သင်ခန်းစာ ၃၅
လေးနက်စေရန် ထပ်မံပြောဆိုခြင်း
ထိရောက်သောသွန်သင်ခြင်းတွင် ထပ်မံပြောဆိုခြင်းပါဝင်သည်။ အရေးကြီးသော အချက်တစ်ချက်ကို တစ်ကြိမ်ထက်မက ပြောဆိုသည့်အခါ ယင်းကို တက်ရောက်လာသူများပိုမှတ်မိနိုင်စရာအကြောင်းရှိသည်။ အကြောင်းအရာကို အနည်းငယ်ကွဲပြားစွာ ပြန်လည်ပြောဆိုမည်ဆိုပါက ယင်းကို သူတို့ပို၍ရှင်းလင်းစွာ နားလည်နိုင်ဖို့အကြောင်းပင် ရှိပေမည်။
သင်ပြောဆိုရာကို နားထောင်နေသူများမမှတ်မိပါက သင့်စကားများသည် သူတို့ယုံကြည်ရာ သို့မဟုတ် သူတို့နေထိုင်ပုံကို ဩဇာလွှမ်းမိုးမည်မဟုတ်ချေ။ သူတို့သည် သင် အထူးအလေးအနက်ပြုသည့် အချက်များကို ဆက်စဉ်းစားတွေးတောနေရန်အကြောင်း ပိုများပေမည်။
ကျွန်ုပ်တို့၏ ကြီးမြတ်တော်မူသောဖန်ဆင်းရှင် ယေဟောဝါသည် ထပ်မံပြောဆိုရာတွင် ကျွန်ုပ်တို့အတွက် စံနမူနာချပေးထားသည်။ ကိုယ်တော်သည် ဣသရေလလူမျိုးများအား ပညတ်တော်ဆယ်ပါး ပေးတော်မူခဲ့သည်။ ကိုယ်တော်သည် ထိုပညတ်တော်များကို သိနာတောင်ပေါ်၌ ပြောရေးဆိုခွင့်ရှိသူ ကောင်းကင်တမန်တစ်ပါးမှတစ်ဆင့် လူမျိုးတော်တို့အား ကြားသိစေခဲ့သည်။ နောက်ပိုင်းတွင် စာဖြင့်ရေးသားရန် မောရှေအား ပေးအပ်ခဲ့သည်။ (ထွ. ၂၀:၁-၁၇; ၃၁:၁၈; တရား. ၅:၂၂) ယေဟောဝါ၏ညွှန်ကြားမှုဖြင့် ကတိထားရာပြည်တော်သို့ မဝင်ရောက်မီ ဣသရေလလူမျိုးများအား ထိုပညတ်တော်များကို မောရှေ ထပ်တလဲလဲပြောပြပေးခဲ့ပြီး ယင်းကို တရားဟောရာ ၅:၆-၂၁ တွင်တွေ့ရှိရသည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်ဖြင့် မှတ်တမ်းတင်ခဲ့သည်။ ဣသရေလလူမျိုးအား ပေးခဲ့သည့် ပညတ်တော်များထဲတွင် ယေဟောဝါအား နှလုံးအကြွင်းမဲ့၊ စိုးလ်အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်ပြီး ကိုယ်တော့်အမှုတော်ထမ်းဆောင်ရမည့် တောင်းဆိုချက်ပါဝင်သည်။ ယင်းကိုလည်း ထပ်တလဲလဲ ပြောဆိုခဲ့သည်။ (တရား. ၆:၅; ၁၀:၁၂; ၁၁:၁၃; ၃၀:၆) အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေရှုမိန့်တော်မူခဲ့သည့်အတိုင်း “အကြီးမြတ်ဆုံးနှင့် ပထမပညတ်” ဖြစ်သောကြောင့်တည်း။ (မ. ၂၂:၃၄-၃၈) ယေဟောဝါမိန့်ဆိုထားခဲ့သမျှတွင် ကိုယ်တော်အားနာခံခြင်း၏ အရေးကြီးမှုနှင့်ပတ်သက်ပြီး ယုဒလူတို့ကို အကြိမ် ၂၀ ထက်မက ပရောဖက်ယေရမိမှတစ်ဆင့် သတိပေးခဲ့သည်။ (ယေ. ၇:၂၃; ၁၁:၄; ၁၂:၁၇; ၁၉:၁၅) ထို့အပြင် ဘုရားသခင်သည် ယေဇကျေလအားဖြင့် “ငါသည် [ယေဟောဝါ] ဖြစ်ကြောင်းကို” လူမျိုးတို့သိရကြလိမ့်မည်ဟု အကြိမ် ၆၀ ထက်မက မိန့်တော်မူခဲ့သည်။—ယေဇ. ၆:၁၀; ၃၈:၂၃။
ယေရှု၏ဓမ္မအမှုမှတ်တမ်းတွင်လည်း ထပ်မံပြောဆိုခြင်းကို ထိရောက်စွာ အသုံးပြုထားကြောင်း ကျွန်ုပ်တို့ တွေ့ရသည်။ ဥပမာ၊ ခရစ်ဝင်ကျမ်းလေးကျမ်း—တစ်ကျမ်းစီသည် အခြားခရစ်ဝင်ကျမ်းတစ်ကျမ်း သို့မဟုတ် ထိုထက်မကသောကျမ်းတွင် ရေးသားတင်ပြထားသည့် အရေးကြီးသောဖြစ်ရပ်များကို ခြုံငုံထားသော်လည်း ယင်းဖြစ်ရပ်များကို အနည်းငယ်ကွာခြားသော ရှုထောင့်များဖြင့် ရှုမြင်သုံးသပ်ထားသည်။ ယေရှုကိုယ်နှိုက်၏ သွန်သင်ခြင်း၌လည်း ကိုယ်တော်သည် အခြေခံသွန်သင်ချက်တစ်ချက်တည်းကို သမယတစ်ခုထက်မကတွင် ခြားနားသောနည်းဖြင့် ဖော်ပြခဲ့သည်။ (မာ. ၉:၃၄-၃၇; ၁၀:၃၅-၄၅; ယော. ၁၃:၂-၁၇) ကိုယ်တော်မသေဆုံးမီ ရက်အနည်းငယ်က သံလွင်တောင်ပေါ်၌ရှိစဉ် ယေရှုက “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့” ဟူသည့် ဤအရေးကြီးသောသွန်သင်ချက်ကို အလေးထားရန် ထပ်တလဲလဲမိန့်မှာခဲ့သည်။—မ. ၂၄:၄၂; ၂၅:၁၃။
လယ်ကွင်းဓမ္မအမှုတွင်။ လူတို့ကို သက်သေခံရာတွင် သင်ပြောဆိုရာကို သူတို့ မှတ်မိကြလိမ့်မည်ဟု သင်မျှော်လင့်သည်။ ထပ်မံပြောဆိုခြင်းကို ထိရောက်စွာအသုံးပြုပါက ထိုရည်ရွယ်ချက်ကို အထမြောက်စေရန် ကူညီပေးနိုင်သည်။
ကိစ္စရပ်တစ်ခုကို ဆွေးနွေးနေသည့်အချိန်၌ မကြာခဏ ထပ်မံပြောဆိုခြင်းက လူတစ်ဦး၏စိတ်ထဲ ယင်းကို စွဲမှတ်သွားစေမည်။ သို့ဖြစ်၍ ကျမ်းချက်တစ်ချက်ဖတ်ပြီးသည့်နောက် ၎င်း၏အဓိကအပိုင်းကို ထောက်ပြကာ “ထိုကျမ်းချက်က မည်သို့ ဆိုထားကြောင်းကို သတိပြုမိသလော” ဟု မေးမြန်းခြင်းအားဖြင့် ယင်းကို လေးနက်စေနိုင်ပါသည်။
စကားလက်ဆုံပြောဆိုခြင်းတွင် နောက်ဆုံးပြောလိုက်သည့် ဝါကျများကိုလည်း ထိရောက်စွာ အသုံးပြုနိုင်ပါသည်။ ဥပမာ၊ သင်ဤသို့ပြောဆိုနိုင်သည်– “ကျွန်တော်တို့ စကားပြောဆိုကြတဲ့အထဲမှာ ခင်ဗျားမှတ်မိမယ်လို့ ကျွန်တော်မျှော်လင့်ရတဲ့ အဓိကအချက်ကတော့ . . . ” ထို့နောက် ယင်းကို ရိုးရှင်းစွာ ပြန်လည်ပြောဆိုပါ။ ယင်းသည် ဤသို့ဖြစ်ပေမည်– “ဘုရားသခင်ရဲ့ရည်ရွယ်ချက်က ကမ္ဘာမြေကြီးကို