ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၅/၁၅ စာ. ၄-၈
  • သင့်မိသားစုဘဝတွင် ဘုရားသခင်ကို ဦးထိပ်ထားလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်မိသားစုဘဝတွင် ဘုရားသခင်ကို ဦးထိပ်ထားလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်ကိုဦးထိပ်ထားသည်ဆိုရာဝယ်
  • ခင်ပွန်းသည်အနေနှင့် ဘုရားသခင်ကိုဦးထိပ်ထားခြင်း
  • ဇနီးအနေနှင့်ဘုရားသခင်ကိုဦးထိပ်ထားခြင်း
  • လူငယ်များအနေနှင့် ဘုရားသခင်ကိုဦးထိပ်ထားခြင်း
  • ဘုရားသခင်ကိုဦးထိပ်ထားလော့
  • သင့်မိသားစုဘဝကို ပျော်ရွှင်စေနိုင်ပုံ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ယေဟောဝါ၏မေတ္တာပါမိသားစုအစီအစဉ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • မိသားစုဘဝကို အောင်မြင်စေခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ပျော်ရွှင်တဲ့ မိသားစုဘဝကို သင် ပိုင်ဆိုင်နိုင်
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၅/၁၅ စာ. ၄-၈

သင့်မိသားစုဘဝတွင် ဘုရားသခင်ကို ဦးထိပ်ထားလော့

ရှေ့ဆောင်းပါး၌တင်ပြခဲ့သည့်ဇနီးမောင်နှံ ဘော့နှင့်ဂျီးန်တို့သည် ကွာရှင်းခြင်းမလုပ်ခဲ့ကြပေ။ သူတို့၏ပြဿနာများကို ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တစ်ဦးနှင့်ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ သူတို့၏ပြဿနာမှာ အရင်းခံအားဖြင့်မတူညီသော နောက်ခံကြောင့်ဖြစ်ကြောင်း ထိုဓမ္မအမှုတော်ဆောင်က မကြာခင်သိမြင်လာသည်။

ဥပမာအားဖြင့်၊ ဘော့သည် လက်မှုပညာသည်နှင့်ကာယလုပ်သားမိသားစုမှ ဆင်းသက်သူဖြစ်သည့်ပြင် သူကိုယ်တိုင်လည်း ကာယလုပ်သားဖြစ်သောကြောင့် မနက်တိုင်းမနက်စာကိုအဝအလင်စားချင်သည်။ ဉာဏလုပ်သားမိသားစုဝင်ဖြစ်သော ဂျီးန်သည် လင်သားဖြစ်သူအား ကော်ဖီနှင့်ပေါင်မုန့်ကင်လောက်သာကျွေးသည်။ ထို့ကြောင့် မနက်စာအတွက်နှင့်စကားများရာက မီးကုန်ယမ်းကုန်တိုက်ခိုက်သည့်စစ်ပွဲအသွင်သို့ အရှိန်မြင့်တက်သွားခဲ့သည်။

ဘော့နှင့်ဂျီးန်တို့သည် ဆက်သွယ်ပြောဆိုမှုတိုးတက်အောင်ပြုလုပ်ရန်လိုအပ်သည်။ သို့သော်လည်း သူတို့စိတ်ဆင်းရဲမှုဖြစ်ရသည့်အကြောင်းရင်းအမှန်မှာ ထိုထက်မကနက်ရှိုင်းသည်။ “သင်တို့သည် တစ်ဦးကိုတစ်ဦး ၁ ကောရိန္သု ၁၃:၄ ပါအတိုင်းကြည့်မြင်ကြပါသလော” ဟူ၍ ဓမ္မအမှုတော်ဆောင်ကမေးသည်။ “မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည်ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။” မေတ္တာသည် “မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကိုမရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟုမထင်တတ်” ကြောင်း အခန်းငယ် ၅ ကဆိုသည်။ ဘော့နှင့်ဂျီးန်နှစ်ယောက်စလုံးက သူတို့၏ဆက်ဆံရေးတွင် ဤဆုံးမစကားများအတိုင်းလိုက်နာကျင့်သုံးရန် လိုလိုလားလားရှိကြသည်။

