ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၂/၈ စာ. ၄
  • လေဖြတ်ခြင်း—အကြောင်းရင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လေဖြတ်ခြင်း—အကြောင်းရင်း
  • နိုးလော့!—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယင်း၏ ထိခိုက်မှုများ
  • ပြောဆိုဆက်သွယ်ရေးအခက်အခဲများ
  • စိတ်လှုပ်ရှားမှုနှင့် ဥပဓိရုပ်အပြောင်းအလဲများ
  • မိသားစုဝင်များလည်း ခံစားကြရ
  • ယင်း၏ ထိခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်း
    နိုးလော့!—၁၉၉၉
  • ကျွန်ုပ်တို့၏စာရှုသူများထံမှ
    နိုးလော့!—၁၉၉၉
  • လေဖြတ်ခြင်း!
    နိုးလော့!—၁၉၉၉
  • သင်သည် တကယ်ပင် ပြိုင်စံရှားလေစွ!
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၉
န၉၉ ၂/၈ စာ. ၄

လေဖြတ်ခြင်း—အကြောင်းရင်း

“ဦးနှောက်သည် အနုနယ်ဆုံး ကိုယ်အင်္ဂါဖြစ်သည်” ဟုကနေဒါနိုင်ငံ၊ လန်ဒန်မြို့ရှိ အနောက်ပိုင်း အွန်တယ်ရီယို တက္ကသိုလ်မှ နဗ်ကြောအထူးကုဆရာဝန် ဒေါက်တာ ဗလာဒီမာရ် ဟာချင်စကီးက ဆိုသည်။ လူ့ခန္ဓာကိုယ်အလေးချိန်၏ ၂ ရာခိုင်နှုန်းသာရှိသော အဆိုပါဦးနှောက်တွင် နဗ်ကြောဆဲလ် တစ်ဆယ် ဘီလီယံကျော်ပါဝင်ပြီး ယင်းဆဲလ်တို့သည် ကျွန်ုပ်တို့၏ တွေးတောမှု၊ လှုပ်ရှားမှုနှင့် အာရုံခံစားမှုတိုင်းကို ဖြစ်ပေါ်စေရန် အဆက်အသွယ်မပြတ်ရှိနေကြသည်။ စွမ်းအင်အတွက် အောက်စီဂျင်နှင့် သကြားဓာတ်တို့ကို မှီခိုနေရသည့် ဦးနှောက်သည် ရှုပ်ထွေးသော သွေးလွှတ်ကြောအဖွဲ့မှတစ်ဆင့် ပုံမှန်အထောက်အပံ့ကို ရရှိသည်။

သို့သော် ဦးနှောက်ရှိ အစိတ်အပိုင်းတစ်ခုခုတွင် စက္ကန့်အနည်းငယ်မျှ အောက်စီဂျင်ပြတ်သွားလျှင်ပင် နုနယ်သော နဗ်ကြောလုပ်ဆောင်မှုများကို သွား၍ထိခိုက်လေသည်။ ယင်းသို့ မိနစ်အတန်ကြာကြာပြတ်နေလျှင် ဦးနှောက်ဆဲလ်များသည် ယင်းတို့ထိန်းချုပ်ထားသော လုပ်ဆောင်မှုများနှင့်အတူ စ၍သေသွားသောကြောင့် ဦးနှောက်အကြီးအကျယ် ထိခိုက်ပျက်စီးရလေသည်။ အဓိကအားဖြင့် သွေးလွှတ်ကြောပိတ်ဆို့မှုကြောင့်ဖြစ်သော အောက်စီဂျင်ပြတ်တောက်မှုဖြစ်သည့် ဤအခြေအနေကို အစ္စခီးမီးယား ဟုခေါ်သည်။ အောက်စီဂျင်ပြတ်တောက်မှုကြောင့် သေစေနိုင်သော ဓာတုတုံ့ပြန်မှုများစွာဆက်တိုက်ဖြစ်ပေါ်စေရာ ဦးနှောက်တစ်ရှူးတွင် နောက်ထပ်အကြီးအကျယ်ထိခိုက်ပျက်စီးမှုဖြစ်လေသည်။ သို့နှင့် လေဖြတ်လေတော့သည်။ သွေးကြောများပေါက်ပြီး ဦးနှောက်ထဲ သွေးယိုစီးမှုကြောင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ပြတ်တောက်သွားသည့်အခါမျိုးတွင်လည်း လေဖြတ်တတ်သည်။ ယင်းက ကြွက်သားများသို့ ဓာတုနှင့်လျှပ်စစ်စီးဆင်းမှုကို ဖြတ်တောက်ပစ်ရာ ဦးနှောက်တစ်ရှူးကို သွား၍ထိခိုက်စေသည်။

