ခြောက်နှစ်အရွယ်က ဆုံးဖြတ်ထားသည့် ပန်းတိုင်ကို မီအောင်လိုက်ခြင်း
စန္ဒြာ ကိုယင် ပြောပြသည်
မိဘများစွာတို့သည် မိမိသားသမီးများ၏ ဘဝတက်လှမ်းရေးအတွက် တူရိယာဂီတအတတ်ပညာ၊ သို့မဟုတ် ဘဲလေးအကပညာ အစရှိသည်တို့ကိုရွေးပေးတတ်သည်။ ထိုနောက် သူငယ်ဘဝမှစ၍ သင်တန်းပေးလေ့ကျင့်စေသည်။ ဤအတိုင်းပင် ကျွန်မမွေးမိခင်သည် ကျွန်မအတွက်စီစဉ်ပေးပါသည်။ ကျွန်မအသက် နှစ်ပတ်ရကတည်းက ခရစ်ယာန်စည်းဝေးအားလုံးနှင့်လယ်ကွင်းဓမ္မအမှုဆောင်လုပ်ငန်းသို့ ခေါ်ဆောင်သွားခံရပါသည်။
ကျွ န်မလေးနှစ်ရှိသောအခါ ကိုယ့်ဖာသာကိုယ် ဟောပြောနိုင်ပြီဟု အမေဆုံးဖြတ်ပါသည်။ ထိုသို့ပြုခဲ့သည့်ပထမအကြိမ်ကို ကောင်းကောင်းမှတ်မိသေးသည်။ အိမ်ကြီးတစ်လုံးရှေ့သို့ ကျွန်မတို့ရောက်လာ၍ အမေနှင့်အခြားသူတို့သည် ကားထဲမှာ ထိုင်စောင့်နေစဉ် ကျွန်မထွက်ပြီး အိမ်တံခါးဝသို့သွားခဲ့သည်။ စာအုပ်ငယ်လေး ဆယ်အုပ်ကို ကြင်နာမှုရှိသော အိမ်ရှင်မအား ဝေငှပေးရာ သူက ဆပ်ပြာတစ်ထောင့်နှင့် စာအုပ်ခပေးပါသည်။ လက်နှစ်ဖက်ဖြင့် ကျွန်မဆုတ်ကိုင်လာခဲ့ရပါသည်။ အဲ့ဒီအချိန်မှာ ကျွန်မ သဲလှိုက်ရင်ဖိုဖြစ်ခဲ့ရပါသည်တကား။
ထို ၁၉၄၃ ခုနှစ်တွင်ပင် အချိန်ပြည့်ရှေ့ဆောင် ဓမ္မအမှုဆောင်သူများကို သာသနာပြုလုပ်ငန်းအတွက် လေ့ကျင့်ပေးရန် ဂိလဒ်ကင်းမျှော်စင် ကျမ်းစာကျောင်း ဖွင့်ခဲ့သည်။ အမေက သာသနာပြုလုပ်ငန်းကို ပန်းတိုင်ထားရန် ကျွန်မကို အားပေးတိုက်တွန်းသည်။ ထိုအချိန်၌ ဥရောပတိုက်တွင် ဒုတိယကမ္ဘာစစ်ဖြစ်နေရာ ဥရောပရှိ သက်သေခံကလေးများကို မိဘများအုပ်ထိန်းမှုအောက်မှ ခေါ်ဆောင်သွားနေကြကြောင်း အမေပြောပြသည်။ မည်သည့်စုံစမ်းခြင်းကိုမဆို ရင်ဆိုင်နိုင်ရန်ကျွန်မ၌ခွန်အားရှိစေလိုသည်။
၁၉၄၆ နွေကာလတွင် အိုဟိုက်အိုနယ်၊ ကလီဗ်လန်မြို့တွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီး၌ ကျွန်မနှစ်ခြင်းယူခဲ့ပါသည်။ ထိုအချိန်က ကျွန်မခြောက်နှစ်သာရှိသေးသော်လည်း ယေဟောဝါထံဆက်ကပ်အပ်နှံမှုကို ကျေပွန်မည်ဟု စိတ်ပိုင်းဖြတ်ခဲ့ပါသည်။ ထိုနှစ်နွေတွင် ပထမဦးဆုံးအကြိမ် ကျွန်မရှေ့ဆောင်ခဲ့သည်။ တစ်မနက်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ စန်ဒေဂိုမြို့၏ရင်ပြင်၌ထိုင်နေသူများအား မဂ္ဂဇင်း ၄၀ ဝေငှခဲ့ရသည်ကို မှတ်မိသေးသည်။ ကျွန်မ၏ငယ်ရွယ်မှုနှင့်စကားကြွယ်ဝမှုကြောင့်၍လည်း ဖြစ်မည်။
