အခန်း ၆
“စုံလင်သောအနှောင်အဖွဲ့” ဖြစ်သည့် ချစ်ခြင်းမေတ္တာ
၁-၆။ (က) အိမ်ထောင်ဖက်တို့ ကိုယ့်အရေးကိုသာ ကိုယ်ဂရုစိုက်လွန်းသောအခါ မည်သို့ဖြစ်တတ်သနည်း။ (ခ) အဘယ်ကျမ်းစာစည်းမျဉ်းများကို ကျင့်ခြင်းသည် အကြီးအကျယ် ကတောက်ကဆဖြစ်မှုများကို ရှောင်ရှားစေသနည်း။
ထမင်းကို ဘယ်တော့မှ အချိန်နဲ့မစားရဘူး’ ဟု တစ်နေကုန်ပင်ပန်းလာပြီး စောင့်နေရသည်ကို စိတ်မရှည်နိုင်တော့ဘဲဖြစ်သူ သူမ၏ခင်ပွန်း ဒေါသူပုန်ထတော့သည်။
၂ ‘ရှင် မညည်းနဲ့၊ ကျက်တော့မှာပဲ ဥစ္စာ’ ဟူ၍ သူမ ပြန်ပက်သည်။ သူမလည်း ဒီနေ့ လက်မအားနိုင်ခဲ့။
၃ ‘မင်း အမြဲတမ်း ဒီလိုပဲ။ ဘာဆိုင်လို့ အချိန်နဲ့ မစားနိုင်ရမှာလဲ။’
၄ ‘ဒါ မဟုတ်တန်းတရားဘဲ’ ဟုသူမ အော်သည်။ ‘ရှင် ကလေးတွေကို တစ်နေ့ ထိန်းရမှ ရှင်အညည်းတိတ်သွားမယ်၊ ကြည့်ထား။ ရှင့်သားသမီးတွေပဲ ဥစ္စာ။’
၅ သို့နှင့် လင်နှင့်မယားအကြား ခြအုံက တောင်ကြီးဖြစ်ကာ နှစ်ယောက်စလုံး မကျေမချမ်းနှင့် စကားမပြောဘဲ နေကြတော့သည်။ တစ်ယောက်တစ်ခွန်း ပြန်ပက်ကြရာက သူနာကိုယ်နာနှင့် ဂြိုဟ်မွှေသောညနေ ဖြစ်သွားတော့သည်။ နှစ်ယောက်စလုံး ဤရန်စောင်ခြင်းကို ဟန့်တားမည်ဆိုက ဟန့်တားနိုင်ကြမည်။ နှစ်ယောက်စလုံး မိမိအရေးသာ မိမိကြည့်ပြီး တစ်ဖက်သားကိုမူ ဂရုမစိုက်၊ ယမ်းပုံမီးကျ ဒေါသပေါက်ကွဲတော့သည်။
၆ ဤပြဿနာများ နေရာတကာ၌ ဖြစ်တတ်သည်။ ငွေရေးကြေးရေး ပတ်သက်နေမည်။ သို့မဟုတ် ဇနီးသည်သည် မိမိကို သူနှင့်သာပေါင်းစေလိုသည်၊ အခြားသူနှင့် ပေါင်းသည်ကို မကြိုက်ဟု ခင်ပွန်းသည် ထင်ကောင်းထင်မည်။ သူမလည်း ဝိုင်းပယ်ခံရသည်ဟု ထင်ကာ သည်းနေခြင်း ဖြစ်ကောင်းဖြစ်မည်။ တင်းမာမှုတို့သည် ပြဿနာကြီးကြောင့် သို့မဟုတ် ပြဿနာငယ်ကလေးများကြောင့် ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ယခု ကျွန်ုပ်တို့အရေးမှာ အခြေအနေကို မည်သို့ကိုင်တွယ်မည်ဟူ၍ဖြစ်သည်။ ‘နောက် ပါးတစ်ဖက်လှည့်ပေး’ ရန်ဖြစ်စေ၊ “ရန်တုံ့မမူ” ဘဲနေရန်ဖြစ်စေ ဆန္ဒရှိကြပြီး “အဆိုးကို အကောင်းဖြင့်သာ အနိုင်ယူ” လိုကြပါက လင်မယားနှစ်ဦးစလုံး ရန်စဲခြင်းအားဖြင့် ဒုက္ခပေးစေမည့်အမှုကို ရပ်တံ့နိုင်ကြပါသည်။ (မဿဲ ၅:၃၉; ရောမ ၁၂:၁၇၊ ၂၁) ဤသို့လုပ်ရန် ရေငုံနိုင်ပြီး ရင့်ကျက်ရန်လည်း လိုပါသည်။ ခရစ်ယာန်မေတ္တာ ရှိမှဖြစ်မည်။
မေတ္တာ တကယ်တမ်းဘာကိုဆိုလို
၇-၉။ (က) ၁ ကောရိန္သု ၁၃:၄-၈ တွင် မေတ္တာကို မည်သို့ဖော်ကျူးထားသနည်း။ (ခ) ဤမေတ္တာသည် အဘယ်သို့သောမေတ္တာမျိုး ဖြစ်သနည်း။
၇ ၁ ကောရိန္သု ၁၃:၄-၈ တွင် ချစ်ခြင်းမေတ္တာသည် ဘာကိုဆိုလိုသည်၊ ဘာကိုမဆိုလိုသည်အကြောင်း ယေဟောဝါဘုရားသခင်မှုတ်သွင်းပေးခဲ့သည်။ “မေတ္တာသည်စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်။ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊ မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။”