ယင်း၏ ထိခိုက်မှုများ

လေဖြတ်မှုတိုင်းသည် မတူကြပါ၊ လေဖြတ်မှုများသည် အကန့်အသတ်မရှိသောနည်းအမျိုးမျိုးဖြင့် တစ်ဦးစီကို ထိခိုက်နိုင်သည်။ လေဖြတ်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့်အကျိုးဆက်မှန်သမျှကို မည်သူမျှစုပုံမခံစားကြရသော်လည်း ခံစားရကြောင်း မသိသာသည့်အထိ မပြင်းထန်သည့်အခြေအနေမှ သိသိသာသာနာကျင်သော ပြင်းထန်သည့် အခြေအနေအထိ ထိခိုက်နိုင်သည်။ အဘယ်ကိုယ်အင်္ဂါ၏လုပ်ဆောင်ချက်များ ထိခိုက်မည်ဆိုသည်ကို လေဖြတ်သည့် ဦးနှောက်၏အပိုင်းက အဆုံးအဖြတ်ပေးသည်။

ဖြစ်လေ့ရှိသော ဝေဒနာမျိုးမှာ ကိုယ်ခန္ဓာအထက်ဘက်နှင့် အောက်ဘက်တို့ရှိ အင်္ဂါအစိတ်အပိုင်းများ အားနည်းသွားခြင်း သို့မဟုတ် သေသွားခြင်းဖြစ်သည်။ သို့ဖြစ်ခြင်းသည် သာမန်အားဖြင့် ကိုယ်ခန္ဓာတစ်ခြမ်းသာဖြစ်တတ်သည်၊ လေဖြတ်သောဦးနှောက်ဘက်ခြမ်း၏ ဆန့်ကျင်ဘက်ခြမ်းရှိ ကိုယ်အင်္ဂါဖြစ်သည်။ ထို့ကြောင့် ဦးနှောက်၏ညာခြမ်း ထိခိုက်ပျက်စီးသွားလျှင် ကိုယ်ဘယ်ခြမ်းသေပြီး၊ ဦးနှောက်၏ဘယ်ခြမ်းထိခိုက်ပျက်စီးလျှင် ကိုယ်ညာခြမ်းသေသည်။ အချို့သူများသည် သူတို့၏ခြေလက်များကို ပြန်အသုံးပြုနိုင်ပေမည်၊ သို့သော် ခြေလက်အချင်းချင်း၏ကြွက်သားများလှုပ်ရှားပုံမှာ အဆက်အစပ်မရှိဘဲ သပ်သပ်စီလှုပ်ရှားနေနိုင်ရုံသာတွေ့ရသည်။ လေဖြတ်ခံရသူကို ကြည့်လိုက်လျှင် ဟန်ချက်ညီအောင်ထိန်းနေရသည့် စကိတ်စီးစသင်နေသူနှင့် တူသည်။ နယူးယောက်တက္ကသိုလ် ဆေးဘက်ဆိုင်ရာ ဗဟိုဌာနမှ ဒေါက်တာ ဒေးဗစ်လဗင်က ဤသို့ဆိုသည်– “ဝေဒနာသည်များ၌ ခြေလက်များသည် ရွှေ့နေမနေ၊ ရွှေ့လျှင် မည်သည့်နေရာသို့ ရွှေ့သည်ကို ပြောပေးသည့် အာရုံမျိုး ဆုံးရှုံးသွားကြသည်။”

အသက်မသေဘဲကျန်သူများထဲမှ ၁၅ ရာခိုင်နှုန်းကျော်သည် ရုတ်တရက်ဝေဒနာခံစားရကာ ရွေ့ရှားမှုများကို မထိန်းနိုင်သည့်အခြေအနေများဖြစ်ခြင်း၊ အများအားဖြင့် အချိန်တော်တော်ကြာမေ့မြောသွားခြင်းတို့ ဖြစ်တတ်သည်။ နာကျင်မှုခံစားရသည့်အပြင် အာရုံခံစားမှုများလည်းပြောင်းသွားခြင်းမှာ ဓမ္မတာပင်ဖြစ်သည်။ လေဖြတ်၍အသက်မသေဘဲကျန်ကာ လက်ခြေအမြဲထုံနေသူတစ်ဦးက ဤသို့ဆိုသည်– “ညညဆို ခြေထောက်တွေကို တစ်ခုခုက လာထိပြီး လျှပ်စစ်နဲ့တို့ခံလိုက်ရသလိုခံစားရတဲ့အတွက် လန့်လန့်နိုးတယ်။”

