်ပွန်းနဲ့ မိတ်ဆွေတွေဟာ ကျွန်မအပေါ်မှာ သစ္စာရှိခဲ့ကြခြင်းပါပဲ။ ကျွန်မကို သူတို့ချစ်တယ်ဆိုတဲ့အသိက အားရှိစေပြီး လက်မလျှော့နဲ့လို့ သူတို့က ကျွန်မကိုအားပေးကြတဲ့အခါ အားတက်လာပါတယ်။”

မိသားစုဝင်များသည် ၎င်းတို့ချစ်မြတ်နိုးသူများ ပြန်နာလန်ထူရေးလုပ်ငန်းစဉ်တွင် လုပ်ဆောင်ဖက်များဖြစ်လာကြသည်။ သူတို့သည် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို မေးမြန်းဖို့လိုသည့်အပြင် တိုးတက်နေပြီးသားအခြေအနေကို မပျောက်သွားစေဖို့ အိမ်တွင် ဆက်သုံးနေရန်လိုသည့် ကုထုံးများကို ဂရုစိုက်ကြည့်ရှုပေးရန်လည်းလိုသည်။ မိသားစုဝင်များနှင့် မိတ်ဆွေတို့ပြသသည့် စိတ်ရှည်မှု၊ ကြင်နာမှု၊ နားလည်ပေးမှုနှင့် တွယ်တာမှုတို့က အပြောအဖတ်နှင့် နေ့စဉ်အသက်တာ၏ အခြားလုပ်ဆောင်နိုင်စွမ်းများကို ပြန်သင်ယူနိုင်သည့် စိတ်လှုပ်ရှားမှုဆိုင်ရာ လုံခြုံစိတ်ချရသော ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသည်။

တွန်းအားပေးခြင်းနှင့် ချော့မော့ပေးခြင်းတို့ကို မျှမျှတတသုံးကာ ဂျွန်သည် ဇနီးသည်အား လေ့ကျင့်ခန်းနှင့် ကုထုံးတို့ဖြင့် ကြိုးစားပမ်းစားကူညီပေးခဲ့သည်။ သူ့မိသားစု၏အားထုတ်မှုများကို ဤသို့ဖော်ပြသည်– “ကျွန်တော်တို့က အယ်လင်ကို ကိုယ့်ကိုယ်ကိုသနားနေတဲ့အဖြစ်ထဲမှာ နစ်မနေစေချင်ဘူး။ တစ်ခါတလေမှာ ကျွန်တော်တို့ဟာ ပြင်းထန်တဲ့ခိုင်းစေသူတွေဖြစ်တယ်၊ ဒါပေမဲ့ သူရဲ့အကန့်အသတ်ဖြစ်မှုတွေကို အမြဲတမ်းစောင့်ကြပ်ပြီး အကူအညီပေးတယ်။ သူက ပိုပြီးစိတ်ထိခိုက်လွယ်တော့ စိတ်ဖိစီးမှုမဖြစ်အောင် ကြိုးစားလုပ်ပေးတယ်။”

ကုထုံးဆရာဝန်၏အကူအညီဖြင့် အယ်လင်သည် ပြန်၍စကားပြောသင်ရာ ဂျွန်က သူ့ကို အကူအညီပေးသည်။ “အတူတကွလုပ်ဆောင်ခြင်းဟာ အားပေးနည်းတစ်နည်းပါပဲ၊ ဒါကြောင့် အချင်းချင်း ကျမ်းစာကို အသံကျယ်ကျယ်နဲ့ဖတ်ပေးကြတယ်၊ အဲ့ဒါကနေ သူ့ရဲ့စာဖတ်နိုင်စွမ်းကို တိုးတက်စေခဲ့တယ်။ ကျွန်တော်တို့ဟာ ယေဟောဝါသက်သေတွေဖြစ်ကြတော့ တဖြည်းဖြည်းနဲ့ ဓမ္မအမှုမှာ ပါဝင်ခဲ့ကြတယ်။ ဒီလိုနည်းနဲ့ အယ်လင်ဟာ ကျွန်တော်တို့ရဲ့အနာဂတ်မျှော်လင့်ချက်အကြောင်း အခြားသူတွေကို ဝေမျှလာနိုင်တယ်။ အဲ့ဒါဟာ အယ်လင်အတွက် ကုထုံးကိုယ်နှိုက်တစ်ခုဖြစ်နေတယ်။” သုံးနှစ်တာကာလကုန်ဆုံးပြီးနောက် အယ်လင်သည် အကြီးအကျယ်တိုးတက်ကောင်းမွန်လာသည်။

မိတ်ဆွေများသည် လေဖြတ်၍အသက်မသေဘဲကျန်သူ ပြန်နာလန်ထူလာဖို့ အကြီးအကျယ်စွမ်းဆောင်ပေးနိုင်သည့်အတွက် သူတို့ပေးသည့် အားပေးမှုနှင့် စွမ်းအားကို ဘယ်တော့မျှ လျှော့မတွက်လိုက်လေနှင့်။ “လူမှုရေးအကူအညီအကြီးအကျယ်ရသူသည် မြန်မြန်ဆန်ဆန်နာလန်ထူသည့်နှုန်းပို၍မြင့်ပြီး လှုပ်ရှားမှုနှင့်ပတ်သက်၍ အဘက်ဘက်တွင် အကြီးအကျယ်တိုးတက်မှုရှိဖို့ မျှော်လင့်နိုင်ကြောင်းတွေ့ရှိရသည်၊ သာ၍ပြင်းပြင်းထန်ထန်လေဖြတ်သည့်ဝေဒနာသည်များတွင်ပင် ဤသို့တွေ့ရကြောင်း” လေဖြတ်ခြင်းအမည်ရှိ ဆေးဘက်ဆိုင်ရာ ဂျာနယ်ကဖော်ပြသည်။