၈ ရုပ်ရူပကာလှပခြင်း၊ မိဘမောင်ဖွား ဆွေမျိုးများနှင့် ပတ်သက်နေခြင်း၊ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ပေါင်းသင်းဆက်ဆံ၍ကောင်းခြင်း စသည်ဖြင့် မေတ္တာသည် အကြောင်းအမျိုးမျိုးပေါ် အခြေပြုတတ်သည်။ သို့သော် မေတ္တာသည် တကယ်တမ်းတန်ဖိုးရှိရန် တွယ်တာမှု သို့မဟုတ် အပြန်အလှန်ဆွဲဆောင်မှုတို့ထက် ပိုပြီးချစ်ရသူအတွက် အကောင်းဆုံးကောင်းကျိုး ပြုသည့်အရာ၏ ကြီးစိုးခြင်းကို ခံရဖို့လိုသည်ဟု ကျမ်းစာပြဆိုသည်။ ထိုသို့သောမေတ္တာသာရှိလျှင် သားသမီးကို မိဘဆုံးမသကဲ့သို့၊ သို့မဟုတ် ဝတ်ပြုသူတို့အား ယေဟောဝါပဲ့ပြင်သကဲ့သို့ပင် ဆုံးမပဲ့ပြင်တတ်ပေသည်။ (ဟေဗြဲ ၁၂:၆) ခံစားမှုနှင့် စိတ်လှုပ်ရှားမှုများရှိသည်တော့မှန်ပါသည်။ သို့သော် သူတစ်ပါးနှင့်ဆက်ဆံရာတွင် နည်းလမ်းကျသောလုပ်ကိုင်မှု သို့မဟုတ် စည်းမျဉ်းများကို ဖုံးလွှမ်းသွားရန်တော့ ခွင့်မပြုပါ။ ထိုသို့သောမေတ္တာသည် အားလုံးသောသူတို့အား စာနာထောက်ထားပြီး သမာသမတ်ရှိသော စည်းမျဉ်းကောင်းများနှင့် ဆက်ဆံစေပါသည်။
၉ ကျွန်ုပ်တို့အိမ်ထောင်သည်ဘဝကို ပြည့်ဝစွာအကျိုးပြုပုံကို ကျွန်ုပ်တို့ ပို၍တန်ဖိုးထားလာရန် ၁ ကောရိန္သု ၁၃:၄-၈ ပါ၎င်း၏ဖော်ညွှန်းချက်များကို အသေးစိတ်သုံးသပ်ဦးစို့။
၁၀၊ ၁၁။ စိတ်ရှည်ကြင်နာသောအိမ်ထောင်ဖက်မှ ကျွန်ုပ်တို့ ဘာမျှော်လင့်သနည်း။
၁၀ “မေတ္တာသည် စိတ်ရှည်တတ်၏။ ကြင်နာတတ်၏။” သင့်ကြင်ဖော်ကို သင်စိတ်ရှည်သလော။ ပြစ်တင်ဝေဖန်ခံရသောအခါမျိုး၌ပင် သင်ချုပ်တည်းနိုင်သလော။ ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးကို စိတ်ရှည်တော်မူသည်။ “ဘုရားသခင်ကြင်နာတော်မူခြင်းသည် လူတို့ကို နောင်တလမ်းသို့ သွေးဆောင်သည်။” စိတ်ရှည်ခြင်းနှင့် ကြင်နာခြင်းနှစ်ခုစလုံးသည် ဘုရားသခင့် ဝိညာဉ်တော်အသီးများ ဖြစ်ကြသည်။ —ရောမ ၂:၄; ဂလာတိ ၅:၂၂။
၁၁ မေတ္တာသည် ဆိုးယုတ်မှုများကို သဘောမတူ။ သို့သော် “ဇီဇာမကြောင်” ပါ။ စိတ်မရှည်ခြင်းလည်း မရှိ။ အပြစ်လျော့ပေါ့စရာအကြောင်းများကို အရေးပေးသည်။ (၁ ပေတရု ၄:၈; ဆာလံ ၁၀၃:၁၄; ၁၃၀:၃၊ ၄) အရေးကြီးသည့်ကိစ္စများ၌ပင် ခွင့်လွှတ်ရန် အဆင်သင့်ရှိသည်။ “ညီအစ်ကိုသည် ကျွန်ုပ်ကိုပြစ်မှား၍ ကျွန်ုပ်သည် သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လော” ဟုယေရှုကိုမေးရာတွင် ပေတရုသည် သူ့ကိုယ်သူ စိတ်ရှည်သူတစ်ဦး ဖြစ်သည်ဟု မုချထင်ခဲ့ပေမည်။ “ခုနစ်ကြိမ်မြောက်အောင် လွှတ်ရမည်ငါမဆို။ အကြိမ်ခုနစ်ဆယ်ခုနစ်လီမြောက်အောင် လွှတ်ရမည်” ဟုယေရှုဖြေကြားခဲ့သည်။ (မဿဲ ၁၈:၂၁၊ ၂၂; လုကာ ၁၇:၃၊ ၄) မေတ္တာသည် ထပ်ခါတလဲလဲ ခွင့်လွှတ်တတ်သည်။ မိုးမဆုံး မြေမဆုံး ကြင်နာသည်။အသင်ကော။
၁၂၊ ၁၃။ မနာလိုမှု မည်သို့ပေါ်လွင်လာသနည်း။ ယင်းကို ဂရုစိုက်ကြပ်မတ်ဖို့ အဘယ်ကြောင့် လုပ်သင့်သနည်း။
၁၂ “မေတ္တာသည် မနာလိုဝန်တိုခြင်းမရှိ။” သဘောရိုးနှင့်မဟုတ်ဘဲ သဝန်ကြောင်သော အိမ်ထောင်ဖက်နှင့်နေရသည်မှာ ခက်ခဲလှသည်။ ထိုဝန်တိုခြင်းသည် သံသယရှိပြီး ပိုင်စိုးပိုင်နင်းဖြစ်သည်။ ကလေးဆန်ပြီး တစ်ဖက်သားကို အခြားသူတို့နှင့် ပင်ကိုယ်အတိုင်း ခင်မင်စွာပေါင်းသင်းရာမှ ဟန့်တားသည်။ ပျော်ရွှင်မှုဟူသည် ဝန်တိုစွာချုပ်ချယ်ခြင်းမှမရ၊ ရက်ရောစွာ ပေးကမ်းခြင်းမှ ရသည်။
