“သင့်နားထောင်ပုံကို ဂရုစိုက်လော့”
နားစိုက်ထောင်ခြင်းသည် သင်ယူမှုတွင် အရေးပါသောအချက်တစ်ချက်ဖြစ်သည်။ ၎င်းသည် လူတစ်ဦး၏ အသက်ရှင်ကျန်ရေး အလားအလာများကိုလည်း ဩဇာညောင်းနိုင်သည်။ အီဂျစ်ပြည်အချုပ်အနှောင်မှ ကိုယ်တော့်လူမျိုးတော်ကိုကယ်တင်ရန် ယေဟောဝါပြင်ဆင်နေသည့်အချိန်တွင် သူတို့၏သားဦးကို သေမင်းတမန်လက်မှ ကယ်တင်ရန်အလို့ငှာ ဣသရေလအသက်ကြီးသူတို့ ဘာလုပ်ရမည်ကိုပြောပြသည့် မောရှေအား ကိုယ်တော်ညွှန်ကြားချက်များ ပေးခဲ့သည်။ (ထွ. ၁၂:၂၁-၂၃) ထို့နောက် အသက်ကြီးသူတို့သည် ဤသတင်းအချက်အလက်ကို အိမ်ထောင်စုတိုင်းစီသို့ ဆက်၍အသိပေးခဲ့သည်။ ယင်းကို နှုတ်ဖြင့်ပြောခဲ့သည်။ လူတို့သည် ဂရုတစိုက်နားထောင်ခဲ့ရမည်။ သူတို့ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ “မောရှေနှင့်အာရုန်တို့ကို ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည် ပြုကြ၏” ဟု သမ္မာကျမ်းစာကမှတ်တမ်းတင်သည်။ (ထွ. ၁၂:၂၈၊ ၅၀၊ ၅၁) ရလဒ်အနေဖြင့်၊ ဣသရေလလူတို့သည် စိုးရွံ့ဖွယ်လွတ်မြောက်မှုကို တွေ့ကြုံခဲ့ကြသည်။
ယေဟောဝါသည် သာ၍ပင်ကြီးမားသည့် လွတ်မြောက်မှုတစ်ခုအတွက် ယနေ့ကျွန်ုပ်တို့ကို ပြင်ဆင်ပေးနေပါသည်။ ကိုယ်တော်ပြင်ဆင်ပေးသည့် ညွှန်ကြားမှုသည် အမှန်ပင် ကျွန်ုပ်တို့အလေးအနက်ထား ဂရုစိုက်ထိုက်ပေသည်။ ထိုသို့သောညွှန်ကြားမှုကို အသင်းတော်အစည်းအဝေးများ၌ပေးသည်။ ထိုကဲ့သို့သောစုဝေးမှုများမှ သင်ပြည့်ပြည့်ဝဝ အကျိုးရရှိနေပါသလော။ သင့်နားထောင်ပုံပေါ်တွင် များစွာမူတည်သည်။
စည်းဝေး၌ညွှန်ကြားပို့ချပေးသည့် ပေါ်လွင်ချက်များကို သင်မှတ်ကျုံးပါသလော။ တစ်ပတ်ပြီးတစ်ပတ် ပေးခဲ့သည့်ညွှန်ကြားချက်ကို သင့်ကိုယ်ပိုင်ဘဝတွင်အသုံးချဖို့ သို့မဟုတ် ၎င်းကို အခြားသူများအားဝေမျှဖို့ နည်းလမ်းများရှာကြံခြင်းသည် သင့်အလေ့အထဖြစ်ပါသလော။
သင့်နှလုံးကိုပြင်ဆင်ပါ
ခရစ်ယာန်စည်းဝေးများ၌ ပြင်ဆင်ပေးသည့် ညွှန်ကြားမှုမှ ပြည့်ပြည့်ဝဝအကျိုးရရန် ကျွန်ုပ်တို့၏နှလုံးများကို ပြင်ဆင်ဖို့လိုအပ်သည်။ ယုဒပြည်၏ဘုရင် ယောရှဖတ်လက်ထက်အတွင်း ဖြစ်ပျက်ခဲ့သည့်အရာက ထိုသို့ပြုလုပ်ခြင်း၏ အရေးကြီးမှုကို မီးမောင်းထိုးပြသည်။ ယောရှဖတ်သည် စစ်မှန်သောဝတ်ပြုရေးဘက်မှ ရဲရင့်စွာရပ်တည်ခဲ့သည်။ သူသည် “မြင့်သောအရပ်နှင့်အာရှရပင်တို့ကို