ဘာနီးသည် သူ့အား မိတ်ဆွေများက ဖေးမကူညီပေးခြင်းကို အထူးပင်ကျေးဇူးတင်သည်။ သူက ကျွန်ုပ်တို့အား ဤသို့အသိပေးသည်– “မိတ်ဆွေများရဲ့လည်ပတ်မှုဟာ ဝေဒနာကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် အရေးပါလှပါတယ်။ စာနာသောလေသံနဲ့ ဂရုစိုက်တတ်တဲ့ သဘောထားတွေဟာ စိတ်ဓာတ်ကို မြှင့်တင်ပေးပါတယ်။ လူတစ်ဦးအနေနဲ့ လူတစ်ယောက်ရဲ့ဒုက္ခိတအပေါ်ပဓာနပြုမနေသင့်ပေမဲ့ တိုးတက်မှုတစ်ခုခုရှိလာတယ်လို့ တစ်ယောက်ယောက်က အသိအမှတ်ပြုပေးခြင်းဟာ တကယ့်ကို အားတက်စရာဖြစ်ပါတယ်။” လေဖြတ်မှုအကျိုးဆက်များနှင့် ရုန်းကန်ကျော်လွှားနေရသူများကို ကျွန်ုပ်တို့အားလုံး မည်သို့ ထောက်မပေးနိုင်ကြသနည်း။ “ပန်းတချို့ ယူသွားပေးပါ ဒါမှမဟုတ် ကျမ်းစာအယူအဆ သို့မဟုတ် တွေ့ကြုံမှုတစ်ခုကို ဝေမျှပါ” ဟု ဘာနီးက အကြံပြုသည်။ “အဲ့ဒါဟာ ကျွန်တော်အတွက် အကြီးအကျယ်အထောက်အမဖြစ်ခဲ့တယ်။”

ဝိညာဉ်ရေးညီအစ်ကိုတစ်ယောက်ယောက် သူနှင့်အတူဆုတောင်းပေးခြင်းသည် အထောက်အကူဖြစ်ကြောင်း လေဖြတ်၍မသေဘဲကျန်သော ဖွားဖွား မယ်လ်ဗာ တွေ့ရှိခဲ့သည်။ ယင်းကို ဂေးလ်ဘာ့ကလည်း ထောက်ခံကာ ဤသို့ရှင်းပြသည်– “တစ်စုံတစ်ယောက်နဲ့အတူ ဆုတောင်းခြင်းဟာ တကယ့်ကိုကောင်းစွာဂရုစိုက်ကြောင်း ပြခြင်းပါပဲ။” လေဖြတ်ကာ အမြင်အာရုံချို့တဲ့သွားသော ပီတာသည် အခြားသူများက သူ၏အကန့်အသတ်ဖြစ်မှုများကို နားလည်ပေးကာ အချိန်ယူပြီး စာဖတ်ပေးသည့်အခါ အထူးကျေးဇူးတင်သည်။

ပြန်လည်ထူထောင်ရေးဌာနများသို့ အသွားအပြန်ခရီးတွင် အကူအညီပေးခြင်းသည်လည်း မေတ္တာပြသည့်လုပ်ရပ်တစ်ခုဖြစ်သည်။ လေဖြတ်ခံထားရသူ၏အိမ်သည် အန္တရာယ်ကင်းရှင်းကြောင်း သေချာအောင်လုပ်ပေးဖို့လည်း လိုအပ်သည်။ ဟန်ချက်ထိန်းဖို့ အခက်တွေ့သူများအတွက် လဲသွားနိုင်သည့်အန္တရာယ်အမြဲရှိသည်။ ဥပမာ ဂေးလ်ဘာ့အနေဖြင့် မိတ်ဆွေဖြစ်သူများက ကြင်နာစွာ ကူညီပေးသည့်အရာများထဲတွင် သူရေချိုးသည့်အခါ အန္တရာယ်ကင်းစေဖို့ လက်ကိုင်တန်းတပ်ပေးသည့်အတွက် အထူးကျေးဇူးတင်မိသည်။

