သဲကန္တာရရှိအကျဉ်းထောင်တွင် ယေဟောဝါကျွန်တော့်ကိုထောက်မခဲ့
အိုင်ဇိုင်းယာမွဲပြောပြသည်
စစ်ဆေးမှုတစ်စုံတစ်ခုမျှမရှိပါ။ မည်သည့်ရာဇဝတ်မှုကိုမျှလည်း ကျွန်တော်မကျူးလွန်ခဲ့ပါ။ သို့သော် အာဖရိကအလယ်ပိုင်းရှိ ကြမ်းတမ်းခက်ထန်သောဆာဟာရသဲကန္တာရရှိ ပြစ်ဒဏ်ပေးခံရသောအထိန်းသိမ်းခံအုပ်စုတွင် အလုပ်ကြမ်းဖြင့်ပြစ်ဒဏ်ချမှတ်ခြင်းကို ကျွန်တော်ခံခဲ့ရသည်။ သာ၍ဆိုးသည်ကား ကျွန်တော်ဘယ်ရောက်နေမှန်း ကျွန်တော့်မိတ်ဆွေတစ်ယောက်မျှမသိခြင်းပင်ဖြစ်သည်။ လွန်ခဲ့သည့်ရှစ်နှစ်ကျော်၊ ၁၉၈၄ ခုနှစ်က ယင်းသို့ဖြစ်ခဲ့ခြင်းဖြစ်သည်။ မည်သည့်နည်းဖြင့် ထိုကြောက်ခမန်းလိလိအခြေအနေသို့ ကျွန်တော်ရောက်ရှိခဲ့ရသည်ကို ရှင်းပြပါရစေ။
ကျွန်တော့်အသက် ၁၂ နှစ်အရွယ်၊ ၁၉၅၈ ခုနှစ်တွင် ကျွန်တော့်အစ်ကိုကြီး ယေဟောဝါသက်သေတစ်ဦးဖြစ်သွားသည်။ သို့သော် ကျွန်တော့်အဖေနှင့်အမေတို့မူ ကျွန်တော်တို့နေထိုင်သော နိုင်ဂျီးရီးယားနိုင်ငံ၊ အဘီးယားပြည်နယ်ရှိ ရိုးရာဘုရားများကိုသာ ဆက်ကိုးကွယ်ဆဲဖြစ်သည်။
၁၉၆၈ ခုနှစ်ရောက်သောအခါ ဘိုင်ယာဖရန်စစ်တပ်သို့ ကျွန်တော်ဝင်ရောက်ခဲ့သည်။ ကတုတ်ကျင်းထဲတွင်ကျွန်တော်ရှိနေစဉ် ဘက်မလိုက်အခြေအနေတွင်နေသော ယေဟောဝါသက်သေများအကြောင်း စဉ်းစားမိပြီး ကျွန်တော့်ကိုကူညီရန် ဘုရားသခင်အားဆုတောင်းခဲ့သည်။ ကျွန်တော့်ကို စစ်ပွဲကလွတ်မြောက်စေလျှင် သူ၏သက်သေတစ်ဦးဖြစ်ရန် ကိုယ်တော်ကိုကျွန်တော်ကတိပေးခဲ့သည်။
စစ်ပြီးသွားသောအခါ ကျွန်တော်ကတိပြုထားသည့်အတိုင်း အလျင်အမြန်လုပ်ဆောင်တော့သည်။ ၁၉၇၀ ပြည့်နှစ်၊ ဇူလိုင်လတွင် ကျွန်တော်နှစ်ခြင်းခံခဲ့ပြီး ချက်ချင်းပင် ရှေ့ဆောင်အဖြစ် အချိန်ပြည့်ဓမ္မအမှုဆောင်ခြင်းကို လုပ်ကိုင်ခဲ့သည်။ အချိန်တန်သော် ခရစ်ယာန်အသင်းတော်တစ်ခုတွင် အကြီးအကဲအဖြစ်ထမ်းဆောင်ရန် ကျွန်တော်ခန့်အပ်ခြင်းခံခဲ့ရသည်။ မကြာမီမှာပင် နိုင်ဂျီးရီးယားနိုင်ငံ၏အနီးရှိ ယေဟောဝါသက်သေများ၏လုပ်ငန်းကို တရားဝင်အသိအမှတ်မပြုသေးသော နိုင်ငံတစ်နိုင်ငံတွင် သာသနာပြုတာဝန်ကိုထမ်းဆောင်ရန် နိုင်ဂျီးရီးယားဌာနခွဲမှ ဖိတ်ခေါ်ချက်ကို ကျွန်တော်လက်ခံရရှိခဲ့သည်။ ယင်းတာဝန်ကိုကျွန်တော်လက်ခံပြီး ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံကူးလက်မှတ်ကိုကိုင်ယင်း ကျွန်တော်ခရီးထွက်ခဲ့သည်။
အဖမ်းခံရခြင်း