ယုဒပြည်မှပယ်ရှား” ပြီး ယုဒပြည်၏မြို့များအားလုံးရှိလူတို့အား ယေဟောဝါ၏ပညတ်တော်ကို သွန်သင်ပေးရန် မင်းသားများ၊ လေဝိသားများနှင့် ယဇ်ပုရောဟိတ်များကို တာဝန်ပေးခဲ့သည်။ သို့တိုင်၊ “မြင့်သောအရပ်တို့ကိုမပယ်ရှား။” (၆ ရာ. ၁၇:၆-၉; ၂၀:၃၃) မှားယွင်းသောဘုရားများဝတ်ပြုမှုနှင့် တိတ္ထိတို့၏ မြင့်သောအရပ်တို့တွင် ကျင့်ကြံသော ယေဟောဝါမိန့်မှာထားခြင်းမရှိသော ဝတ်ပြုမှုပုံစံသည် အမြစ်ဖြတ်သုတ်သင်ပစ်၍မရသည့်အထိ ခိုင်မာစွာအမြစ်စွဲနေသည်။
ယောရှဖတ်စီစဉ်ချမှတ်ခဲ့သည့် ညွှန်ကြားမှုသည် အဘယ်ကြောင့် ရေရှည်မတည်ခဲ့သနည်း။ မှတ်တမ်းကဤသို့ဆက်ဆိုသည်– “လူများတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ကို ဆည်းကပ်ခြင်းငှာ၊ သဘောမချဘဲနေ [“သူတို့၏နှလုံးကို မပြင်ဆင်ထား၊” ကဘ] ကြသေး၏။” သူတို့ကြားခဲ့သော်လည်း ကြားသည့်အတိုင်းမလုပ်ခဲ့ကြပေ။ ယဇ်ပူဇော်ဖို့ ယေရုရှလင်ရှိဗိမာန်တော်သို့သွားရန် အဆင်မပြေဟု သူတို့ယူဆကြခြင်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့နှလုံးများသည် ယုံကြည်ခြင်းဖြင့် လှုံ့ဆော်မခံခဲ့ရကြပေ။
စာတန့်လောက၏လမ်းစဉ်များသို့ နောက်ကြောင်းပြန်မခေါက်ရန် ယနေ့ ယေဟောဝါပြင်ဆင်ပေးနေသည့် ညွှန်ကြားမှုကို လက်ခံယူရန် ကျွန်ုပ်တို့၏နှလုံးများကို ပြင်ဆင်ရမည်။ မည်သို့အားဖြင့်နည်း။ အရေးကြီးသောနည်းလမ်းတစ်ခုမှာ ဆုတောင်းခြင်းဖြင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ညွှန်ကြားမှုကို ကျေးဇူးတင်စိတ်ဖြင့် လက်ခံယူမည်ဖြစ်ကြောင်း ဆုတောင်းသင့်သည်။ (ဆာ. ၂၇:၄; ၉၅:၂) မစုံလင်သော်လည်း ကိုယ်တော်၏လူမျိုးတော်တို့ကို သွန်သင်ပေးခြင်း၌ မိမိတို့ကိုယ်ကို ယေဟောဝါ၏အသုံးတော်ခံနေကြသည့် ကျွန်ုပ်တို့ညီအစ်ကိုများ၏ ကြိုးပမ်းမှုများကို လေးမြတ်တန်ဖိုးထားရန် ယင်းက ကျွန်ုပ်တို့ကို ကူညီပေးမည်။ ကျွန်ုပ်တို့လေ့လာနေသည့် အသစ်သောအရာများအတွက်သာမက ယခင်က ကျွန်ုပ်တို့သင်ယူခဲ့ကြသည့် ကိစ္စရပ်များကို ကျွန်ုပ်တို့သာ၍ လေးမြတ်တန်ဖိုးထားခွင့်ရခြင်းအတွက်ပါ ယေဟောဝါအားကျေးဇူးတင်ရန် ယင်းက ကျွန်ုပ်တို့အား လှုံ့ဆော်ပေးမည်။ ဘုရားသခင့်အလိုတော်ကို ပြည့်ပြည့်ဝဝထမ်းဆောင်ရန် စိတ်ဆန္ဒထားရှိကာ ကျွန်ုပ်တို့ဤသို့ဆုတောင်းသည်– “အိုယေဟောဝါ၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားသွန်သင်တော်မူပါ။ . . . နာမတော်ကိုကြောက်ရွံ့ရန် အကျွန်ုပ်နှလုံးကို စုစည်းတော်မူပါ။”—ဆာ. ၈၆:၁၁၊ ကဘ။