လေဖြတ်ခြင်းကြောင့်ဖြစ်သည့်ဝေဒနာတွင် မြင်ကွင်းနှစ်ထပ်ဖြစ်နေခြင်းနှင့် မျိုချရခက်ခြင်းတို့ပါဝင်သည်။ အကယ်၍ ပါးစပ်နှင့် လည်ချောင်းတို့၏ အာရုံခံရာဗဟိုချက်များ ထိခိုက်ပျက်စီးသွားလျှင် လေဖြတ်ဝေဒနာသည်များသည် သွားရည်ယိုခြင်းကဲ့သို့သော ထပ်၍သိက္ခာကျစရာများကို ခံစားရပြန်သည်။ အာရုံငါးပါးထဲမှ တစ်ပါးပါးကို ထိခိုက်နိုင်ရာ အမြင်၊ အကြား၊ အနံ့ခံ၊ အရသာခံနှင့် ထိသိမှုတို့တွင် အခက်အခဲရှိစေနိုင်သည်။

ပြောဆိုဆက်သွယ်ရေးအခက်အခဲများ

မီးရောင်မှိန်မှိန်လမ်းပေါ်တွင် ကိုယ်ထည်ကြီးမားသည့် သူစိမ်းနှစ်ယောက်က သင့်နောက်မှထက်ကြပ်မကွာလိုက်နေသည်ဟု မြင်ယောင်ကြည့်ပါ။ နောက်ကိုလှည့်ကြည့်လိုက်သည့်အခါ သင့်ဆီသို့ ပြေးလိုက်လာနေသည်ကို တွေ့လိုက်ရသည်။ အော်ဟစ်အကူအညီတောင်းဖို့ ကြိုးစားသော်လည်း အသံထွက်မလာ! ဤအခြေအနေတွင် သင်ခံစားရမည့် လုံးဝစိတ်ပျက်အားလျော့ရသည့်အဖြစ်ကို တွေးယူကြည့်နိုင်ပါသလော။ ယင်းကား လေဖြတ်ဝေဒနာသည်အများတို့သည် သူတို့၏စကားပြောဆိုနိုင်စွမ်း ရုတ်တရက် ဆုံးရှုံးသွားသည့်အခါ တွေ့ကြုံရသည့်ဝေဒနာမျိုးဖြစ်သည်။

မိတ်ဆွေ၊ မိသားစုတို့နှင့် ကင်းကွာထီးတည်းဖြစ်ဘိသကဲ့သို့ မိမိ၏သဘောထားများ၊ ခံစားချက်များ၊ မျှော်လင့်ချက်များနှင့် စိုးရိမ်ကြောက်ရွံ့မှုများကို ပြောပြ၍မရခြင်းသည်လေဖြတ်မှုကြောင့်ဖြစ်သည့် ယူကျုံးမရဝမ်းနည်းစရာအကောင်းဆုံးအရာတစ်ခုဖြစ်သည်။ လေဖြတ်၍အသက်မသေဘဲကျန်သူတစ်ဦးက ဤနှယ်ဆိုသည်– “ကိုယ့်ခံစားချက်ကို ဖော်ပြဖို့ကြိုးစားတဲ့အခါတိုင်း စကားတစ်လုံးမှထွက်မလာဘူး။ ကျွန်တော်ဟာ ရေငုံနှုတ်ပိတ်နေဖို့ အတင်းအကျပ်ပြုခံရပြီး အပြောနဲ့ဖြစ်ဖြစ်၊ အရေးနဲ့ဖြစ်ဖြစ်ဖော်ပြတဲ့ ညွှန်ကြားချက်တွေကို ကျွန်တော်မလိုက်နာနိုင်ဘူး။ ကျွန်တော့်ရဲ့ပတ်ပတ်လည်မှာရှိတဲ့လူတွေက နိုင်ငံခြားဘာသာစကားကို ပြောနေသလို . . . စကားလုံးတွေကြားနေရတယ်။ ကျွန်တော်နားလည်းမလည်ဘူး၊ ပြောလည်းမပြောတတ်ဘူး။”

သို့သော် ချားလ်စ်မူ သူ့အားပြောသည့်အရာတိုင်းကို နားလည်သည်။ သို့သော် ပြန်ပြောသည့်အခါတွင် ဤသို့ဖြစ်ကြောင်း ရေးသားထားသည်– “ပြောချင်တဲ့စကားလုံးတွေကို စီလိုက်ပေမဲ့ အဆီအငေါ်မတည့်ဘဲ ဗလုံးဗထွေးထွက်လာတယ်။ အဲ့ဒီအခါ ရင်ထဲမှာ ကျပ်ခဲနေအောင်ခံစားရတယ်ဗျာ။” လေဖြတ်ခြင်း– ပိုင်ရှင်လက်စွဲ စာအုပ်တွင် အာသာဂျိုးဇက်ဖ်က ဤသို့ရှင်းပြသည်– “စကားပြောနေချိန်တွင် သီးခြားကြွက်သားတစ်ရှူးတစ်ရာကျော်ကို ထိန်းချုပ်ညှိနှိုင်းထားပြီး အဆိုပါကြွက်သားတစ်ရှူးတိုင်းကို အကြောလှုပ်ရှားမှုယူနစ် ပျမ်းမျှတစ်ရာကျော်ဖြင့် ထိန်းချုပ်ထားပြန်သည်။ . . . တစ်စက္ကန့်စကားပြောချိန်အတွက် အံ့အားသင့်စရာကောင်းသော နဗ်ကြောကြွက်သားဖြစ်ပျက်မှုပေါင်း ၁၄၀,၀၀၀ လိုအပ်သည်။ ဤကြွက်သားတစ်ရှူးများကို ထိန်းချုပ်ထားသော ဦးနှောက်အပိုင်း ထိခိုက်သွားခြင်းက စကားပြောရာတွင်ဗလုံးဗထွေးဖြစ်စေခြင်းသည် အံ့အားသင့်စရာလော။”

