ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၂/၈ စာ. ၁၈-၁၉
  • အီကွေဒေါ—အီကွေတာကိုခွလျက်တည်ရှိသည့်နိုင်ငံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အီကွေဒေါ—အီကွေတာကိုခွလျက်တည်ရှိသည့်နိုင်ငံ
  • နိုးလော့!—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရောင်အဆင်းမျိုးစုံ
  • အမျိုးမျိုးသောရာသီဥတု
  • ငှက်ပိတုန်းများနှင့် လင်းတကြီးငှက်များ
  • ဆေးဖက်ဝင်အပင်များ
  • တောင်ပေါ်ဈေးများ
  • မြူဖုံးလွှမ်းသည့်တောင်များ
  • မိုးသစ်တောပေါ် ကျရောက်သည့် အရိပ်မည်းများ
    နိုးလော့!—၁၉၉၈
  • မိမိတို့ကိုယ်ကို တလိုတလား ပေးဆက်ကြသူများ အီကွေဒေါနိုင်ငံမှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဖြေရှင်းနည်းများအတွက် ရှာပုံတော်
    နိုးလော့!—၁၉၉၈
  • “သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲ” တွင်နှစ်သိမ့်မှုရရှိခြင်း
    နိုးလော့!—၁၉၉၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၉
န၉၉ ၂/၈ စာ. ၁၈-၁၉

အီကွေဒေါ—အီကွေတာကိုခွလျက်တည်ရှိသည့်နိုင်ငံ

ဥရောပမှဧည့်သည်များအနေနှင့် ကျွန်တော်နှင့်ကျွန်တော့်ဇနီးသည် အီကွေဒေါနှင့်ပတ်သက်၍ ဦးဆုံးသတိပြုမိသည့်အရာမှာ အီကွေတာပင်ဖြစ်သည်။ ၎င်းသည် မမြင်နိုင်သည့်မျဉ်းတစ်ခုဖြစ်သည်မှန်သော်လည်း အီကွေဒေါအပေါ်တွင်သက်ရောက်သည့် ၎င်း၏သြဇာမှာ သိသာထင်ရှားပါသည်။

အီကွေဒေါဟူသည့်အမည်သည် “အီကွေတာ” ဟုအဓိပ္ပာယ်ရသည့် စပိန်စကားဖြစ်သည်။ အချို့က အီကွေတာသည် အီကွေဒေါ၏ရာသီဥတုကို စိုးမိုးသည်ဟု ထင်မှတ်ကြပေမည်။ သို့ရာတွင် ရာသီဥတုပူသည်အေးသည်ဆိုသည်မှာ အချိန်ရာသီထက် မြေမျက်နှာပြင်အနိမ့်အမြင့်နှင့်ပိုသက်ဆိုင်မှုရှိကြောင်း ကျွန်တော်တို့ရောက်ပြီးမကြာမီ သိရှိလာရသည်။ နေသည် ဤလတ္တီတွဒ်ဒေသများ၌ တစ်နှစ်ပတ်လုံး ဦးခေါင်းတည့်တည့်လောက်တွင်ကျရောက်နေရာ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်သည် အင်္ကျီဘယ်နှထပ်ဝတ်ရမည်ကိုပိုင်းဖြတ်ရန် အကောင်းဆုံးလမ်းညွှန်တစ်ခုဖြစ်သည်။

အီကွေတာသည် အီကွေဒေါ၏သရုပ်သကန်ကိုဖော်ပြစဉ် အင်ဒီးစ်တောင်တန်းများကလည်း နိုင်ငံ့ဂုဏ်အင်္ဂါကိုဖော်ပြပါသည်။ ကျောရိုးသဖွယ်ဖြတ်သန်းနေသည့် ဤခန့်ညားထည်ဝါသောတောင်တန်းများက တောတောင်ရေမြေရှုခင်းမျိုးစုံကို ဖြစ်ပေါ်စေပါသည်။