၁၉၇၈ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိညီအစ်ကိုများထံ လည်ပတ်ရန် ကျွန်တော်တာဝန်ရသည်။ ညီအစ်ကိုနည်းသည့်အလျောက် နှံ့နှံ့စပ်စပ်ကျွန်တော်လျှောက်သွားပြီး အသင်းတော်ရှိသောမြို့များတွင် ကျွန်တော်လည်ပတ်ခဲ့သည်။ စိတ်ဝင်စားသူများရှိသောဒေသများသို့လည်း ကျွန်တော်လည်ပတ်ခဲ့သည်။ ကျွန်တော်သည် မကြာခဏ ရဲစစ်ဆေးရေးဂိတ်များတွင်မေးမြန်းခံခဲ့ရသည်။ လေးရက်ဆက်တိုက်အချုပ်ခံရပြီး ကျွန်တော်တို့၏လုပ်ငန်းနှင်ပတ်သက်၍ မေးမြန်းခံရသည်မှာ နှစ်ကြိမ်တိုင်တိုင်ဖြစ်ခဲ့သည်။
၁၉၈၄ ခုနှစ်၊ ဇွန်လ၏ တစ်ခုသောတနင်္ဂနွေနေ့တွင် လယ်ကွင်းဓမ္မအမှုဆောင်ခြင်းအတွက် ကျွန်တော်တို့ပြင်ဆင်နေစဉ် ယေဟောဝါသက်သေများအားဖမ်းဆီးရန် ရဲများကလိုက်လံရှာဖွေနေကြောင်း ကျွန်တော်နှင့်ရင်းနှီးသောအရာရှိတစ်ဦးက သတိပေးသည်။ နောက်တစ်ပတ်ခန့်ကြာသောအခါ တိုဂိုမှ ဂျဂ္ဂလီကော်ဖီဗီနှင့်ကျွန်တော်တို့နှစ်ဦး အဖမ်းခံခဲ့ရသည်။ ရဲရုံးချုပ်သို့ ကျွန်တော်တို့ခေါ်ဆောင်ခံရပြီး မြို့တွင်းရှိယေဟောဝါသက်သေအားလုံး၏အမည်များကို ရေးချခိုင်းကြသည်။ “ခင်ဗျားတို့နာမည်တွေမပေးရင် ခင်ဗျားတို့ကိုမလွှတ်ဘူး” ဟုသူတို့ပြောကြသည်။
“ခင်ဗျားတို့က ရဲတွေပဲ။ ခင်ဗျားတို့လိုချင်တဲ့လူကိုရှာဖို့က ခင်ဗျားတို့တာဝန်ပဲ။ ကျွန်တော်က ခင်ဗျားတို့ရဲ့ကိုယ်စားလှယ်မဟုတ်ဘူး” ဟုကျွန်တော်ပြန်ပြောသည်။ မိနစ် ၃၀ ကြာအထိ ကျွန်တော်တို့အချေအတင်ပြောဆိုကြပြီးနောက် ရဲများက ကျွန်တော်တို့ကိုရိုက်နှက်၍ခြိမ်းခြောက်ခဲ့ကြသည်။ သို့သော် ကျွန်တော်တို့၏ခရစ်ယာန်ညီအစ်ကိုများ၏ နာမည်များကို မပေးခဲ့ပါ။ ထို့နောက် ကျမ်းစာကိုးကားသည့်စာအုပ်များရှိသော ကျွန်တော့်စာကြည့်တိုက်ကြီးကို သိမ်းရန် သူတို့ဆုံးဖြတ်ကြသည်။
ထိန်းသိမ်းခံရစဉ်
ရဲဌာနသို့စာအုပ်များဖြင့် ကျွန်တော်တို့ပြန်ရောက်လာသောအခါ ဂျဂ္ဂလီနှင့်ကျွန်တော်တို့က စာအုပ်များကိုချလိုက်ကြသည်။ ထိုအခါ ကျွန်တော့်ကျမ်းစာအုပ်ကြီးထဲမှ စာရွက်တစ်ခုထွက်ကျလာသည်။ ယင်းကား တစ်နိုင်ငံလုံးရှိခရစ်ယာန်အကြီးအကဲများ၏ အမည်များပုံနှိပ်ပါရှိသော ခရိုင်စည်းဝေးပွဲအစီအစဉ်စာရွက်ဖြစ်သည်။ ယင်းကိုကျွန်တော်အမြန်ကောက်ယူလိုက်ပြီး ကျွန်တော့်အိတ်ကပ်ထဲထိုးထည့်လိုက်သည်။ သို့သော် ရဲသားတစ်ယောက်က ကျွန်တော့်ကိုမြင်သွားပြီး ထိုစာရွက်ကိုသူ့အားပေးရန် အမိန့်ပေးလိုက်သည်။ ကျွန်တော်အလွန်ပင်ထိတ်လန့်သွားသည်အမှန်။