၁၃ “ငြူစူသောစိတ်ကို အဘယ်သူ ဆီး၍ ခံနိုင်သနည်း” ဟုကျမ်းစာမေးသည်။ မစုံလင်သောအသွေးအသား၏ လုပ်ရပ်ဖြစ်သည်။ (သု. ၂၇:၄; ဂလာတိ ၅:၁၉၊ ၂၀) စိတ်မချနိုင်သည့်သဘော၏ ရလဒ်ဖြစ်ပြီး ထင်မြင်ချက်စိတ်ကူးတို့၏ ဆွပေးရာဖြစ်သော မနာလိုခြင်း၏ အရိပ်အယောင်များ သင့်ထံတွင် ရှာဖွေထုတ်နိုင်သလော။ အခြားလူတစ်ယောက်၏အပြစ်များကို ရှာတွေ့ရန် မခဲယဉ်းပါ။ သို့သော် ကျွန်ုပ်တို့ကိုယ့်ကိုယ်ကိုသုံးသပ်သောအခါ အကျိုးပို၍ခံစားရသည်။ “[မနာလိုခြင်း၊ ကဘ] ရန်တွေ့ခြင်းရှိလျှင် မငြိမ်မဝပ် ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာ ပြုမူခြင်းအမျိုးမျိုးရှိတတ်၏။” (ယာကုပ် ၃:၁၆) မနာလိုခြင်းသည် အိမ်ထောင်တစ်ခုကို ပျက်စေနိုင်သည်။ မနာလိုဝန်တိုစွာ ချုပ်ချယ်ခြင်းဖြင့် သင့်အိမ်ထောင်ဖက်ကို အပိုင်သိမ်းထားနိုင်မည်မဟုတ်ဘဲ ချစ်မြတ်နိုးစွာ ယုယခြင်း၊ စာနာထောက်ထားခြင်းနှင့် စိတ်ချခြင်းတို့ဖြင့်သာ သို့ပြုနိုင်မည်ဖြစ်သည်။
၁၄၊ ၁၅။ (က) ဝါကြွားခြင်းသည် မေတ္တာမဲ့ကြောင်း အဘယ်သို့ပေါ်လွင်စေသနည်း။ (ခ) ကိုယ့်အိမ်ထောင်ဖက်ကို သိမ်ငယ်အောင်လုပ်မည့်အစား ဘာလုပ်သင့်သနည်း။
၁၄ မေတ္တာသည် “ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။” များစွာသောသူတို့ ဝါကြွားမာနရှိသည်တော့ မှန်ပါသည်။ သို့သော် ကြွားလုံးများကို နားဝင်ချိုသူရှားလှ၏။ ၎င်းပြင် ဖိုးကြွား၊ မယ်ကြွားကို ကောင်းကောင်းသိထားသူအား အနေအထိုင်ခက်စေသည်။ တချို့ မိမိတို့အကြောင်း ဟန်တစ်လုံးပန်တစ်လုံးနှင့် ကြွားကြသေးသည်။ သူတစ်ပါးကို ဝေဖန်ရှုတ်ချပြီး နှိမ်ပြောကာ ထိုသူသည် မိမိထက်အောက်တန်းကျကြောင်း နှိုင်းယင်းနှင့် ကြွားကြသည်။ သူတစ်ပါးကို နှိမ်ခြင်းဖြင့် မိမိကိုယ်ကို ပဏာရစေသည်။ မိမိအိမ်ထောင်ဖက်ကိုသိမ်ငယ်စေခြင်းသည် ကိုယ့်ငါးချဉ်ကိုယ်ချဉ်နည်းတစ်နည်းဖြစ်သည်။
၁၅ မိမိအိမ်ထောင်ဖက်၏ ဟာကွက်ပျော့ကွက်များကို လူဘုံလယ်တွင် ပြောဖူးပါသလော။ သူ့ကို ဘယ်လိုခံစားစေမည် သင်ထင်သနည်း။ သင့်ချွတ်ယွင်းမှုများကိုသာ ထိုသို့မောင်းခတ်မည်ဆိုပါက သင်မည်သို့နေမည်နည်း။ မည်သို့ခံစားခဲ့မည်နည်း။ ချစ်ခံရမည်ဟု ထင်မည်လော။ မထင်နိုင်ပါ။ ကိုယ့်ကိုယ်ကို အမွှန်းတင်ခြင်းသော်လည်းကောင်း၊ တစ်ဖက်သားကို နှိမ်ခြင်းဖြင့်သော်လည်းကောင်း၊ မေတ္တာသည် “ဝါကြွားခြင်းမရှိ” ပေ။ သင့်အိမ်ထောင်ဖက်အကြောင်း ပြောသောအခါ အမြဲဆောက်တည်မှုပေးပါ။ သင်တို့နှစ်ဦး၏ ပေါင်းဖက်ခြင်းသည် ခိုင်မြဲပေလိမ့်မည်။ သင့်အကြောင်း သင်ပြောရသည့်အခါများ၌လည်း သု. ၂၇:၂ တွင်တွေ့ရသော ပညာရှိသြဝါဒကို ကျင့်ပါ။ “ကိုယ်တိုင် ကိုယ်ကို မချီးမွမ်းဘဲ ကိုယ်နှင့်မဆိုင်သော သူတစ်ပါး ချီးမွမ်းပါစေ။”
၁၆။ မေတ္တာရှိသောသူတစ်ဦး ရှောင်ရှားမည့် မသင့်လျော်သောအရာအချို့ကား အဘယ်နည်း။