အရောင်အဆင်းမျိုးစုံ

အီကွေဒေါကိုစွဲမှတ်စေသည့်အရာတစ်ခုမှာ အရောင်အဆင်းပင်ဖြစ်သည်။ ကျွန်တော်တို့ရောက်ပြီးမကြာမီ တစ်ခုသောနံနက်ခင်းတွင် သစ်ပင်ကြီးအချို့၏အရိပ်အာဝါသအောက်၌ ထိုင်ခဲ့ကြပါသည်။ ပလွေသံနှင့်တူသော ငှက်ဝါများ၏လွမ်းချင်း၊ နှံပြီစုတ်ငှက်များ၏ တကျည်ကျည်အော်မြည်သံနှင့် ရဲတင်းလွန်းသည့် ပုရွက်စားမြေငုံးငှက်များ၏ စူးရှသောအသံများက ကျွန်တော်တို့ကိုကြိုဆိုနေကြပါသည်။ သို့သော် သူတို့၏အသံထက် အရောင်အဆင်းက ပို၍ပင်စွဲမှတ်စရာဖြစ်နေပါသည်။

ကြက်သွေးရောင်တလက်လက်ဖြင့် အနီရင့်ရောင်ပိုးမွှားစားငှက်သည် ခြင်တစ်ကောင်ကို အမိအရဖမ်းယူရန် နားနေရာမှ လှစ်ခနဲလှုပ်ရှားလိုက်သည်။ အစိမ်းရောင်တောက်နေသည့်ကြက်တောတစ်အုပ်သည် မိမိတို့အထက်လေထဲတွင်ပျံဝဲနေသော ကြက်ဆင်လင်းတငှက်တစ်ကောင်ကို မြည်တွန်ကြိမ်းမောင်းစဉ် အချင်းချင်းသတိပေးနေကြသည်မှာ သောသောညံနေသည်။ အလွန်တောက်ပသည့် အနက်ရောင်နှင့်အဝါရောင်ပါဝင်သည့်ငှက်ဝါများနှင့် မော်ဖိုမျိုးဝင် သက်တံပြာရောင် လိပ်ပြာများက ၎င်းတို့၏အရောင်အသွေးကိုပါဝင်ပေါင်းစပ်ပေးရာ စိတ်တွင်စွဲထင်ကျန်ရစ်သောမြင်ကွင်းဖြစ်စေသည်။

နိုင်ငံအနှံ့ခြေဆန့်ခဲ့ကြသည့်အခါ ငှက်များနှင့်လိပ်ပြာများ၏ တောက်ပသည့်အရောင်များကို အီကွေဒေါ၏အဝတ်အစားနှင့် လက်မှုပညာများတွင်လည်းတွေ့ရကြောင်း ကျွန်တော်တို့သတိပြုမိခဲ့ကြသည်။ ပမာပြရမည်ဆိုလျှင် ကာနာပြည်နယ်တွင်ရှိသည့် အင်ဒီးယန်းအမျိုးသမီးများ၏နီမြန်းသည့်စကတ်များသည် ပိုးမွှားစားငှက်၏အရောင်ကိုယူထားသည်။ ထို့အပြင် အော်တာဗာလိုမြို့နေအင်ဒီးယန်းများ၏ တောက်ပသည့်ပန်းထိုးထည်များသည် အီကွေဒေါတွင်ရှိရှိသမျှအရောင်များကို ကိုယ်စားပြုထားပုံရပါသည်။

အမျိုးမျိုးသောရာသီဥတု

အီကွေတာနှင့် အင်ဒီးစ်တောင်တန်းတို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အီကွေဒေါတွင် ရာသီဥတုအမျိုးမျိုးဖြစ်ပေါ်လာသည်။ ရာသီဥတုသည် မိုင်အနည်းငယ်အတွင်း—မျဉ်းတစ်ဖြောင့်တည်းအရ—စွတ်စိုထိုင်းမှိုင်းသည့် အမေဇုန်အပူပိုင်းဒေသ၏အပူရှိန်မှ တောင်ထိပ်များတွင်ဆီးနှင်းခဲများကျခြင်းသို့ ပြောင်းသွားနိုင်ပါသည်။