အထောက်အမပေးဖို့ သင်ယူခြင်း

စိတ်နေစိတ်ထားအပြောင်းအလဲနှင့် အလွန်ငိုချင်စိတ်ရှိခြင်းတို့သည် လေဖြတ်ခံထားရသူအတွက် စိတ်ကသိကအောက်ဖြစ်စေနိုင်သည်သာမက ဘာလုပ်၍ဘာကိုင်ရမှန်းမသိဖြစ်နေသော ဘေးမှကြည့်သူများအတွက်လည်း အနေရအထိုင်ရခက်စေသည်။ သို့သော် မိတ်ဆွေဖြစ်သူများအနေဖြင့် ထောက်မကူညီပေးတတ်ရန် သင်ယူခြင်းသည် လေဖြတ်ခံထားသူ တစ်သီးပုဂ္ဂလနေကာ အခြားဆိုးကျိုးများရသွားခြင်းမှ ကာကွယ်ပေးနိုင်သည်။ များသောအားဖြင့် ငိုသည့်အကြိမ်ရေ နည်းလာမည်။ သို့သော် မျက်ရည်များကျလာသည့်အခါ တည်တည်ငြိမ်ငြိမ်နှင့် ထိုသူဘေးတွင် နေပေးပြီး မိမိသာသူ့အခြေအနေမျိုးရောက်နေလျှင် ကြားချင်သည့်စကားမျိုးကို ပြောပေးပါ။

အဓိကမှာ တစ်ချိန်ကသင်သိထားသည့် ဥပဓိရုပ်ပြောင်းသွားသော ကျန်းမာရေးထိခိုက်သူများအပေါ် ဘုရားရေးရာမေတ္တာပွားပါ။ သင်မည်သို့ခံစားနေရသည်ကို သူတို့သဘောပေါက်ကာ ယင်းက သင့်အပေါ်သူတို့၏တုံ့ပြန်မှုအား အကျိုးသက်ရောက်မှုရှိစေပါလိမ့်မည်။ အဲလ်ရီကာ ဤသို့ဆိုသည်– “ကျွန်မဟာ မူလပုဂ္ဂိုလ်ဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ဘူး။ လေဖြတ်ခံထားရသူတစ်ယောက် အဲ့လိုပြန်ဖြစ်ဖို့လည်း ဘယ်သူကမှ မမျှော်လင့်သင့်ပါဘူး။ ဆွေမျိုးများနဲ့ မိတ်ဆွေများဟာ အဲ့ဒီပုဂ္ဂိုလ်ကို အရှိအတိုင်း ချစ်တတ်အောင် သင်ယူသင့်ပါတယ်။ သူ့ရဲ့ဥပဓိရုပ်ကို အသေအချာမွှေနှောက်ရှာကြည့်မယ်ဆိုရင် ဆွဲဆောင်မှုအရှိဆုံးအရည်အသွေးတွေရှိနေဆဲပဲဆိုတာ တွေ့ရပါလိမ့်မယ်။”

စကားမပြောနိုင်သောအခါ သို့မဟုတ် အခြားသူများက မိမိပြောသည့်စကားကို နားမလည်နိုင်သည့်အခါ ကိုယ့်ကိုယ်ကို လေးစားမှုသည် အကြီးအကျယ်ကျဆင်းသွားသည်။ မိတ်ဆွေဖြစ်သူများသည် စကားပြောနိုင်စွမ်းထိခိုက်သွားသူများနှင့်ကြိုးစားစကားပြောပေးခြင်းဖြင့် သူတို့သည်လည်း တန်ဖိုးရှိသူများဖြစ်ကြောင်းကို ယုံကြည်စိတ်ချစေနိုင်ပါသည်။ တာကာရှီက ဤသို့ဆိုသည်– “နှလုံးထဲက အတွေးနဲ့ခံစားချက်ကတော့ ပြောင်းမသွားပါဘူး။ ဒါပေမဲ့ လူတွေက ကျွန်မကို ရှောင်ရှောင်သွားကြတယ်။ ကျွန်မနဲ့ပုံမှန်အတိုင်း စကားမပြောနိုင်လို့လေ။ လူတွေဆီ ချဉ်းကပ်ဖို့ဆိုတာ သိပ်ခက်ပါတယ်၊ ဒါပေမဲ့ တစ်ယောက်ယောက်က ကျွန်မဆီလာပြီး စကားပြောတဲ့အခါ အကြီးအကျယ်အားရှိပြီး အရမ်းအရမ်းပျော်သွားတာပဲရှင်!”

စကားပြောနိုင်စွမ်းထိခိုက်သွားသူများကို ကျွန်ုပ်တို့အားလုံး ထောက်မအားပေးနိုင်သည့် လမ်းညွှန်ချက်အချို့ကို အောက်တွင်ဖော်ပြလိုက်သည်။

လေဖြတ်ခြင်းသည် များသောအားဖြင့် အသိဉာဏ်ကို မထိခိုက်ပါ။ လေဖြတ်ပြီးအသက်မသေဘဲကျန်ခဲ့သူအများစုသည် သူတို့ပြောသည့်စကားကို နားလည်ဖို့ခက်နေလျှင်ပင် စိတ်ပိုင်းတွင်မူ ဖျတ်လတ်နေလျက်ရှိနေတတ်သည်။ သူတို့အား အထက်စီးလေသံဖြင့် ဘယ်တော့မျှမပြောပါနှင့်၊ ကလေးလေးကဲ့သို့ မြည်တွန်တောက်တီးခြင်းမပြုပါနှင့်။ သူတို့ကို သိက္ခာရှိရှိဆက်ဆံပါ။