သင့်အာရုံကို စူးစိုက်ပါ
ကျွန်ုပ်တို့၏ ဂရုတစိုက်နားထောင်ခြင်းကို တားဆီးသည့်အရာ များစွာရှိသည်။ ကျွန်ုပ်တို့၏စိတ်သည် စိုးရိမ်ပူပန်မှုများနှင့် ပြည့်ကျပ်နေပေမည်။ ပရိသတ်ထဲရှိ သို့မဟုတ် စည်းဝေးကျင်းပနေရာအပြင်ဘက်ရှိ ဆူညံမှုနှင့်လှုပ်ရှားမှုတို့က ကျွန်ုပ်တို့ကို စိတ်ပျံ့လွင့်စေပေမည်။ ကိုယ်လက်အင်္ဂါများ ဝေဒနာခံနေရခြင်းကြောင့် ကျွန်ုပ်တို့အား စူးစိုက်ရန် ခက်ခဲစေပေမည်။ ကလေးငယ်များရှိသောသူတို့သည် အာရုံအမျိုးမျိုးဖြစ်နေကြောင်း တွေ့ရှိရတတ်သည်။ အစီအစဉ်ပေါ်တွင် ကျွန်ုပ်တို့အာရုံစူးစိုက်ထားရန် အဘယ်အရာက အကူအညီပေးနိုင်သနည်း။
ကျွန်ုပ်တို့အာရုံစူးစိုက်သည့်နေရာကို မျက်လုံးများက အကြီးအကျယ်သြဇာညောင်းသည်။ အာရုံစုစည်းဖို့ သင့်အားကူညီရန် သင့်မျက်လုံးများကို ဟောပြောသူအား ကြည့်နေစေခြင်းဖြင့် ယင်းတို့ကိုအသုံးပြုပါ။ ကျမ်းချက်တစ်ချက်—ရင်းနှီးနေသည့် ကျမ်းချက်တစ်ချက်ပင်ဖြစ်ပါစေ သူရည်ညွှန်းသည့်အခါ ရှာဖွေပြီး ၎င်းကိုသူဖတ်သည့်အခါ လိုက်ဖတ်ပါ။ ဆူညံသံ သို့မဟုတ် လှုပ်ရှားသံဘက်သို့ လှည့်ကြည့်ရန်သွေးဆောင်မှုကို တွန်းလှန်ပါ။ အကယ်၍ မျက်လုံးများက ပျံ့လွင့်စေသည့်သတင်းအချက်အလက်ဖြင့် သင့်စိတ်ကို လွှမ်းနေစေပါက စင်မြင့်မှတင်ဆက်နေသည့်အရာ တော်တော်များများကို သင်လက်လွတ်သွားလိမ့်မည်။
မည်သည့် “မငြိမ်မသက်သည့်အတွေးအခေါ်” မဆိုသည် အစီအစဉ်ပေါ်တွင် အာရုံစုစည်းထားရန် သင့်ကိုခက်ခဲစေလျှင် အာရုံစူးစိုက်ရန်လိုအပ်သည့် စိတ်နှလုံး၏ငြိမ်သက်မှုကို ပေးသနားရန် ယေဟောဝါထံဆုတောင်းပါ။ (ဆာ. ၉၄:၁၉; ဖိ. ၄:၆၊ ၇) လိုအပ်ပါက ထိုသို့ထပ်တလဲလဲပြုလုပ်ပါ။ (မ. ၇:၇၊ ၈) အသင်းတော်အစည်းအဝေးများသည် ယေဟောဝါထံမှ စီစဉ်ပေးမှုတစ်ခုဖြစ်သည်။ ယင်းတို့မှ သင်အကျိုးရရန် ကိုယ်တော်အလိုရှိကြောင်း သင်ယုံကြည်စိတ်ချနိုင်သည်။—၁ ယော. ၅:၁၄၊ ၁၅။
ဟောပြောချက်များကိုနားထောင်ခြင်း
