“ကိုယ်တော်၏ချစ်ခင်ကြင်နာမှုသည် ကြီးမားကြောင်းထင်ရှားပြီ”
ဟိုစေ ဗာဂါရာ အိုရော့ဇ်ကို ပြောပြသည်
အသက် ၇၀ အရွယ်တွင် သင့်ဘဝအတွက် တွန်းအားအသစ်ပြည့်လာမည်ဟုသင်ယူမှတ်သလော။ ကျွန်တော့်ဘဝတွင် ထိုသို့ဖြစ်ခဲ့သည်။ ယင်းကလည်း လွန်ခဲ့သော ၃၅ နှစ်ကဖြစ်သည်။ ယေဟောဝါ၏ချစ်ခင်ကြင်နာမှုကြောင့် ၁၉၆၂ ခုနှစ်ကတည်းက မှန်မှန်ရှေ့ဆောင်အဖြစ်အမှုထမ်းခဲ့ပြီး ၁၉၇၂ ခုနှစ်မှစ၍ မက္ကဆီကိုနိုင်ငံ၊ ဂျလစ္စကိုပြည်နယ်ရှိ ယေဟောဝါသက်သေများ၏ အယ်လ်ကာရဇဲလ်အသင်းတော်တွင် အကြီးအကဲဖြစ်ခွင့်ရပါသည်။ ကျွန်တော့်နောက်ကြောင်းကို အကျဉ်းချုပ်တင်ပြခွင့်ပြုပါ။
မက္ကစီကိုနိုင်ငံ၊ မီကိုအာကရန်နယ်တွင် ၁၈၈၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် ကျွန်တော်လူဖြစ်လာသည်။ ကျွန်တော့်ဖခင်သည် မေစင်တစ်ဦးဖြစ်သောကြောင့် ကက်သလစ်ချာ့ချ်ကို ကျွန်တော်တို့မိသားစု မတက်ကြပါ။ ကက်သလစ်ဘာသာရေးအခမ်းအနားများ၌လည်း ကျွန်တော်တို့မပါဝင်ကြပါ။ အိမ်မှာလည်း ဘာသာရေးရုပ်များမထားပါ။
ကျွန်တော်အသက် ၁၆ နှစ်ရှိသော် အမေရိကန်နိုင်ငံမှာ အဖေအလုပ်သွားလုပ်ကိုင်ပါသည်။ ကျွန်တော့်အား လုပ်ငန်းတစ်ခုခုသင်ပေးဖို့ လူတစ်ဦးအား တာဝန်ပေးရစ်သည်။ သို့သော်နှစ်နှစ်အကြာတွင် ထိုလူကြီးသည် ကျွန်တော့်အား မက္ကဆီကိုမြို့တော်သို့ခေါ်သွားပြီး စစ်တက္ကသိုလ်၌ လေ့ကျင့်မှုခံယူစေခဲ့သည်။ နောင်တွင် မက္ကဆီကိုစစ်တပ်ထဲတွင် စတင်စစ်မှုထမ်းခဲ့ပါသည်။
တပ်တွင်းနှင့် ထို့နောက်
၁၉၁၀ ခုနှစ်တွင်စတင်ခဲ့သည့် မက္ကဆီကိုတော်လှန်ရေး၌ ကျွန်တော်တိုက်ခိုက်ခဲ့သည်။ စစ်တက္ကသိုလ်မှ ကျွန်တော်တို့လူငယ်အားလုံးသည် ပေါ်ဖီရီအို ဒိုင်းရပ်စ်၏ အာဏာရှင်စနစ်ကိုတော်လှန်သူ ဖရန်စစ္စကို အိုင် မဒီရိုကိုထောက်ခံခဲ့ကြသည်။ မဒီရိုသေဆုံးသည့် ၁၉၁၃ ခုနှစ်အထိ သူ့ဘက်ရပ်တည်ကြပြီး ထိုနောက်တွင် ၁၉၁၅ မှ ၁၉၂၀ တိုင် ပြည်ထောင်စုသမ္မတနိုင်ငံ၏ သမ္မတဖြစ်သူ ဗီနပ်စ်စီအာနို ကရန်ဇာကိုထောက်ခံအားပေးကြပါသည်။ သို့နှင့်ကျွန်တော်တို့သည် ကရန်ဇစ္စတပ်စ် များဟုအမည်တွင်ခဲ့သည်။