စိတ်ရှည်စွာ နားထောင်ပေးပါ။ သူတို့သည် အတွေးတစ်ရပ်ကို ပြန်လည်စုစည်းဖို့ သို့မဟုတ် စကားလုံးတစ်လုံး၊ စကားစုတစ်စု သို့မဟုတ် ဝါကျတစ်ကြောင်းကို အဆုံးသတ်ဖို့ အချိန်လိုအပ်ပေမည်။ အကောင်းဆုံးဂရုစိုက်နားထောင်ပေးသူသည် ဝတ်ကျေတန်းကျေနားထောင်သူမဟုတ်ကြောင်း သတိရပါ။

နားမလည်လျှင် နားလည်ဟန်မဆောင်ပါနှင့်။ “တောင်းပန်ပါတယ်၊ နားမလည်သေးလို့ပါ။ နောက်ပိုင်း ထပ်ပြီးကြိုးစားကြည့်ကြရအောင်” ဟု ကြင်နာမှုရှိရှိဝန်ခံပါ။

ဖြည်းဖြည်းနှင့် သာမန်လေသံဖြင့် ရှင်းရှင်းလင်းလင်းပြောပါ။

ဝါကျတိုတိုနှင့် ရင်းနှီးသောစကားလုံးများကိုသုံးပါ။

ဟုတ်တယ်၊ မဟုတ်ဘူးအဖြေရရန် မေးခွန်းများမေးပါ၊ တုံ့ပြန်ဖို့ တိုက်တွန်းပါ။ သင်ပြောသည့်စကားလုံးများကို သူတို့ကောင်းစွာနားမလည်နိုင်စရာအကြောင်းရှိကြောင်းကို စိတ်ထဲစွဲထားပါ။

နောက်ခံဆူညံသံကို တိုးပေးပါ။

ယေဟောဝါ၏မေတ္တာပါသောအထောက်အမဖြင့် ကျော်လွှားခြင်း

လေဖြတ်ရသည့်အကြောင်းရင်းကို သိထားရန်အရေးကြီးပြီး ယင်းသို့သိထားခြင်းက နောက်ထပ်လေဖြတ်မည့်အန္တရာယ်အတွက် အရေးယူလုပ်ဆောင်နိုင်ကာ ဖြစ်မည့်အလားအလာနည်းစေနိုင်သည်မှန်သော်လည်း ဒွန်တွဲပါလာသည့်ကြောက်စိတ်ကို ထိန်းချုပ်နိုင်ခြင်းသည်လည်း အရေးကြီးသည်။ အယ်လင်က ဤသို့ပြန်ပြောပြသည်– “ဟေရှာယ ၄၁:၁၀ မှာပါတဲ့ ဘုရားသခင့်စကားတော်ဟာ ကျွန်မကို အထူးနှစ်သိမ့်မှုပေးပါတယ်။ အဲ့ဒီမှာ ကိုယ်တော်က ‘ငါ သင့်ဘက်မှာရှိတယ်။ မကြောက်နဲ့။ သင့်ဘုရားသခင်ငါဟာ သင့်ကိုခိုင်ခံ့စေမယ်။ သင့်ကိုစောင့်မမယ်။ ငါ့လက်ယာလက်နဲ့ထောက်ပင့်မယ်’ လို့ဆိုထားပါတယ်။ ယေဟောဝါဟာ ကျွန်မအတွက် တကယ့်ကိုရှိပါတယ်၊ ကြောက်စိတ်ကို ဖျောက်ဖျက်ပေးပါတယ်။”

ကျမ်းစာသည် အန်နန်ခံစားရသည့် စိတ်ဓာတ်ကျမှုကို ကျော်လွှားနိုင်ရန်လည်း ထောက်ကူပေးပါသည်။ “ကျမ်းစာဟာ ကျွန်တော့်ကို အကြီးအကျယ်ထောက်မပေးပါတယ်။ အစဉ်တစိုက်ပါပဲ ကျွန်တော့်ကို ပြန်လည်လန်းဆန်း၊ အားသစ်လန်းစေပါတယ်။” ဟီရိုယူကီ၏ပြဿနာမှာမူ အာရုံမစိုက်နိုင်ခြင်းဖြစ်သောကြောင့် ကျမ်းစာမှ သူမည်သို့အကျိုးရခဲ့သနည်း။ သူဤသို့ဆိုသည်– “ကက်ဆက်နဲ့ကျမ်းစာဖတ်တာနားထောင်ခြင်းကနေ နှစ်သိမ့်မှုရခဲ့ပါတယ်။”

တမန်တော်ပေါလု ဤသို့ဖော်ပြသည်– “ငါသည် အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။” (၂ ကောရိန္သု ၁၂:၁၀) မိမိဘာသာမတတ်နိုင်သည့်အမှုကို ပြီးမြောက်စေရန် ပေါလုအား အကူအညီပေးခဲ့သည့်အရာမှာ ယေဟောဝါ၏ဝိညာဉ်တော်ဖြစ်သည်။ လေဖြတ်၍အသက်မသေဘဲ ကျန်သူတို့သည် ဝိညာဉ်ရေးခွန်အားအတွက် ယေဟောဝါကို အားထားမှီခိုနိုင်သည်။ အဲလ်ရီကာ ဤသို့ရှင်းပြသည်– “ကျွန်မတို့ဟာ ကျန်းကျန်းမာမာရှိပြီး ကိုယ့်အားကိုယ့်အင်နဲ့ အရာရာကို လုပ်ဆောင်နိုင်တဲ့အချိန်မှာ ယေဟောဝါရဲ့အကူအညီကို သိပ်မယူကြပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ကိုယ်အင်္ဂါချို့တဲ့မှုက သိပ်ကိုထူးခြားတဲ့နည်းနဲ့ ကိုယ်တော်နဲ့ဆက်ဆံရေးခိုင်မာလာစေပါတယ်။”

