ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • sg သင်ခန်းစာ ၅ စာ. ၂၃-၂၈
  • ကောင်းစွာနားထောင်သူဖြစ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းစွာနားထောင်သူဖြစ်ပါ
  • သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • “သင့်နားထောင်ပုံကို ဂရုစိုက်လော့”
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • မေတ္တာဖြင့် နားထောင်ပေးခြင်း အတတ်ပညာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • သင်မည်သို့နားထောင်သည်ကို အာရုံစိုက်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ကောင်းစွာနားထောင်သူတစ်ဦးဖြစ်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
sg သင်ခန်းစာ ၅ စာ. ၂၃-၂၈

သင်ခန်းစာ ၅

ကောင်းစွာနားထောင်သူဖြစ်ပါ

၁–၅။ နားထောင်ခြင်းကား အဘယ်နည်း။ အထူးသဖြင့် အသင်းတော်စည်းဝေးများ၌ နားထောင်ဖို့ အဘယ်ကြောင့် အရေးကြီးသနည်း။

၁ ယေဟောဝါ၏အမှုဆောင်တစ်ဦးအနေနှင့် သင့်တိုးတက်မှုသည် သင့်နားထောင်မှုအပေါ် အတော်အတန် မူတည်သည်။ သင့်ဘဝတစ်လျှောက် ဆည်းပူးသင်ယူရာတွင် နားထောင်ခြင်းသည် အလွန်အရေးကြီးသည်။ ကြားရာကို အာရုံစူးစိုက်လျှင် နားထောင်ခြင်းဖြစ်သည်။ သို့သော် စူးစိုက်နားမထောင်လျှင် ပြောဆိုသမျှကို ကြားမည်မဟုတ်ချေ။ သင့်စကားကို တစ်ဝက်တစ်ပျက်သာ အာရုံစိုက်သူတို့ကို စကားပြောဖူးပေမည်။ သင့်စကားကို ထိုသူသဘောတူဝန်ခံဦးတော့ အမှန်ဆိုလျှင် သဘောမပေါက်သဖြင့် အကျိုးခံစားမှုမရှိဘဲဖြစ်မည်။ ထို့ကြောင့် အချိန်အခါမရွေး၊ အထူးသဖြင့် ကျမ်းစာပညာဆည်းပူးသည်တွင် စူးစိုက်နားထောင်သူများ အမှန်ဖြစ်သင့်သည်တကား! သုတ္တံ ၁:၅ ဆိုသည့်အတိုင်းပင်တည်း– “ပညာရှိသောသူသည် နားထောင်သဖြင့် ပညာအတတ် တိုးပွားရလိမ့်မည်။”

၂ စည်းဝေးများသည် ယေဟောဝါ၏အဖွဲ့အစည်းမှတစ်ဆင့်ပြင်ဆင်ပေးသော ပညာပေးရေးအစီအစဉ်တွင် ပါဝင်သည်ဖြစ်၍ စူးစိုက်နားထောင်လျှင် ယေဟောဝါရှင်နှင့် ကိုယ်တော်၏ ပြင်ဆင်ပေးချက်ကို ရိုသေလေးစားကြောင်း တင်ပြသည်။ သို့သော် လူသား၏စိတ်သဘော၊ ရံဖန်ရံခါ အာရုံလွင့်ပါးတတ်ကြောင်းကို ကိုယ်တော်သိထား၍လည်း အလျှံပယ်ပြင်ဆင်ထားတော်မူသည့် ဝိညာဏအစာကို စားသုံးရန် ကိုယ်တော်ဖိတ်ခေါ်ရာတွင် ဤသို့အလေးအနက် မိန့်တော်မူသည်– “ငါ့စကားကို စေ့စေ့နားထောင်လျက် ကောင်းသောအစာကို စားကြလော့။ . . . နူးညွတ်သောနားနှင့် ငါ့ထံသို့လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျှင် သင်တို့၏ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။” (ဟေရှာ. ၅၅:၂၊ ၃) ကိုယ်တိုင် ထာဝရအသက်ရ၍ အခြားသူတို့အား ယင်းဆုကို ဆွတ်ခူးစေရန် ဘုရားသခင်၏စကားကို စူးစိုက်နားထောင်၍ သဘောပေါက်ရန် လိုသည်။​—ဟေဗြဲ ၁:၁၊ ၂; ၂:၁။