ထိုစာရွက်သည် ကျွန်တော်နှင့်ဂျဂ္ဂလီတို့ စာအုပ်များသယ်လာသည့်အခန်းထဲရှိ စားပွဲပေါ်တွင်ရှိနေသည်။ နောက်တစ်ခါ စာအုပ်များဖြင့်ကျွန်တော်ဝင်လာသောအခါ စားပွဲဆီသို့ကျွန်တော်သွား၍ စာရွက်ကိုကောက်ကာ ကျွန်တော့်အိတ်ကပ်ထဲသို့ထိုးသိပ်ထည့်လိုက်သည်။ ထို့နောက် ကျွန်တော်အိမ်သာတက်လိုသည်ဟုပြောသောအခါ ရဲအစောင့်တစ်ဦးဖြင့် ကျွန်တော့်ကိုလွှတ်လိုက်သည်။ အိမ်သာထဲရောက်၍တံခါးပိတ်ပြီးလျှင် စက္ကူကို အစိပ်စိပ်အမြွှာမြွှာဆုတ်ပစ်လိုက်ပြီး အိမ်သာပေါက်ထဲသို့ပစ်ချလိုက်သည်။
ယင်းကို ရဲများသိသွားသောအခါ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ သို့သော် ယင်းနှင့်ပတ်သက်၍ တစ်စုံတစ်ခုပြုဖို့ သူတို့ကြောက်ကြသည်။ အကြောင်းမှာ ထိုစက္ကူကို ကျွန်တော်ဖျက်ဆီးပစ်သည်ကိုပင် သူတို့မသိအောင်ပေါ့ဆခြင်းအတွက် အထက်အရာရှိများက သူတို့အားအရေးယူမည်စိုးသောကြောင့်ဖြစ်သည်။ ၁၇ ရက်ကြာအထိန်းသိမ်းခံရပြီးနောက်တွင် ရဲအရာရှိတစ်ဦးက အခြားတစ်နေရာသို့ပြောင်းရွှေ့ရန် ကျွန်တော်တို့၏ပစ္စည်းများကိုယူဖို့ ပြောလာသည်။ အဝတ်အစားအချို့ကို ပလပ်စတစ်အိတ်ထဲတွင်ထည့်ပြီး အောက်ဆုံးတွင် လာလည်ပတ်သူတစ်ဦးက ကျွန်တော်တို့အားခိုးယူလာပေးသော ကျမ်းစာအုပ်ငယ်တစ်အုပ်ကို ထည့်ထားသည်။
မသိသေးသောနေရာတစ်ခုသို့ပြောင်းရွှေ့ရတော့မည်ကို သက်သေခံများအား ကျွန်တော်တို့အသိပေးနိုင်ခဲ့သည်။ နောက်တစ်နေ့ဖြစ်သော ၁၉၈၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နံနက်စောစောတွင် ရဲအရာရှိတစ်ဦးကျွန်တော်တို့ကိုနှိုးလိုက်သည်။ ကျွန်တော်တို့ကိုရှာဖွေပြီး အိတ်ထဲမှအဝတ်အစားများကိုထုတ်ခိုင်းကာ လက်ထဲတွင်ကိုင်ထားဖို့ပြောသည်။ သို့သော် နောက်ဆုံးအင်္ကျီကိုထုတ်ရန်ရောက်သောအခါ အဝတ်အစားများကို ပြန်ထည့်နိုင်ပြီဟုသူပြောသဖြင့် ကျမ်းစာအုပ်ကို သူမတွေ့လိုက်ချေ။
သဲကန္တာရရှိအကျဉ်းထောင်
ရဲများက ကျွန်တော်တို့ကို လေဆိပ်သို့ကားဖြင့်ခေါ်သွားပြီး စစ်လေယာဉ်ဖြင့်စီးနင်းလိုက်ပါသွားရသည်။ နာရီပေါင်းများစွာကြာသောအခါ အနီးအနားတွင် အကျဉ်းထောင်တစ်ခုရှိသော လူဦးရေ ၂,၀၀၀ ခန့်ရှိသည့်မြို့တစ်မြို့သို့ ကျွန်တော်တို့ရောက်သွားသည်။ ယင်းမြို့နှင့်အနီးဆုံးမြို့မှာ ကားလမ်းဖြင့် မိုင် ၄၀၀ ဝေးသည်။ ကျွန်တော်တို့ကို လေယာဉ်မှအကျဉ်းထောင်ဆီသို့ခေါ်ထုတ်သွားပြီး ထောင်မှူးလက်သို့အပ်လိုက်သည်။ ကျွန်တော်တို့မည်သည့်နေရာရောက်နေသည်ကို ကျွန်တော်တို့၏မိသားစု သို့မဟုတ် မိတ်ဆွေတစ်ဦးတစ်ယောက်မျှ မသိကြပါ။