ပြုစုပေးသူများ ထောက်မမှုရ

ပြုစုပေးသူများလည်း သူတို့၏ခက်ခဲသောတာဝန်တွင် ထောက်မမှုလိုသည်။ အထောက်အမကို မည်သည့်နေရာမှ မျှော်ကိုးနိုင်ပါသနည်း။ တစ်နေရာမှာ မိသားစုအတွင်းမှပင်ဖြစ်သည်။ မိသားစုဝင်တိုင်းသည် ပြုစုစောင့်ရှောက်ရေးတာဝန်ကို မျှဝေထမ်းရန်လိုသည်။ ယူရှီကိုက သူ၏စိတ်လှုပ်ရှားမှုပိုင်းတွင် သားဖြစ်သူများ၏အထောက်အမပေးပုံကို ဤသို့ပြောပြသည်– “ကျွန်မရဲ့အခက်အခဲကို သူတို့ရဲ့အခက်အခဲလိုသဘောထားပြီး နားထောင်ပေးကြတယ်။” မိသားစုဝင်များသည် လေဖြတ်ခံထားသူတစ်ဦးကို ပြုစုစောင့်ရှောက်တတ်ရန်နှင့် မိမိတို့ချစ်မြတ်နိုးရသူ၏ ဥပဓိရုပ်အပြောင်းအလဲများအား ကိုင်တွယ်ဖြေရှင်းတတ်ရန် သတင်းအချက်အလက်အားလုံးကို ရယူထားဖို့လိုသည်။

အခြားမည်သူများလည်း ပြုစုပေးသူများကို ထောက်မပေးနိုင်သနည်း။ ဒေးဗစ်နှင့် သူ့မိသားစုသည် ဗစ်တာကို ကူညီပေးဖို့ ယေဟောဝါသက်သေအသင်းတော်တွင်းရှိ ဝိညာဉ်ရေးမိသားစုများထံ အကူအညီတောင်းခဲ့သည်။ “ကျွန်တော်တို့ရဲ့လိုအပ်ရာကို သူတို့ဖြည့်စွက်ပေးကြတယ်။ တစ်ခါတစ်ရံ အလှည့်ကျလာအိပ်ပေးပြီး ကျွန်တော်တို့ကိုယ်စား ဗစ်တာကို ညလုံးပေါက်ပြုစုပေးကြတယ်။”

ပြုစုပေးသူတိုင်းသည် မိမိ၏ဝိညာဉ်ရေးမိသားစုထံမှ နွေးထွေးသောမေတ္တာနှင့် အထောက်အမလိုအပ်သည်။ သို့သော် အချို့သူများအဖို့ အကူအညီတောင်းဖို့အခက်တွေ့တတ်သည်။ ဟာရူကို ဤသို့ရှင်းပြသည်– “‘အကူအညီလိုရင် အားမနာနဲ့ ချက်ချင်းပြောနော်’ လို့ ကျွန်တော့်ကို ပြောကြတယ်။ သူ့အလုပ်နဲ့သူမအားလပ်ကြဘူးဆိုတာသိထားတော့ အကူအညီတောင်းဖို့ ပြောမထွက်ဘူး။ ‘သန့်ရှင်းရေးမှာ ညီအစ်ကို့ကို ကူညီပေးမယ်။ ဘယ်နေ့ဟာအကောင်းဆုံးဖြစ်မလဲ။’ ‘ညီအစ်ကို့အတွက် ဈေးဝယ်ပေးနိုင်ပါတယ်၊ အခုအိမ်ကိုလိုက်လာရင် အဆင်ပြေမလား’ စသည်ဖြင့်သတ်သတ်မှတ်မှတ်နည်းများနဲ့ အကူအညီပေးဖို့ ကမ်းလှမ်းရင် သိပ်ကိုကျေးဇူးတင်မှာပဲ။”

ကန်ဂျီ၏ဇနီးသည် လေဖြတ်ထားသည်; သို့သော် သူသည် ဇနီးသည်လိုအပ်သော ပြုစုစောင့်ရှောက်မှု လုပ်ပေးနိုင်သည်။ ဆုတောင်းခြင်းဖြင့် မိမိဝန်များကို ယေဟောဝါထံတော်တွင် ချထားနိုင်ကြောင်း သူတွေ့ရှိခဲ့သည်။ တဖြည်းဖြည်းနှင့် ဇနီးဖြစ်သူမှာ စကားမပြောနိုင်တော့ဘဲဖြစ်ရာ ကန်ဂျီအဖို့ စကားပြောဖော်ဆုံးရှုံးသွားလေသည်။ သို့သော် ကျမ်းစာကို သူနေ့စဉ်ဖတ်သည်။ သူဤသို့ဆိုသည်– “စိတ်ကြေမွနေသူတွေကို ယေဟောဝါဟာ ကြင်နာစွာစောင့်ရှောက်တယ်ဆိုတာ ပြန်အမှတ်ရလာပြီး အဲ့ဒါကနေ စိတ်ဓာတ်ကျမှု၊ အထီးကျန်ဆန်မှုမဖြစ်အောင် တားဆီးကာကွယ်ပေးခဲ့ပါတယ်။”