ဟောပြောချက်များတွင် သင်ကြားသိခဲ့ရသည့် အနှစ်သက်ဆုံး အချက်များကို သင်အမှတ်ရနိုင်ဖွယ်ရှိသည်။ သို့ရာတွင် ဟောပြောချက်ကိုနားထောင်ခြင်းတွင် အဓိကကျသောအချက်များကို စုဆောင်းခြင်းပြုရုံမျှထက် ပို၍ပါဝင်သည်။ ဟောပြောချက်သည် ခရီးသွားခြင်းနှင့်တူသည်။ လမ်းခရီးတစ်လျှောက် စိတ်ဝင်တစားကြည့်ရှုစရာများရှိသော်လည်း အရေးကြီးသည့်အရာမှာ ခရီးလမ်းဆုံးပန်းတိုင်ဖြစ်သည်။ ဟောပြောသူသည် ပရိသတ်အား ကောက်ချက်တစ်ခုချစေဖို့ သို့မဟုတ် လုပ်ဆောင်မှုတစ်ခုခုပြုရန် လှုံ့ဆော်ဖို့ ဦးတည်ကြိုးပမ်းနေခြင်းဖြစ်ပေမည်။
ယောရှု ၂၄:၁-၁၅ ၌မှတ်တမ်းတင်ထားသည့် ဣသရေလလူမျိုးတို့အား ယောရှုပြောခဲ့သည့်စကားကို ဆင်ခြင်သုံးသပ်ပါ။ သူ၏ရည်ရွယ်ချက်မှာ လူတို့အား အိမ်နီးချင်းနိုင်ငံများ၏ ရုပ်တုကိုးကွယ်ခြင်းမှ သူတို့ကိုယ်တိုင် လုံးလုံးသီးခြားနေခြင်းအားဖြင့် မှန်ကန်သည့်ဝတ်ပြုရေးဘက်၌ မားမားမတ်မတ်ရပ်တည်ဖို့ လှုံ့ဆော်ရန်ဖြစ်သည်။ အဘယ်ကြောင့် ၎င်းသည် ဤမျှအရေးကြီးရသနည်း။ မှောက်မှားသောဝတ်ပြုရေး၏ လွှမ်းမိုးနှံ့ပြားနေခြင်းက ယေဟောဝါနှင့်လူမျိုးတော်တို့၏ ကောင်းသောရပ်တည်မှုကို အကြီးအကျယ်အန္တရာယ်ပြုနေသည်။ လူတို့သည် ယောရှု၏မေတ္တာရပ်ခံချက်ကို ဤသို့ပြောကာ တုံ့ပြန်ခဲ့ကြသည်– “အခြားတစ်ပါးသောဘုရားတို့ကို ဝတ်ပြုခြင်းငှာ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုစွန့်သောအမှုသည် အကျွန်ုပ်တို့နှင့်ဝေးပါစေသော။ . . . ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] အားဝတ်ပြုပါမည်။” ထို့နောက်သူတို့ဝတ်ပြုခဲ့ကြသည်!—ယောရှု ၂၄: ၁၆၊ ၁၈၊ ၃၁။
ဟောပြောချက်ကို သင်နားထောင်သောအခါ ယင်း၏ရည်ရွယ်ချက်ကို ပိုင်းခြားသိမြင်ဖို့ကြိုးစားပါ။ ဟောပြောသူထုတ်နုတ်တင်ပြသည့် အချက်အလက်များသည် ထိုရည်ရွယ်ချက်သို့ရောက်ရှိရန် မည်သို့ထောက်ကူပေးပုံကို ဆင်ခြင်သုံးသပ်ပါ။ သတင်းအချက်အလက်က သင့်အား အဘယ်အရာပြုလုပ်ရန် တောင်းဆိုနေကြောင်း ကိုယ့်ကိုယ်ကို ပြန်မေးပါ။
ဆွေးနွေးနေစဉ် နားစိုက်ထောင်ခြင်း
ကင်းမျှော်စင်သင်တန်း၊ အသင်းတော်စာအုပ်ကြီးသင်တန်းနှင့် လုပ်ငန်းတော်အစည်းအဝေးကဏ္ဍများကို ပုံနှိပ်ထားသည့်ကျမ်းစာအခြေပြု အကြောင်းအရာဆိုင်ရာ မေးဖြေဆွေးနွေးခန်းများအဖြစ် ကျင်းပသည်။