ဤမောင်နှံတို့၏ပြဿနာကိုအဓိကအားဖြင့် ဝိညာဉ်ရေးဘက်မှဖြေရှင်းရန်လိုသည်။ ဘော့နှင့်ဂျီးန်တို့သည် ဘုရားသခင်နှင့်ကောင်းမြတ်သောဆက်ဆံရေးကိုထိန်းသိမ်းထားလိုသည့်ဆန္ဒရှိကြသဖြင့် သူတို့အနေဖြင့် အခြားအရာအားလုံးထက် သမ္မာကျမ်းစာမူများကိုလိုက်နာ၍ “[ယေဟောဝါ] သည်အိမ်ကိုဆောက်တော်မမူလျှင်၊ ဆောက်သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ” ကြောင်း ကောင်းစွာသဘောပေါက်ရန်လိုအပ်သည်။ (ဆာလံ ၁၂၇:၁) အခန်းငယ် ၃ မှ ၅ ၌အိမ်ထောင်စုတစ်ခုတည်ဆောက်ခြင်းကိုရည်ညွှန်းထားသည်။ မိသားစုပျော်ရွှင်မှုတိုးပွားအောင်ပြုလုပ်ရာတွင် အထူးအောင်မြင်လိုပါက မိသားစုဘဝတွင် ဘုရားသခင်ကိုဦးထိပ်ထားရပေမည်။—ဧဖက် ၃:၁၄၊ ၁၅။

ဘုရားသခင်ကိုဦးထိပ်ထားသည်ဆိုရာဝယ်

မိသားစုဘဝတွင် ဘုရားသခင်ကိုဦးထိပ်ထားသည်ဆိုရာ၌ “မိသားစုအတူတကွဆုတောင်း၍အတူတကွနေထိုင်သည်” ဟုဆိုရုံထက်မက များစွာကျယ်ဝန်းသည်။ Family Relations ဂျာနယ်အရ လူအများတို့က “ဘာသာတရားသည် အပြုသဘောဆောင်၍ ကျန်းခံ့သောမိသားစုအပြန်အလှန်အကျိုးသက်ရောက်မှုကိုတိုးတက်စေသည့်အပြင် မိသားစုဝင်တို့၏ဘဝကျေနပ်မှုကိုပါတိုးပွားစေကြောင်း” ယုံကြည်ကြသည်။ သို့သော် ဘာသာတရားတစ်မျိုးမျိုးလိုက်စားရုံမျှနှင့် ဘုရားသခင်ကိုဦးထိပ်ထားရာမရောက်ပေ။ လူအများတို့သည် အကျင့်သက်သက်ကြောင့်လည်းကောင်း၊ မိသားစုရိုးရာထုံးတမ်းသက်သက်ကြောင့်သော်လည်းကောင်း၊ လူမှုရေးအခွင့်အရေးသက်သက်ကြောင့်သော်လည်းကောင်း ဘာသာတရားတစ်မျိုးမျိုးကို ကိုးကွယ်ကြခြင်းဖြစ်သည်။ သူတို့၏နေ့စဉ်ဘဝအသက်တာအပေါ် ဘုရားသခင်သည် မည်သည့်သြဇာအရှိန်အဝါမျှမသက်ရောက်ပေ။ ပို၍အရေးကြီးသည်မှာ ဘာသာတရားရှိသမျှသည် “ဘုရားသခင့်ရှေ့တော်၌ စင်ကြယ်သန့်ရှင်းသောဘုရားတရားကြည်ညိုခြင်း” မဟုတ်ကြပေ။—ယာကုပ် ၁:၂၇၊ သမ္မ။