တစ်နေ့တွင် အမေဇုန်အထက်ပိုင်းအနီးရှိ တောင်ကမူများမှ ကွီတိုမြို့ဝန်းကျင်ရှိ မြင့်မားသောတောင်များအထိ ကျွန်တော်တို့ခရီးဆန့်ခဲ့ကြပါသည်။ ကျွန်တော်တို့၏ကား အပေါ်မောင်းတက်သည့်အခါ အပူပိုင်းမိုးသစ်တောသည် တိမ်သစ်တောအဖြစ် တဖြည်းဖြည်းပြောင်းသွားပုံ၊ နောက်ဆုံးတွင် ယင်းသည် မြေရိုင်း သို့မဟုတ် ပါရာမိုကုန်းမြင့်အသွင်ပြောင်းသွားပုံတို့ကို ကျွန်တော်တို့မြင်ခဲ့ရပါသည်။ သိသိသာသာကြီးပြောင်းသွားသည့်ရှုခင်းကြောင့် ကျွန်တော်တို့သည် နာရီအနည်းငယ်အတွင်း အပူပိုင်းအာဖရိကမှ စကော့တလန်၏တောင်တန်းဒေသသို့ ခရီးဆန့်နေရသည်ဟု ထင်ခဲ့ရပါသည်။

အီကွေဒေါနိုင်ငံရှိ မြို့ကြီးမြို့ငယ်များစွာသည် တောင်များဝန်းရံထားသော ချိုင့်ဝှမ်းများတွင်တည်ရှိကာ ရာသီဥတုမှာ တစ်နှစ်လုံး နွေဦးပေါက်ကဲ့သို့ဖြစ်သည်။ သို့ရာတွင် အင်ဒီးစ်တောင်တန်းပေါ်တွင်ရှိသည့် မြို့ငယ်များသည် မည်သည့်အချိန်တွင်မဆို ဥတုလေးမျိုးမှတစ်မျိုးမျိုးကိုကြုံနိုင်သည်၊ တစ်ခါတစ်ရံ လေးမျိုးစလုံးကို တစ်နေ့တည်းတွင်ကြုံနိုင်ပါသည်! အတွေ့အကြုံရှိသည့် ခရီးသွားလာသူတစ်ဦးပြောသကဲ့သို့ “အီကွေဒေါ၏ရာသီဥတုနှင့်ပတ်သက်၍ အသေချာဆုံးအရာမှာ ကြိုတင်မခန့်မှန်းနိုင်ခြင်းပင်ဖြစ်သည်။”

ငှက်ပိတုန်းများနှင့် လင်းတကြီးငှက်များ

ရာသီဥတုအမျိုးမျိုးအဖုံဖုံရှိခြင်းက တိရစ္ဆာန်နှင့်အပင်မြောက်မြားစွာကို ဖြစ်ထွန်းစေပါသည်။ အီကွေဒေါ၌ ငှက်မျိုးစိတ်ပေါင်း ၁,၅၀၀ ကျော်ရှိကာ ယင်းသည် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတစ်ဝန်းလုံးရှိ စုစုပေါင်း၏နှစ်ဆ၊ ကမ္ဘာပေါ်တွင် သိရှိထားသမျှမျိုးစိတ်များ၏ ခြောက်ပုံတစ်ပုံဖြစ်သည်။ ယင်းတို့အားလုံးကို အီတလီထက်ငယ်သော နိုင်ငံတစ်နိုင်ငံတွင်တွေ့ရပါသည်။

သေးနုပ်လှသည့်ငှက်ပိတုန်းကလေးများသည် ကျွန်တော်တို့၏အနှစ်သက်ဆုံးအရာဖြစ်သည်—အီကွေဒေါတွင် ယင်းမျိုးစိတ်ပေါင်း ၁၂၀ ခန့်ရှိပါသည်။ ၎င်းငှက်ကလေးများသည် အပွင့်များဝေဆာနေသည့်ချုံပင်ကွက်များကို နံနက်စောစော ပတ္တရောင်လှည့်ကာ အလုပ်ရှုပ်နေကြသည်ကို မြို့တော်ဥယျာဉ်တွင် ပထမဦးဆုံး ကျွန်တော်တို့တွေ့ခဲ့ရပါသည်။ ယင်းတို့သည် အမေဇုန်မိုးသစ်တောနက်ပိုင်းနှင့် လေဒဏ်မိသောအင်ဒီးစ်တောင်စောင်းများတွင်ပင် ရှိကြပါသည်။