ဆွေးနွေးမှုတစ်ခုပြုလုပ်စဉ် နားထောင်ခြင်းသည် ကဏ္ဍအချို့တွင် စကားဝိုင်းတစ်ခုတွင် ပါဝင်ပြောခြင်းနှင့်တူသည်။ အပြည့်အဝအကျိုးရရန် အသေအချာနားထောင်ပါ။ ဆွေးနွေးခန်းဦးတည်နေသည့် လားရာကို သတိပြုပါ။ သင်တန်းကိုင်သူသည် အဓိကအကြောင်းနှင့် အဓိကအချက်များကို မည်သို့ဖိပြောသည်ကို မှတ်သားပါ။ သူ၏မေးခွန်းများကို စိတ်ပါပါတုံ့ပြန်ပါ။ အကြောင်းအရာကို အခြားသူများရှင်းလင်းဆက်စပ်ပြသောအခါ နားစိုက်ထောင်ပါ။ အခြားသူများ၏ရှုထောင့်မှ သတင်းအချက်အလက်ကို ကြည့်ရှုခြင်းက အကျွမ်းတဝင်ရှိသော အကြောင်းအရာတစ်ခုကို ရှုထောင့်အသစ်မှ ထိုးထွင်းသိမြင်ခွင့်ရစေမည်။ သင့်ယုံကြည်ခြင်းထုတ်ဖော်ချက်များဖြင့် အမြင်ချင်းဖလှယ်ပါ။—ရော. ၁:၁၂။
ပေးအပ်ခံရသည့်အကြောင်းအရာကို ကြိုတင်လေ့လာထားခြင်းက ဆွေးနွေးခန်းတွင်အာရုံစိုက်ရန်နှင့် အခြားသူများ၏မှတ်ချက်များကို လိုက်နားထောင်ရန် ကူညီပေးမည်။ သင့်အခြေအနေများက အကြောင်းအရာကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာရန် ခက်ခဲစေပါက အစည်းအဝေးမတိုင်မီ အချက်အလက်ကို ခြုံငုံသုံးသပ်ရန် အနည်းဆုံး မိနစ်အနည်းငယ်အချိန်ယူပါ။ ယင်းကိုပြုလုပ်ခြင်းက သင့်အား ဆွေးနွေးခန်းမှ ပို၍အကျိုးရရှိစေနိုင်မည်။
စည်းဝေးပွဲများနှင့်စည်းဝေးကြီးများတွင် နားထောင်ခြင်း
စည်းဝေးပွဲများနှင့် စည်းဝေးကြီးများတွင် အသင်းတော်အစည်းအဝေးများထက် သာ၍စိတ်ပျံ့လွင့်စရာများဖို့ အကြောင်းများသည်။ ယင်းက နားထောင်ခြင်းကို ကြီးမားသည့်စိန်ခေါ်ချက်တစ်ခု ဖြစ်စေနိုင်သည်။ ကျွန်ုပ်တို့ကို မည်သည့်အရာကကူညီနိုင်သနည်း။
အရေးကြီးသည့်အချက်တစ်ချက်မှာ ညတွင် အလုံအလောက်အနားယူခြင်းဖြစ်သည်။ တစ်ရက်စီ၏ အစီအစဉ်မစမီတွင် အဓိကအကြောင်းကို စိတ်ထဲတွင်အခိုင်အမာစွဲမြဲစေပါ။ ဟောပြောချက်တစ်ခုစီ၏ ခေါင်းစီးကိုကြည့်ပြီး အဘယ်အရာတင်ပြမည်ကို စောင့်မျှော်ဖို့ ကြိုးစားပါ။ သင့်ကျမ်းစာအုပ်ကိုကောင်းကောင်းအသုံးပြုပါ။ အဓိကအချက်များကို မှတ်စုတိုများယူခြင်းသည် မိမိတို့၏စိတ်အာရုံကို အစီအစဉ်ပေါ်၌ စူးစိုက်ထားရန် ကူညီပေးကြောင်း လူတော်တော်များများတွေ့ရှိရသည်။ သင့်ကိုယ်ပိုင်ဘဝအသက်တာနှင့် ဓမ္မအမှုတို့တွင် လက်တွေ့သုံးရန်ကြံရွယ်ထားသည့် ညွှန်ကြားချက်ကို မှတ်စုယူပါ။ အစည်းအဝေးကျင်းပရာနေရာသို့ နေ့စဉ်အသွားအပြန်လုပ်ရင်း အချက်အလက်အချို့ကို ဆွေးနွေးပါ။ ယင်းက အချက်အလက်ကိုစွဲမှတ်စေရန် အကူအညီဖြစ်စေမည်။
ကလေးများ နားထောင်စေရန် လေ့ကျင့်ပေးခြင်း