စကားပြောအင်္ဂါအစိတ်အပိုင်းတွင် နားလည်ရခက်သော သဘာဝသရုပ်သဏ္ဌာန်များစွာဖြစ်ပေါ်လာခြင်းမှာ လေဖြတ်ခြင်းကြောင့်ဖြစ်သည်။ ဥပမာ၊ စကားမပြောနိုင်သောလူတစ်ဦးသည် သီချင်းဆိုနိုင်ပေမည်။ အခြားတစ်ယောက်မူ အမှတ်မထင် စကားလုံးများထွက်လာနိုင်သော်လည်း ပြောချင်သည့်အချိန်တွင်မူ ပြောမထွက်ဘဲဖြစ်ပေမည် သို့မဟုတ် စကားကြောမပြတ်ဘဲ ပြောနိုင်ပေမည်။ အခြားသူများကျပြန်လျှင် စကားလုံး သို့မဟုတ် စကားစုကို ထပ်ခါထပ်ခါပြန်ပြောခြင်း သို့မဟုတ် ပြောချင်သည်နှင့် ဆန့်ကျင်သည့်အဓိပ္ပာယ်မျိုးအဆီအငေါ်မတည့်ပြောမိတတ်သည်။ အချို့မူ မိမိတို့အသုံးပြုချင်သည့် စကားလုံးများကို သိသော်လည်း ယင်းတို့ကို ပြောရန် ပါးစပ်၊ နှုတ်ခမ်းနှင့် လျှာတို့ကို ဦးနှောက်က လှုံ့ဆော်မပေးနိုင်ပေ။ ကြွက်သားအားနည်းမှုကြောင့် ပြောသည့်အခါ အာလေးလျှာလေးဖြစ်နိုင်သည်။ အချို့သူများသည် စကားပြောသည့်အခါ ခံစားမှုပေါက်ကွဲသံဖြင့် စကားလုံးများကြားတွင်ပေါ်လာတတ်သည်။

လေဖြတ်မှုကြောင့် ထိခိုက်ပျက်စီးနိုင်ဖွယ်အခြားတစ်ခုမှ စိတ်လှုပ်ရှားမှုဆိုင်ရာ လေသံကို ထိန်းပေးသည့် ဦးနှောက်၏အပိုင်းထိခိုက်သွားခြင်းဖြစ်နိုင်သည်။ စကားပြောသံမှာ အတက်အကျမရှိ ငြီးငွေ့စရာကောင်းနိုင်သည်။ သို့မဟုတ် ဝေဒနာရှင်သည် အခြားသူများ၏ စိတ်လှုပ်ရှားမှုဆိုင်ရာ လေသံကို နားမလည်နိုင်ဘဲဖြစ်နိုင်သည်။ ပြောဆိုဆက်သွယ်ရေးဆိုင်ရာ ဤအခက်အခဲနှင့် အထက်ဖော်ပြပါအခက်အခဲများသည် လင်မယားကြားကဲ့သို့သော မိသားစုဝင်များကြားတွင် ဆူးငြှောင့်ခလုတ်ဖြစ်သွားနိုင်သည်။ ဂါအော့ ဤသို့ရှင်းပြသည်– “လေဖြတ်ပြီး မျက်နှာနေမျက်နှာထား၊ တကယ်ဆိုရင် ဥပဓိရုပ်တစ်ခုလုံး ပြောင်းသွားတာကြောင့် ကျွန်တော်တို့အချင်းချင်း ယခင်ကလို ချက်ချင်း အဆင်မပြေတော့ဘူး။ အစကနေပြန်ပြီး ရင်းနှီးကျွမ်းဝင်အောင်လုပ်ရမယ့် နည်းနည်းလေးမှမတူတဲ့ ဇနီးတစ်ယောက်ရထားသလို ထင်မိတယ်။”