ကျွန်ုပ်တို့၏မိသားစုဘဝတွင် ဘုရားသခင်ကိုဦးထိပ်ထားနိုင်ရန်အတွက် ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့ချစ်မြတ်နိုးသူတို့အနေဖြင့် ကိုယ်တော်တောင်းဆိုထားသည့်အတိုင်း “မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရား” ယေဟောဝါကိုကိုးကွယ်ကြရပေမည်။ (ဆာလံ ၈၃:၁၈) ဘုရားသခင့်သားတော်ယေရှုခရစ်က ဤသို့မိန့်တော်မူ၏။ “မှန်သောကိုးကွယ်သူတို့သည် ခမည်းတော်ကိုနာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ကိုးကွယ်ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ခမည်းတော်သည် မိမိကိုကိုးကွယ်စေရန် ထိုသို့သောသူတို့ကိုအလိုရှိတော်မူ၏။ ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ကိုယ်တော်ကိုကိုးကွယ်သောသူတို့သည် နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ကိုးကွယ်ရမည်။” (ယောဟန် ၄:၂၃၊ ၂၄၊ သမ္မ) ယေဟောဝါဘုရားသခင်ကို “နာမ်ဝိညာဉ်နှင့်” ကိုးကွယ်နိုင်ရန် ကျွန်ုပ်တို့ပြုသောဘုရားဝတ်သည် မေတ္တာနှင့်ယုံကြည်ခြင်းပြည့်လျှံသည့်နှလုံးသား၏လှုံ့ဆော်မှုမှ ပေါက်ဖွားလာရာဖြစ်ရပေမည်။ (မာကု ၁၂:၂၈-၃၁။ ဂလာတိ ၂:၁၆) ယေဟောဝါကို “သမ္မာတရား” နှင့်ကိုးကွယ်နိုင်ရန် ဘာသာရေးအယူမှားများကိုပယ်၍ သမ္မာကျမ်းစာ၌ဖော်ပြထားသည့် ကိုယ်တော့်အလိုတော်နှင့်အညီ အပြည့်အဝလိုက်နာဖို့လိုအပ်သည်။ ကျွန်ုပ်တို့ကိုးကွယ်သောဘာသာသည် ယေဟောဝါဘုရားသခင်သတ်မှတ်သည့်စံများကိုမမီပါက ကိုယ်တော်ကိုဦးထိပ်ထားနိုင်ကြမည်မဟုတ်ပေ။a၄င်းစံများအနက် အချို့ကားအဘယ်နည်း။ ၄င်းတို့ကိုလိုက်နာကျင့်သုံးလျှင် သင့်မိသားစုအပေါ် မည်သို့အကျိုးသက်ရောက်နိုင်သနည်း။

ခင်ပွန်းသည်အနေနှင့် ဘုရားသခင်ကိုဦးထိပ်ထားခြင်း

၁ ကောရိန္သု ၁၁:၃ တွင်သမ္မာကျမ်းစာက ဤသို့ဆို၏။ “ယောက်ျား၏ခေါင်းကားခရစ်တော်ဖြစ်သည်။ . . .  မိန်းမ၏ခေါင်းကားယောက်ျားဖြစ်သည်။ ခရစ်တော်၏ခေါင်းကား ဘုရားသခင်ဖြစ်တော်မူ၏။” သင်သည်ခင်ပွန်းသည်ဖြစ်ပါက သင့်မိသားစုတွင် အဓိကဆုံးဖြတ်ချက်ချရမည့်သူအဖြစ် ဘုရားပေးတာဝန်ရရှိထားသည်။ သို့သော် အနိုင်အထက်ပြုရန်၊ အာဏာရှင်ဆန်ဆန်ပြုကျင့်ရန်အခွင့်အာဏာလုံးဝပေးမထားပေ။