ခရစ်ယာန်မိဘတို့သည် မိမိတို့၏ကလေးများ—နို့စို့ကလေးများကိုပင် အသင်းတော်အစည်းအဝေးများ၊ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများသို့ သူတို့အားခေါ်ဆောင်လာခြင်းဖြင့် “ကယ်တင်ရာရောက်စေခြင်းငှာ ဉာဏ်ပညာ” ရှိလာရန်ကူညီနိုင်ပါသည်။ (၂ တိ. ၃:၁၅၊ သမ) ကလေးများသည် စိတ်နေသဘောထားနှင့် အာရုံစိုက်နိုင်မှုအတိုင်းအတာတို့တွင် မတူညီကြသောကြောင့် သူတို့လေးများ ဂရုတစိုက်နားထောင်တတ်လာစေရန် ကူညီပေးရာတွင် ပိုင်းခြားသိမြင်မှုလိုအပ်သည်။ အောက်ပါအကြံပြုချက်များက အကူအညီဖြစ်စေကြောင်း သင်တွေ့ရှိပေမည်။
အိမ်၌ သင်၏ငယ်ရွယ်သောကလေးများအား ငြိမ်ငြိမ်သက်သက်ထိုင်၍ဖတ်ရန် သို့မဟုတ် ကျွန်ုပ်တို့၏ ခရစ်ယာန်စာပေများရှိ ရုပ်ပုံများကိုကြည့်ရှုရန် အချိန်များစီစဉ်ပါ။ အစည်းအဝေးများ၌ ငယ်ရွယ်သူများကိုထိန်းရန် ကစားစရာများပေးဆော့ထားခြင်းကို ရှောင်ကြဉ်ပါ။ ရှေးဣသရေလလူမျိုး၌ကဲ့သို့ပင် ယနေ့လည်း ငယ်ရွယ်သူများ “ကြား၍နားလည်စေရန်” လာရောက်နေကြခြင်းဖြစ်သည်။ (တရား. ၃၁:၁၂) လက်တွေ့ကျသည့်နေရာတွင် အချို့မိဘများသည် အလွန်ငယ်ရွယ်သည့်ကလေးများကိုပင် ဆင်ခြင်သုံးသပ်နေသည့်စာပေများကို သူတို့လေးများ၏ကိုယ်ပိုင်အဖြစ် ပေးထားကြသည်။ ကလေးများအနည်းငယ်ကြီးလာသောအခါ ပရိသတ်ပါဝင်ရသည့် အစီအစဉ်များ၌ပါဝင်စေရန် သူတို့ကို ပြင်ပေးပါ။
ယေဟောဝါအား နားထောင်ခြင်းနှင့် ကိုယ်တော့်အား နာခံခြင်းတို့သည် အနီးကပ်ဆက်နွှယ်နေကြောင်း ကျမ်းစာစောင်များက ဖော်ပြသည်။ ယင်းကို ဣသရေလလူမျိုးတို့အားပြောသည့် မောရှေ၏စကားများတွင် ဤသို့တွေ့မြင်နိုင်သည်– “အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ငါထားသည် . . . သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စကားတော်ကိုနားထောင်သဖြင့် . . . ကိုယ်တော်ကိုဆည်းကပ်မှီဝဲမည်အကြောင်း . . . အသက်တရားကိုရွေးယူလော့။” (တရား. ၃၀:၁၉၊ ၂၀) ယနေ့ ယေဟောဝါစီမံပေးသည့်ညွှန်ကြားချက်ကို နားထောင်ခြင်းနှင့် ယင်းကို ကျွန်ုပ်တို့ဘဝတွင်နာခံမှုရှိရှိ လက်တွေ့သုံးခြင်းတို့က ဘုရားသခင့်မျက်နှာသာတော်နှင့် ထာဝရအသက်ကောင်းချီးတို့ရရှိရန် မရှိမဖြစ်လိုအပ်ရာများဖြစ်သည်။ ထို့နောက်၊ “အဘယ်သို့ကြားနာရသည်ကိုသတိပြုကြလော့” ဟူသည့်ယေရှုသတိပေးချက်ကို ကျွန်ုပ်တို့လိုက်နာဖို့ မည်မျှအရေးကြီးသည်တကား!—လု. ၈:၁၈။