၁၆ မေတ္တာသည် “မလျောက်ပတ်စွာ မကျင့်တတ်။” သူတစ်ပါးသားမယား ပြစ်မှားခြင်း၊ မူးရူးခြင်း၊ အမျက်ဒေါသ ခြောင်းခြောင်းထွက်ခြင်း စသည်ဖြင့် လုံးလုံးမလျောက်ပတ်သောအရာများစွာ ရှိပါသည်။ (ရောမ ၁၃:၁၃) ဤအကျင့်တို့သည် မေတ္တာနှင့် အခြားကြီးခြားကာ ထိမ်းမြားဆောင်နှင်းခြင်းကို ဖျက်ဆီးတတ်သည်။ ရိုင်းပျယုတ်ညံ့သော အပြောအဆို အလုပ်အကိုင်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးတို့သည် လူ့ဂုဏ်သိက္ခာကို ထိခိုက်လေသည်။ ဤနည်းအားဖြင့် သင့်အိမ်ထောင်ဖက်ကို မထိခိုက်အောင် သင်မည်မျှဂရုစိုက်သနည်း။ သူ့ကို စာနာထောက်ထား ယဉ်ကျေးဖွယ်ရာ၊ လေးစားစွာ ဆက်ဆံပါသလော။ ဤအရာအားလုံးတို့သည် ပျော်ရွှင်တည်တံ့သောအိမ်ထောင်ကို ပြုစုသောအရာများဖြစ်သည်။
၁၇။ ကိုယ်ကျိုးကိုသာ မရှာသူတစ်ဦး အငြင်းပွားမှုများကို မည်သို့ရှောင်နိုင်သနည်း။
၁၇ မေတ္တာသည် “ကိုယ်ကျိုးကို မရှာတတ်။ ဒေါသအမျက် မထွက်တတ်။” ငတေမာပြီးရောဟူသည့်သဘော မရှိ။ ဤဆောင်းပါးအစက ဖော်ပြခဲ့သောလင်မယားနှစ်ဦး ဤသို့ဖြစ်ပါက မည်မျှကောင်းမည်နည်း။ ထမင်းကျက် နောက်ကျနေသောကြောင့် ယောက်ျားလုပ်သူသည် သူ၏မိန်းမကို ဒေါသူပုန်ထမည်မဟုတ်။ သူမ ကလည်း ပြန်ပက်မည်မဟုတ်။ သူဒေါသထွက်ရခြင်းသည်မောဟိုက်ပင်ပန်းနေသောကြောင့်လည်း ဖြစ်မည်ကို ဇနီးလုပ်သူသာ အလိုက်သိခဲ့ပါက ဒေါသကို ဆွပေးမည့်အစား “ထမင်းကျက်တော့မှာပါ။ ရှင်လည်း တစ်နေကုန် တော်တော်ပင်ပန်းခဲ့မှာပဲနော်။ ထမင်းတွေ ခူးခပ်နေတုန်း ဖျော်ရည်အေးအေးလေးတစ်ခွက် သောက်လိုက်ပါလားရှင်” ဟူ၍တုံ့ပြန်ခဲ့ပေမည်။ သို့မဟုတ် ယောက်ျားလုပ်သူကသာ နားလည်မှုပို၍ရှိခဲ့မည်၊ မိမိအတွက်သာမိမိ မစဉ်းစားခဲ့ပါက မိမိဝိုင်းကူစရာ ဘာများရှိသလဲဟု မေးခဲ့ပေမည်။
၁၈။ လူတစ်ယောက် ဒေါပွမလာအောင် မေတ္တာသည် မည်သို့ကာကွယ်ပေးနိုင်သနည်း။
၁၈ သင့်အိမ်ထောင်ဖက် ပြောဆိုလုပ်ကိုင်သည်ကို သင်အထိမခံ ကြွေပန်းကန်ဖြစ်နေတတ်သလော။ သို့မဟုတ် ပြောလိုက်သည့်စကား၊ လုပ်ကိုင်သည့်လုပ်ရပ်တို့၏ နောက်၌ရှိသော ဆိုလိုချက်ကို သင်ဂရုစိုက်သလော။ မည်သို့အဓိပ္ပာယ်ရှိမည်ကို မစဉ်းစားဘဲ သဘောရိုးနှင့် ထိခိုက်ရန်မရည်ရွယ်ဘဲ ပြောလိုက်၊ လုပ်လိုက်သည်ဖြစ်မည်။ သင် သူ့ကိုသာချစ်ပါက “နေမဝင်မီ သင်အခဲကျေပေမည်။” (ဧဖက် ၄:၂၆) သူစိတ်ပေါက်ပေါက်နှင့် တကယ်ကို ထိခိုက်အောင် ပြောဆိုလုပ်ကိုင်သည်ဆိုပါက အသို့နည်း။ ဒေါသများ အေးသွားတော့မှ ထိုကိစ္စကို ဆွေးနွေးရန် မစောင့်နိုင်ပြီလော။ နှစ်ယောက်စလုံးအတွက် အကောင်းဆုံးဖြစ်ရမည်ဟု နှလုံးပိုက်ခြင်းက မှန်ရာကန်ရာများကို ပြောဆိုရန် ကူညီပေလိမ့်မည်။ “ပညာရှိသောသူ၏နှလုံးသည် နှုတ်ကိုသွန်သင်၍ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်းတတ်၏။” “သူတစ်ပါးပြစ်မှားသောအမှုကို ဝှက်ထားသောသူသည် မေတ္တာကို ပြုစု၏။” ရန်ထောင်ကာ ရန်မစတတ်။ (သု. ၁၆:၂၃; ၁၇:၉) ရှူးရှူးဒိုင်းဒိုင်း၊ အငြင်းသန်သန်နှင့် သင်မှန်သည်ဟု မရမကပြောပါက အနိုင်ရပေမည်။ မေတ္တာကိုကား ရှုံးရလတ္တံ့။
၁၉။ (က) ‘မတရားသောအမှု၌ ဝမ်းမြောက်ခြင်း’ တွင် အဘယ်အရာများ ပါဝင်မည်နည်း။ (ခ) ဤသည်ကို အဘယ်ကြောင့် ရှောင်ရှားရမည်နည်း။