စိတ်လှုပ်ရှားမှုနှင့် ဥပဓိရုပ်အပြောင်းအလဲများ

မသင့်လျော်သော စိတ်နေစိတ်ထားအပြောင်းအလဲများ၊ ချုံးပွဲချငိုခြင်း သို့မဟုတ် ရယ်ခြင်း၊ အကြီးအကျယ်ဒေါသထွက်ခြင်း၊ ထူးထူးခြားခြားသံသယဝင်ခြင်းနှင့် တစ်ချိန်လုံး ဝမ်းနည်းနေခြင်းတို့သည် လေဖြတ်၍မသေဘဲကျန်သူများနှင့် ၎င်း၏မိသားစုများ ရင်ဆိုင်ရသည့် ရှုပ်ထွေးသော စိတ်လှုပ်ရှားမှုနှင့် ဥပဓိရုပ်အနှောင့်အယှက်များ၏တစ်စိတ်တစ်ဒေသမျှသာဖြစ်သည်။

ဂေးလ်ဘာ့အမည်ရှိ လေဖြတ်ဝေဒနာသည်က ဤသို့ပြန်ပြောပြသည်– “တစ်ခါတစ်ခါမှာ ဘာမဟုတ်တဲ့အရာလေးအတွက် ရယ်ရင်ရယ်မယ်၊ ငိုရင်ငိုမယ်။ တစ်ခါတလေဆိုရင် ကျွန်တော်ရယ်နေတော့ လူတချို့က ‘ခင်ဗျား ဘာကြောင့် ရယ်နေတာလဲ’ လို့မေးတော့ ဘာကြောင့်ရယ်တယ်ဆိုတာ ပြန်မပြောပြနိုင်ခဲ့ဘူး။” ယိမ်းထိုးမသွားအောင်ထိန်းနေရပြီး အနည်းငယ်ထော့နင်းထော့နင်းဖြစ်မှုအခက်အခဲများနှင့်အတူ ဤအဖြစ်မျိုးကြောင့် ဂေးလ်ဘာ့က ဤသို့ပြောဖြစ်ခဲ့သည်– “ကျွန်တော်ဟာ တခြားခန္ဓာကိုယ်ထဲကို ရောက်နေသလိုလို၊ လေမဖြတ်ခင်က သူမဟုတ်တော့ဘဲ တခြားလူတစ်ယောက်ဖြစ်နေသလိုလိုခံစားရတယ်။”

စိတ်—နှင့်ကိုယ်—ပြောင်းသွားစေသော ထိခိုက်မှုများခံရသည်ဖြစ်ရာ စိတ်လှုပ်ရှားမှုအကြီးအကျယ်ပြောင်းလဲမှုဒဏ်ကို မခံစားရသူ နည်းပါလိမ့်မည်။ လေဖြတ်ခြင်းကြောင့် စကားပြောခြင်းကို ထိခိုက်ကာ ကိုယ်တစ်ပိုင်းသေနေသည့် ဟီရိုယူကီက ဤသို့ဆိုသည်– “အချိန်တော်တော်ကြာကြာအထိ မသက်သာနိုင်ဘူး။ နဂိုကလို အလုပ်လုပ်နိုင်တော့မှာမဟုတ်ဘူးဆိုတာ သိပြီး စိတ်ပျက်လက်မှိုင်ချရတော့တယ်ဗျာ။ အခြေအနေတွေနဲ့ လူတွေကို အပြစ်ပုံချမိလာပြီး စိတ်ပေါက်ကွဲထွက်မတတ် ခံစားခဲ့ရတယ်။ ကျွန်တော်ဟာ လူတစ်ယောက်လိုမပြုမူတော့ဘူး။”

လေဖြတ်ခံရသူများတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်စိတ်တို့ဝင်လေ့ရှိသည်။ အယ်လင်က ဤသို့ဆိုသည်– “နောက်တစ်ခါလေဖြတ်ဦးမယ်လို့သတိပေးတဲ့ ဖိစီးမှုတွေ ခေါင်းထဲပေါ်လာတဲ့အခါ ကြောင့်ကြအားငယ်စိတ်ဝင်လာတယ်။ အပျက်သဘောတွေ လိုက်တွေးလိုက်ရင် တကယ့်ကို ကြောက်စိတ်ဝင်လာတယ်။” ရွန်က သူရင်ဆိုင်ဖြေရှင်းရသည့် စိုးရိမ်စိတ်ကို ဤသို့ရှင်းပြသည်– “မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချဖို့ဆိုတာ တစ်ခါတစ်ရံမှာ မဖြစ်နိုင်သလောက်ပါပဲ။ တစ်ခါတည်းမှာ ပြဿနာသေးသေး နှစ်ခုသုံးခုကို ရှင်းဖို့သုံးသပ်လိုက်တာနဲ့ စိတ်ဓာတ်ကျတော့တာပဲ။ တစ်ခါတလေမှာ မိနစ်အနည်းငယ်ကတင် ဆုံးဖြတ်လိုက်တဲ့အရာကို မမှတ်မိနိုင်တဲ့အထိ အရမ်းအမေ့မြန်တယ်။ ဒီလိုနဲ့ ဆိုးရွားတဲ့ အမှားတွေလုပ်မိပြီး ကျွန်တော်နဲ့ အခြားသူတွေကို စိတ်အနှောင့်အယှက်ဖြစ်ပါလေရော။ နှစ်အနည်းငယ်အတွင်း ငါဘာဖြစ်မလဲ။ ကောင်းစွာ စကားမပြောနိုင်ဘဲဖြစ်လေမလား ဒါမှမဟုတ် ကားမမောင်းနိုင်ဘဲဖြစ်လေမလား။ ငါ့ဇနီးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာလေမလား။”