ဗက်သ်စရင်မ်မြို့အနီးတွင် ကျွန်မတို့ မကြာခဏဟောပြောခဲ့ကြပါသည်။ ထိုမြို့မှာ ကင်းမျှော်စင်အသင်း၏နာမကျန်းဖြစ်နေသောဥက္ကဌ ညီအစ်ကိုရပ်သဖော့ဒ် ၁၉၄၂ ၌မကွယ်လွန်မီက ဆောင်းဥတုတိုင်းတွင် အနားယူခဲ့သည့် အရပ်ဖြစ်သည်။ ထိုနေရာသို့ အလည်အပတ်သွားလေ့ရှိပြီး အချိန်ပြည့်အမှုထမ်းများနှင့်အတူ ညစာစားခွင့်ရရှိခဲ့သည်။ ဤကဲ့သို့သော ပျော်ရွှင်ဖွယ်ကောင်းလှသည့် လည်ပတ်မှုများကြောင့် ယင်းသို့သောဘဝပုံစံမျိုးကို ကျွန်မလိုလားကြောင်း စိတ်ဆုံးဖြတ်ရခြင်းဖြစ်သည်။ သို့ဖြစ်၍ ဂိလဒ်ကျောင်းနှင့်သာသနာပြုလုပ်ငန်းကို ကျွန်မ၏ဘဝပန်းတိုင်အဖြစ် ထားခဲ့သည်။
နောက်နှစ်တွင် ကျွန်မမိဘများကွာရှင်းခဲ့၍ အိမ်ထောင်ရေးအခြေအနေပြောင်းလဲသွားသော်လည်း ကျွန်မတို့၏ ဝိညာဉ်ရေး မကျဆင်းခဲ့ပါ။ မေမေသည် ရှေ့ဆောင်ဖြစ်ပြီး မောင်လေးနှင့်ကျွန်မကို အမြဲဂရုစိုက်လေ့ကျင့်သွန်သင်ပေးပါသည်။ ခရစ်ယာန်ညီအစ်ကိုညီအစ်မများ ကျွန်မတို့၏ထရေလာငယ်ထံ အလည်အပတ်လာကြ၍လည်း အမြဲစည်စည်ကားကားရှိပါသည်။ ဂိလဒ်ကျောင်းဆင်းသူများနှင့် ကျွန်မဆုံတွေ့နိုင်ဖို့ မေမေအထူးကြိုးစားပေးသည်။ ဤသို့ဆုံတွေ့ခဲ့ရသူတို့တွင် ဂျပန်ပြည်သို့ နိုင်ငံခြားတာဝန်ထမ်းဆောင်ရန်မသွားမီ နယ်လှည့်လုပ်ငန်းလုပ်ကိုင်နေရင်း လည်ပတ်ရောက်ရှိလာသော လဝိုက်ဒ်နှင့်မဲလ်ဘာဘယ်ရီတို့ အပါအဝင်ဖြစ်သည်။ သူတို့သည် သာသနာပြုချင်စိတ်ပြင်းပြသော ကလေးမလေးသာဖြစ်သည့်ကျွန်မကို အချိန်ပေး၍ အားပေးတိုက်တွန်းခဲ့သည်ကို မမေ့နိုင်အောင်စွဲမှတ်ခဲ့ရပါသည်။
ကျွန်မဆယ်နှစ်အရွယ်တွင် ရှေ့ဆောင်တစ်ဦးဖြစ်သည့် ကောင်းမွန်လှသော သက်သေခံတစ်ဦးကို မေမေအိမ်ထောင်ပြုပါသည်။ ကျွန်မတို့မောင်နှမကို စာရွက်စာတမ်းပေါ်မက သူ၏နှလုံးထဲ၌လည်း မွေးစားလိုက်ပါသည်။ ယေဟောဝါကိုချစ်မြတ်နိုးသည့်သူ၏စိတ်ထားနှင့် လုပ်ငန်းတော်အတွက်သူ၏ဇွဲလုံ့လသည် အလွန်ကူးစက်လွယ်သည်။