ကျွန်တော်တို့ခေါ်သွားခံရသောမြို့သည် ဆဟာရသဲကန္တာရရှိ အိုအေးစစ်တစ်ခုဖြစ်သည်။ ခြုံဖုတ်ငယ်များနှင့် သစ်ပင်အနည်းငယ်ရှိ၍ ရွှံ့ခြောက်များဖြင့်ဆောက်လုပ်ထားသောအိမ်များရှိသည်။ ရေကို မြေကြီးအောက်လေးငါးပေခန့်တူးလိုက်ရုံနှင့် ရနိုင်သည်။ သို့သော် အသက် ၃၁ နှစ်ရှိဒေသခံတစ်ဦးပြောပြသည်မှာ သူ့တစ်သက်တာတွင် မိုးတစ်ကြိမ်သာရွာသည်ကို ကြုံခဲ့ရသည်ဟူ၏။ ထိုဒေသသည် အလွန်ပူပြင်း၏။ အကျဉ်းခန်းထဲရှိသာမိုမီတာမှာ တစ်ကြိမ်က ၁၄၀ ဒီဂရီဖာရင်ဟိုက်အထိပင်ပြကြောင်း အကျဉ်းသားတစ်ဦးကပြောပြသည်။ အရေပြားကိုစပ်ဖျင်းစေပြီး မျက်စိကိုထိခိုက်စေနိုင်သည့် သဲများကိုသယ်ဆောင်လာသည့် လေပြင်းများအဆက်မပြတ်တိုက်ခတ်သည်။
ထိုနေရာသို့ရောက်သောသူတိုင်း မိမိသည် နိုင်ငံ၏ အပြင်းထန်ဆုံးပြစ်ဒဏ်စီရင်ခံရသည့်ဒေသသို့ ရောက်နေကြောင်းကို သဘောပေါက်သည်။ အကျဉ်းထောင်ကို မြင့်မားသည့်နံရံကြီးများဖြင့် ကာရံထားသည့်အတွက် လေနှင့်နေပူရှိန်ဒဏ်မှ အတော်အသင့်အကာအကွယ်ရသည်။ သို့တစေ မည်သည့်နေရာကိုမျှမသွားနိုင်သောကြောင့် နံရံများသည် ထွက်ပြေးခြင်းကိုကာကွယ်ရန်မလိုပါ။ အိုအေးစစ်အပြင်ဘက်တွင် ထွက်ပြေးလွတ်မြောက်လိုသူအတွက် သစ်ပင်တစ်ပင်မျှ သို့မဟုတ် အရိပ်ခိုစရာတစ်စုံတစ်ခုမျှမရှိပါ။
ထောင်ဝင်းသို့မဝင်မီ ထောင်မှူးက ကျွန်တော်တို့ကိုရှာဖွေစစ်ဆေးသည်။ ကျွန်တော်တို့အိတ်ထဲတွင်ရှိသည့်အရာအားလုံးကို ထုတ်ခိုင်းသည်။ ကျွန်တော်က ကျွန်တော်တို့၏ရှပ်အင်္ကျီကို တစ်ထည်ချင်းထုတ်လိုက်သည်။ ကျမ်းစာအုပ်ကိုကွယ်ထားသည့် နောက်ဆုံးတစ်ထည်သာကျန်သောအခါ ရှပ်အင်္ကျီကိုပြရန် အိတ်ကိုကျွန်တော် မ,ပြပြီး “ကျွန်တော်တို့ကို ဒါလောက်ပဲယူခွင့်ပေးတယ်” ဟုပြောလိုက်သည်။ သူကျေနပ်သွားပြီး ဝင်းထဲဝင်ခွင့်ပြုလိုက်သည်။ ကျမ်းစာသည် ကျွန်တော်တို့တွင်ရှိသော တစ်ခုတည်းသောစာအုပ်သာဖြစ်သည်။
အကျဉ်းသားဘဝ