ကျွန်တော်တို့သည် ဘန်းရော့စ်မြို့တွင် ခေါင်ရန်းပန်းအနီရုံတစ်ရုံတွင် ငှက်ပိတုန်းတစ်ကောင်အစာစားသုံးနေသည်ကို တစ်နာရီကြာကြည့်ခဲ့ကြပါသည်။ ယင်းငှက်ကို စပတ်ကလင်ဝိုင်အိုလက်အီးယားငှက်ဟု ခေါ်ကြပါသည်။ ပန်းတစ်ပင်ပြီးတစ်ပင်ရှေ့တွင် မမောနိုင်မပန်းနိုင်ပျံဝဲကာ အဖိုးထိုက်လှသည့်ပန်းဝတ်ရည်ကို ကျွမ်းကျင်စွာတစိမ့်စိမ့်စုပ်ယူစားသုံးနေစဉ် ပြိုင်ဘက်တစ်ကောင်က ပို၍အေးအေးဆေးဆေးဖြင့်ဝင်လာကာ အတူစားသုံးပါသည်။ ၎င်းငှက်မှာ အမြီးနက်ရောင် ထရိန်းဘဲရာငှက်ဖြစ်သည်။ ၎င်း၏နယ်မြေတစ်ဝိုက်တွင် တစီစီအော်မြည်ပျံသန်းကာ ပြိုင်ဘက်များကို မောင်းထုတ်နေချိန်တွင် ကြယ်တံခွန်အနက်နှင့်တူစေသည့် ၎င်း၏အနက်ရောင်အမြီးရှည်ကြောင့် ဤအမည်ကိုရထားခြင်းဖြစ်သည်။ လေထဲတွင်ပျံဝဲနေမည့်အစား ဤငှက်ပိတုန်းသည် ရိုးတံပေါ်တွင်နားကာ ဝတ်ရည်ကိုစုပ်ယူရန် ပန်းပွင့်များ၏နောက်ဘက်ပိုင်းမှ ထိုးဖောက်ပါသည်။

အီကွေဒေါရှိငှက်အားလုံး အကောင်သေးလွန်းသည့်ငှက်ချည်းမဟုတ်ကြပါ။ ငှက်ရဲရှိသမျှတွင် အကြီးဆုံးဖြစ်သည့် ခန့်ညားလှသောလင်းတကြီးငှက်သည် အရေအတွက်များစွာလျော့နည်းနေသော်လည်း အင်ဒီးစ်တောင်တန်းတွင် ယနေ့ထိပျံဝဲနေဆဲပင်ဖြစ်သည်။ ဤငှက်၏ပီပြင်သည့်ပုံရိပ်ကို တွေ့ရမည်အထင်နှင့် ကျွန်တော်တို့သည် အလွန်မြင့်သည့်တောင်ထိပ်များကို မျက်ခြည်မပြတ်အသေအချာကြည့်သော်လည်း မတွေ့ခဲ့ရပါ။ အမေဇုန်ဒေသ၌ ကမ္ဘာတွင် ခွန်အားအရှိဆုံးငှက်ရဲ—ဟာပီလင်းယုန်ငှက်—ကို တွေ့ရဖို့ခက်ပါသည်။ အနှောင့်အယှက်ကင်းသည့် မိုးသစ်တောရှိ ဧရာမသစ်ပင်ကြီးတစ်ပင်၏အကိုင်းတွင် ရက်ပေါင်းများစွာ မထင်မရှားနားကာ မသိရှာသောမျောက်မောင်းမ သို့မဟုတ် မျောက်တစ်ကောင်ကိုထိုးသုတ်ရန် စောင့်နေတတ်ပါသည်။