၃  စူးစိုက်နားထောင်ခြင်းသည် စိတ်နှိမ့်ချမှုရှိကြောင်း ထင်ရှားစေသည်။ ကျွန်ုပ်တို့အားလုံး နှိမ့်ချစရာအကြောင်းလည်း ရှိသည်။ ကျွန်ုပ်တို့အားလုံး အခြားလူတစ်ဦးထံမှသင်ယူနိုင်သည်; ကျွန်ုပ်တို့တစ်ယောက်မျှ အရာခပ်သိမ်းကိုမသိပေ။ ဟောပြောသူသည် အရည်အချင်း ရှိသောသူတစ်ဦး မဖြစ်စေကာမူ သူ၏စကားကို စူးစိုက်နားထောင်ခြင်းဖြင့် ဟောပြောသူကို ကူညီအားပေး၍ စိတ်နှိမ့်ချမှု တင်ပြသင့်သည်။ ကျွန်ုပ်တို့မစဉ်းစားဖူးသည့် ရှုထောင့်တစ်ခု သို့မဟုတ် အနက်ဖွင့်ဆိုချက်တစ်မျိုးကို သူဖော်ပြကောင်း ဖော်ပြပေမည်။ ဝိညာဏသဘောအရ ကလေးသူငယ်ဖြစ်သူများနှုတ်မှ ယေဟောဝါရှင်သည် အဓိပ္ပာယ်ရှင်းစေနိုင်ကြောင်း သတိရပါ။​—မ. ၁၁:၂၅။

၄ အသင်းတော်အစည်းအဝေးများမှ ရရှိသောအသိပညာကို လက်တွေ့အသုံးပြုနိုင်ရန် စူးစိုက်နားထောင်ဖို့ အရေးကြီးသည်။ ‘တိကျမှန်ကန်သောအသိပညာ’ ရရှိမှသာလျှင် လူသစ်ကို ယူတင်ဝတ်ဆောင်နိုင်သည်။ (ကော. ၃:၉၊ ၁၀) စူးစိုက်နားထောင်ခြင်းဖြင့် အသေးစိတ်အချက်များကို သိမည်ဖြစ်၍ ကျွန်ုပ်တို့အသက်တာတွင် အဘယ်ပြောင်းလဲမှုများ ပြုလုပ်ဖို့လိုကြောင်း သိလာရာ ဝိညာဉ်ရေးဘက်တွင် တိုးပွားလာမည်။ စူးစိုက်နားထောင်မှ နှုတ်တိုက်၊ သို့မဟုတ် ရေးသားဖြေဆိုရာ၌ အဖြေမှန်များ ပေးနိုင်မည်။ အမှုဆောင်သည့်အခါ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအကြောင်း မေးလာသူများကို မှန်ကန်စွာတင်ပြနိုင်ရန် မည်မျှအရေးကြီးလှသည်တကား!

၅ စူးစိုက်နားထောင်သည့်အကျင့်ကို ပြုစုပျိုးထောင်လျှင် ကြားသမျှကို မှတ်မိနိုင်စွမ်း တိုးပွားစေ၏။

၆–၈။ ဟောပြောချက်ပေးစဉ် စိတ်လေမလွင့်စေရန် မည်သို့လုပ်နိုင်သနည်း။

၆ နားထောင်နည်း။ စည်းဝေး၌ စိတ်အာရုံလွင့်စေသည့်အကြောင်း များစွာရှိသည်။ တစ်နေ့တာအတွင်း အဖြစ်အပျက်များ၊ သို့မဟုတ် နက်ဖြန်နေ့တွင် ပြုလုပ်ရမည့်အမှုကို အာရုံပြုနေပေမည်။ သို့သော် တစ်ယောက်က ပြောဆိုတင်ပြနေသောအချက်ကို စူးစိုက်နားမထောင်လျှင် ရောက်ရှိနေခြင်းသည် ဘာအဓိပ္ပာယ်ရှိမည်နည်း။ ယင်းကြောင့် တစ်ဦးစီအနေနှင့် ကိုယ့်ကိုယ်ကို ပဲ့ပြင်ရန်၊ မိမိတွေးတောရာကို ချုပ်တည်းပေးရန် လိုပါသည်။ ဆွေးနွေးတင်ပြနေသည့်အကြောင်းကို အာရုံအပြည့် စူးစိုက်နားထောင်ရန်၊ စိတ်လေလွင့်တတ်သည့်သဘောကို ချုပ်ထိန်းရန် စိတ်ဆုံးဖြတ်သင့်သည်။ ဆွေးနွေးတင်ပြနေသည့်အကြောင်းမှတစ်ပါး အခြားအကြောင်းကို မစဉ်းစားဘဲနေခြင်းသည် အာရုံစိုက်ခြင်းဖြစ်သည်။