အကျဉ်းသားအားလုံး ၃၄ ယောက်ခန့်ရှိသည်။ သူတို့သည် နိုင်ငံကျော်နာမည်အပျက်ဆုံး၊ အန္တရာယ်အပေးဆုံး ရာဇဝတ်ကောင်များ ဖြစ်ကြသည်။ အချို့တို့သည် ချွတ်မရတော့ဟုယူမှတ်ခံရသည့် လူသတ်သမားများဖြစ်ကြသည်။ ကျွန်တော်တို့အားလုံးသည် ကြားတွင် ခန်းဖွင့်ရေချိုးခန်းတစ်ခုခံသော အခန်းကျယ်ကြီးနှစ်ခုတွင် အိပ်ကြရသည်။ ရေချိုးခန်းတွင် အိမ်သာအဖြစ်အသုံးပြုသော အကာအကွယ်မရှိသည့်စည်ပိုင်းများရှိသည်။ ယင်းစည်များသည် နံနက်တိုင်း အကျဉ်းသားများသန့်ရှင်းထားသော်လည်း သဲကန္တာရထဲရှိယင်ကောင်ရှိသမျှတို့သည် အညစ်အကြေးများကို လာရောက်မှီဝဲကြဟန်ရှိသည်။
ကျွန်တော်တို့စားရသည့် တစ်မျိုးတည်းသောအစားအစာမှာ နှံစားပြောင်းသာဖြစ်သည်။ ယင်းကို အကျဉ်းသားများက ကြိတ်ခြင်း၊ ပြုတ်ခြင်းကိုပြုပြီး ပန်းကန်ပြားများဖြင့်ချင်တွယ်ကာ အကျဉ်းသားတစ်ဦးစီအိပ်သည့်ဖျာပေါ်တင်ထားလိုက်ကြသည်။ အစာသည် မလောက်ငချေ။ အလုပ်မှကျွန်တော်တို့ပြန်ရောက်သောအချိန်တွင် နှံစားပြောင်းပန်းကန်များတွင် ယင်တလောင်းလောင်းဖြစ်နေသည်။ ကျွန်တော်တို့၏ပန်းကန်ကိုကိုင်လိုက်သောအခါ ယင်ကောင်များသည် ဆူညံစွာပျံထွက်သွားကြသည်။ ပထမနှစ်ရက်တွင် ကျွန်တော်တို့ဘာမျှမစားကြပါ။ သုံးရက်မြောက်နေ့တွင် ယင်ကောင်များကိုမောင်းထုတ်ပြီး အစာ၏အပေါ်ယံအသားကိုဖယ်ထုတ်ကာ ကျွန်တော်တို့စစားကြသည်။ ကျွန်တော်တို့၏ကျန်းမာရေးကို ယေဟောဝါကာကွယ်ပေးပါရန် ကျွန်တော်တို့ဆုတောင်းခဲ့ကြသည်။
ကျွန်တော်တို့သည် နေပူထဲတွင် အကျဉ်းထောင်ဟောင်း၏နံရံများကို ဖြိုဖျက်ပြီး အသစ်ဆောက်လုပ်ကြရသည်။ အလွန်ခက်ခဲပင်ပန်းသောအလုပ်ဖြစ်သည်။ နံနက် ၆ နာရီမှ နေ့လည်အထိ မနားတမ်းလုပ်ပြီး အစာစားကာ ည ၆ နာရီထိဆက်လုပ်ကြရပြန်သည်။ အားရက်မရှိပါ။ အပူဒဏ်ကိုသာမက ဆောင်းတွင်းရောက်လျှင် အအေးဒဏ်ကိုပါ ကျွန်တော်တို့ခံရကြသည်။ ရက်စက်ကြမ်းကြုတ်သည့် အစောင့်များ၏ဒဏ်ကိုလည်း ခံရကြသည်။
ဝိညာဏရေးကို ဆက်လက်သန်စွမ်းစေခြင်း
ဂျဂ္ဂလီနှင့်ကျွန်တော်တို့သည် ကျမ်းစာကိုလျှို့ဝှက်ဖတ်ကြပြီး လေ့လာသိရှိသည့်အရာများကို နှစ်ဦးသားဖလှယ်ကြသည်။ ကျမ်းစာအုပ်ကိုသိမ်းသွားပြီး ကျွန်တော်တို့ကိုပြစ်ဒဏ်ပေးနိုင်သောကြောင့် လူသိအောင်မဖတ်နိုင်ပါ။ ကျွန်တော်ကျမ်းစာစသင်သောအကျဉ်းသားသည် ရေနံဆီမီးခွက်ရှိသဖြင့် ကျွန်တော့်ကိုပေးကြည့်သည်။ မနက်တစ်နာရီနှစ်နာရီလောက်ကျွန်တော်နိုးလေ့ရှိပြီး ငါးနာရီအထိကျမ်းစာဖတ်သည်။ ထိုနည်းအားဖြင့် ကျမ်းစာတစ်အုပ်လုံးကို ကျွန်တော်ဖတ်ဖြစ်သွားသည်။