ဆေးဖက်ဝင်အပင်များ

အီကွေဒေါတွင်တွေ့ရသည့်အပင်များစွာသည် အလှဆင်၍ရသည့်အပြင် ဆေးဖက်လည်းဝင်သည်။ နိုင်ငံတောင်ပိုင်းတွင်ရှိသည့် ပိုဒိုကာပတ်စ် အမျိုးသားပန်းခြံသို့ သွားလည်ချိန်တွင် ကျွန်တော်တို့၏လမ်းပြက ဗယ်ရီသီးအနီများနှင့်အပင်ငယ်တစ်ပင်ကို ပြပါသည်။ “ဒါ ကာစကာရီလာအပင်ပဲ။ ဒီအပင်ရဲ့အခေါက်က ရာစုနှစ်များစွာ ကွီနိုင်ဆေးရဲ့ရင်းမြစ်ဖြစ်လာခဲ့တယ်” ဟုသူရှင်းပြပါသည်။ လွန်ခဲ့သည့်အနှစ်နှစ်ရာက လိုဟာပြည်နယ်အနီးတွင် ငှက်ဖျားကြောင့်သေလုနီးပါးဖြစ်နေသည့် စပိန်အမျိုးသမီးမှူးမတ်တစ်ဦး၏အသက်ကို ကွီနိုင်ဆေးက ကယ်ခဲ့ပါသည်။ ကြာမြင့်စွာကပင် အင်ကာစ်လူမျိုးများသိရှိခဲ့ကြသောဤသတင်းသည် မကြာမီမှာပင် တစ်ကမ္ဘာလုံးကို ပျံ့သွားတော့သည်။ ကာစကာရီလာအပင်သည် ရုတ်တရက်ကြည့်လျှင် အရေးမပါပုံရသော်လည်း ၎င်း၏အခေါက်မှထုတ်ယူရရှိသည့်ဆေးဝါးသည် အသက်ပေါင်းများစွာကို ကယ်ခဲ့ပေပြီ။

ဤအပင်ရှင်သန်ကြီးထွားရာ တိမ်သစ်တောတွင် အပင်အိုကြီးများလည်း ရှင်သန်ပေါက်ပွားပါသည်၊ ယင်းတို့၏အဖုအထစ်များသောအကိုင်းများကို အချွန်အတက်ရှိသောဘရိုမီလီယက်အပင်များက ပန်းကုံးများအဖြစ်ဆိုင်းထားပါသည်၊ ၎င်းတို့ထဲမှအချို့သည် တောက်ပသည့်အပွင့်နီများရှိပါသည်။ ဤဝေးခေါင်သောသစ်တောများသည် ရုက္ခဗေဒပညာရှင်များက စာရင်းပြုစုရန်ကြိုးစားနေဆဲရှိသည့် မရေမတွက်နိုင်သောအပင်မျိုးစိတ်များရှိသည့်အပြင် မျက်ကွင်းဖြူဝက်ဝံ၊ အိုဆီလော့တောကြောင်နှင့် ပျူမာတောင်ခြင်္သေ့များအတွက် နားခိုရာလည်းဖြစ်ပါသည်။

သိပ္ပံပညာရှင်များသည် ပိုကောင်းသည့်အကိုက်အခဲပျောက်ဆေးကို ရရှိဖို့မျှော်လင့်ချက်ဖြင့် အလွန်သေးငယ်သည့် အီကွေဒေါဖားတစ်ကောင်ကို အနီးကပ်လေ့လာကြပါသည်။ အဆိပ်ထွက်သည့် ဤဖားကောင်၏အရေပြားမှ မော်ဖင်းထက် အဆ ၂၀၀ ပိုစွမ်းသည်ဟုဆိုသော အကိုက်အခဲပျောက်ဆေးတစ်မျိုးထွက်ရှိပါသည်။

ကျွန်တော်တို့ ယခင်မြင်ခဲ့ဖူးသမျှနှင့်တစ်ခုမျှမတူသည့် အပင်အချို့ကို အင်ဒီးစ်တောင်တန်းတွင် တွေ့ခဲ့ရပါသည်။ ငှက်ပိတုန်းများကို ဆွဲဆောင်နိုင်စွမ်းရှိသည့် ဘရိုမီလီယက်မျိုးရင်းဝင်ပျူယာပင်သည် တစ်စုံတစ်ဦးက ကောက်ယူပြီး ပတ်ဝန်းကျင်ကို တံမြက်လှည်းရန်စောင့်နေသည့် ရှေးဆန်သောတံမြက်စည်းကြီးတစ်ချောင်းကို ပြန်ပြောင်းသတိရစေပါသည်။ ပါရာမိုလွင်တီးခေါင်ဒေသရှိ ကွန်းခိုရာချိုင့်များတွင် ဟိမဝန္တာတောင်တန်းရှိ ထင်ရှူးပင်များနှင့် တူညီသောအမြင့်တွင်ကြီးထွားကာ ရာသီဒဏ်ခံနိုင်သည့် ပုကွသောကွီနိုအာသစ်တောများရှိပါသည်။ အမြင့်ခြောက်ပေမှဆယ်ပေသာရှိသော ဤထူထပ်သည့်အပင်များသည် ထိုးဖောက်၍မရနိုင်လောက်သော ချုံပုတ်များအဖြစ်ရှိနေရာ ယင်းတို့သည် ငှက်နှင့် တိရစ္ဆာန်များအတွက် ပျော်မွေ့ဖွယ်ကောင်းသောခိုနားရာဖြစ်နေပါသည်။