ယေဟောဝါ၏ဝိညာဉ်တော်ကို အားထားမှီခိုခြင်းသည် စိတ်လှုပ်ရှားမှုက ကျွန်ုပ်တို့တစ်ကိုယ်လုံးကိုဝါးမျိုတော့မည်ဟုထင်ရသည့်အချိန်တွင် အထောက်အကူပေးနိုင်သည်။ လေဖြတ်ပြီး ခင်ပွန်း၏ဥပဓိရုပ်အပြောင်းအလဲနှင့် အကြီးအကျယ်စိတ်တိုမှုကို ရင်ဆိုင်ဖြေရှင်းနေရသည့် ယိုရှီကိုက ဤသို့ ပြန်ပြောပြသည်– “တစ်ခါတလေမှာ အသံကုန်ဟစ်အော်ပစ်ချင်စိတ်ပေါက်လာတယ်။ အဲ့လိုအချိန်မျိုးတွေမှာ အမြဲပဲ ယေဟောဝါဆီဆုတောင်းလိုက်တယ်။ ကိုယ်တော့်ရဲ့ဝိညာဉ်တော်ဟာ ကျွန်မကို စိတ်ငြိမ်သွားစေပါတယ်။” မိမိအပေါ် ယေဟောဝါ၏ သစ္စာစောင့်သိခြင်းကို တန်ဖိုးထားသောအားဖြင့် သူသည် မည်သည့်အရာကမျှ မိမိ၏ခရစ်ယာန်အသက်လမ်းစဉ်ကို ထိခိုက်ရန်ခွင့်မပြုပါ။ ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ကာ ဓမ္မအမှုတွင် မှန်မှန်ပါဝင်ပြီး ကိုယ်ပိုင်ကျမ်းစာလေ့လာမှုကို မှန်မှန်လုပ်သည်။ ယိုရှီကိုက “ကျွန်မရဲ့အပိုင်းက ကျွန်မလုပ်ဆောင်ခြင်းကြောင့် ယေဟောဝါဟာ ကျွန်မကို ဘယ်တော့မျှမစွန့်ဘူးဆိုတာ သိရပါတယ်” ဟုပြောသည်။

စိုးရိမ်ပူပင်စိတ်ဝင်လာချိန်တွင် ယေဟောဝါသည် နားထောင်ပေးရန် အမြဲရှိနေတော်မူသည်။ လေဖြတ်၍မသေဘဲကျန်ခဲ့သော ခင်ပွန်းသည်ရှိသူ မီဒိုရီသည် ပုံဆောင်သဘောအရ ယေဟောဝါသည် သူသွန်းခဲ့သည့် မျက်ရည်အားလုံးကို ကိုယ်တော်၏ “ဘူးတော်” ထဲတွင် ထည့်ထားတော်မူသည့်အချက်ဖြင့် စိတ်သက်သာမှုရခဲ့သည်။ (ဆာလံ ၅၆:၈) ယေရှု၏ ဤစကားကို သူပြန်သတိရသည်– “နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။” သူဤသို့ဆိုသည်– “ကမ္ဘာသစ်ရောက်လာတဲ့အထိ စိတ်ရှည်မယ်လို့ ဆုံးဖြတ်လိုက်တယ်။”—မဿဲ ၆:၃၁-၃၄။

အကြီးအကျယ်အကန့်အသတ်ဖြစ်မှုများကို ရင်ဆိုင်ခြင်း

ပြန်လည်ထူထောင်ရေးဌာနများတွင် သိသိသာသာပြန်ကောင်းလာသည်ကို အချို့သူများတွေ့ကြုံခံစားရသော်လည်း အခြားသူများမူ လေမဖြတ်မီကရှိခဲ့သည့် အစွမ်းသတ္တိများကို အနည်းအကျဉ်းသာပြန်ရနိုင်ကြောင်း တွေ့ရသည်မှာ အမှန်ပင်။ အဆိုပါဒုတိယအုပ်စုဝင်တို့သည် ပြင်းထန်ပြီး အချိန်ကြာညောင်းနိုင်သည့် သူတို့၏အကန့်အသတ်ဖြစ်မှုများအား လက်ခံရမည့်စိန်ခေါ်ချက်ကို ရင်ဆိုင်ရန် အဘယ်အကူအညီပေးနိုင်သနည်း။

လေဖြတ်ပြီး သိပ်မလှုပ်ရှားနိုင်တော့သည့် ဘာနီးက ဤသို့အဖြေပေးသည်– “လာလတ္တံ့သော မြေကြီးပရဒိသုမှာ ထာဝရအသက်ရမယ့်မျှော်လင့်ချက်ရဲ့ ရွှင်လန်းမှုနဲ့ ကောင်းကင်ခမည်းတော် ယေဟောဝါထံဆုတောင်းခြင်းတို့ဟာ ကျွန်တော်ခံစားနေရတဲ့ အကန့်အသတ်ဖြစ်မှုကို တည်တည်ငြိမ်ငြိမ်နဲ့လက်ခံနိုင်ဖို့ ထောက်ကူခဲ့ပါတယ်။”