ခဲယဉ်းသောဆယ်ကျော်သက်အရွယ်တစ်လျှောက် ကျွန်မတို့မောင်နှမကို အမေနှင့်အဖေသည် တွဲဖက်လမ်းပြပေးခဲ့ပါသည်။ ကျွန်မတို့အိမ်ထောင်သည် အမှတ်တရဖြစ်သည့် ဝိညာဏစံရိပ်ငြိမ်ဖြစ်ပါသည်။ ဝင်ငွေနည်းနည်းဖြင့် ကလေးနှစ်ယောက်ကိုတာဝန်ယူ ကျွေးမွေးပြုစုပေးခဲ့ရခြင်းသည် မလွယ်ကူပါ။ သူတို့ တကယ်ကိုယ်ကျိုးစွန့်ခဲ့ရကြသည်။ သို့သော် မေမေနှင့်ဖေဖေသည် ယေဟောဝါကိုအားကိုးပြီး ဘုရားသခင့်နိုင်ငံတော်ကို ရှေ့ဦးထားခဲ့ပါသည်။
၁၉၅၀ ခုနှစ်၊ နယူးယောက်မြို့တွင်ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးကို ကျွန်မကောင်းကောင်းသတိရသည်။ ဘဏ်မှ ဖေဖေငွေချေးပြီး စရိတ်စကသက်သာရန် အခြားလူသုံးဦးပါ ကျွန်မတို့နှင့်အတူ ကားဖြင့်ခေါ်သွားပါသည်။ မေမေ၊ ဖေဖေ၊ ကျွန်မမောင်လေးနှင့်ကျွန်မတို့သည် စန်ဒေကိုမြို့မှ နယူးယောက်မြို့အထိ အရှေ့ခုံမှာ တစ်လမ်းလုံးထိုင်သွားပါသည်။ အခြားသူများမူ နောက်ခုံတွင်ထိုင်ကြ၏။ ဖေဖေ့အလုပ်ရှင်က ခွင့်ရက်နှစ်ပတ်မပေးသည့်အတွက် ထိုစည်းဝေးပွဲကိုတက်နိုင်ရန် အလုပ်ပြုတ်ခံခဲ့ရသည်။ သို့သော်ဖေဖေအာမခံသည့်အတိုင်းပင် ကျွန်မတို့လိုအပ်ရာကို ယေဟောဝါစီစဉ်ပေးပါသည်။ ဘဏ်ချေးငွေကိုပြန်ဆပ်နိုင်ရန် ကားကိုရောင်းလိုက်ပြီး ၄င်းနောက် လခပိုကောင်းသည့်အလုပ်အကိုင်ကို ဖေဖေရခဲ့သည်။ ယင်းနှင့်ထပ်တူအတွေ့အကြုံများသည် နောင်နှစ်အနည်းငယ်အကြာတွင် ကျွန်မတို့ဇနီးမောင်နှံ အခက်အခဲများကြုံကြိုက်သည့်အခါများ၌ ကျွန်မကိုများစွာအကျိုးပြုပေးခဲ့ပါသည်။
နယူးယောက်မြို့မှအပြန်ခရီးတွင် အသင်းမခြံသို့ ကျွန်မတို့ဝင်လည်ကြရာ ဂိလဒ်ကျောင်းကို ပထမဆုံးအကြိမ်အဖြစ်ကျွန်မတွေ့ခဲ့ရပါသည်။ ကျောင်းခန်းတစ်ခန်းတွင် ကျွန်မရပ်ပြီး ‘၁၁ နှစ် တောင်ငါမရှိသေးဘူး။ ဒီနေရာကိုတော့ငါ ရောက်တော့မှာမဟုတ်ပါဘူး။ အာမဂေဒုန်အရင်လာလိမ့်မယ်’ ဟုရွတ်ဆိုမိသည်ကို ကျွန်မမှတ်မိသေးပါသည်။ သို့သော် ထိုလည်ပတ်မှုကြောင့် ဂိလဒ်ကိုပန်းတိုင်ထားရန် သာ၍စိတ်ခိုင်မာလာပါသည်။
ပန်းတိုင်သို့ ကြိုးစားလုပ်ဆောင်ခြင်း
ပထမတန်းမှစ၍ နွေရာသီကျောင်းပိတ်ချိန်တိုင်း ကျွန်မရှေ့ဆောင်ခဲ့ပါသည်။ထိုနောက်အထက်တန်းအောင်ပြီး၍ နှစ်ပတ်အကြာတွင် ဇွန် ၁၉၅၇ ခုနှစ်၌ မှန်မှန်ရှေ့ဆောင်ဖြစ်လာပါသည်။