လေးကြိမ်တိုင်တိုင် စစ်တပ်မှထွက်ဖို့ ကျွန်တော်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ နောက်ဆုံးတော့ ကျွန်တော်တပ်ပြေးအဖြစ် ပုန်းရှောင်နေခဲ့ရသည်။ သို့နှင့်မက္ကဆီကိုနိုင်ငံသို့ပြန်ရောက်နေသော ကျွန်တော့်ဖခင်ဖြစ်သူခမျာ ထောင်ကျခံခဲ့ရသည်။ ထောင်ထဲသို့ တူတော်မောင်ဟန်ဆောင်ပြီး အဖေထံတစ်ရက်သွားလည်ပတ်ခဲ့သည်။ ထိုအချိန်တွင် ကျွန်တော်တို့ပြောဆိုသမျှကို အစောင့်များမကြားစေရန် စာရေးပြီး အချင်းချင်းဆက်သွယ်ခဲ့သည်။ ကျွန်တော်မည်သူဖြစ်သည်ကို မပေါ်သွားစေရန် ထိုစာရွက်များကို စားပစ်ခဲ့ပါသည်။
အကျဉ်းမှအဖေထွက်လာပြီးသောအခါ ကျွန်တော့်ထံသူလာပြီး သက်ဆိုင်ရာသို့ ကိုယ်ကိုယ်ကိုအပ်နှံရန် တောင်းဆိုသည့်အတိုင်းပြုလုပ်ခဲ့ရာ ဗိုလ်ချုပ်ကြီးသည် ကျွန်တော့်အား မဖမ်းချုပ်သည့်အတွက် အံ့အားသင့်ခဲ့ရသည်။ သူအကြံပြုသည်အတိုင်းပင် အမေရိကန်နိုင်ငံသို့ ၁၉၁၆ ခုနှစ်မှ ၁၉၂၆ ခုနှစ်အထိ ကျွန်တော်ပြောင်းရွှေ့နေထိုင်ခဲ့သည်။
၁၉၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌နေထိုင်နေသော မက္ကဆီကိုအမျိုးသမီးတစ်ဦးနှင့်အိမ်ထောင်ပြုပြီး ဆောက်လုပ်ရေးပညာကိုသင်ယူခဲ့သည်။ သမီးလေးတစ်ယောက် မွေးစားခဲ့ရာ သမီး ၁၇ နှစ်အရွယ်ရောက်သော် မက္ကဆီကိုနိုင်ငံသို့ပြန်သွားပြီး တဗာစ်ကိုနယ်၊ ဂျလ်ပါမြို့တွင်နေထိုင်ကြသည်။ ထိုနောက် ၁၉၂၆ မှ ၁၉၂၉ ခုနှစ်အထိကြာခဲ့သော ‘ခရစ္စတီရိုပုန်ကန်မှု’ စတင်ခဲ့သည်။
ခရစ္စတီရိုများက သူတို့ဘက်ပါရန် ကျွန်တော့်အား စည်းရုံးခဲ့သည်။ သို့သော်ကျွန်တော်တို့အိမ်ထောင်စုလိုက် အေဂွာစကာလီအင်တစ္စပြည်နယ်သို့ ထွက်ပြေးပုန်းရှောင်နေထိုင်ကြသည်။ မက္ကဆီကိုသမ္မတနိုင်ငံတွင် အရပ်ရပ်သို့ရွှေ့ပြောင်းနေထိုင်ပြီးနောက် ၁၉၅၆ ခုနှစ်တွင် တမော်လီပါစ္စပြည်နယ်၊ မာတာမိုရော့စ္စမြို့တွင်စခန်းချပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ကြီးကြပ်ပေးခဲ့ရသည်။
ဘဝပုံစံပြောင်းလဲလာ