ဇနီးတို့အပေါ် အကျိုးသက်ရောက်သည့်ဆုံးဖြတ်ချက်များချရာတွင် မိမိဇနီးတို့၏ခံစားချက်များကိုလည်း ထည့်သွင်းစဉ်းစားရန် သမ္မာကျမ်းစာက ခင်ပွန်းဖြစ်သူတို့ကို တိုက်တွန်းထားသည်။ (ကမ္ဘာဦး ၂၁:၉-၁၄ နှင့်နှိုင်းယှဉ်။) အမှန်ဆိုလျှင် ‘ကိုယ့်အမှုအရေးများကိုသာဂရုမပြုဘဲ တစ်ပါးသူ၏အမှုအရေးများကိုလည်း ဂရုပြုကြလော့’ ဟူ၍ကျွန်ုပ်တို့အားလုံးကို ကျမ်းစာကအားပေးထားသည်။ (ဖိလိပ္ပိ ၂:၂-၄) သမ္မာကျမ်းစာအခြေခံမူပါဝင်ပတ်သက်ခြင်းမရှိလျှင် ခရစ်ယာန်ခင်ပွန်းသည်အနေဖြင့် ဇနီးသည်၏နှစ်သက်ရာကိုလိုက်လျောပေးမည်။ သူမကိုစိတ်ဝင်စားသည့်အနေနှင့် သူမအပေါ်တာဝန်မပိအောင်လည်း ဂရုစိုက်ပေမည်။ ဥပမာအားဖြင့် အိမ်မှုဗာဟီရများကိုဝိုင်းကူပေးမည်၊ အထူးသဖြင့်ဇနီးသည်အလုပ်ထွက်လုပ်ရမည့်အခါမျိုး။

“ယောက်ျားတို့သည် . . . ” ဟူ၍တမန်တော်ပေါလုရေးသားခဲ့သည်။ (ဧဖက် ၅:၂၈၊ ၂၉) ယေရှုခရစ်တော်သည် အသင်းသားတို့ကိုမေတ္တာနှင့်ဆက်ဆံတော်မူ၏။

တမန်တော်ပေတရု၏အောက်ပါသြဝါဒစကားမှာလည်း မှတ်သားထိုက်ပေသည်။ “ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌အဆီးအတားမရှိစေခြင်းငှာ အသက်ရှင်ခြင်းကျေးဇူးတော်ကိုဆက်ဆံ၍အမွေခံရသောသူချင်းကဲ့သို့ သတိပညာနှင့်လျော်စွာကိုယ်ခင်ပွန်းနှင့်အတူနေ၍ အားနည်းသောသူကိုပြုသင့်သည်အတိုင်း သူ့ကိုစောင့်မပြုစုကြလော့။” (၁ ပေတရု ၃:၇) မိမိဇနီးကိုမေတ္တာမဲ့စွာဆက်ဆံပါက ခင်ပွန်း၏ဆုတောင်းခြင်းအမှုအတွက် အဆီးအတားဖြစ်စေနိုင်ကြောင်းသိရခြင်းမှာ လေးလေးနက်နက်ဆင်ခြင်သင့်သောအချက်ပင်မဟုတ်ပေလော။ မှန်ပါသည်၊ မိမိ၏ဆုတောင်းပတ္ထနာကို ဘုရားသခင်နားညောင်း၍ဖြေကြားစေလိုပါက မိမိဇနီးကိုမေတ္တာနှင့်ဆက်ဆံရမည်ဖြစ်သည်။

ဘုရားသခင်ကိုဦးထိပ်ထားလျှင် သားသမီးများနှင့်ဖခင်၏ဆက်ဆံရေးအပေါ်၌လည်း အကျိုးသက်ရောက်မည်။ သားသမီးတို့၏ဝိညာဉ်ရေးကောင်းစားမှုအတွက် အထူးစိုးရိမ်ကြောင့်ကြပေးသင့်သည်။ သို့ရာတွင် “ကျမ်းစာလေ့လာခြင်း၊ ဆွေးနွေးခြင်း” သည် ‘မိမိတို့မိသားစု၏ဝိညာဉ်ရေးဖွံ့ ဖြိုးတိုးတက်မှုအတွက် အရေးအကြီးဆုံးဖြစ်ကြောင်း’ ပြောဆိုသောအမျိုးသားဦးရေတစ်ဝက်သာရှိကြောင်း အမေရိကန်စုံစမ်းမှုကြီးတစ်ရပ်အရသိရသည်။ ကျန်တစ်ဝက်က “ဘာသာရေးအသံလွင့်ဌာနများကိုနားဆင်ခြင်း၊ ကြည့်ရှုခြင်း” သို့မဟုတ် ‘ဘဝ၏အနှစ်သာရကိုတွေးတောခြင်း’ စသောအကြောင်းများကိုကိုးကားရည်ညွှန်းကြသည်။