မိသားစုဝင်များလည်း ခံစားကြရ

အကြီးအကျယ်ထိခိုက်ပျက်စီးမှုအကျိုးဆက်များနှင့် နပန်းလုံးရသူများမှာ လေဖြတ်ခံရသူများသာမဟုတ်ကြောင်း တွေ့မြင်နိုင်ပါသည်။ ၎င်းတို့၏မိသားစုများလည်း ခံရကြသည်။ အချို့အဖြစ်အပျက်များတွင် ယခင်က ပြောနိုင်ဆိုနိုင် လုပ်နိုင်ကိုင်နိုင်သူသည် မိမိတို့မျက်စိရှေ့တွင်ပင် ရုတ်တရက် အခြေအနေယိုယွင်းသွားကာ မိဘလက်အောက်ရှိ ကလေးလေးဘဝမျိုးပြန်ရောက်သွားသည်ကို တွေ့လိုက်ရသည့် အကြီးအကျယ်ထိတ်လန့်တုန်လှုပ်စရာကို ရင်ဆိုင်ကျော်လွှားရကြမည်။ မိသားစုဝင်များက ရင်းနှီးမှုမရှိသောတာဝန်များကို စတင်ယူရသည့်အခါ ဆက်ဆံရေးပျက်ပြားစေနိုင်သည်။

ယူကျုံးမရဖြစ်ဖွယ်ထိခိုက်မှုများကို ဟာရူကိုက ဤသို့ပြန်ပြောပြသည်– “ကျွန်မရဲ့ခင်ပွန်းဟာ အရေးကြီးတဲ့အရာအားလုံးနီးပါး မေ့သွားတယ်။ ရုတ်တရက်ဆိုသလို ကျွန်မတို့ဟာ သူဦးစီးခဲ့တဲ့ ကုမ္ပဏီကိုလက်လွှတ်လိုက်ရပြီး အိမ်နဲ့ ပစ္စည်းတွေကို ပေးအပ်လိုက်ရတယ်။ ကျွန်မစိတ်အထိခိုက်ဆုံးကတော့ ခင်ပွန်းဖြစ်သူနဲ့ ရှောရှောရှူရှူစကားပြောမရ၊ သူ့ဆီမှာ အကြံဉာဏ်မတောင်းနိုင်ဖြစ်နေရတာပါပဲ။ နေ့နဲ့ညမှားပြီး ညဘက်မှာမစိုစေဖို့ ခါးတောင်းကျိုက်ပေးထားတာကို ဖယ်ပစ်လေ့ရှိတယ်။ အဲ့ဒီအခြေအနေမျိုးရောက်လာမယ်ဆိုတာသိလျက်နဲ့ သူ့ရဲ့ပကတိအခြေအနေကို လက်ခံဖို့ ခက်နေဆဲပဲ။ ကျွန်မတို့ရဲ့အခြေအနေဟာ လုံးဝပြောင်းပြန်ဖြစ်သွားတယ်၊ အခုတော့ သမီးနဲ့ကျွန်မက ကျွန်မရဲ့ခင်ပွန်းကို ကျွေးမွေးပြုစုရတဲ့သူတွေဖြစ်နေတယ်။”