ဤအချိန်က ကျွန်တော့်ဘဝပုံစံစတင်ပြောင်းလဲခဲ့ချိန်ဖြစ်သည်။ အမေရိကန်နိုင်ငံ၊ တက္ခစပ်စ်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် ဘရောင်းစ်ဗီလ်တွင် အိမ်ထောင်ကျပြီးနေထိုင်သော သမီးဖြစ်သူသည် ကျွန်တော်တို့ထံ မကြာခဏလည်ပတ်လာပါသည်။ တစ်နေ့သောအခါ သူက “အဖေ၊ မြို့တော်ခန်းမမှာ လူအတော်များများစုဝေးနေကြတယ်။ သွားကြည့်ရအောင်” ဟုပြောသည်။ ယေဟောဝါသက်သေများ၏ စည်းဝေးပွဲကြီးဖြစ်နေပါသည်။ စည်းဝေးပွဲ၏လေးရက်စလုံးကို ကျွန်တော့်သမီး၊ သားမက်၊ မြေး၊ ဇနီးတို့နှင့်အတူ ကျွန်တော်တက်ရောက်ခဲ့သည်။
ထိုနှစ်မှစတင်ပြီး ယေဟောဝါသက်သေများ၏ခရစ်ယာန်စည်းဝေးများကို တက်ရောက်ကြတော့သည်။ မက္ကဆီကိုနိုင်ငံတွင် ကျွန်တော်ဝိညာဉ်ရေးဘက်တိုးတက်သကဲ့သို့ အမေရိကန်နိုင်ငံတွင် သမီးလည်းတိုးတက်လာပါသည်။ မကြာမီပင် ကျွန်တော့်လုပ်ဖော်ဖက်တို့အား တတ်သိလာသည့် ကျမ်းစာပညာကို ပြောဆိုလာပါတော့သည်။ သူတို့အား ကျွန်တော်မှန်မှန်ရရှိသော ကင်းမျှော်စင် နှင့် နိုးလော့ ၁၀ စောင်ကိုဝေငှပေးပါသည်။ ရုံးခန်းမှငါးဦး၊ အင်ဂျင်နီယာသုံးဦးနှင့် အခြားအလုပ်သမားအချို့သည် သက်သေခံများဖြစ်လာကြပါသည်။
၁၉၅၉ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် မြစ်ထဲမှာ ကျွန်တော်နှစ်ခြင်းခံချိန်သည် ချမ်းလွန်းလှသည်မှာ ဆိုဖွယ်မရှိပါ။ ရေအေးလွန်းသဖြင့် ထိုနေ့တွင်နှစ်ခြင်းခံခဲ့သူအားလုံး ဖျားသွားပါသည်။ ကျွန်တော်နှစ်ခြင်းမယူမီ သမီးနှစ်ခြင်းယူပါသည်။ ဇနီးဖြစ်သူမှာ တစ်ခါမှနှစ်ခြင်းမယူခဲ့သော်လည်း သမ္မာတရားကိုသိရှိလာ၍ များစွာအားပေးကူညီခဲ့ပါသည်။
အချိန်ပြည့်ဓမ္မအမှု
ဘုရားသခင်၏ ချစ်ခင်ကြင်နာမှုကြီးမားစွာခံစားရသည့်အတွက် ကျေးဇူးဆပ်မကုန်နိုင်ဟုခံစားရပြီး ကျွန်တော် ၇၅ နှစ်အရွယ် ၁၉၆၂ ခု၊ ဖေဖော်ဝါရီလတွင် ရှေ့ဆောင်တစ်ဦးအဖြစ် အချိန်ပြည့်ဓမ္မအမှုကိုထမ်းဆောင်ခဲ့ပါသည်။ ထိုနောက်များမကြာမီ ၁၉၆၈ ခုနှစ်တွင် ကျွန်တော့်ဇနီးဆုံးသွားသည်။ ထိုအခါ နိုင်ငံခြားတစ်နိုင်ငံတွင် အမှုတော်ဆက်ထမ်းဆောင်လိုခဲ့သော်လည်း ကျွန်တော့်အသက်အရွယ်ကြောင့် ညီအစ်ကိုများက သင့်တော်မည်မဟုတ်ဟုထင်ကြသည်။ သို့ရာတွင် ၁၉၇၀ ခုနှစ်၌ အသင်းတော်ငယ်ကလေးတစ်ခုရှိသော ဂျလစ္စကိုပြည်နယ်၊ ကိုလော့တ်လျန်မြို့တွင် ရှေ့ဆောင်အဖြစ် တာဝန်ခန့်အပ်ခံခဲ့ရသည်။
၁၉၇၂ ခု၊ စက်တင်ဘာလတွင် ကိုလော့တ်လျန်မြို့အနီးရှိ အယ်လ်ကာရဇဲလ်မြို့ငယ်လေးသို့ပြောင်းရွှေ့ရန် တိုက်နယ်ကြီးကြပ်မှူးကအကြံပြုသည်။ ထိုနှစ်နိုဝင်ဘာလတွင် ယင်းမြို့ငယ်၌ အသင်းတော်ရှိလာပြီး ထိုတွင်အကြီးအကဲတစ်ဦးအဖြစ် ခန့်အပ်ခံရသည်။ သီးခြားမြို့ငယ်လေးဖြစ်သော်လည်း အသင်းတော်စည်းဝေးများသို့ လူပေါင်း ၃၁ ဦးအထိစည်းဝေးများတက်ကြပါသည်။
အသက်ကြီးရင့်သော်လည်း ဓမ္မအမှုတွင် ကျွန်တော်တက်ကြွစွာပါဝင်နေဆဲရှိသည်။ မိမိတို့ယုံကြည်ချက်များကို ဆင်ခြင်သုံးသပ်ကြရန် လူတို့အားကူညီပေးနေပါသည်။ ဥပမာ၊ စိတ်ရင်းမှန်သောကက်သလစ်များရွတ်ဆိုလေ့ရှိသည့် ဟေးလ်မေရီမေတ္တာစာအရ ‘ဂုဏ်ကျေးဇူးတော်နှင့် ပြည့်စုံတော်မူသော မာရိယသခင်မအား မင်္ဂလာဖြစ်စေသတည်း။’ ထိုနောက်ဆက်၍ ‘မြတ်စွာသောဘုရား၏မယ်တော်၊ သန့်ရှင်းသောမာရိယ’ ဟုဆိုကြသည်။ ကျွန်တော်က ‘အဲ့ဒီလိုမည်သို့ဖြစ်နိုင်မည်နည်း။ မာရိကို ဘုရားသခင်ကယ်တင်သည်ဆိုလျှင် ကိုယ်တော်သည် တစ်ချိန်တည်းတွင် သူမ၏သား မည်သို့ဖြစ်နိုင်မည်နည်း။’
ယခုကျွန်တော် ၁၀၅ နှစ်ရှိပါပြီ။ ဂျလစ္စကိုပြည်နယ်၊ အယ်လ်ကာရဇဲလ်မြို့တွင် အကြီးအကဲအဖြစ်၊ မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် နှစ်ပေါင်း ၂၀ နီးပါးအမှုထမ်းခဲ့ပါပြီ။ ဤအသက်အရွယ်အထိ အသက်ရှင်ခွင့်ရခြင်းသည် ယေဟောဝါအလိုတော်ပဲဟု ကျွန်တော်ယူမှတ်ပါသည်။ ဤနည်းဖြင့် ကိုယ်တော်အတွက်အမှုမထမ်းခဲ့သည့်အချိန်ကို ကျွန်တော်ကြွေးဆပ်ပေးနိုင်ပါသည်။
ကျွန်တော်ယခုသိရှိလာသည်ကား ကျွန်တော်တို့၏အချုပ်အခြာတရားသူကြီးမင်းသည် ဖြောင့်မတ်သောပလ္လင်တော်ပေါ်မှ ကျွန်ုပ်တို့ကိုဂရုစိုက်ပြီး လိုအပ်ရာများကိုဖြည့်စွက်ပေးတော်မူကြောင်း အမြဲစိတ်ချနေသင့်သည်ဖြစ်သည်။ ဆာလံ ၁၁၇:၂ ပြောသည်အတိုင်းပင် “ငါတို့၌ကရုဏာတော်ကြီးလှ၏။”