အခြားအကျဉ်းသားများကို ကျွန်တော်တို့ဟောပြောကြသည်။ အကျဉ်းသားတစ်ယောက်က အစောင့်ခေါင်းဆောင်တစ်ဦးအား ကျွန်တော်တို့အကြောင်းပြောပြလိုက်ရာ မမျှော်လင့်ဘဲ အစောင့်ခေါင်းဆောင်က ထိုအကျဉ်းသားအား သူ၌ရှိသော နိုးလော့ မဂ္ဂဇင်းတစ်အုပ်ထုတ်ပေးသည်။ အကျဉ်းသားက ကျွန်တော်တို့အားပြန်ပေးရာ ထိုမဂ္ဂဇင်းကို ထပ်ခါထပ်ခါကျွန်တော်ဖတ်သည်။ ကျွန်တော်တို့ဖတ်ရှုခြင်းနှင့်ဟောပြောခြင်းအားဖြင့် ဝိညာဏရေးဆက်လက်သန်စွမ်းစေသည်။
ကျွန်တော်တို့၏မိတ်ဆွေများနှင့်ဆက်သွယ်ခြင်း
ကျွန်တော်တို့စာရေးစာပို့ခွင့်မရှိကြပါ။ သို့သော် စာနာတတ်သည့်လူတစ်ဦးက ကျွန်တော်တို့ကိုကူညီမည်ဟုပြောပါသည်။ ဩဂုတ်လ ၂၀ ရက်နေ့၊ ကျွန်တော်တို့ရောက်ပြီး ရက်သတ္တခြောက်ပတ်အကြာတွင် နိုင်ဂျီးရီးယားသံရုံးသို့တစ်စောင်၊ သက်သေခံမိတ်ဆွေများထံသို့တစ်စောင် စာနှစ်စောင်ခိုးရေးခဲ့သည်။ ထိုစာများကို သဲအောက်တွင်ဖုံးအုပ်ထားပြီး ကျောက်တုံးကြီးတစ်တုံးဖြင့် အမှတ်လုပ်ထားသည်။ နောင်တွင် ကျွန်တော့်မိတ်ဆွေရောက်လာပြီး ယင်းစာများကိုဖော်ယူသွားသည်။
ရက်သတ္တပတ်ပေါင်းများစွာကြာသွားသည့်တိုင် ဘာသတင်းမျှကျွန်တော်မရပါ။ ကြာလာသောအခါ စာရောက်သည်ဟုကျွန်တော်မထင်တော့။ သို့သော် ထိုစာများဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိသွားပြီး ကျွန်တော်တို့၏သက်သေခံချင်းတို့သည် ကျွန်တော်တို့လွတ်မြောက်ရေးအတွက် အပြင်းအထန်ကြိုးစားကြတော့သည်။ နိုင်ဂျီးရီးယားပြည်ပရေးရာဝန်ကြီးကလည်း ထိုကိစ္စကိုစိတ်ဝင်စားပြီး ကျွန်တော့်အားမည်သည့်နေရာတွင် အကျဉ်းချထားသည်၊ အဘယ့်ကြောင့်ထိုနေရာမျိုးတွင် အကျဉ်းချထားရသည်တို့ကို အစိုးရအားမေးတော့သည်။
တစ်ချိန်တည်းတွင် ၁၉၈၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နံနက်၌ သန့်ရှင်းရေးလုပ်ရန် ကျွန်တော်တို့ခေါ်ထုတ်ခံရကြသည်။ ပိတ်ဆို့နေသည့်ကြားမှ ရက်သတ္တပတ်ပေါင်းများစွာသုံးထားသော ကျောင်းအိမ်သာတစ်ခုကို သန့်ရှင်းရေးလုပ်ရန် အစောင့်များက ကျွန်တော့်အားတာဝန်ပေးသည်။ ယင်းတွင် မစင်များပြည့်ကြပ်နေသည်။ ကျွန်တော်လုပ်ရမည်မှာ ယင်းတို့ကိုဖယ်ထုတ်ပစ်ရန်ဖြစ်သည်ဟု အစောင့်များကပြောသည်။ ယင်းကိုလုပ်ရန် ကျွန်တော့်မှာရှိသောကိရိယာမှာ ကျွန်တော့်လက်များသာဖြစ်သည်။ ထိုအော့နှလုံးနာဖွယ်အလုပ်ကို ကျွန်တော်မည်သို့လုပ်ရမည်ကိုစဉ်းစားနေရင်း အစောင့်အကြီးအကဲရောက်လာကာ ခရိုင်အရာရှိက ကျွန်တော့်ကိုတွေ့လိုကြောင်း လာပြောသည်။