၁၉ မေတ္တာစစ်သည် “မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်။ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။” အချိန်၌ဖြစ်စေ၊ ငွေသုံးစွဲရာ၌ဖြစ်စေ၊ အပေါင်းအသင်းတို့နှင့် ပေါင်းသင်းဆက်ဆံရာ၌ဖြစ်စေ၊ မိမိအိမ်ထောင်ဖက်ကို လှည့်စားနိုင်သည့်အတွက် အတော်ဟုတ်နေပြီဟု မထင်တတ်။ မလိမ့်တပတ်နှင့် မိမိဖြောင့်မတ်သည်ဟု အထင်မရောက်စေတတ်။ မရိုးသားမှုသည် ယုံကြည်စိတ်ချမှုကိုပျက်ပြယ်စေသည်။ အချစ်စစ်နှင့် ချစ်နိုင်ရန် သင်တို့နှစ်ဦးစလုံး အဖြစ်မှန်များကို ပြောဆိုရန်နှစ်ခြိုက်ရမည်။
မေတ္တာစစ်သည် ခိုင်မြဲ၍ တည်တံ့
၂၀။ မေတ္တာသည် အဘယ်သို့ (က) ‘ခပ်သိမ်းသောအရာကို ဖုံးအုပ်’ (ခ) ‘ခပ်သိမ်းသောအရာကို ယုံကြည်’ (ဂ) ‘ခပ်သိမ်းသောအရာကို မျှော်လင့်’ (ဃ) ‘ခပ်သိမ်းသောအရာကို သည်းခံ’ သနည်း။
၂၀ “ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။” ထိမ်းမြားခြင်းက ဖြစ်လာသောမပြေလည်မှုနှင့် ဌာန်ကရိုဏ်းမကျမှုများကို နှစ်ဦးနှစ်ယောက် လက်ပွန်းတတီးနှင့် အပေးအယူမျှကာ ပြေလည်သွားသည်အထိ ကြံ့ကြံ့ခံလေသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ပါ ဩဝါဒများကိုယုံကာ မလျော်မကန်ဟု ထင်ရသောအခြေအနေများ၌ပင် ယင်းတို့ကိုကျင့်သုံးသည်။ ကလိမ်ကျတတ်သူများနှင့် ဆက်ဆံရာဝယ် ဘာပြောပြော ယုံသည့်နုံနုံအအ အစားမဟုတ်သော်လည်း အလကားနေယင်း သံသယမဖြစ်တတ်ပေ။ ယင်းအစား စိတ်ချတတ်သည်။ ထို့ပြင် အကောင်းဆုံးဖြစ်မည်ဟု မျှော်လင့်သည်။ ထိုမျှော်လင့်ခြင်းသည် ကျမ်းစာသြဝါဒကို ကျင့်လျှင်ဖြစ်နိုင်စရာရှိသည့် အကောင်းဆုံးရလဒ်များ ရရှိမည်ဆိုသောအချက်ပေါ် မူတည်သည်။ ထို့ကြောင့်၊ မေတ္တာသည် အပြုသဘော၊ အကောင်းဖြစ်လာမည်ဟု မျှော်လင့်သည့်သဘော၊ တိုးတက်မှုရှာသည့်သဘော ဖြစ်ပေသည်။ ဂနာမငြိမ်သည့်သဘောလည်း မရှိ။ ခဏသာခံသည့် အချစ်မွှန်ခြင်းလည်း မဟုတ်ပေ။ မေတ္တာစစ်သည် ဘဝလမ်း ကြမ်းတမ်းလာသောအခါ ကြံ့ကြံ့ခံသည်။ စွဲသည် မြဲသည်။ ခိုင်မာသည်။ ခိုင်မာပင်ခိုင်မာသော်လည်း ကြင်နာသည်။ သိမ်မွေ့သည်။ ရည်မွန်သည်။ အတူနေပျော်စရာဖြစ်သည်။
၂၁၊ ၂၂။ မေတ္တာသည် ဘယ်တော့မျှ မရှုံးနိမ့်ကြောင်း ဖော်ပြသည့်အခြေအနေအချို့ကား အဘယ်နည်း။
၂၁ ထိုသို့သောမေတ္တာသည် “ရှုံးနိမ့်ခြင်းမရှိ။” အချိန်အခါများ မကောင်းသောကြောင့် ဇနီးမောင်နှံငွေရေးကြေးရေး ဒုက္ခတွေ့သောအခါ ဘာဖြစ်တတ်သနည်း။ အခြားတစ်ယောက်နှင့် ဘဝသာယာမှုရှာရန် မကြိုးစားဘဲ သစ္စာမေတ္တာရှိသောဇနီးသည် မိမိယောက်ျားကိုသာ စွဲစွဲမြဲမြဲချစ်ပြီး သူ့ဝင်ငွေနှင့်မျှအောင်နေသွားယင်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပေးပေသည်။ (သု. ၃၁:၁၉၊ ၂၄) သို့သော် ဇနီးလုပ်သူ နာတာရှည်ရောဂါစွဲကပ်ပြီး နှစ်ရှည်လများ ချူချာနေပါက အသို့နည်း။ ဤသို့သောမေတ္တာမျိုးရှိသည့်ခင်ပွန်းသည် သူမ ယခုမလုပ်နိုင်သော အိမ်မှုကိစ္စ ဗာဟီရများကို ဝင်ရောက်လုပ်ကိုင်၊ လိုအပ်ရာများကို ရှာပေးပြီး သူမကိုသာ ဆက်လက်ပြီး အပ်နှံကြောင်း ယုံကြည်စိတ်ချစေပါမည်။ ဤကိစ္စတွင် ဘုရားသခင်ကိုယ်တော်တိုင် ပုံသက်သေထားခဲ့သည်။ သစ္စာရှိကျေးကျွန်တို့ မည်သည့်အခြေအနေအမျိုးမျိုးသို့ ရောက်နေစေကာမူ ‘ဘုရားသခင် သူတို့အား မချစ်တော့အောင် မည်သည့်အရာကမျှ မလုပ်နိုင်ပေ။’—ရောမ ၈:၃၈၊ ၃၉။
