သွန်သင်ပေးသည့် ရုပ်မြင်သင်ထောက်ကူများကို အသုံးပြုပါ
၁။ ယေဟောဝါသည် ရှေးခေတ်ကျေးကျွန်များအား သွန်သင်ရန် ရုပ်မြင်သင်ထောက်ကူများကို မည်သို့အသုံးပြုခဲ့သနည်း၊ အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။
၁ ယေဟောဝါသည် မိမိ၏ရှေးခေတ်ကျေးကျွန်များထံ အရေးကြီးသည့်သတင်းများပေးပို့ရန် ရူပါရုံများနှင့် အိပ်မက်များကို ရံဖန်ရံခါအသုံးပြုခဲ့သည်။ ယေဟောဝါ၏ကောင်းကင်ရထားတော်ဆိုင်ရာ ယေဇကျေလ၏ရူပါရုံကို စဉ်းစားကြည့်ပါ။ (ယေဇ. ၁:၁-၂၈) ကမ္ဘာ့အာဏာစက်များ၏ချီတက်မှုကိုဖော်ပြသည့် ပရောဖက်ပြုချက်ဆိုင်ရာအိပ်မက်ကိုရရှိပြီးနောက် ဒံယေလ မည်သို့ခံစားခဲ့ရသည်ကို မြင်ယောင်ကြည့်ပါ။ (ဒံ. ၇:၁-၁၅၊ ၂၈) “သခင့်နေ့” အတွင်း ဖြစ်ပျက်မည့်အရာများနှင့်ပတ်သက်၍ တမန်တော်ယောဟန်အား “နိမိတ်လက္ခဏာများဖြင့်” ဖော်ပြခဲ့သည့် ရင်ဖိုစရာ ဗျာဒိတ်တော်နှင့်ပတ်သက်၍ကော အသို့နည်း။ (ဗျာ. ၁:၁၊ ၁၀၊ ကဘ) ယေဟောဝါသည် ပီပြင်သောအသွင်အပြင်နှင့် တက်ကြွသည့်လှုပ်ရှားမှုကိုသုံး၍ သူတို့အား သွန်သင်ပေးခဲ့ရာ ယင်းသည် သူတို့၏စိတ်တွင် အစဉ်စွဲမှတ်စရာဖြစ်စေသည်။
၂။ အခြားသူများအား ကျမ်းစာအမှန်တရားများသွန်သင်ပေးရန် အဘယ်ရုပ်မြင်သင်ထောက်ကူများကို အသုံးပြုနိုင်သနည်း။
၂ ကျွန်ုပ်တို့လည်း အခြားသူများ၏စိတ်တွင် အလွယ်တကူမမေ့ဘဲ စွဲမှတ်စရာဖြစ်သည်အထိ ကျမ်းစာအမှန်တရားများရှင်းပြလိုလျှင် ကျွန်ုပ်တို့၏ဗီဒီယိုခွေများကို အသုံးပြု၍ သွန်သင်နိုင်သည်။ ကျွန်ုပ်တို့၏ဗီဒီယိုခွေများတွင် အကြောင်းအရာမျိုးစုံပါဝင်ပြီး သမ္မာကျမ်းစာ၊ ယေဟောဝါ၏အဖွဲ့အစည်းနှင့် ခရစ်ယာန်နေထိုင်မှုကိုမြှင့်တင်ပေးသည့်မူများအပေါ် ယုံကြည်စိတ်ချမှုတိုးပွားစေ၏။ သွန်သင်ပေးရန် ကျွန်ုပ်တို့၏ဗီဒီယိုခွေများကို အသုံးပြုနိုင်သောနည်းလမ်းအချို့ သုံးသပ်ကြည့်ပါ။ အောက်ပါတို့သည် အသုံးပြုနိုင်သည့် ဗီဒီယိုခွေနမူနာများဖြစ်သည်။
၃။ ကျမ်းစာသင်သားတစ်ဦးအား အဖွဲ့အစည်းသို့ညွှန်ပြရန် အဘယ်အရာကို သင် အသုံးပြုနိုင်သနည်း။
၃ ဓမ္မအမှုတွင်– ကျမ်းစာသင်သားတစ်ဦးအား ကျွန်ုပ်တို့၏ ကမ္ဘာချီခရစ်ယာန်ညီအစ်ကိုအသင်းအပင်းအကြောင်း သင် ပြောပြ ထားသလော။ သူ့အား ကျွန်ုပ်တို့၏ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး ဗီဒီယိုခွေကို ပြပါ။ နောက်တစ်ကြိမ် သင်အံမှုမတိုင်မီကြည့်ရန် ၎င်းဗီဒီယိုခွေကို ငှားပေးပါ သို့မဟုတ် လာမည့်အပတ် သင်အံမှုကျင်းပချိန်အတွင်း အတူကြည့်ပါ။ ထို့နောက် ဇွန် ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ပါ သုံးသပ်ရန်မေးခွန်းများကို ဆွေးနွေးပါ။