၁၉၅၇ ခုလော့စ်အိန်းဂျလိစ် စည်းဝေးပွဲကြီးတွင် ဂိလဒ်တက်ရန်စိတ်ဝင်စားသူများ၏ ခရိုင်စည်းဝေးပွဲသည် ကျွန်မအတွက် အထူးအမှတ်တရဖြစ်ခဲ့သည်။ ထိုစည်းဝေးကိုတက်ရန် အခန်းထဲဝင်ချိန်တွင် ခြောက်နှစ်အရွယ်ကတည်းက သူငယ်ချင်းဖြစ်ခဲ့သူ ဘီလ်နှင့်တွေ့ဆုံခဲ့သည်။ လုပ်အားသာ၍လိုနေသည့် လူစီအဲနာနယ်တွင် သူသွားအမှုဆောင်နေပါသည်။ ကျွန်မတို့နှစ်ယောက်စလုံး သာသနာပြုလုပ်ငန်းကို အလွန်စိတ်ဝင်စားနေကြောင်းကိုသိရ၍ နှစ်ဦးစလုံးအံ့သြကြရသည်။ နောက်ခြောက်လအကြာတွင် ယင်းလုပ်ငန်းကို ဖက်စပ်လုပ်ဆောင်ကြရန် ကျွန်မတို့ဆုံးဖြတ်လိုက်ကြပါသည်။ သို့နှင့်အသင်းမထံ တာဝန်ယူရန်ရပ်ကွက်တောင်းဆိုခဲ့ရာ အိမ်ထောင်မပြုမီတစ်လအလိုတွင် အနောက်ဗာဂျီးနီးယားနယ်၊ ရောမ်နီးမြို့၌ တာဝန်ခန့်အပ်ခံရသည်။
၁၉၅၈ ခုနှစ်နယူးယောက်စည်းဝေးပွဲကြီးသို့အသွားတွင် ထိုရပ်ကွက်သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုစည်းဝေးပွဲကြီးတက်ခဲ့စဉ် ဂိလဒ်ကျောင်း၌စိတ်ဝင်စားသူများအတွက်စည်းဝေးကိုပါ ကျွန်မတို့တက်သေးသည်။ တက်ရောက်သူ ရာပေါင်းများစွာကိုတွေ့ရှိရသည်။ လူအုပ်ကိုကြည့်ပြီး ဂိလဒ်တက်နိုင်ရန် ကျွန်မတို့အခွင့်အရေး အလွန်နည်းမည်ဟူ၍ စိုးရိမ်မိသည်။ မည်သို့ဆိုစေ ကျွန်မတို့အိမ်ထောင်သက်မှာ ၁၁ ပတ်သာရှိသေးသော်လည်း ပဏာမလျှောက်လွှာတင်ခဲ့ပါသည်။ နောက်နှစ် ဖီလာဒဲလ်ဖီးယားခရိုင်စည်းဝေးပွဲတွင် ဒုတိယအကြိမ် လျှောက်လွှာတင်ပြန်သည်။
အခက်အခဲကြုံတိုင်း ယေဟောဝါကိုအားကိုးရန် ရောမ်နီးမြို့၌ ဘီလ်နှင့်ကျွန်မ နားလည်ခဲ့သည်။ ရောမ်နီးမြို့တွင်နေထိုင်သူ ၂,၀၀၀ ခန့်ရှိသည်။ အလုပ်အကိုင်ဆိုလျှင် လုံးဝမရှိပါ။ ကယ်လီဖိုးနီးယားရာသီအတွက် တီထွင်ထားသော အိမ်တွင်းဖြစ် ၁၆ - ပေရှည် ထရေလာတွင် ကျွန်မတို့နေထိုင်ကြသည်။ ရေပိုက်မရှိ၊ အပူဓာတ်ပေးစက်မရှိ၊ ရေခဲသေတ္တာလည်း မရှိခဲ့ပါ။ အိမ်ထဲတွင် ချမ်းအေးလွန်း၍ ရေသုံးလိုလျှင် ရေပုံးထဲရေခဲကို ရိုက်ခွဲပေးရလေ့ရှိသည်။ ညီအစ်ကိုများကလည်း အတတ်နိုင်ဆုံးကူညီပေးပါသည်။ သူတို့အမဲလိုက်၍ ရသောအသားကို အမြဲပေးစားလေ့ရှိသည်။ ဂျီသား၊ ဆတ်သား၊ တောကြောင်သား နှင့် ရှဉ့်သားသုံးဆောင်ကြရသည်။ တစ်ကြိမ်မက အိမ်ထဲမှာစားစရာလုံးဝမရှိသည့်အခါမျိုးကြုံ၍ လယ်ကွင်းလုပ်ငန်းမှ ပြန်ရောက်လာသည့်အခါ အိမ်ပေါက်ဝတွင် ပန်းသီးများ၊ ဒိန်ခဲများ ထားရစ်ပေးခဲ့သည်ကို တွေ့ရှိရသည်။