သို့သော်လည်း သမ္မာကျမ်းစာကဖခင်တို့အား ဤသို့မှာကြားထားသည်။ “ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ သူတို့ကို မွေးမြူကြလော့။” (ဧဖက် ၆:၄၊ NW) ယေဟောဝါသက်သေများတွင် ဖခင်တို့သည် မိသားစုကိုးကွယ်မှုဘက်၌ ဦးဆောင်ရန်တာဝန်ရှိသည်။ ထိုသူတို့သည် မိသားစုသမ္မာကျမ်းစာသင်အံမှု မှန်မှန်ပြုလုပ်ခြင်း၊ ခရစ်ယာန်စည်းဝေးများတက်ခြင်း၊ အခြားကျမ်းစာတောင်းဆိုချက်များကိုလိုက်နာခြင်းအားဖြင့် မိသားစုဘဝတွင် ဘုရားသခင်ကိုဦးထိပ်ထားကြသည်။

ဇနီးအနေနှင့်ဘုရားသခင်ကိုဦးထိပ်ထားခြင်း

သင်သည် ဇနီးဖြစ်ပါက အိမ်ထောင်ဦးစီးဖြစ်သူ ခင်ပွန်းထမ်းဆောင်ရသည့်အခန်းကဏ္ဍကို အင်တိုက်အားတိုက်ထောက်ခံအားပေးခြင်းဖြင့် ဘုရားသခင်ကိုဦးထိပ်ထားနိုင်သည်။ “အချင်းမိန်းမတို့၊ သခင်ဘုရား၌လျောက်ပတ်သည်အတိုင်း၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။” (ကောလောသဲ ၃:၁၈) ခင်ပွန်းဖြစ်သူသည် ပြောဆိုဆက်သွယ်မှုမရှိသူ၊ မိသားစုကိုးကွယ်မှု၌ အေးတိအေးစက်ဖြစ်နေပါက ဤသို့ပြုရန်အတော်အတန်အခက်တွေ့ပေမည်။ မည်သို့ပင်ဖြစ်စေကာမူ သူ့ဟာကွက်များကို တစ်ချိန်လုံးထောက်ပြနေမည်၊ သို့မဟုတ် ပိုဆိုးသည်ကား သူ့အားကလန်ကဆန်လုပ်မည်ဆိုလျှင် မိသားစုစိတ်ဆင်းရဲခြင်းကို တိုးပွားစေရုံသာရှိမည်။

သု၊ ၁၄:၁ ကဤသို့ဆို၏။ “ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည်ဆောက်တတ်၏။ မိုက်သောမိန်းမမူကား ကိုယ်လက်နှင့်ဖြိုဖျက်တတ်၏။” အမှန်ပင်ပညာရှိသောအိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးအနေဖြင့် ဘုရားသခင်ကိုဦးထိပ်ထား၍ ‘မိမိအိမ်ကိုတည်ဆောက်’ နိုင်သည့်နည်းတစ်နည်းမှာ ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံခြင်းအားဖြင့်ဖြစ်သည်။ (၁ ကောရိန္သု ၁၁:၃) ‘ကရုဏာတရားလျှာ၌တည်’ သောကြောင့် သူမသည်ခင်ပွန်းဖြစ်သူအား မလိုအပ်ဘဲအပြစ်ရှာဝေဖန်မည်မဟုတ်ပေ။ (သု၊ ၃၁:၂၆) ခင်ပွန်း၏ဆုံးဖြတ်ချက်အောင်မြင်ရေးအတွက်လည်း တစ်တပ်တစ်အားကြိုးစားလုပ်ဆောင်ပေမည်။

အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး ဘုရားသခင်ကိုဦးထိပ်ထားနိုင်သည့် နောက်တစ်နည်းမှာ လုံ့လဝီရိယရှိသောအိမ်ရှင်မပီသအောင်ကြိုးစားခြင်းဖြစ်သည်။ သူမအနေနှင့် အလုပ်လုပ်နေရပါက စိတ်ရှိသည်အတိုင်း အိမ်ထောင်ကိုထိန်းသိမ်းနိုင်ရန် လိုအပ်သည့်အချိန်နှင့်ခွန်အားရှိမည်မဟုတ်ပေ။ သို့တိုင်အောင် သူမသည် “အိမ်သူအိမ်သားပြုမူသမျှတို့ကိုကြည့်ရှုတတ်၏။ ပျင်းရိခြင်းအစာကိုမစားတတ်” ဟူ၍သမ္မာကျမ်းစာဆိုသည့် “စွမ်းရည်ပြည့်ဝသောဇနီး” ကဲ့သို့ဖြစ်အောင်ကြိုးစားအားထုတ်နိုင်ပါသည်။—သု၊ ၃၁:၁၀၊ ၂၇။

ဤအရာအားလုံးအပြင်၊ ဘုရားသခင့်ကိုးကွယ်ရေးကို ဘဝတွင်အစဉ်သဖြင့် ဦးထိပ်ထားဖို့လိုသည်။ ယေဟောဝါသက်သေများ၏နိုင်ငံတော်ခန်းမသို့ ပထမဆုံးအကြိမ်ရောက်လာသူတို့သည် ကလေးသူငယ်တို့၏သပ်ရပ်သောပုံပန်းသွင်ပြင်ကိုချီးမွမ်းတတ်ကြသည်။ ဤနေရာတွင် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး၏လုပ်ဆောင်မှုသည် အဖိုးအနဂ္ဃထိုက်ပေသည်။ သို့သော်လည်း သူမအနေဖြင့် ဆုတောင်းခြင်း၊ လေ့လာခြင်းနှင့်ဘုရားအမှုတော်ဆောင်ခြင်းအားဖြင့် မိမိ၏ဝိညာဉ်ရေးကိုထိန်းသိမ်းရန်အတွက်လည်း ကြိုးစားရပေမည်။

လူငယ်များအနေနှင့် ဘုရားသခင်ကိုဦးထိပ်ထားခြင်း

Adolescent Counselor စာစောင်၌ပါသောဆောင်းပါးတစ်ပုဒ်က ဤသို့ဆို၏။ “သားသမီးများသည် မိဘတို့ကိုပြန်၍ကြိုးကိုင်နိုင်သည့်စိတ်နေသဘောထားနှင့် ဆင်ခြင်တုံတရားများကို တိုးတက်ဖွံ့ဖြိုးအောင်ပြုလုပ်လိုသည့်သဘောရှိကြသည်။ . . . လိုတရခြင်းနှင့်ဥစ္စာစည်းစိမ်တို့ကို အလေးပေး၍ချီးမြှင့်မြှောက်စားသည့် လူ့ဘောင်အဖွဲ့အစည်းနှင့်လက်ပွန်းတတီးရင်းနှီးလာကြသဖြင့် လူပျိုပေါက်အပျိုပေါက်တို့သည် ‘အခုဆိုအခု’ စိတ်သဘောမျိုး မွေးမြူလာကြသည်။” သင်သည်လူငယ်တစ်ယောက်ဖြစ်ပါက သင့်သဘောထားလည်း ထိုအတိုင်းပင်ဖြစ်သလော။