၇ စိတ်လေမလွင့်စေရန် ကူညီပေးသည့်နည်းကား ဟောပြောသူသုံးသောကျမ်းချက်နှင့် အချက်များကိုမှတ်ချက်ယူခြင်းဖြစ်သည်။ သို့သော် များစွာရေးမှတ်ဖို့မလို။ မှတ်ချက်အနည်းငယ်ယူခြင်းဖြင့် အာရုံစိုက်နိုင်သည်။ ထိုမှတ်စုများသည် နောက်တစ်ချိန်တစ်ခါတွင် တန်ဖိုးရှိလိမ့်မည်။ သို့သော် ယင်းတို့ကို နောက်တစ်ဖန်အသုံးမပြုဦးတော့ ဆွေးနွေးတင်ပြချက်ကို အာရုံစူးစိုက်ရန် အထောက်အကူပြုပါသည်။ သို့ပြုခြင်းဖြင့် ဆွေးနွေးသည့်အကြောင်းကို စိတ်ဝင်စားစေ၍ ဟောပြောသူ၏ အဓိကတင်ပြချက်များကို သိရှိနိုင်စေသည်။

၈ နေ့စဉ်စကားပြောဆိုချိန်တွင် နားထောင်သူသည် ပြောဆိုနေသည့်အကြောင်းနှင့်ပတ်သက်၍ သင့်တော်သောမေးခွန်းများကို မေးခြင်းဖြင့် သူအာရုံစိုက်နေသည်ကို သိရသည့်နည်းတူ ဟောပြောချက်ကိုနားထောင်သည့်အခါ မိမိစိတ်ထဲတွင် မေးခွန်းများထုတ်ပြီး ဟောပြောသူသည် ယင်းတို့ကို မည်သို့ဖြေဆိုမည်အကြောင်း စဉ်းစားနေပါ။ ထို့ပြင် ယင်းအကြောင်းကို အသင်ကိုယ်တိုင် အဘယ်နည်းဖြင့် အသုံးပြုနိုင်မည်ကို မိမိကိုယ်ကို မေးမြန်းပါ။

၉။ ဟောပြောချက်နားထောင်စဉ် လျင်မြန်စွာ စဉ်းစားတတ်သောအစွမ်းကို အဘယ်ကဲ့သို့ အကျိုးရှိရှိ အသုံးပြုနိုင်သနည်း။

၉ အများအားဖြင့် စကားပြောခြင်းထက် စဉ်းစားခြင်းသည် ပိုမြန်သည်။ သို့ဖြင့် အခြားမသက်ဆိုင်သောအကြောင်းများကို ထည့်သွင်းစဉ်းစားစေသည်။ တစ်မိနစ်လျှင် စကားလုံးပေါင်း ၄၀၀ စဉ်းစားနိုင်ပြီး စကားပြောနှုန်းမှာ စကားလုံးပေါင်း ၁၂၅ လုံးသာဖြစ်သည်ဟု ခန့်မှန်းရသည်။ သို့ရာတွင် ဤစဉ်းစားမှု လျင်မြန်ခြင်းကို အကျိုးရှိရှိ အသုံးပြုနိုင်သည်။ တင်ပြနေသည့်အကြောင်းကို စဉ်းစားပြီး အတိုချုပ်လျက် ပြန်လည်စစ်ဆေးကြည့်ခြင်းဖြင့် စွဲမှတ်နိုင်ပါမည်။

၁၀၊ ၁၁။ နားထောင်ရာတွင် ရည်ရွယ်ချက်မှန်ရှိခြင်းက မည်သို့အကူအညီပေးသနည်း။

၁၀ အရေးကြီးသည့်အချက်များကို မှတ်မိနိုင်ဖို့ အကူအညီတစ်ခုကား ရည်ရွယ်ချက်အမှန်နှင့် နားထောင်ခြင်းဖြစ်သည်။ ဟောပြောသူ၏ ဟောပြောပုံ၊ သူစုဆောင်းထားသည့် အချက်များကို အပြစ်ရှာလိုသည့်သဘောမျိုး မရှိသင့်။ ဓမ္မအမှုကျောင်းတွင် ကျောင်းကြီးကြပ်မှူးသည် အကြံပေးဖို့ဖြစ်၍ ကျွန်ုပ်တို့မူကား ဟောပြောသူတင်ပြနေသည့် အရေးကြီးသောအချက်အလက်များကို စူးစိုက်နားထောင်နိုင်ပါသည်။