ကျွန်မတို့စုငွေလေးကို ကိုးလချင့်ချိန်သုံးစွဲနေရာမှ ကုန်ခမ်းလုဖြစ်နေသည့်အတွက် ဘီလ်အလုပ်အကိုင်ရနိုင်မည့် မေရီလန်းနယ်၊ ဘောလ်တီမောမြို့သို့ရွှေ့ပြောင်းရန် စိတ်ဆုံးဖြတ်လိုက်ကြရာ ညီအစ်ကိုများကို အကြောင်းကြားသည့်အခါ သူတို့နှင့်အတူ ကျွန်မတို့ပါဝမ်းနည်းစွာ ငိုကြွေးကြသည်။ သို့နှင့်ဆက်ပြီး တစ်ခဏလောက် ကြိုးစားနေဦးမည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုနောက် မိုင်လေးဆယ်ဝေးသော မေရီလန်းနယ်၊ ဝက်စတင်ပေါ့တ်မြို့ရှိ ကုန်စုံဈေးဆိုင်ကြီးတစ်ခု၏မန်နေဂျာဖြစ်သော ညီအစ်ကိုတစ်ယောက်သည် ဘီလ်ကို အချိန်ပိုင်းလုပ်ငန်းတစ်ခု ကမ်းလှမ်းပေးသည်။ ထိုတစ်လတည်းတွင် ကျွန်မတို့၏ ကျမ်းစာသင်အံမှုများအနက် တစ်ယောက်ကလည်း ပရိဘောဂစုံလင်သော၊ မီးသွေးမီးဖိုပါရှိသည့် အိမ်တစ်လုံးကိုပြ၍ နေခွင့်ပြုပါသည်။ ထိုအချိန်မှစ၍ မာလခိ ၃:၁၀ သည် ကျွန်မ၏အကြိုက်ဆုံးကျမ်းချက်ဖြစ်လာပါသည်။ ကျွန်မတို့မျှော်လင့်သည်ထက်မက ကောင်းချီးများကို ယေဟောဝါသွန်းလောင်းပေးနေပါသည်။
ယခုမှ ဂိလဒ်
ကျွန်မတို့အတွက် ဘဝတွင်စိတ်လှုပ်ရှားဖွယ်နေ့ရက်များအနက် တစ်ရက်မှာ ဂိလဒ်ကျောင်းတက်ရန်ဖိတ်ခေါ်စာရခဲ့သည့် ၁၉၅၉ ခုနှစ်နိုဝင်ဘာလဖြစ်သည်။ အသင်းမခြံ၌ နောက်ဆုံးကျင်းပခဲ့သော ၃၅ ကြိမ်မြောက်သင်တန်းကို တက်ရောက်ရန် ဖိတ်ခေါ်ခံရသည်။ ကလေးဘဝက လည်ပတ်ရောက်ရှိစဉ် ရပ်ခဲ့သောစာသင်ခန်းထဲ၌ပင် သင်တန်းတက်ခဲ့ရချိန်တွင် သင့်တော်စွာဖော်မပြနိုင်အောင်ဖြစ်သည့် နွေးထွေးကြည်နူးဖွယ်သောခံစားမှုမျိုး ရှိခဲ့ပါသည်။
ဂိလဒ်သည် ဝိညာဏအိုအေစစ်ဖြစ်သည်။ ငါးလလုံးလုံး ကမ္ဘာသစ်အတွင်း နေထိုင်သကဲ့သို့ဖြစ်ပါသည်။ အရာတစ်ခုအတွက် နှစ်ချီစောင့်ဆိုင်းပြီးမှ ထင်သည်ထက်ပိုကောင်းသည်ကိုတွေ့ရှိရသည်ကို ကြုံခဲပါသည်။ သို့သော် ဂိလဒ်သည်ကား ထိုသို့ပင်ဖြစ်သည်။
ကျွန်မတို့အိန္ဒိယပြည်၌ တာဝန်ခန့်အပ်ခံရသည်။ သို့သော်နောက်ဆုံးပြည်ဝင်ခွင့်မရသည့်အတွက် နယူးယောက်မြို့တွင် တစ်နှစ်ကြာပြီးနောက်မှ ကင်းမျှော်စင်အသင်းက မြောက်အာဖရိက၊ မိုရောခ်ကိုသို့ တာဝန်လွှဲပြောင်းပေးခဲ့ပါသည်။
