အခန်း ၇
ယေရှုနှင့် နက္ခတ်ဆရာများ
အရှေ့တိုင်းမှ ကြယ်များ၏အနေအထားကို အနက်ဖွင့်နိုင်သည့် နက္ခတ်ဆရာအချို့ရောက်လာကြသည်။ အရှေ့တိုင်း၌ရှိစဉ် ကြယ်အသစ်တစ်လုံးကိုမြင်ပြီး ယေရုရှလင်မြို့သို့ မိုင်ပေါင်းများစွာကြယ်နောက်လိုက်ခဲ့ကြသည်။
ယေရုရှလင်မြို့သို့ရောက်လျှင် နက္ခတ်ဆရာများက ‘‘ယခုဖွားမြင်သောယုဒရှင်ဘုရင်သည် အဘယ်မှာနည်း။ အရှေ့ပြည်၌သူ၏ကြယ်ကိုမြင်ရသည်ဖြစ်၍ ဖူးရန်လာသည်” ဟုပြောကြသည်။
ဤသတင်းကိုယေရုရှလင်မြို့ရှိ ဟေရုဒ်မင်းကြားသော် စိတ်အနှောင့်အယှက်ဖြစ်လေသည်။ ထိုအခါယဇ်ပုရောဟိတ်မင်းများကိုခေါ်ပြီး ခရစ်တော်မွေးရာအရပ်ကိုမေးသောအခါ ကျမ်းစာကိုအခြေခံ၍သူတို့က ‘‘ဗက်လင်မြို့၌’’ ဟူ၍ဖြေဆိုပါသည်။ ထိုနောက်နက္ခတ်ဆရာများအား ‘သူငယ်ကိုသွားရှာပါ။ တွေ့လျှင်ပြန်လာပြောပါ။ သူ့ကိုငါသွားဖူးမည်’ ဟူ၍ပြောလေသည်။ အမှန်မှာဟေရုဒ်သည် သူငယ်ကိုသတ်လိုသောကြောင့်ဖြစ်သည်။
သူတို့ထွက်ခွာသည့်အခါ အံ့ဖွယ်ရာတစ်ခုဖြစ်သည်။ အရှေ့တိုင်း၌သူတို့တွေ့ခဲ့သောကြယ်သည် သူတို့ရှေ့မှလမ်းပြပြန်သည်။ ဤကြယ်ကားရိုးရိုးကြယ်မဟုတ်၊ သူတို့အားလမ်းပြရန် အထူးပြင်ဆင်ထားရာဖြစ်သည်။ ယောသပ်နှင့်မာရိနေအိမ်အပေါ် ထိုကြယ်ရပ်သွားသည်အထိ နက္ခတ်ဆရာများ ၄င်းနောက်လိုက်ခဲ့သည်။
နက္ခတ်ဆရာများအိမ်ထဲဝင်သောအခါ သူငယ်နှင့်အတူမာရိကိုတွေ့သည်။ ထိုအခါသူတို့အားလုံးသူငယ်ရှေ့ ပျပ်ဝပ်ကိုးကွယ်ကြသည်။ ယူဆောင်ခဲ့သောရွှေ၊ မုရန်၊ လောဘန်တို့ကိုဆက်ကပ်ပြီးနောက် ဟေရုဒ်ထံပြန်၍ သူငယ်ရှိရာအရပ်ကိုပြောမည်ပြုသော်၊ ထိုသို့မပြုရန်အိပ်မက်အားဖြင့် ဘုရားသခင်သတိပေးလေသည်။ ထိုကြောင့်အခြားလမ်းဖြင့် မိမိတို့ပြည်သို့ပြန်လေသည်။
နက္ခတ်ဆရာတို့ကိုလမ်းပြသည့်ကြယ်ကို မည်သူပေါ်စေမည်ဟုထင်သနည်း။ ထိုကြယ်သည် ဗက်လင်မြို့ရှိယေရှုထံ တိုက်ရိုက်မပို့ပေးသည်ကိုသတိရပါ။ ၄င်းအစား ယေရှုကိုသတ်လိုသူဟေရုဒ်မင်းရှိရာ ယေရုရှလင်သို့ပို့ဆောင်သည်။ ဟေရုဒ်ကိုအသိမပေးရန် နက္ခတ်ဆရာများအား ဘုရားသတိမပေးလျှင် သူ့အကြံအောင်မြင်ပေမည်။ ယေရှုကိုသတ်ဖြတ်လိုသူကား ဘုရားသခင်၏ရန်သူ စာတန်မာရ်နတ်ပင်ဖြစ်၍ သူ့ရည်ရွယ်ချက်အောင်မြင်ဖို့ရန် ထိုကြယ်ကိုအသုံးပြုခြင်းဖြစ်သည်။ မဿဲ ၂:၁-၁၂။ မိက္ခာ ၅:၂။
▪ နက္ခတ်ဆရာများမြင်သည့်ကြယ်သည် ရိုးရိုးကြယ်တစ်လုံးမဟုတ်ကြောင်း မည်သို့သိနိုင်သနည်း။
▪ နက္ခတ်ဆရာများယေရှုကို တွေ့မြင်ချိန်တွင် သူအဘယ်နေရာတွင်ရှိသနည်း။
▪ နက္ခတ်ဆရာများကိုလမ်းပြရန် ကြယ်ကိုစာတန်ပေါ်စေကြောင်း ကျွန်ုပ်တို့အဘယ်သို့ သိရှိနိုင်သနည်း။