ပရဒိသုအဖြစ် ပြောင်းလဲပစ်လိုက်မှာဖြစ်တယ်။ အဲဒီရည်ရွယ်ချက် အကောင်အထည်ပေါ်လာဖို့ သေချာပါတယ်။” သို့မဟုတ် ဤသို့ဖြစ်နိုင်ပေမည်– “သမ္မာကျမ်းစာက ကျွန်တော်တို့ဟာ ဒီအစီအစဉ်စနစ်ရဲ့ နောက်ဆုံးရက်တွေမှာ အသက်ရှင်နေကြတယ်လို့ ရှင်းရှင်းလင်းလင်း ဆိုထားပါတယ်။ အကယ်၍ အဲဒီအဆုံးကို ကျွန်တော်တို့ အသက်ရှင်ကျန်ရစ်ဖို့ဆိုရင် ကျွန်တော်တို့ဆီကနေ ဘုရားသခင်တောင်းဆိုတဲ့အရာကို သင်ယူဖို့ လိုအပ်ပါတယ်။” သို့မဟုတ် ဤသို့ဖြစ်နိုင်ပေသည်– “ကျွန်တော်တို့တွေ့မြင်ခဲ့တဲ့အတိုင်း မိသားစုဘဝရဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့အကြံပေးချက်ကို သမ္မာကျမ်းစာကပေးထားတယ်။” အချို့ကိစ္စရပ်များတွင် သမ္မာကျမ်းစာမှ ကိုးကားချက်တစ်ခုကို မှတ်မိရန်အချက်အဖြစ် ပြန်၍ပြောပြနိုင်ပေသည်။ ယင်းကို ထိထိရောက်ရောက်လုပ်ဆောင်ရန်မှာ ကြိုတင်တွေးထားဖို့ လိုအပ်သည်ကား အမှန်ပင်။
ကျမ်းစာသင်အံမှုများအပါအဝင် ပြန်လည်ပတ်မှုများ၌ ထပ်မံပြောဆိုခြင်းကို အသုံးပြုရာတွင် ပြန်လည်သုံးသပ်သည့် မေးခွန်းများ ပါဝင်ပေမည်။
လူတစ်ဦးသည် ကျမ်းစာသွန်သင်ချက်ကို ကျင့်သုံးဖို့ သို့မဟုတ် နားလည်ဖို့ အခက်အခဲတွေ့နေပါက အကြောင်းအရာကို တစ်ခါထက်မက ထုတ်ဖော်ပြောဆိုဖို့လိုမည်။ ယင်းကို ရှုထောင့်အမျိုးမျိုးမှ ချဉ်းကပ်ရန် ကြိုးပမ်းပါ။ ဆွေးနွေးမှုသည် ကြာရှည်ဖို့မလိုပါ၊ သို့သော် ထိုကိစ္စကို ဆက်၍စဉ်းစားနေရန် သင်သားအား လှုံ့ဆော်သင့်သည်။ မိမိတပည့်တော်များ ပထမနေရာတွင်ရှိလိုသည့်ဆန္ဒကို ချိုးနှိမ်ရန်ကူညီပေးရာတွင် ဤထပ်မံပြောဆိုခြင်းမျိုးကို ယေရှုအသုံးပြုခဲ့ကြောင်း သတိရပါ။—မ. ၁၈:၁-၆; ၂၀:၂၀-၂၈; လု. ၂၂:၂၄-၂၇။
ဟောပြောချက်များပေးချိန်ဝယ်။ စင်မြင့်ပေါ်မှ ဟောပြောချက်များပေးသောအခါ သင်၏ရည်ရွယ်ချက်မှာ သတင်းအချက်အလက်ကို တင်ပြပေးရုံမျှသာမဟုတ်ပါ။ သင်သည် ပရိသတ်အား ယင်းကို နားလည်မှတ်မိစေလိုကာ လက်တွေ့ကျင့်သုံးစေလိုသည်။ ၎င်းကို အထမြောက်စေရန် ထပ်တလဲလဲပြောဆိုခြင်းကို ကောင်းစွာအသုံးပြုပါ။
သို့ရာတွင် အဓိကအချက်များကို မကြာခဏ ထပ်တလဲလဲပြောဆိုလွန်းပါကလည်း ပရိသတ်၏အာရုံစိုက်မှု မရဘဲဖြစ်သွားနိုင်သည်။ အထူးအလေးအနက်ပြုထိုက်သည့် အချက်များကို သေသေချာချာ ရွေးချယ်ပါ။ ယင်းတို့သည် အများအားဖြင့် သင့်ဟောပြောချက်ကို အဆင့်ဆင့်ဦးတည်ရှင်းလင်းပေးသွားသည့် အဓိကအချက်များဖြစ်ကြသည်၊ သို့သော် ပရိသတ်အတွက် အထူးတန်ဖိုးရှိမည့် အခြားတွေးစရာများလည်း ပါဝင်ပေမည်။