၂၂ ထိုသို့သောမေတ္တာမျိုးကို အဘယ်ပြဿနာ အနိုင်ယူနိုင်အံ့နည်း။ သင်တို့နှစ်ယောက် ဤသို့ချစ်ကြသလော။ ယင်းကို သင်လက်တွေ့ အသုံးချသလော။
ပို၍ပို၍ချစ်ခြင်း
၂၃။ ကျွန်ုပ်တို့မေတ္တာပါသောအလုပ်တစ်ခုကို လုပ်မည်မလုပ်မည်အကြောင်း အဘယ်ပေါ်တွင်မူတည်သနည်း။
၂၃ မေတ္တာသည် ကြွက်သားများကဲ့သို့ပင် သုံးလေ သန်မာလေ ဖြစ်သည်။ တစ်ဖက်တွင် မေတ္တာသည် ယုံကြည်ခြင်းကဲ့သို့ အလုပ်မရှိလျှင် အသေသာဖြစ်သည်။ အတွင်းခံစားချက်နှင့်ပြောဆို လုပ်ကိုင်ခြင်းတို့သည် ကျွန်ုပ်တို့၏ အရင်းခံလှုံ့ဆော်မှုတို့ကို ကိုယ်စားပြုပြီး နှလုံးမှ ထွက်လာကြသည်ဟု ဆိုစမှတ်ပြုသည်။ “စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။ ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။” သို့သော် ဆိုးယုတ်သောခံစားချက်များ ကျွန်ုပ်တို့ရှိပါက “မကောင်းသောကြံစည်ခြင်း၊ လူ့အသက်သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်” ပေလိမ့်မည်။—မဿဲ ၁၂:၃၄၊ ၃၅; ၁၅:၁၉; ယာကုပ် ၂:၁၄-၁၇။
၂၄၊ ၂၅။ မေတ္တာထားနိုင်ရန် သင့်လှုံ့ဆော်မှုကို သင်မည်သို့အားဖြည့်နိုင်သနည်း။
၂၄ သင့်နှလုံးထဲ၌ မည်သည့်အရာများ စဉ်းစားပြီး မည်သည့်အရာများ ခံစားရသနည်း။ ဘုရားသခင်မေတ္တာပြခဲ့ပုံများနှင့် ယင်းပုံသက်သေတို့ကို မည်သို့တုပမည်အကြောင်းများကို နေ့တိုင်းသာ စဉ်းစားနေပါက ကောင်းသောလှုံ့ဆော်မှုတို့ သန်မာလာလိမ့်မည်။ ဤဓမ္မတာကို များများကျင့်သုံးလေ၊ ယင်းနှင့်အညီ သင်သာ၍ပြောလေဖြစ်ပြီး သင့်နှလုံးထဲတွင် ၎င်းသာ၍ခြေကုတ်ယူလေ ဖြစ်ပေသည်။ နေ့တိုင်းသေးသေးမွှားမွှားကိစ္စလေးများ၌ ယင်းကို ကျင့်သုံးခြင်းဖြင့် ၎င်းသည် သင်အကျင့်ပါရာ ဖြစ်သွားမည်။ ထိုအခါ ရံဖန်ရံခါ ကိစ္စကြီးများ ပေါ်ပေါက်လာသောအခါ ဤမေတ္တာသည် အရန်သင့်ရှိပြီး ယင်းတို့ကို ကိုင်တွယ်ရာတွင် သင့်ကို ခိုင်မာစွာ ခုခံနိုင်အား ရှိစေသည်။—လုကာ ၁၆:၁၀။
၂၅ သင့်အိမ်ထောင်ဖက်ကို ချီးမွမ်းစရာတစ်ခုခု သင်တွေ့ရှိသလော။ ပြောဖြစ်အောင်ပြောပါ။ တစ်ခုခုလုပ်ပေးဖို့ စေတနာစိတ်ပေါက်လာသလော။ စေတနာစိတ်အတိုင်းသာ လုပ်ပါ။ စေတနာအကျိုးခံစားနိုင်ရန် ကျွန်ုပ်တို့မေတ္တာလိုပေသည်။ ဤအရာတို့ကို ကျင့်သုံးနေပါက သင်နှင့် သင့်အိမ်ထောင်ဖက်ကို ပို၍လက်ပွန်းတတီးရှိစေပြီး သင်တို့နှစ်ဦးကို တစ်ဦးတည်းဖြစ်စေကာ ပို၍ပို၍လည်း ချစ်ကြပေလိမ့်မည်။
၂၆၊ ၂၇။ ဝေမျှခြင်းသည် လူတစ်ဦး၏မေတ္တာကို အဘယ်သို့တိုးပွားစေနိုင်သနည်း။
၂၆ မေတ္တာတိုးပွားနိုင်ရန် ယင်းကို ဝေမျှဖို့လိုသည်။ ကနဦးလူအာဒံသည် ပရဒိသုထဲ၌ နေခဲ့သည်။ သူ့ကိုယ်ကာယလိုအပ်ချက်တို့ ကုန်လုံပြည့်စုံခဲ့သည်။ အစကတည်းက အလှအပတို့နှင့် ဝိုင်းဝိုင်းလည်ခဲ့သည်။ ပန်းပေါင်းဝေဆာနေသော မြက်ခင်းကျယ်များ၊ သာမောဖွယ် တောတောင်ပြင်များ၊ လျှိုမြောင်စိမ့်စမ်းများအပြင် ဤကမ္ဘာ့ဂေါပကအနေဖြင့် သူ့အုပ်ထိန်းမှုအောက်တွင် သတ္တလောကမှ တိရစ္ဆာန်အမျိုးမျိုးရှိခဲ့သည်။ ဤအရာအားလုံးရှိလျက်နှင့်ပင် သူ့လိုအင်တစ်ခု မပြည့်ဝခဲ့။ ဤသာယာသောပရဒိသုကို မျှဝေဖို့ လူသားတစ်ဦးတစ်ယောက် လိုနေခဲ့သည်။ ဆည်းဆာနေဝင်ချိန်တွင် တိမ်တောက်နေသည်ကို ငေးမောနေယင်း ချစ်ရသူတစ်ယောက်သာ ဤနေရာတွင်ရှိပြီး ယခုလိုကြည့်လိုက်ရလျှင် မည်မျှကောင်းလိုက်မည်ဖြစ်ခြင်းဟု သင်တမ်းတဖူးသလော။ သို့မဟုတ် အံ့ဩစရာသတင်းများ သင်ရခဲ့ပြီး ပြန်ပြောရမည့်လူမရှိဘဲ ဖြစ်ခဲ့ဖူးသလော။ အာဒံလိုအပ်ချက်ကို ယေဟောဝါဘုရားသခင် သိမြင်တော်မူပြီး သူ့စိတ်ကူးနှင့်ခံစားချက်များဝေဖို့ ကြင်ယာတစ်ဦးပေးတော်မူခဲ့သည်။ ဝေမျှခြင်းသည် လူနှစ်ဦးကို နီးကပ်စေသည်။ မေတ္တာကိုလည်း အမြစ်စွဲပြီး ကြီးပွားစေလေသည်။
၂၇ ထိမ်းမြားခြင်းဟူသည် ဝေမျှခြင်းဖြစ်သည်။ ညင်သာစွာ တစ်ချက်ထိလိုက်ရုံ၊ ကြင်နာစွာ တစ်ခွန်းပြောလိုက်ရုံ၊ ဘာမျှမပြောဘဲ နှစ်ယောက်သား ငြိမ့်ညောင်းစွာ ထိုင်နေရုံနှင့် တစ်ခန်းလုံးကို ချစ်ခင်သောသဘော ဖုံးလွှမ်းနေပေမည်။ အိပ်ရာပြင်ပေးခြင်း၊ ပန်းကန်ဆေးပေးခြင်း၊ သူမ လိုချင်သော်လည်း ငွေအင်အားမရှိသောကြောင့် မတောင်းသောအရာအတွက် ငွေစုပေးခြင်း၊ သူ (ဝါ) သူမ ၏အလုပ်များ ပုံနေသောခါ ဝိုင်းဝန်းကူညီခြင်း စသည်ဖြင့် လုပ်သမျှသည် မေတ္တာကို ဖော်ပြနိုင်သည်။ မေတ္တာဟူသည် ပင်ပန်းမှုနှင့် သာယာမှုများ၊ ဒုက္ခနှင့်သုခများ၊ အောင်မြင်မှုနှင့် ဆုံးရှုံးမှုများ၊ စိတ်၏အကြံနှင့် နှလုံး၏ခံစားမှုများအားလုံး ဝေမျှခြင်းဟု အဓိပ္ပာယ်ရှိသည်။ ရိုးရိုးပန်းတိုင်များ နှစ်ဦးစလုံးအတူတူထားပြီး အတူတူပန်းဝင်ပါ။ ဤသည်က နှစ်ဦးကို တစ်ဦးဖြစ်စေသည်။ ပို၍ပို၍ ချစ်စေသည်။
၂၈။ ဝတ်ကြီးဝတ်ငယ်ပြုပေးခြင်းသည် မေတ္တာကို အဘယ်သို့ ပွားများစေသနည်း။
၂၈ သူ့ကို ဝတ်ကြီးဝတ်ငယ်ပြုပေးခြင်းဖြင့် သင့်ယောက်ျားကို သင် ပိုချစ်လာမည်။ ဇနီးတစ်ယောက်သည် အများအားဖြင့် ထမင်းချက်၊ အိပ်ရာပြင်၊ အိမ်သန့်ရှင်း၊ လျှော်ဖွတ်၊ ဗာဟီရများ ပြုလုပ်နှင့် မယားဝတ်ပြုတတ်သည်။ ခင်ပွန်းက သူမ ချက်သောထမင်း၊ ပြင်သောအိပ်ရာ၊ သန့်စင်သောအိမ်၊ လျှော်သောအဝတ်တို့ကို ရှာပေးခြင်းဖြင့် လင့်ဝတ်ပြုလေ့ရှိသည်။ ဤသို့ ဝတ်ကြီးဝတ်ငယ်ပြုခြင်း၊ ပေးကမ်းခြင်းတို့သည်သာ မေတ္တာကို မြေတောင်မြှောက်ပေးပြီး သာယာကြည်နူးစေပါသည်။ ယေရှုပြောခဲ့သည့်အတိုင်း ရယူခြင်းထက် ပေးကမ်းခြင်းသည် ပို၍ပျော်စရာကောင်းပေသည်။ (တမန်တော် ၂၀:၃၅) “သင်တို့တွင် အကြီးဖြစ်လိုသောသူသည် အစေခံဖြစ်ရ၏” ဟုတပည့်တော်တို့ကို ကိုယ်တော်ပြောခဲ့သည်။ (မဿဲ ၂၃:၁၁) ထိုသဘောထားသည် သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်ခြင်းများကို ချိုးနှိမ်ကာ ပျော်ရွှင်မှုကို ဖြစ်စေပါလိမ့်မည်။ ကျွန်ုပ်တို့ ဝတ်ကြီးဝတ်ငယ်ပြုပေးပါက ဝိုင်းပယ်ခံရသည်ဟု အထင်မရောက်စေဘဲ အဓိပ္ပာယ်ရှိရှိ တစ်ခုခုလုပ်ပေးနေသည်ဟူသော အသိစိတ်က ကိုယ့်ကိုယ်ကို လေးစားကာ ကျေနပ်မှုလည်း ခံစားရမည်။ အိမ်ထောင်ရက်သားကျခြင်းသည် လင်မယားနှစ်ဦးစလုံးကို ဝတ်ကြီးဝတ်ငယ်ပြုပေးကာ ကျေနပ်အားရခြင်းကို ရရှိစေရန် အခွင့်အရေးများစွာပေးလေသည်။ သို့နှင့် သူတို့၏အိမ်ထောင်သည် မေတ္တာထု၌ သာ၍ခိုင်မာလာလေသည်။