“လေဖြတ်ထားသူတစ်ဦးကို ပြုစုရခြင်းသည်—သင်မည်မျှပင်ချစ်ချစ်—တစ်ခါတစ်ရံ အကြီးအကျယ်စိတ်ဖိစီးမှုရှိနိုင်သည်” ဟု လေဖြတ်မှုများ– မိသားစုသိသင့်သည့်အရာတွင် အီလန်ဖန့်တဲလ် ရှင်ဘာ့ဂ်ကဖော်ပြထားသည်။ “ဖိစီးမှုနှင့် တာဝန်တို့က လျော့မသွားပါ။” ကိစ္စရပ်အချို့တွင် မိသားစုဝင်များက အကြီးအကျယ်ဂရုစိုက်ပြုစုရင်း ပြုစုပေးသူများ၏ ကျန်းမာရေး၊ စိတ်လှုပ်ရှားမှုနှင့်ဝိညာဉ်ရေးပင်ထိခိုက်နိုင်သည်။ မိခင်ဖြစ်သူလေဖြတ်သွားသောကြောင့် သူ၏ဘဝကို အကြီးအကျယ်ထိခိုက်သွားခဲ့ကြောင်း မာရီယာ ဤသို့ရှင်းပြသည်– “အမေ့ဆီ နေ့တိုင်းသွားပြီး ဝိညာဉ်ရေးဘက် တည်ဆောက်ပေး၊ စာဖတ်ပေး၊ အတူတူဆုတောင်းပြီး မေတ္တာကို ရက်ရက်ရောရောပေး၊ သိုင်းဖက်ပြီး အမေ့ကိုနမ်းလိုက်တယ်။ အိမ်လည်းပြန်ရောက်ရော စိတ်ပန်းသွားတာပဲ—တချို့ရက်တွေမှာ အော့အန်တဲ့အထိဖြစ်တယ်။”

ပြုစုပေးသူတချို့အတွက် ဖြေရှင်းဖို့အခက်ခဲဆုံးအရာမှာ အပြုအမူပြောင်းသွားခြင်းဖြစ်သည်။ နဗ်ကြောနှင့်စိတ်ပညာရှင် ဒေါက်တာ ရော်နယ်ကယ်လ်ဗန်ယိုက နိုးလော့! အားဤသို့ပြောပြသည်– “လူတစ်ဦး စဉ်းစားတွေးခေါ်ပုံ၊ အသက်ရှင်နေထိုင်ပုံ၊ သူ၏စိတ်လှုပ်ရှားမှုဆိုင်ရာ တုံ့ပြန်ပုံများဖြစ်သော အဆင့်မြင့်ဦးနှောက်လုပ်ဆောင်ချက်များကို ထိခိုက်သည့် ရောဂါတစ်ခု ခံစားရပြီဆိုလျှင် ထိုသူ၏တကယ့်အခြေအနေမှန်ကို ကျွန်တော်တို့ ကိုင်တွယ်နေရသည်၊ ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများသည် တစ်နည်းတစ်ဖုံအားဖြင့် မိသားစုအသိုင်းအဝိုင်းတစ်ခုလုံးကို အမှန်ပင် အကြီးအကျယ်ပြောင်းလဲသွားစေသည်။” ယိုရှီကိုက ဤသို့ပြန်ပြောပြသည်– “ကျွန်မရဲ့ယောက်ျားဟာ ဖျားပြီးတဲ့နောက် လုံးဝပြောင်းသွားတယ်လို့ထင်ရတယ်၊ ဘာမဟုတ်တဲ့ကိစ္စလေးအတွက်နဲ့ ချက်ချင်းဒေါသထွက်တတ်တယ်။ အဲ့လိုအခါမျိုးတွေမှာ တကယ့်ကို စိတ်ဆင်းရဲရတယ်။”

များသောအားဖြင့် ဥပဓိရုပ်ပြောင်းသွားသည်ကို မိသားစုပြင်ပရှိသူများက သိချင်မှသိမည်။ ထို့ကြောင့် အချို့ပြုစုပေးသူများခမျာ ထီးတည်းကြီးဖြစ်ကာ ကိုယ့်ဝန်ကို ကိုယ့်ဘာသာထမ်းကြရရှာသည်။ မီဒိုရီက ဤသို့ရှင်းပြသည်– “ကျွန်မခင်ပွန်းဟာ လေဖြတ်ပြီး စိတ်ပိုင်းနဲ့ စိတ်လှုပ်ရှားမှုအပိုင်း ချို့တဲ့ခဲ့ပါတယ်။ သူဟာ အကြီးအကျယ်အားပေးမှုလိုအပ်ပေမဲ့လည်း ဘယ်သူ့ကိုမှ မပြောပြဘူး၊ သူ့ဘာသာကြိတ်မှိတ်ခံတယ်။ ဒါကြောင့် သူ့ရဲ့စိတ်လှုပ်ရှားမှုအပိုင်းကို ဖြေရှင်းပေးဖို့ ကျွန်မအပေါ်ပုံကျလာတာပေါ့။ နေ့စဉ် ကျွန်မခင်ပွန်းရဲ့စိတ်နေစိတ်ထားကို ကြည့်နေရတာ မလွယ်ဘူး၊ တစ်ခါတလေ ကြောက်ဖို့တောင်ကောင်းတယ်။”