၄။ သက်သေခံလူငယ်တစ်ဦးသည် ကျောင်းတွင် အဘယ်သွန်သင်ခြင်းကိရိယာကို အသုံးပြုနိုင်သနည်း။
၄ လူငယ်တို့၊ သင်တို့သည် ယေဟောဝါသက်သေတို့ နာဇီထိုးနှက်မှုကို အခိုင်အမာရပ်တည် သို့မဟုတ် ယေဟောဝါသက်သေများ—နာမည်နောက်ဝယ်ရှိအဖွဲ့အစည်း ဟူသော မှတ်တမ်းတင်ဗီဒီယိုခွေများကို အတန်းအား ပြပေးနိုင်ကြောင်း သင်တို့၏ဆရာကို ပြောပြနိုင်ပါသည်။ အတန်းလိုက်ဆွေးနွေးရန်အတွက် ဇွန် ၂၀၀၁ သို့မဟုတ် အောက်တိုဘာ ၂၀၀၀ နှင့် ဖေဖော်ဝါရီ ၂၀၀၃ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ပါ မေးခွန်းများကို အလိုက်သင့်ပြုပြင်ထားသည့် မေးခွန်းလွှာတစ်ခုကို ပြင်ဆင် တင်ဆက်ခွင့်တောင်းပါ။
၅။ မိသားစုသင်အံမှုများတွင် အသုံးပြုရန် မိဘများရရှိနိုင်သောအရာကား အဘယ်နည်း။
၅ မိသားစုနှင့် မိတ်ဆွေများနှင့်အတူ– မိဘတို့၊ လူငယ်များအမေး—မိတ်စစ်ဆွေစစ် မည်သို့ဖွဲ့နိုင်သနည်း ဟူသောဗီဒီယိုခွေကို ပထမအကြိမ်ထုတ်ဝေခဲ့ချိန်မှစ၍ သင်တို့၏ကလေးများ မည်မျှကြီးပြင်းလာကြသည်ကို စဉ်းစားကြည့်ပါ။ သင်တို့၏ လာမည့်မိသားစုသင်အံမှုတွင် ယင်းကို နောက်တစ်ကြိမ်ပြန်ကြည့်ပါ။ ဧပြီ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု သည် အသက်ဝင်ပြီး ပွင့်လင်းသည့်ဆွေးနွေးမှုအတွက် မေးခွန်းများဖော်ပြပေးသည်။
၆။ မိတ်ဆွေများနှင့် တည်ဆောက်မှုဖြစ်စေသည့်အခါသမယတစ်ခုကို သင် မည်သို့စီစဉ်နိုင်သနည်း။
၆ အသင်းတော်တွင် သင့်အိမ်သို့ဖိတ်ခေါ်လိုသည့် မိတ်ဆွေများရှိသလော။ နောဧ—ဘုရားသခင်နှင့်အတူလျှောက်လှမ်းခဲ့သူ ဗီဒီယိုခွေကို အတူကြည့်ခြင်းက တည်ဆောက်မှုဖြစ်စေသော ညနေခင်းတစ်ခုဖြစ်စေမည်၊ အထူးသဖြင့် ဖေဖော်ဝါရီ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင် ဖော်ပြထားသည့် မေးခွန်းများကိုအသုံးပြု၍ သင်ယူခဲ့ရသောသင်ခန်းစာများကို သုံးသပ်ပြီးလျှင်ဖြစ်သည်။
၇။ ကျွန်ုပ်တို့၏ဗီဒီယိုခွေများကိုအသုံးပြုနိုင်သည့် အဘယ်အခွင့်အလမ်းများ သင် စဉ်းစားနိုင်သနည်း။
၇ အခြားအခွင့်အလမ်းများ– အခြားအဘယ်နည်းများဖြင့် ကျွန်ုပ်တို့၏ဗီဒီယိုခွေ ၂၀ ကိုအသုံးပြုနိုင်သနည်း။ ဝိညာဉ်ရေးတိုးတက်ရန်ကူညီပေးဖို့ သင် ပုံမှန်လည်ပတ်သူတစ်စုံတစ်ဦးအား ယင်းတို့ထဲမှ တစ်ခွေနှစ်ခွေပြပေးနိုင်မည်လော။ ဒေသခံဘိုးဘွားရိပ်သာတစ်ခုတွင် ၎င်းဗီဒီယိုခွေများပြပေးလိုကြောင်း သင် ကမ်းလှမ်းနိုင်မည်လော။ ဤဗီဒီယိုခွေများက သင်၏ သက်သေခံမဟုတ်သောဆွေမျိုးများ၊ အိမ်နီးချင်းများနှင့် အလုပ်ဖော်များ၏လေးစားမှုရရှိရန် ကူညီပေးမည်လော။ ကျွန်ုပ်တို့၏ဗီဒီယိုခွေများသည် စွဲမက်ဖွယ်ကောင်းပြီး အသိပညာပေးကာ ထိရောက်မှုရှိသော ရုပ်မြင်သင်ထောက်ကူများဖြစ်ကြသည်။ သွန်သင်ရန် ယင်းတို့ကို အသုံးပြုပါ။