၂၉။ ဘုရားသခင့်ကျေးကျွန်မဟုတ်သူများပင် မေတ္တာကို အဘယ်ကြောင့်နှစ်သက်ကြသနည်း။
၂၉ အိမ်ထောင်ဖက်တစ်ယောက်မှာ ဤကျမ်းစာစည်းမျဉ်းများကိုကျင့်သုံးသော ဘုရားသခင့် ခရစ်ယာန်ကျေးကျွန်တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ မဟုတ်ပါက အသို့နည်း။ ဤသည်က ခရစ်ယာန်ပြုကျင့်သည့်နည်းကို ပြောင်းလဲလိုက်ပါသလော။ ပြောင်းသည်ဟု မဆိုနိုင်ပါ။ ခရစ်ယာန်ဖြစ်သူက ဘုရားသခင်ရည်ရွယ်ချက်များအကြောင်း အပြောတော့ နည်းပါလိမ့်မည်။ သို့သော် အကျင့်အကြံသဘော အတူတူဖြစ်ရပါမည်။ ယေဟောဝါကို ဝတ်ပြုသူ၏လိုအပ်ချက်နှင့် မယုံကြည်သူ၏ အခြေခံလိုအပ်ချက်များသည် အတူတူသာဖြစ်သည်။ တချို့နေရာများတွင် တုံ့ပြန်မှုပင် တူပါသည်။ ရောမ ၂:၁၄၊ ၁၅ တွင် ဤအချက်ကို ဖော်ပြထားသည်: “သာသနာပလူတို့သည် ပညတ်တရားတော်ကိုမသိဘဲ ကိုယ်ကျင့်တရားကို အမှီပြုသဖြင့်လည်းကောင်း၊ ကိုယ့်ကိုယ်ကိုသိသောစိတ်နှလုံးသည် သက်သေခံသဖြင့်လည်းကောင်း၊ အချင်းချင်းဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက် လွှတ်လျက်နေသဖြင့်လည်းကောင်း မိမိတို့စိတ်နှလုံးထဲ၌ မှတ်သားသောတရား၏ အကျိုးကို ထင်ရှားစွာပြကြ၏။” စံပြခရစ်ယာန် နေပုံထိုင်ပုံတို့သည် လေးမြတ်ခံရမည်။ အချစ်လည်း တိုးမည်။
၃၀။ မေတ္တာကို ဝတ္ထုဆန်ဆန်သာ တင်ပြရန်ဖြစ်သလော။ ထိုသို့ အဘယ်ကြောင့်ဖြေသနည်း။
၃၀ မေတ္တာသည် ဝတ္ထုဆန်သောအခြေအနေမျိုး၌သာ ပေါ်လွင်သည်မဟုတ်ပေ။ တချို့ကိစ္စများ၌ မေတ္တာသည် အဝတ်အစားနှင့်တူပေသည်။ သင့်အင်္ကျီများကို မည်သို့ချုပ်သနည်း။ အုန်းဆံကြိုးကြီးများနှင့် အထုံးကြီးများထုံးကာ ချည်ထားသလော။ သို့မဟုတ် အပ်ချည်မျှင်ကလေးများ ထောင်ပေါင်းများစွာနှင့် ချုပ်ထားသလော။ ထောင်ပေါင်းများစွာသော အပ်ချည်မျှင်ကလေးများနှင့် ချုပ်ပါသည်။ တကယ့်အင်္ကျီများကို ထိုသို့ချုပ်သကဲ့သို့ ဝိညာဏ ‘ဝတ်လုံ’ များကိုလည်း ထိုသို့ပင်ချုပ်ပါသည်။ ကျွန်ုပ်တို့နေ့တိုင်း အမြဲအဆက်မပြတ်ပြောသော အမှတ်တမဲ့စကားကလေးများက သင့်ကို ‘ဆင်မြန်း’ ကာ သင့်သရုပ်မှန်ကို ပေါ်လွင်စေပါသည်။ ဤသို့သောဝိညာဏ ‘အဝတ်အစား’ များသည် တကယ့်အဝတ်အစားများကဲ့သို့ ဟောင်းနွမ်းသွားကာ တန်ဖိုးမဲ့မသွားပါ။ ကျမ်းစာပြောသည့်အတိုင်း “မဖောက်ပြန် မပျက်စီးတတ်” ပါ။—၁ ပေတရု ၃:၄။
၃၁။ ကောလောသဲ ၃:၉၊ ၁၀၊ ၁၂၊ ၁၄ တွင် မေတ္တာနှင့်ဆိုင်သော အဘယ်ကောင်းသောသြဝါဒများ ပါရှိသနည်း။
၃၁ “စုံလင်သောအနှောင်အဖွဲ့” (ကဘ) နှင့် သင့်ထိမ်းမြားခြင်းကို စည်းနှောင်လိုသလော။ သို့ဖြစ်ပါက ကောလောသဲ ၃:၉၊ ၁၀၊ ၁၂၊ ၁၄ တွင် အကြံပေးထားသည့်အတိုင်းသာ လုပ်ပါ။ “လူဟောင်း၏အကျင့်နှင့် လူဟောင်း၏ကိုယ်ကို ချွတ်ပယ်၍ . . . အသစ်ပြုပြင်သော လူသစ်ကို ယူတင်ဝတ်ဆောင်” ပြီး “ချစ်အပ်သောသူကဲ့သို့ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်” ကာ “စုံလင်သောအနှောင်အဖွဲ့ (ကဘ) တည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ ယူတင်ဝတ်ဆောင်ကြလော့။”