ကျွန်တော်ရောက်သောအခါ ခရိုင်အရာရှိက ကျွန်တော့်ဝမ်းနည်းဖွယ်အခြေအနေကိုသိသော တိုင်းပြည်သမ္မတနှင့် မကြာမီက သူစကားပြောခဲ့ကြောင်းပြောပြသည်။ တစ်နိုင်ငံလုံးရှိ ယေဟောဝါသက်သေများ၏အမည်များကို ကျွန်တော်ပေးပါက ကျွန်တော်ချက်ချင်းလွတ်ပြီး နောက်လာမည့်လေယာဉ်နှင့်ပြန်ခွင့်ရမည်ဟု သမ္မတကရှင်းပြထားသည်။ တစ်ဖန်ကျွန်တော်က ယေဟောဝါသက်သေများကို သူတို့အလိုရှိပါက ရှာဖွေရန်တာဝန်မှာ ရဲများတွင်သာရှိကြောင်းပြောလိုက်သည်။ ခရိုင်အရာရှိက သူတို့၏ကမ်းလှမ်းချက်ကို ကျွန်တော်လေးလေးနက်နက်စဉ်းစားသင့်ကြောင်းပြောသည်။ စဉ်းစားရန် အချိန်လေးငါးရက်ပေးမည်ဟုပြောပြီး ကျွန်တော့်ကိုပြန်လွှတ်လိုက်သည်။ အစောင့်က ကျွန်တော့်ကိုစောင့်ကြပ်ကာ အိမ်သာသို့မဟုတ်တော့ဘဲ အကျဉ်းထောင်သို့တန်းခေါ်သွားသည်။
ငါးရက်ကြာသောအခါ ခရိုင်အရာရှိက ကျွန်တော့်ကိုဆင့်ခေါ်ပြီး ကျွန်တော်မည်သို့ဆုံးဖြတ်သည်ကိုမေးသည်။ သူတို့၏အကျဉ်းထဲတွင် ကျွန်တော်ရောက်နေရသည့် တစ်ခုတည်းသောအကြောင်းမှာ စစ်မှန်သောဘုရားသခင်ကိုသက်သေခံခြင်းကြောင့်သာဖြစ်ပြီး မည်သည့်အမှားကိုမျှ ကျူးလွန်ခဲ့ခြင်းမဟုတ်ကြောင်း ကျွန်တော်ပြောသည်။ ကျွန်တော့်တွင် တရားဝင်နိုင်ငံကူးလက်မှတ်နှင့် နေထိုင်ခွင့်လက်မှတ်များရှိကြောင်း ရှင်းပြသည်။ ကျွန်တော့်စာရွက်စာတမ်းအားလုံးသည် မှန်ကန်မှုရှိပြီး မည်သည့်မြို့သို့ရောက်စေကာမူ ယင်းတို့သည်စည်းကမ်းဥပဒေနှင့်ညီမညီကို ရဲများ၏အကူအညီနှင့်ကျွန်တော်အမြဲစစ်ဆေးသည်။ မည်သည့်ရာဇဝတ်မှုကိုမျှကျွန်တော်မကျူးလွန်ခဲ့သည်အတွက် “ကျွန်တော်ဘာကြောင့်ပြစ်ဒဏ်ချခံရတာလဲ။ ဒီနိုင်ငံကကျွန်တော့်ကိုမလိုလားဘူးဆိုရင် ဘာကြောင့်ကျွန်တော့်ကိုပြည်မနှင်ဘဲ ဒီနေရာကိုပို့ရတာလဲ” ဟုကျွန်တော်မေးသည်။
၁၅ မိနစ်ခန့်ကျွန်တော်စကားပြောပြီးနောက် ကျွန်တော်ပြောခဲ့သည့်အချက်အလက်များကို စာရွက်ပေါ်တွင်ရေးချခိုင်းသည်။ ကျွန်တော့်အဆိုများကို သမ္မတထံတင်ပြမည်ဟုပြောသည်။ ကျွန်တော့်အားစာရွက်များပေးလာ၍ စာလေးမျက်နှာကျွန်တော်ရေးခဲ့သည်။
နောက်ဆုံးလွတ်မြောက်လာ
ယင်းကိစ္စနှင့်ပတ်သက်၍ ကျွန်တော်အကျဉ်းကျပြီး ခုနစ်လခန့်အကြာဖြစ်သော ၁၉၈၅ ခုနှစ်၊ ဇန်နဝါရီလထိ နောက်ထပ်ဘာသတင်းမျှကျွန်တော်မရခဲ့ပါ။ ထိုအချိန်တွင် ထောင်ဝါဒါခေါင်းဆောင်က ကျွန်တော့်ထံလာပြီး နိုင်ဂျီးရီးယားသံရုံးသို့စာရေးထားသလောဟုမေးရာ “ရေးထားတယ်” ဟုကျွန်တော်ပြန်ဖြေလိုက်သည်။