မိုရော့ခ်ကိုတွင် သာသနာပြုကြစဉ်
မိုရော့ခ်ကိုသို့ရောက်ရောက်ချင်း ပြည်သူပြည်သားတို့ကို ချစ်ခင်သွား၍ ၂၄ နှစ်တိုင် ပျော်ရွှင်စွာနေထိုင်ခဲ့ပါသည်။ ပြင်သစ်နှင့်စပိန်ဘာသာစကားများ သင်ယူကြရာ ထိုတွင်နေထိုင်သူ လူမျိုးအသီးအသီးတို့နှင့် စကားပြောဆိုဆက်သွယ်နိုင်ခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကို လက်ခံသူအများမှာ တိုင်းတစ်ပါးကရောက်လာသူများ ဖြစ်ကြပါသည်။
ကျွန်မနှင့်ကျမ်းစာလေ့လာသော အမျိုးသမီးတစ်ဦးသည် ကဲစဘလဲန်ကာမြို့ရှိ ကက်ဘရေးစားသောက်ဆိုင်တွင်အလုပ်လုပ်သော ဖလဲမင်ကိုကချေသည်တစ်ဦးဖြစ်သည်။ ကျမ်းစာမူများကို သူတတ်သိလာသောအခါ သူတွဲဖက်နေထိုင်နေသည့် ကက်ဘရေးပိုင်ရှင်နှင့်အဆက်ဖြတ်ပြီး စပိန်နိုင်ငံသို့ပြန်သွားပါသည်။ ထိုနေရာတွင် မိသားစုရှိသူအားလုံးကို သူသက်သေခံသည့်အတွက် သူပြောပြသော သမ္မာတရားကို အချို့လက်ခံယုံကြည်ကြသည်။ ထိုနောက် ကဲစဘလင်ကာမြို့သို့သူပြန်လာ၍ ၁၉၉၀ ခုနှစ်၌ သူမ,သေဆုံးသည်တိုင် ဘုရားသခင်အားသစ္စာတည်ကြည်ခဲ့ပါသည်။
မိုရော့ခ်ကိုသို့ ကျွန်မတို့ရောက်ခါစ နှစ်အနည်းငယ်အတွင်း ဘုရားသခင့်နိုင်ငံတော်ကြေညာသူအရေအတွက် တိုးများလာသည်ကို တွေ့ရှိခဲ့ရသည်။ သို့ရာတွင် နိုင်ငံခြားသားများအတွက် အလုပ်ရှားပါးလာပြီး နေထိုင်ခွင့်ရရှိရန်ခဲယဉ်းလာသောအခါ ဥရောပသို့ သက်သေခံများစွာ ထွက်ခွာသွားကြပါသည်။ ကျွန်မတို့နှင့် ကျမ်းစာလေ့လာခဲ့သော သူအချို့သည် ယခု နယူးဇီလန်၊ ကနေဒါ၊ အမေရိကန်၊ ဘူလ်ဂေးရီးရား၊ ရုရှားနှင့်ပြင်သစ်နိုင်ငံများသို့ရောက်နေ၍ အချို့လည်း အချိန်ပြည့်ဓမ္မအမှုဆောင်ရွက်နေကြပါသည်။
ဗြုန်းစားပင် ဧပြီ ၁၉၇၃ ခုတွင် ကျွန်မတို့၏ဟောပြောခြင်းလုပ်ငန်းကို မိုရော့ခ်ကိုတွင် ပိတ်ပင်လိုက်သည်။ အားလုံးအတွက် အလွန်ဝမ်းနည်းစရာဖြစ်ခဲ့ရ၏။ တစ်ခုသောကြာသပတေးနေ့ညနေ၌ ကျွန်မတို့သည် ခန်းမတွင်တပျော်တပါးစုဝေးခဲ့ကြရာ မီးများပိတ်သွားတော့မှ မိမိတို့အိမ်ပြန်ဖို့အချိန်တန်ပြီဟုသိရှိလာရချိန်အထိစကားပြောဆိုနေခဲ့ကြပါသည်။ ဤသို့လွတ်လပ်စွာ ခရစ်ယာန်ပေါင်းသင်းမှုပြုခြင်းအပေါ် မီးလုံးများထိန်လင်းနေခြင်းကို နောက်တစ်ဖန်မတွေ့ရတော့ဘဲဖြစ်မည်ဟု မထင်မမှတ်ခဲ့ပါ။ ပိတ်ပင်မှုအောက်တွင် ကျွန်ုပ်တို့၏စည်းဝေးများနှင့် တိုက်နယ်စည်းဝေးပွဲများကို လူနေအိမ်များတွင် လူနည်းစုဖြင့်သာ ပြုလုပ်ကြရသည်။ ခရိုင်စည်းဝေးပွဲများတက်ကြရန် သက်သေခံများသည် ပြင်သစ် သို့မဟုတ် စပိန်နိုင်ငံများသို့ သွားကြရသည်။
ကျွန်မတို့၏အရေအတွက် လျော့နည်းလာလေ မိုရော့ခ်ကိုတွင် ကျန်ကြွင်းသော သက်သေခံအနည်းအကျဉ်းသည် တစ်ဦးနှင့်တစ်ဦး ပိုခင်တွယ်လာကြပါသည်။ ထိုကြောင့် ကင်းမျှော်စင်အသင်းက ဌာနခွဲကိုပိတ်ပြီး အခြားတစ်နေရာသို့ ကျွန်မတို့အားတာဝန်ခန့်အပ်ပေးသည့်အခါ အားလုံးမျက်ရည်တစ်ဝဲလည်လည်ဖြစ်ကြရသည်။
ဗဟိုအာဖရိကသို့
ကျွန်မတို့တာဝန်ကျသော နေရာအသစ်မှာ ဗဟိုအာဖရိကသမ္မတနိုင်ငံဖြစ်သည်။ မြောက်အာဖရိကနှင့် အခြားကြီးခြားလှသည်တကား။ မိုရော့ခ်ကို၏ရာသီမှာ တောင်ကယ်လီဖိုးနီးယားရာသီနှင့် မထူးမခြားဖြစ်သော်လည်း ယခုကျွန်မတို့ ပူအိုက်၍ ချွေးစည်းများထွက်သော အပူပိုင်းဒေသတွင်ရောက်နေရလေသည်။
ပြဿနာအသစ်များကို ကျွန်မတို့ရင်ဆိုင်ရသည်။ ဥပမာ၊ တွားသွားသတ္တဝါများကို ကြောက်တတ်သည့် ကျွန်မစိတ်ကို ယခုထိန်းချုပ်ရသည်။ သုံးကြိမ်တိုင် တံခါးဝအောက်ဝင်သွားစဉ် ကျွန်မခေါင်းပေါ် အိမ်မြှောင်တစ်ကောင် ကျခဲ့ပါသည်။ တစ်ခါတစ်ရံ ကျမ်းစာသင်အံမှုကျင်းပနေစဉ် ကြွက်တစ်ကောင်ပါ ပါဝင်လို့ရပါသည်တကား။ ထိုသို့သောအချိန်မျိုးတွင် ကျွန်မထခုန်၍ ထွက်ပြေးချင်သော်လည်း စိတ်ထိန်းထားပြီး ကိုကြွက်ကြီးကို မျက်ချည်မပြတ်ကြည့်ကာ သူထွက်သွားသည်အထိ ကျွန်မအိတ်နှင့်ခြေထောက်များကို ခုံပေါ်တင်ထားနေရသည်။ အတန်ကြာသော် စွဲမြဲနေမည်သာဆိုလျှင် အဘယ်အရာကိုမဆို အကျင့်ရသွားနေတတ်လာကြောင်း ကျွန်မသိနားလည်လာသည်။
ထိုတွင်ခြောက်လသာရောက်သေး၍ ကျွန်မတို့လုပ်ငန်းကို ပိတ်ပင်လိုက်ကြောင်း ရေဒီယိုတွင်အသံလွှင့်ကြေညာချက်ကို ကြားလိုက်ရပြန်သည်။ ထိုအခါ ကျွန်မတို့ခန်းမများကို ပိတ်ထားလိုက်ရပြီး သာသနာပြုများ ထွက်ခွာရန်အမိန့်ရရှိသည်။ ကျွန်မတို့နှင့်အတူ အခြားမောင်နှံစုံတစ်စုံသာ နောက်ထပ်သုံးနှစ်တိုင် ဌာနခွဲတွင် ဆက်နေခွင့်ရရှိခဲ့သည်။ ထိုနောက် ကျွန်မတို့ ကင်းမျှော်စင် သင်တန်းကျင်းပနေစဉ် တနင်္ဂနွေတစ်မနက်၌ လက်နက်ကိုင်ရဲသားများရောက်လာပြီး ကျွန်မတို့ကိုရဲစခန်းသို့ခေါ်သွားပါသည်။ အမျိုးသမီးများနှင့်ကလေးများကို ပြန်လွှတ်သော်လည်း ကျွန်မအမျိုးသားအပါအဝင် ညီအစ်ကို ၂၃ ဦးကိုဖမ်းဆီးထားသည်။ ခြောက်ရက်အကြာတွင် အိမ်ပြန်ပြီး ထုပ်ပိုးရန် လွှတ်ပေးသည်။ သုံးရက်ကြာသော် အစိုးရအမိန့်စာဖြင့် မေ ၁၉၈၉ ခုတွင် ထိုတိုင်းပြည်မှ ထွက်ခွာခဲ့ရပါသည်။ လေယာဉ်ကွင်းသို့ လိုက်ပို့ပေးကြသော ချစ်ခင်စရာညီအစ်ကိုများစွာတို့နှင့်အတူ နောက်တစ်ဖန်ငိုကြွေးပြီး ခွဲခွာရပြန်သည်။
နောက်ဆုံး စီအဲရာလီယောန်သို့
လက်ရှိတာဝန်ကျသောနေရာမှာ လှပသည့်အဖြူရောင်သဲသောင်များဖြင့် သာယာသော အနောက်အာဖရိကရှိ၊ စီအဲရာလီယောန်နိုင်ငံဖြစ်ပါသည်။ တိုင်းသူပြည်သားများသည် အလွန်ခင်မင်တတ်ပြီး လယ်ကွင်းဓမ္မအမှုဆောင်ရခြင်းသည်လည်း အလွန်ပျော်ရွှင်စရာကောင်းပါသည်။ အိမ်တိုင်းတွင်၊ အများအားဖြင့် သရက်ပင်အောက် သို့မဟုတ် အုန်းပင်အောက် ထိုင်စကားပြောဆိုခွင့်ရပါသည်။ လူအများသည် ဘုရားသခင်အကြောင်းပြောဆိုနားထောင်ရန်အသင့်ရှိပြီး လိုက်ဖတ်ကြည့်နိုင်ရန် ကိုယ်ပိုင်ကျမ်းစာအုပ်များကို ပြေးယူတတ်ကြပါသည်။
ဘီလ်နှင့်ကျွန်မတို့သည် ဖရီးတောင်းဗေသလအိမ်တွင် အမှုဆောင်ပါသည်။ ဧည့်ကြိုအဖြစ်အမှုဆောင်ရင်း နှစ်စဉ်ကြေးနှင့်အသင်းတော်စာရင်းများကိုလည်း ပြုစုရပါသည်။ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်သည့်နိုင်ငံများ၌ ၁၆ နှစ်တိုင်အမှုဆောင်ခဲ့ရပြီးနောက် လွတ်လပ်တိုးတက်စွာ လုပ်ငန်းဆောင်ရွက်ရသည့်နိုင်ငံတွင် အမှုဆောင်ရခြင်းသည် အလွန်ဝမ်းသာစရာဖြစ်ပါသည်။
၁၉၉၁ ဇွန်လ တွင်သာသနာပြုလုပ်ငန်း၌ အနှစ် ၃၀ ပြည့်ခဲ့ပါသည်။ တကယ်အကျိုးနပ်သောပန်းတိုင်ကို ကျွန်မရှေ့ အမေအမှန်ချထားပေးခဲ့ပါသည်။ သူသာရှိနေသေးလျှင် “ကျေးဇူးတင်ပါတယ်” ဟုပြန်ပြောချင်သေးသည်။ “ကျေးဇူးတင်တယ်၊ အဖေ” ဟုယခုထိ ဆိုနိုင်ပါသေးသည်။
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
ဘီလ် နှင့် စန်ဒရာကိုယင်၊ ၁၉၉၁