၁၁ ကျောင်းကြီးကြပ်မှူး သင်တန်းသားကိုအကြံပေးသည့်အခါ ယင်းအကြံပေးချက်နှင့် ကိုယ်တိုင် သဘောတူမတူ စဉ်းစားနေမည့်အစား ထိုအကြံပြုချက်သည် မိမိကိုယ်တိုင်နှင့် သက်ဆိုင်သည် မဆိုင်သည်၊ ယင်းကို ကျင့်သုံးခြင်းဖြင့် အဘယ်အကျိုး ခံစားရမည်အကြောင်း စဉ်းစားလျှင် သာ၍တည်ဆောက်မှု ဖြစ်သည်။ သို့ဖြင့် ကောင်းစွာနားထောင်သူတစ်ဦးဖြစ်ခြင်းဖြင့် ကိုယ်တိုင်ဟောပြောသည့်အခါ၌သာ တိုးတက်မှုရှိမည်မဟုတ်ဘဲ အခြားကျောင်းသားများ၏ ဟောပြောချက်များမှ သင်ခန်းစာ ရရှိနိုင်မည်။

၁၂။ ကလေးငယ်များပင် ကောင်းစွာနားထောင်သူများ အဘယ်နည်းဖြင့် ဖြစ်လာနိုင်မည်နည်း။

၁၂ လူငယ်များနှင့် ကလေးများသည် စူးစိုက်နားထောင်တတ်ဖို့ သင်ပေးခံရသင့်သည်။ မိဘမျက်စိအောက်တွင် ထိုင်စေ၍ သူတို့ စာဖတ်နိုင်သည့်အရွယ်ရောက်လျှင် လေ့လာနေသည့် စာအုပ်တစ်အုပ်ကို သူတို့ကိုယ်ပိုင်အတွက် ဝယ်ထားပေးလျှင် စူးစိုက်နားထောင်လိုသည့်စိတ် ပေါ်စေသည်။ စည်းဝေးအစီအစဉ်နှင့် မဆိုင်သော အခြားစာပေများ ပေးဖတ်ခြင်းအကျင့် မလုပ်ပါနှင့်။ စူးစိုက်နားထောင်ဖို့ အားပေးခြင်းငှာ အိမ်ပြန်သည့်အခါ သူတို့ကြားခဲ့ရသည့် အကြောင်းတစ်ခု တင်ပြရမည်ဟု မှာထားနိုင်သည်။ မှတ်မိမည်၊ သို့မဟုတ် စည်းဝေးတွင် ပြောခဲ့သောအချက်တစ်ချက်ကို သတိပြုမည်ဆိုလျှင် ချီးမွမ်းပါ။​—တရား. ၃၁:၁၂။

၁၃၊ ၁၄။ အစာစားခြင်း အကျင့်များသည် နားထောင်မှုကို အဘယ်နည်းဖြင့် ထိခိုက်နိုင်သနည်း။

၁၃  စည်းဝေးမတက်မီ အစာများများမစားထားလျှင် ပို၍အာရုံစိုက်နိုင်ပါမည်။ အစာများလျှင် အိပ်ငိုက်စေသည်။ သို့ဖြစ်ရခြင်းမှာ ကိုယ်ခန္ဓာစွမ်းအင်များသည် အစာကြေရန် အဓိကထားရသည့်အတွက် စဉ်းစားနိုင်စွမ်းကို လှုံ့ဆော်ပေးသော စွမ်းအင်အနည်းငယ်သာ ကျန်ရှိစေသည်။ သဘောပေါက်နားလည်မှု စွမ်းရည်လျော့နည်းသောကြောင့် ထိုင်းမှိုင်းစွာသာ နားထောင်ဖို့၊ တုံ့ပြန်မှုမရှိဖို့၊ လေးနက်စွာ တန်ဖိုးထားမှုမရှိဖို့၊ သို့မဟုတ် လုံးဝအိပ်ပျော်သွားဖို့ အကြောင်းရှိစေသည်။