“သားသမီးတို့၊ မိဘစကားကိုအရာရာ၌နားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် သခင်ဘုရားနှစ်သက်တော်မူသောအမှုဖြစ်၏” ဟုကောလောသဲ ၃:၂၀ ဆို၏။ မိဘစကားနားထောင်ခြင်းကို ဘုရားအလိုတော်အဖြစ်သဘောထားသောလူငယ်တစ်ယောက်သည် မိဘတို့နှင့်ပူးပေါင်းဆောင်ရွက်ပေမည်။ ဥပမာအားဖြင့်၊ မိဘတို့မကြိုက်သောကျောင်းနေဖက်တို့နှင့်ပေါင်းသင်းခြင်းအားဖြင့် ကွယ်ရာ၌ ကလန်ကဆန်လုပ်မည်မဟုတ်သကဲ့သို့ မိမိလိုဘပြည့်အောင် မိဘတို့ကိုမလိမ့်တပတ်လည်းလုပ်မည်မဟုတ်ပေ။ (သု၊ ၃:၃၂) ထိုသို့လုပ်မည့်အစား ဘဝတွင်ဘုရားသခင်ကိုဦးထိပ်ထားသူမည်သည့်လူရွယ်မဆိုသည် မေတ္တာပြည့်ဝသောမိဘတို့၏လမ်းညွှန်ထိန်းကျောင်းမှုကို ကျိုးနွံခံယူကြပေမည်။

ဘုရားသခင်ကိုဦးထိပ်ထားလော့

မိသားစုအသိုင်းအဝိုင်းတွင် ကျွန်ုပ်တို့မည်သည့်နေရာတွင်ရှိနေသည်ဖြစ်ပါစေ၊ ဘုရားသခင်ကိုဘဝအသက်တာတွင် ဦးထိပ်ထား၍ ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးပျိုးထောင်ရန် လိုအပ်သည်။ သင်နှင့်တကွ သင့်မိသားစုဝင်တို့သည် ဤသို့ပင်ပြုလုပ်နေကြပါသလော။

ဤ “နောက်ဆုံးသောနေ့ရက်များ” အတွင်း ကျွန်ုပ်တို့အားလုံးတို့သည် “ခဲယဉ်းသောကာလ” ကိုရင်ဆိုင်နေရကြသည်။ (၂ တိမောသေ ၃:၁-၅) မည်သို့ပင်ဖြစ်စေကာမူ ဝိညာဉ်ရေးဘက်တိုးတက်အောင်၊ ဤအစီအစဉ်စနစ်၏အဆုံးကိုကပ်ကျော်အောင် ကြိုးစားခြင်းမှာဖြစ်နိုင်သောကိစ္စဖြစ်ပါသည်။ (မဿဲ ၂၄:၃-၁၄) တိကျမှန်ကန်သောသမ္မာကျမ်းစာအသိပညာနှင့်အညီ ကျင့်ကြံအားထုတ်ခြင်းအားဖြင့် သင်နှင့်သင့်မိသားစုတို့သည် ပရဒိသုမြေကြီးပေါ်တွင် ထာဝရအသက်ရှင်ရန်မျှော်လင့်ချက်ရရှိနိုင်ပေသည်။ (လုကာ ၂၃:၄၃။ ယောဟန် ၁၇:၃။ ဗျာဒိတ် ၂၁:၃၊ ၄) မှန်ပါသည်၊ သင့်မိသားစုဘဝတွင် ဘုရားသခင်ကိုဦးထိပ်ထားမည်ဆိုလျှင် ထိုအတိုင်းပင်ဧကန်ဖြစ်လာနိုင်ပေသည်။

[အောက်ခြေမှတ်ချက်များ]

a နယူးယောက်ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှထုတ်ဝေသော သင်သည်ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်၊ အခန်း ၂၂ ရှု။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

စွမ်းရည်ပြည့်ဝသောဇနီးသည် အမှန်ပင်လေးမြတ်ခြင်းခံရသည်

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

မိသားစုကိုးကွယ်မှုတွင်ဦးဆောင်ရန် ခင်ပွန်းတို့အား သမ္မာကျမ်းစာကအားပေးသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