လေဖြတ်၍ အသက်မသေဘဲကျန်သူအများနှင့် သူတို့၏မိသားစုအများသည် လေဖြတ်မှုကြောင့် ပေါ်ပေါက်လာသည့် သူတို့၏ဘဝအခြေအနေအပြောင်းအလဲများကို မည်သို့ကိုင်တွယ်ကျော်လွှားခဲ့ကြသနည်း။ လေဖြတ်ခြင်းကြောင့် မသန်မစွမ်းဖြစ်နေရသူများကို ကျွန်ုပ်တို့တစ်ဦးစီ အဘယ်နည်းများဖြင့် ထောက်မပေးနိုင်သနည်း။ ကျွန်ုပ်တို့၏နောက်ဆောင်းပါးက ရှင်းပြပါလိမ့်မည်။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်လေးထောင့်ကွက်/ရုပ်ပုံ]

သတိပေးနိမိတ်များ

• ရုတ်တရက်အားနည်းသွားခြင်း၊ ထုံကျင်လာခြင်း သို့မဟုတ် အထူးသဖြင့် ကိုယ်တစ်ခြမ်းတွင် မျက်နှာ၊ လက် သို့မဟုတ် ခြေတို့ မလှုပ်မရှားနိုင်ဖြစ်သွားခြင်း

• အထူးသဖြင့် မျက်စိတစ်ဖက် ရုတ်တရက် မှုန်ဝါးသွားခြင်း; မြင်ကွင်းနှစ်ထပ်ဖြစ်နေခြင်း

• ရိုးရိုးဝါကျလေးပင် ပြောဖို့ သို့မဟုတ် နားလည်ဖို့ ခက်ခဲခြင်း

• အထူးသဖြင့် အခြားရောဂါလက္ခဏာများလည်း ပါဝင်လာသောအခါ မူးဝေခြင်း သို့မဟုတ် ဟန်ချက်ပျက်ခြင်း သို့မဟုတ် အလိုက်သင့်လှုပ်ရှားနိုင်မှုမရှိခြင်း

အပြနည်းသည့် ရောဂါလက္ခဏာများ

• ရုတ်တရက်ပင် ပြောမပြနိုင်သော ပြင်းထန်သည့် ခေါင်းကိုက်ဝေဒနာ—“ခံဖူးသမျှတွင် အဆိုးဆုံး” အဖြစ် ပြောလေ့ရှိ

• ရုတ်တရက် ပျို့အန်ကာ ဖျားခြင်း—လျင်မြန်စွာ (ရက်များစွာမဟုတ်ဘဲ မိနစ်ပိုင်း၊ နာရီပိုင်းလောက်အတွင်း) အဖျားစဝင်ခြင်းအားဖြင့် ဗိုင်းရပ်စ်မှဖြစ်သည့်အဖျားနှင့်ကွာခြား

• တစ်ခဏသတိလစ်သွားခြင်း သို့မဟုတ် တော်တော်ကြာကြာ အသိစိတ်မဲ့သွားခြင်း (သူရဲဘောနည်းခြင်း၊ စိတ်ရှုပ်ထွေးနေခြင်း၊ ဒေါသအကြီးအကျယ်ထွက်နေခြင်း၊ မေ့မြောသွားခြင်း)

ရောဂါလက္ခဏာများကို အမှုမထားဘဲမနေပါနှင့်

ရောဂါလက္ခဏာပေါ်လာသည့်အခါ လူနာသည် “ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးသွားပါ။ လေဖြတ်ခြင်းကို ဖြတ်ခါစနာရီအနည်းငယ်တွင် ကုသလိုက်လျှင် ထိခိုက်ပျက်စီးမှုနည်းနိုင်ကြောင်း အထောက်အထားရှိသည်” ဟု ဒေါက်တာ ဒေးဗစ် လီဗင်းက တိုက်တွန်းသည်။

တစ်ခါတစ်ရံ ရောဂါလက္ခဏာများသည် တစ်ခဏမျှဖြစ်ပေါ်ကာ ပြန်ပျောက်သွားတတ်သည်။ ဤဖြစ်စဉ်များကို TIAs သို့မဟုတ် ခေတ္တသွေးအရောက်နည်းဝေဒနာဟု သိထားကြသည်။ ယင်းတို့သည် ပြင်းထန်သောလေဖြတ်မှုအန္တရာယ်ကို ဖော်ပြခြင်းဖြစ်နိုင်ရာ လုံးလုံးလျားလျားလေဖြတ်ခြင်း ဖြစ်လာဖို့အကြောင်းရှိသောကြောင့် အမှုမဲ့အမှတ်မဲ့ မနေပါနှင့်။ ဆရာဝန်သည် ရောဂါကို ကုသပေးနိုင်သည့်အပြင် နောင် လေဖြတ်မည့်အန္တရာယ်ကို လျော့နည်းအောင် အကူအညီပေးနိုင်သည်။

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်၊ အဲန်ဂလ်ဝုဒ်မြို့ရှိ လေဖြတ်ဝေဒနာဆိုင်ရာ အမျိုးသားအဖွဲ့အစည်းမှပေးသည့် လမ်းညွှန်ချက်များကို ဆီလျော်အောင်ပြုပြင်ထားသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