၁၄ ထိုထက်ပင် အရေးကြီးမည်ကား မှန်မှန်စည်းဝေးတက်၍ သွန်သင်ချက်တို့ကို ခံယူခြင်းဖြစ်သည်။ ကျောင်းများစွာတွင် အချို့ကျောင်းသားများသည် ကျောင်းပြေးပြီးနောက် သင်ခန်းစာကို မိမိဘာသာလေ့လာရန် ကြိုးစားကြသည်။ သို့သော် အသင်မကြားလိုက်သည့် သွန်သင်ချက်မှ အကျိုးခံစားရမည်မဟုတ်။ ထို့ကြောင့် မိသားစု သို့မဟုတ် မိတ်ဆွေများကြောင့် စည်းဝေးမတက်ဘဲ မနေပါနှင့်။ ဘုရားသခင်၏နှုတ်ကပါဌ်တော်မှ ရရှိသော အသက်ရှင်စေသည့် သမ္မာတရားကို မှန်မှန်ကြားနာရရန် စီစဉ်ပါ။

၁၅၊ ၁၆။ စည်းဝေးများတွင် ကျွန်ုပ်တို့၏ နားထောင်နိုင်စွမ်းကို မည်သို့စမ်းသပ်၍ တိုးတက်စေနိုင်သနည်း။

၁၅ သင့်နားထောင်နိုင်စွမ်းကို စစ်ဆေးခြင်း။ ပတ်စဉ် ငါးနာရီ စည်းဝေးတက်သည့်အချိန်အတွင်း နားထောင်ခြင်းဖြင့် များစွာတတ်မြောက်နိုင်သည်။ ထိုအချိန်ကို အကျိုးရှိရှိ အသုံးပြုသလော။ ပတ်စဉ် လူထုဟောပြောချက်ပေးသူ တင်ပြသည့် အကြောင်းအရာ မည်မျှကို မှတ်မိသနည်း။ ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်စည်းဝေးတက်ပြီးနောက် ဟောပြောချက်တစ်ခုစီ၏ အဓိကအချက်ကို ကိုယ်ပိုင်စကားဖြင့် တင်ပြနိုင်သလော၊ သို့မဟုတ် စည်းဝေးအစီအစဉ်တွင် အဘယ်သူပါဝင်ကြောင်းကိုပင် မမှတ်မိနိုင်ဘဲ ဖြစ်ဖူးသလော။ ပိုမိုအာရုံစိုက်ခြင်း၊ မှတ်စုယူခြင်းဖြင့် အကျိုးပိုခံစားနိုင်မည်လော။ စမ်းကြည့်ပါ။ ထို့နောက် စည်းဝေးအပြီးတွင် အခြားသူတို့နှင့် အဓိကအချက်များကို ဆွေးနွေးပါ။

၁၆ ပတ်စဉ်စည်းဝေးအများတွင် မေးခွန်းများ မေးလေ့ရှိ၍ ပရိသတ်လည်း ဖြေဆိုခွင့်ရကြသည်။ သူတို့၏ဖြေဆိုချက်များသည် နာရီပေါင်းများစွာ ကိုယ်ပိုင်လေ့လာမှုပြုခြင်းနှင့် နှစ်ပေါင်းများစွာ၏ အတွေ့အကြုံကို များသောအားဖြင့် ပေါ်လွင်စေသည်။ ထို့ကြောင့် သူတစ်ပါး၏ အဖြေကို ကောင်းစွာနားထောင်ပါသလော။ သူတို့အဖြေကို ကိုယ်ပိုင်စကားဖြင့် အတိုချုပ် ပြန်ပြောနိုင်ရန် သင်ဂရုစိုက်နားထောင်ပါသလော။ ထိုသို့ပြုဖို့ ကြိုးစားကြည့်ပါ။ ထိုအခါ သင်မည်မျှ ကြားနာခဲ့ကြောင်းကို သိရ၍ များစွာဝမ်းသာပါလိမ့်မည်။