သို့ရာတွင် အမေဇုန်မိုးသစ်တော၌ သစ်ပင်များသည် မြင့်မားပြီး ဝေဆာပါသည်။ ဟာတွန်စာရှာဇီဝဗေဒဌာနသို့ သွားလည်ပတ်ချိန်အတွင်း သစ်တောထဲမှ ပေတစ်ရာကျော်မြင့်သည့် ဧရာမသစ်ပင်ကြီးတစ်ပင်အောက်တွင် ကျွန်တော်တို့ရပ်နားခဲ့ကြပါသည်။ ရုတ်တရက် ၎င်းအပင်ကိုထောက်ခံထားသည့်ဧရာမအမြစ်များအနီးတွင် အနည်းငယ်လှုပ်ရှားမှုတစ်ခုကြောင့် ကျွန်တော်တို့လန့်ဖျပ်သွားခဲ့ရပါသည်။ သစ်မြစ်များရှိ အက်ကြောင်းတစ်ခုသည် အလွန်သေးငယ်သောလင်းနို့ကလေးများ၏မိသားစုတစ်စုအတွက် နေအိမ်ဖြစ်မှန်းနောက်မှသိရသည်။ ထိုကဲ့သို့ကြုံတွေ့ရသည့်အရာက သစ်တောသည် ဤသဟဇီဝကူးလူးဆက်ဆံမှုများစွာအပေါ်တွင် မှီတွယ်နေကြောင်း ကျွန်တော်တို့ကိုအမှတ်ရစေပါသည်။ မိုးသစ်တောကို မျိုးစေ့ဖြန့်ချိပေးသူနှင့် ဝတ်မှုန်ကူးပေးသော လင်းနို့များသည် ၎င်းတို့ကိုအကာအကွယ်ပေးသည့် သစ်ပင်များနှင့် အရေးပါသောဆက်နွှယ်မှုရှိကြပါသည်။

တောင်ပေါ်ဈေးများ

အီကွေဒေါလူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်သည် အင်ဒီးယန်းအနွယ်များဖြစ်ကြသည်။ လူမျိုးစုအုပ်စုကွဲများ—အုပ်စုတစ်ခုစီတွင် ဝတ်စားဆင်ယင်မှုတစ်မျိုးစီရှိ—သည် အင်ဒီးစ်ချိုင့်ဝှမ်းအများစု၏ ထူးခြားချက်တစ်ခုဖြစ်သည်။ လမ်းလျှောက်ရင်း သိုးမွေးချည်ငင်လျက် အလွန်မတ်စောက်သောတောင်စောင်းလမ်းများမှ အပေါ်သို့တက်နေကြသည့် အင်ဒီးယန်းအမျိုးသမီးများကို ကျွန်တော်တို့မကြာခဏတွေ့ခဲ့ရပါသည်။ သူတို့အတွက် မည်သည့်တောင်စောင်းမဆို ထွန်ယက်စိုက်ပျိုးဖို့ မတ်စောက်လွန်းသည်ဟူ၍ ရှိကြပုံမရပါ။ ပြောင်းခင်းတစ်ခင်းကို ကျွန်တော်တို့ စူးစမ်းလေ့လာကြည့်ရာ အနည်းဆုံး ၄၅ ဒီဂရီမတ်စောက်သည်ဟု ခန့်မှန်းရပါသည်!