ထပ်တလဲလဲပြောဆိုရန် နိဒါန်းတွင် အဓိကအချက်များကို ဦးဆုံးအကြမ်းဖျင်းရေးဆွဲထားပေမည်။ ယင်းကို သင်အကျယ်တဝင့်ခြုံငုံသုံးသပ်သွားမည်ကို သိစေသည့် တိုတုတ်သောဖော်ပြချက်များ၊ မေးခွန်းများ သို့မဟုတ် ဖြေရှင်းရန်ပြဿနာများကို ဖော်ပြသည့် တိုတုတ်သော နမူနာများဖြင့်ရေးမှတ်ပါ။ အဓိကအချက် မည်မျှရှိကြောင်းကို ဖော်ပြကာ ယင်းတို့ကို နံပါတ်စဉ်ဖြင့် စာရင်းလုပ်ထားနိုင်ပေသည်။ ထို့နောက် ထိုအချက်တစ်ချက်စီကို ဟောပြောချက်၏စာကိုယ်တွင် အဆင့်ဆင့်ရှင်းလင်းသွားပါ။ နောက်အဓိကအချက်တစ်ချက်ကို ဆက်မသွားမီ အဓိကအချက်တိုင်းကို ပြန်ပြောဆိုခြင်းအားဖြင့် ဟောပြောချက်၏ စာကိုယ်တွင် လေးနက်မှုကို အားဖြည့်ပေးနိုင်သည်။ သို့မဟုတ် အဓိကအချက်၏ သက်ဆိုင်မှုပါဝင်သည့် ပုံနမူနာတစ်ခုကို အသုံးပြုခြင်းအားဖြင့် ယင်းကို ပြီးမြောက်စေနိုင်ပါသည်။ အဓိကအချက်များကို ပြန်လည်ဖော်ပြထားသည့် နိဂုံးချုပ်ကို အသုံးပြုခြင်းအားဖြင့် ထပ်ဆင့်လေးနက်စေနိုင်ပါသည်၊ ခြားနားချက်များကို အသုံးပြုခြင်းအားဖြင့် ယင်းတို့ကို ပေါ်လွင်စေပါ၊ မေးခဲ့သည့် မေးခွန်းများကို ဖြေဆိုပါ၊ သို့မဟုတ် ဖော်ပြခဲ့သည့် ပြဿနာများကို တိုတုတ်စွာ ဖြေရှင်းနည်းပေးပါ။
အထက်ပါတို့အပြင် အတွေ့အကြုံရှိဟောပြောသူတစ်ဦးသည် ပရိသတ်တွင်ပါဝင်သူတိုင်းကို သေသေချာချာ ဂရုပြုသည်။ လူအချို့သည် အယူအဆတစ်ခုကို နားလည်သဘောပေါက်ရန် အခက်အခဲတွေ့ပါက ဟောပြောသူသည် ယင်းကို သတိပြုမိသည်။ အရေးကြီးသောအချက်ဖြစ်ပါက ဟောပြောသူသည် ယင်းကို နောက်တစ်ဖန် ဖော်ပြပေးသည်။ သို့သော် ထပ်တူစကားလုံးများကို ထပ်တလဲလဲပြောဆိုခြင်းက မိမိ၏ရည်ရွယ်ချက်ကို အထမြောက်စေနိုင်မည်မဟုတ်ချေ။ သွန်သင်ပေးသည်ဟုဆိုရာတွင် ထိုထက်မကပြုရ၏။ သူသည် ပြောင်းသာလွဲသာရှိရမည်။ မိမိဟောပြောချက်တွင် လက်တန်းဖြည့်စွက်မှုများ ပြုလုပ်ပေးဖို့လိုပေမည်။ ဤနည်းဖြင့် ပရိသတ်၏လိုအပ်ရာများကို ဖြေရှင်းပေးရန် သင်ယူသိရှိခြင်းက သွန်သင်သူတစ်ဦးအနေနှင့် သင်၏အလွန်ပင်ထိရောက်မှုကို အဆုံးအဖြတ်ပေးပါလိမ့်မည်။