အဲလ်ရီကာနှင့် သူမ၏ခင်ပွန်း ဂျော့တို့သည်လည်း ဤမျှော်လင့်ချက်ကြောင့်ပင် သူ၏အကန့်အသတ်ဖြစ်မှုကို လက်ခံနိုင်ခဲ့ပြီး ဆက်၍ပင်ပျော်ရွှင်စွာနေနိုင်ခဲ့သည်။ ဂျော့ ဤသို့ရှင်းပြသည်– “ကျွန်တော်တို့ဟာ တစ်နေ့သောအခါမှာ လုံးဝကျန်းမာကြမယ်လို့ ဘုရားသခင်ကတိပေးထားပါတယ်။ ဒါကြောင့် မစွမ်းမသန်ဖြစ်တာကို အာရုံမထားကြဘူး။ အဲလ်ရီကာကျန်းမာရေးအတွက် ကျွန်တော်တို့အတတ်နိုင်ဆုံး လုပ်ဆောင်ပေးနေလျက်ပါ။ ဒါပေမဲ့ ကြွက်သားတွေ လုပ်ဆောင်မှုမညီမညာဖြစ်တဲ့ဘဝနဲ့နေတတ်အောင် သင်ယူနိုင်ပြီး သာ၍အပြုသဘောပါတဲ့ ကိစ္စရပ်တွေကို အာရုံစိုက်နိုင်ပါတယ်။”—ဟေရှာယ ၃၃:၂၄; ၃၅:၅၊ ၆; ဗျာဒိတ် ၂၁:၄။

ပြန်နာလန်ထူဖို့လမ်းသိပ်မရှိသော ဝေဒနာသည်များတွင် မိသားစုနှင့် မိတ်ဆွေများ၏ထောက်မမှုသည် ပို၍ပင်အရေးကြီးသည်။ သူတို့အနေဖြင့် ကျန်းမာရေးချို့တဲ့မှုမှန်သမျှကို ဘုရားသခင်ကုစားပေးမည့်အချိန်တိုင်အောင် ဆက်၍ကိုင်တွယ်ကျော်လွှားသွားဖို့ ရောဂါခံစားရသူအား ထောက်မပေးနိုင်ကြသည်။

လေဖြတ်ခံရသူများနှင့် သူတို့၏မိသားစုများအတွက် ကျန်းကျန်းမာမာပြန်ဖြစ်စေမည့် ထူးမြတ်သောအနာဂတ်ရှိကြောင်းသိရခြင်းက တစ်ကြိမ်တွင် တစ်ရက်တာပြဿနာကိုသာ ကိုင်တွယ်သွားစေသည်။ သူတို့သည် မကြာမီရောက်ရှိတော့မည့် ဘုရားသခင့်ကမ္ဘာသစ်တွင် ဝေဒနာမှန်သမျှမှကင်းလွတ်သွားဖို့အတွက် စိတ်ရှည်စွာစောင့်မျှော်နေနိုင်ကြသည်။ (ယေရမိ ၂၉:၁၁; ၂ ပေတရု ၃:၁၃) ဤအတောအတွင်း ယေဟောဝါကို အားထားသူအားလုံးသည် လေဖြတ်မှုကြောင့် ခံစားရသည့်မသန်မစွမ်းဖြစ်ရခြင်း၏အကျိုးဆက်များကို ကိုင်တွယ်ကျော်လွှားရာတွင် ယခုပင် ကိုယ်တော်ကူမထောက်ပင့်ပေးမည်ဟု စိတ်ချယုံကြည်နိုင်ပါသည်။—ဆာလံ ၃၃:၂၂; ၅၅:၂၂။

[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]

မိသားစုနှင့် မိတ်ဆွေတို့သည် ကျန်းမာရေးချို့တဲ့မှုမှန်သမျှကို ဘုရားသခင်ကုစားပေးမည့်အချိန်တိုင်အောင် ဆက်၍ကိုင်တွယ်ကျော်လွှားသွားဖို့ ရောဂါခံစားရသူအား ထောက်မပေးနိုင်ကြသည်

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်]

လေမဖြတ်ရန် ကာကွယ်ခြင်း

“လေဖြတ်ခြင်းကို ကိုင်တွယ်ဖြေရှင်းရန် အကောင်းဆုံးနည်းမှာ မဖြစ်မီ ကာကွယ်ခြင်းဖြစ်သည်” ဟု ဒေါက်တာ ဒေးဗစ် လီဗင်းက ဆိုသည်။ လေဖြတ်မှုအများစုနှင့် ဆက်စပ်နေသည့် အဓိကအကြောင်းရင်းတစ်ခုမှာ သွေးတိုးခြင်းဖြစ်သည်။