အော်တာဗာလိုကဲ့သို့သော အီကွေဒေါရှိဈေးများသည် နာမည်ကြီးသည်။ ၎င်းတို့သည် ဒေသခံပြည်သူများက ရိုးရာအဝတ်အထည်များ သို့မဟုတ် အခြားလက်မှုပစ္စည်းများအပြင် တိရစ္ဆာန်များနှင့် လယ်ယာထွက်သီးနှံများကို ရောင်းဝယ်နိုင်သည့် အဓိကအချက်အချာနေရာများဖြစ်သည်။ ဒေသခံပြည်သူများသည် ရိုးရာအဝတ်အစားဖြင့် ဈေးကိုသွားရာ ကမ္ဘာလှည့်ခရီးသည်များစွာကိုဆွဲဆောင်သည့် ထူးခြားသောမြင်ကွင်းတစ်ရပ်ကို ဖြစ်ပေါ်စေပါသည်။ ယေဟောဝါသက်သေများသည်လည်း ဈေးနေ့များကို အခွင့်ကောင်းယူကာ လူတို့အား ကျမ်းစာသတင်းတရားကို မျှဝေကြပါသည်။

ရက်ကန်းလုပ်ငန်း၏ဆွဲဆောင်မှုတစ်ခုမှာ ၎င်း၏ရှေးကျသောလက်ရာများအပြင် ရိုးရာအရောင်များနှင့်အနုပညာအယူအဆများကို အပြည့်အဝအသုံးချခြင်းပင်ဖြစ်သည်။ အင်ဒီးစ်တောင်တန်းသားများသည် စပိန်လူမျိုးများမရောက်မီကြာမြင့်စွာကပင် သူတို့၏ကျော်ကြားသောခေါင်းစွပ်ခြုံထည်များကို ရက်လုပ်နေကြပါသည်။ သူတို့၏နည်းစနစ်များကို ခေတ်မီတိုးတက်အောင်ပြုခဲ့ကြသော်လည်း အလုပ်ကြိုးစားသောဤအင်ဒီးယန်းများသည် လက်ရာကောင်းသောထိုးထည်နှင့် ပုံဖော်ရက်ထည်ကို ယနေ့ထိတိုင်ထုတ်လုပ်ဆဲဖြစ်သည်။

မြူဖုံးလွှမ်းသည့်တောင်များ

ကားမူးတတ်သူတစ်ဦးသည် အင်ဒီးစ်တောင်တန်းတစ်လျှောက်တွင် ကားမမောင်းသင့်ပါ။ လမ်းများသည် လိမ်ကောက်နေသောချိုင့်များနှင့်ကပ်၍ ဖောက်ထားရာ ကွေ့ကောက်လိမ်ဖည်ပြီး တက်လိုက်ဆင်းလိုက်ဖြစ်နေပါသည်။ မကြောက်မရွံ့ခရီးသွားလာသူသည် စိုးရွံ့အံ့သြဖွယ်ရာဟုပင်ဆိုနိုင်သည့် အမြဲပြောင်းနေသော မြင်ကွင်းကျယ်ရှုခင်းကို မြင်ခွင့်ရပါသည်။

ပထမဆုံးအနေနှင့် အင်ဒီးစ်တောင်တန်းကို ကျွန်တော်တို့မောင်းတက်သွားသည့်အခါ မြူများသည် ကျွန်တော်တို့၏ကားကို အမြဲတမ်းလိုလိုပင်လွှမ်းထားပါသည်။ တစ်ခါတစ်ရံ ကျွန်တော်တို့သည် မြူထဲမှပေါ်လာပြီး မြူများနှင့်ပြည့်နေသောချိုင့်များမှ မြူတစ်လိပ်ပြီးတစ်လိပ်တက်လာသည်ကို တွေ့နိုင်ပါသည်။ အင်ဒီးစ်တောင်တန်းတစ်လျှောက် ခရီးသွားစဉ် မြူများသည် ကျွန်တော်တို့နှင့်ကစားနေသည်ဟု ထင်ရပါသည်။ ကျွန်တော်တို့ဖြတ်ခဲ့သည့်ရွာကို အချိန်တိုအတွင်း မြူလုံးလုံးဖုံးလွှမ်းသွားပါသည်။ ခဏကြာသည့်အခါ အလွန်တောက်ပသည့်နေရောင်ခြည်အောက်တွင် နောက်တစ်ရွာပေါ်လာပြန်ပါသည်။