၁၇။ စာပိုဒ်များကို ဖတ်သည်တွင် ဂရုစိုက် နားထောင်ခြင်းငှာ ဘာက အကူအညီဖြစ်သနည်း။

၁၇ ဤစည်းဝေးများတွင် စာဖတ်ရှုခြင်းကိုလည်း အတော်အတန်ပြုလုပ်ကြသည်။ ကင်းမျှော်စင်သင်တန်းနှင့် အသင်းတော်စာအုပ်ကြီးသင်တန်းတွင် လေ့လာသောအကြောင်း စာပိုဒ်များကို ဖတ်ရှုကြသည်။ ထိုအခါ တကယ်နားထောင်ပါသလော။ သို့မဟုတ် စိတ်လေလွင့်နေပါသလော။ အချိန်မရ၍ နှုတ်တိုက်မတင်ပြနိုင်သည့် အသေးစိတ်အချက်အလက်များစွာ အပိုဒ်များတွင် ပါရှိသည်။ အဖြေပေးသူများ ထပ်ခါတလဲ တင်ပြသည့် အဓိကအချက်တို့က လေ့လာစရာအကြောင်းကို စိတ်ထဲ စွဲမှတ်ထားစေသည်။ ထို့ကြောင့် စည်းဝေးတွင် ဖတ်ရှုသမျှကို စူးစိုက်နားထောင်လျှင် မည်မျှတတ်သိလာမည်တကား! ထို့ကြောင့် နားထောင်ရုံမက စာရွက်ပေါ်ရှိ စာကြောင်းများကို အသင်လိုက်ကြည့်မည်ဆိုလျှင် ပို၍အကူအညီရပါလိမ့်မည်။

၁၈–၂၀။ သိလိုစိတ်ပြင်းပြစွာ နားစိုက်ထောင်သူများ အဘယ်အကျိုးခံစားရမည်နည်း။

၁၈ သိလိုစိတ်ပြင်းပြစွာ နားစိုက်ထောင်သူများ ဆုကျေးဇူးရ။ သိရမည့်အကြောင်း များစွာရှိ၍ တတ်နိုင်သမျှ လေ့လာဖို့လိုကြောင်း သိလိုစိတ်ပြင်းပြသူများ သိကြသည်။ သုတ္တံ ၂:၃၊ ၄ ပါသြဝါဒကို သူတို့လိုက်နာကြသည်– ‘သိပ္ပံအတတ်ကို ခေါ်၍ ဉာဏ်နောက်သို့ အသံကို လွှင့်ပြီး ငွေကို ရှာတတ်သကဲ့သို့ ပညာကိုရှာလော့။’ ပညာကို သူတို့ဆည်းပူးစဉ် ယေဟောဝါသည် ဤသို့ကတိရှိတော်မူသောကြောင့် သူတို့ကိုကောင်းချီးပေး၏– “ထာဝရဘုရားကိုကြောက်သောသဘော၌ ကျင်လည်၍ ဘုရားသခင်ကိုသိသောဉာဏ်နှင့် ပြည့်စုံလိမ့်မည်။ . . . သင်သည် ဖြောင့်မတ်စွာကျင့်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ လျစ်လျူစွာ ဆုံးဖြတ်ခြင်းမှစ၍ ကောင်းသောလမ်းရှိသမျှတို့ကို သိနားလည်လိမ့်မည်။”​—သု. ၂:၅၊ ၉။

၁၉ ကောင်းစွာနားထောင်သူများဖြစ်ကြဖို့ ကိုယ့်ကိုယ်ကို ပဲ့ပြင်ပေးရမည် မှန်သည်။ သို့သော် အမှန်အကျိုးကျေးဇူး ကြီးလှသည်တကား! ကျွန်ုပ်တို့၏ ဝိညာဏတိုးတက်မှု အမှန်ထင်ရှား၍ ကျွန်ုပ်တို့အသက်တာ၌ ပြောင်းလဲမှုများ ဖြစ်ပေါ်လာပါသည်။ စင်မြင့်ပေါ်မှလည်းကောင်း၊ အမှုဆောင်လယ်ကွင်း၌လည်းကောင်း သတင်းကောင်း ဟောပြောနိုင်စွမ်းသည်လည်း တိုးတက်လာကြောင်း ထင်ရှားလာမည်။

၂၀ ကိုယ်ပိုင်လေ့လာဖတ်ရှုရန်အချိန် များများမရှိသော်လည်း အသင်းတော်စည်းဝေးများတွင် များစွာနားထောင်ရန် အခွင့်အရေးရရှိသည်။ ယင်းကြောင့် ကျွန်ုပ်တို့စူးစိုက်နားထောင်နိုင်စွမ်းကို ထက်မြက်စေရန် မည်မျှအရေးကြီးသည်တကား! ကျွန်ုပ်တို့ကြားသိရသည့်အရာများသည် ယေဟောဝါ၏ အမှုဆောင်ခြင်းနှင့်လည်းကောင်း၊ ကျွန်ုပ်တို့၏အသက်ရှင်ရေးနှင့်လည်းကောင်း စပ်ဆိုင်သဖြင့် ယေရှု၏စကားကို လက်တွေ့ကျင့်သုံးဖို့ မည်မျှသင့်တော်ပါသည်တကား– “သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့”!​—လု. ၈:၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