လူများစွာအတွက် သွေးတိုးခြင်းကို ပိုတက်စီယံဓာတ်များများပါသော အစာ၊ အငန်ဓာတ်၊ ပြည့်ဝအဆီဓာတ်နှင့် ကိုလက်စထရောနည်းသည့်အစာတို့ကိုစားခြင်းဖြင့် ထိန်းချုပ်နိုင်သည်။ အရက်ယမကာလျှော့သောက်ခြင်းသည်လည်း အရေးပါနိုင်မည်။ အသက်အရွယ်နှင့် သင့်လျော်သည့်အတိုင်းအတာဖြင့် မှန်မှန်လေ့ကျင့်ခန်းလုပ်ပေးသည့် အစီအစဉ်သည် ပိုနေသည့်ကိုယ်အလေးချိန် ကျသွားစေနိုင်ပြီး ယင်းကတစ်ဖန် သွေးတိုးကျသွားစေနိုင်သည်။ သောက်သုံးနိုင်သည့် ဆေးအမျိုးမျိုးရှိသည့်အတိုင်း ဆရာဝန်၏ညွှန်ကြားချက်ဖြင့် ဆေးသောက်နိုင်သည်။

ဦးနှောက်ဆီသို့ ပင်မ သွေးအထောက်အပံ့ လမ်းကြောင်းကျဉ်းသွားသည့် ပင်မသွေးလွှတ်ကြောကျဉ်းဝေဒနာသည်လည်း လေဖြတ်စေသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။ သွေးကြောပိတ်ဆို့မှု အတိုင်းအတာပေါ်မူတည်ပြီး ပိတ်ဆို့နေသော သွေးလွှတ်ကြောများကို ရှင်းလင်းပေးရန် ပင်မ သွေးလွှတ်ကြောအတွင်းမြှေးနှင့် လမ်းကြောင်းကို ခွဲစိတ်ဖယ်ထုတ်ခြင်းအဖြစ်သိထားသည့် ခွဲစိတ်မှုကို ခံယူသင့်သည်။ ဤရောဂါလက္ခဏာပြသူများနှင့် သွေးလွှတ်ကြောအလွန်ကျဉ်းသူများသည် ဆေးဝါးကုထုံးနှင့်အတူ ခွဲစိတ်ကုသမှုမှ အကျိုးဖြစ်ထွန်းခဲ့ကြောင်း လေ့လာမှုများက ဖော်ပြသည်။ သို့သော် ခွဲစိတ်မှုနှင့်ဆက်နွှယ်သည့် ပြဿနာများရှိနိုင်ရာ ယင်းကို ဂရုစိုက်သုံးသပ်ရမည်ဖြစ်သည်။

နှလုံးရောဂါသည် လေဖြတ်မှုအန္တရာယ်ကို ပို၍များစေနိုင်သည်။ နှလုံးခန်းဦး တုန်ခြင်း (နှလုံးခုန်မမှန်ခြင်း)၊ ယင်းကြောင့် သွေးခဲများဖြစ်စေကာ ဦးနှောက်သို့ရောက်သွားစေနိုင်သည်၊ ယင်းကို သွေးမခဲကာကွယ်ဆေးများဖြင့် ကုသနိုင်သည်။ အခြားနှလုံးဝေဒနာများတွင် လေဖြတ်အန္တရာယ်ကို လျော့နည်းစေရန် ခွဲစိတ်ကုသမှုနှင့် ဆေးဝါးသောက်သုံးမှုလိုကောင်းလိုမည်။ ဆီးချိုရောဂါသည် မကြာခဏလေဖြတ်ရခြင်း၏အကြောင်းရင်းဖြစ်ရာ ယင်းကို ထိန်းချုပ်ပေးခြင်းဖြင့် လေမဖြတ်အောင် ကာကွယ်နိုင်သည်။

ခေတ္တသွေးအရောက်နည်းဝေဒနာဖြစ်သော TIAs သည် လေဖြတ်နိုင်ကြောင်းဖော်ပြသည့် ရှင်းလင်းသော သတိပေးချက်များဖြစ်သည်။ ယင်းတို့ကို အမှုမဲ့အမှတ်မဲ့မထားမိအောင် သေချာစေပါ။ သင့်သမားတော်နှင့် သွားတွေ့ပါ၊ TIAs သည် လေဖြတ်မည့်အန္တရာယ်ကို အလွန်တိုးပွားစေနိုင်သောကြောင့် ရောဂါ၏အခြေခံအကြောင်းရင်းကို ကိုင်တွယ်ဖြေရှင်းပါ။

ကျန်းမာပြီး မျှတမှုရှိသော ဘဝပုံစံသည် လေဖြတ်ခြင်းကို များစွာအကာအကွယ်ပေးနိုင်သည်။ မျှတသော အစားအစာနှင့် လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းအပြင် အရက်ယမကာသောက်သုံးမှုကို လျှော့ခြင်းနှင့် ဆေးလိပ်ဖြတ်ခြင်းတို့ဖြင့် သွေးလွှတ်ကြောများကို ဆက်၍ကျန်းကျန်းမာမာရှိစေနိုင်ပြီး ထိခိုက်ပျက်စီးနေသည့် သွေးကြောများကိုပင် ပြန်၍ကောင်းလာစေနိုင်သည်။ လေ့လာမှုအဖုံဖုံအရ လတ်ဆတ်သောသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၊ သီးနှံများကို ပိုမိုစားသုံးပေးခြင်းဖြင့် လေဖြတ်မှုအန္တရာယ် လျော့ပါးသွားစေနိုင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