တစ်ခါတစ်ရံ မြူသည် အောက်ဘက်မှ အလိပ်လိုက်တက်လာသည်; တစ်ခါတစ်ရံ တောင်ထိပ်ပေါ်မှ အလိပ်လိုက်ဆင်းလာသည်။ ကွယ်နေသည့် လှပသောမြင်ကွင်းကိုရှုစားနိုင်ရန် အနှောင့်အယှက်ဖြစ်နေသော်လည်း မြူနှင်းတို့သည် ၎င်းတို့ဖုံးလွှမ်းထားသည့် မြင့်မားသောတောင်ထိပ်များကို ကြီးကျယ်ခမ်းနားပြီး လျှို့ဝှက်ဆန်းကြယ်စေပါသည်။ ပိုအရေးကြီးသည်မှာ ၎င်း၏တန်ဖိုးရှိအစိုဓာတ်က တိမ်သစ်တောကို အသက်ရှင်စေခြင်းပင်ဖြစ်သည်။

အီကွေဒေါတွင် ကျွန်တော်တို့ရောက်ရှိသည့် နောက်ဆုံးနံနက်ခင်း၌ မြူရှင်းနေပါသည်။ ကတော့ပုံဆန်ဆန်နှင်းဖုံးလွှမ်းထားသည့် ခန့်ညားထည်ဝါသော ကိုတိုပါစီမီးတောင်မြင်ကွင်းကို နာရီပေါင်းအတော်ကြာကြာ ကျွန်တော်တို့ကြည့်ခဲ့ရပါသည်။ ဤကမ္ဘာ့အမြင့်ဆုံးမီးတောင်ရှင်ကို အမျိုးသားဥယျာဉ်၏အလယ်တွင် အလှပစ္စည်းအဖြစ်ထားရှိပါသည်။ တောင်ထိပ်အနားသို့ကပ်သွားသည့်အခါ ၎င်း၏အပေါ်တောင်စောင်းတစ်ခုမှ တဖြည်းဖြည်းစီးဆင်းနေသည့် ရေခဲမြစ်ကြီးတစ်ခုကိုတွေ့ရ၍ ကျွန်တော်တို့အံ့သြခဲ့ရပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀,၀၀၀ နီးပါးတွင်ရှိသော၎င်းရေခဲမြစ်သည် အရှိန်ပြင်းသည့်အီကွေတာနေပူရှိန်ကို အောင်မြင်စွာတွန်းလှန်နိုင်ပါသည်။

နောက်တစ်နေ့တွင် ကျွန်တော်တို့၏အိမ်အပြန်ခရီးအတွက် ကွီတိုမြို့မှလေယာဉ်ထွက်ခွာစဉ် အီကွေဒေါကို နောက်ဆုံးမြင်ခဲ့ရပါသည်။ နံနက်စောစောအလင်းရောင်အောက်တွင် ဆီးနှင်းဖုံးနေသော နောက်မီးတောင်တစ်ခုဖြစ်သည့် ကာယမ်ဘီမီးတောင်ကိုမြင်ခဲ့ရပါသည်။ ၎င်းမီးတောင်သည် ဆီးနှင်းများကိုထိုးဖောက်ပြူထွက်ကာ နေရောင်ခြည်အောက်တွင် ရွှေရောင်တမျှတောက်ပနေပါသည်။ တောင်ထိပ်သည် အီကွေတာနှင့်တစ်ထပ်တည်းနီးပါးရှိသော ဤမီးတောင်သည် ကျွန်တော်တို့လည်ပတ်ခဲ့သည့် အလွန်ဆွဲဆောင်မှုရှိသောနိုင်ငံ၏ လိုက်ဖက်သောနှုတ်ဆက်ခွဲခွာခြင်း အထိမ်းအမှတ်တစ်ခုဖြစ်ပုံရပါသည်။ အီကွေဒေါသည် ကာယမ်ဘီမီးတောင်ကဲ့သို့ပင် အီကွေတာကို ခန့်ညားထည်ဝါစွာ ခွလျက်တည်ရှိပါသည်။—ဆောင်းပါးရှင်ရေးသားပေးပို့သည်။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

နောက်ခံရှုခင်းတွင် ကိုတိုပါစီမီးတောင်ကိုတွေ့ရသော အင်ဒီးစ်တောင်တန်းမြင်ကွင်း

အင်ဒီးယန်းပန်းသည်

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

၁။ ငှက်ပျောရိုင်းပင်

၂။ အောက်ချင်းငှက်မျိုးအဝင် ပန်းထိမ်ဖိုငှက်

[Credit Line]

Foto: Zoo de Baños

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