“ဘာကြောင့်အဲဒီလိုလုပ်တာလဲ။ ငါ့ကိုဘာကြောင့်အသိမပေးတာလဲ” ဟုသူကမေးသည်။
ယင်းကိစ္စသည် သူနှင့်မဆိုင်ကြောင်းကျွန်တော်ပြောလိုက်သည်။ သို့သော် ကျွန်တော်အကျဉ်းထောင်ရောက်ရခြင်းသည် သူနှင့်ဘာမျှမဆိုင်သည့်အတွက် သူ့ကိုဆန့်ကျင်၍ ဘာတစ်ခုမျှကျွန်တော်မရေးကြောင်း စိတ်ချစေသည်။ “ကျွန်တော်ဘယ်ရောက်နေတယ်ဆိုတာ ကျွန်တော့်အမေတောင်မသိဘူး” ဟုကျွန်တော်ပြောပြသည်။ စာကိုမည်သို့ပို့ကြောင်းသူမေးရာ ပြောပြရန်ကျွန်တော်ငြင်းဆိုခဲ့သည်။
နောက်တစ်နေ့တွင် အစောင့်များက လဲန်းဒ်ရိုဗာကားကိုပြင်ဆင်ရင်း ကျွန်တော်နှင့်ဂျဂ္ဂလီတို့ပြောင်းရွှေ့ခံရကြောင်း ကျွန်တော့်ကိုပြောသည်။ ကျွန်တော်တို့ကိုအပြင်သို့ခေါ်ထုတ်ခါ အဝတ်အစားများချွတ်ပစ်ပြီး ရှာဖွေကြသည်။ ယင်းမတိုင်မီကတည်းက ကျမ်းစာအုပ်ကို ကျွန်တော်ကျမ်းစာသင်ပေးသူတစ်ဦးထံ ပေးအပ်ခဲ့ပြီးဖြစ်သည်။ အကြောင်းမှာ ယင်းကိုကျွန်တော့်လက်ထဲတွင်တွေ့ပါက အစောင့်သိမ်းသွားမည်ကို ကျွန်တော်သိသောကြောင့်ဖြစ်သည်။ ထိုသူက သူထောင်မှလွတ်လျှင် ယေဟောဝါသက်သေတစ်ဦးဖြစ်မည်ဟု ကျွန်တော်တို့အားပြောခဲ့သည်။ ထိုသို့ဖြစ်ရန်ကျွန်တော်တို့ဆုတောင်းကြသည်။
နောက်မကြာမီမှာပင် နိုင်ဂျီးရီးယားသို့ကျွန်တော့်ကိုပြည်နှင်လိုက်ပြီး ၁၉၈၅ ခု၊ ဖေဖော်ဝါရီလတွင် ထိုနိုင်ငံ၌ နယ်လှည့်ကြီးကြပ်မှူးအဖြစ် ကျွန်တော်၏ဓမ္မအမှုဆောင်ခြင်းကို ပြန်လည်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်မှစ၍ နိုင်ဂျီးရီးယားတွင် ခရိုင်ကြီးကြပ်မှူးအဖြစ် ကျွန်တော်အမှုဆောင်သည်။ ဂျဂ္ဂလီကမူ ယခုအခါ ကုဒ်အဗွားရ်တွင် သစ္စာရှိသက်သေခံတစ်ဦးအဖြစ် အမှုတော်ဆောင်နေသည်။
အပြင်းထန်ဆုံးဖိနှိပ်ချုပ်ချယ်မှုများအောက်မှပင် ယေဟောဝါကျွန်တော်တို့ကို ထောက်မနိုင်ကြောင်း ဤတွေ့ကြုံမှုမှ ကျွန်တော်ကိုယ်တွေ့သင်ယူရရှိခဲ့သည်။ ထောင်ထဲတွင် ကိုယ်တော့်လက်တော်ကျွန်တော်တို့အား ကာကွယ်မှုပေးသည်မှာ ထပ်ခါတလဲပင်ဖြစ်သည်။ ယေဟောဝါသည် မိမိ၏ကျေးကျွန်များဘယ်ရောက်နေပြီး သူတို့မည်သို့ခံစားနေရသည်ကိုသာ သိတော်မူသည်မကဘဲ သူတို့အား စုံစမ်းခြင်းများမှမည်သို့ကယ်နှုတ်ရမည်ကိုပါ သိတော်မူကြောင်း ကျွန်တော့်လွတ်လာခြင်းက စိတ်တွင်ထင်ဟပ်စွဲမြဲစေသည်။—၂ ပေတရု ၂:၉။