အဘယ့်ကြောင့်သင်တက်ရောက်သင့်
“မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲကြီးတွင် အကျိုးရှိသည့်ဝိညာဏသွန်သင်မှုများကို သင်လက်ခံရရှိမည်။ ကမ္ဘာတစ်ခွင်ရှိမြို့တော်များတွင် လာမည့်နွေရာသီ၌ကျင်းပမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများအတွင်း ဤအစည်းအဝေးပေါင်း ၁၅၀ ကျော်ကိုကျင်းပမည်။ အများအားဖြင့် အစည်းအဝေးကို ကြာသပတေးနေ့ နေ့လည် ၁:၂၀ နာရီတွင်စတင်ပြီး တနင်္ဂနွေနေ့ညနေ ၄:၁၅ နာရီတွင် ပြီးဆုံးမည်။ စည်းဝေးကြီးအချို့၏ထူးခြားချက်မှာ ဤပျော်ရွှင်ဖွယ်အခါသမယအတွင်း မိမိတို့နေရင်းတိုင်းပြည်သို့ပြန်လာခွင့်ရကြမည့်သာသနာပြုများ၏ ပြန်ပြောပြချက်များဖြစ်သည်။
သင်သည် ငယ်ရွယ်သူ၊ အသက်ကြီးသူ—လင်ယောက်ျား၊ ဇနီးမယား၊ ဖခင်၊ မိခင်၊ ဆယ်ကျော်သက်လူငယ် သို့မဟုတ် ကလေးသူငယ်—ဖြစ်ပါစေ သင့်အားအကျိုးဖြစ်ထွန်းစေမည့် ရှင်းလင်း၍စိတ်ဝင်စားဖွယ်နည်းများဖြင့် တင်ပြသော သွန်သင်ချက်များကို သင်လက်ခံရရှိမည်။ ဥပမာအားဖြင့် ယနေ့လူများစွာမေးသည့် ဘဝ၏ရည်ရွယ်ချက်ကားအဘယ်နည်း ဟူသောမေးခွန်းဖြစ်သည်။ သောကြာနေ့နံနက်ပိုင်းတွင် ဤမေးခွန်းဆွေးနွေးခြင်းကို သင် ကြားနာရမည်ဖြစ်ပြီး ဤအကြောင်းကို အခြားသူများအားပြန်လည်ရှင်းပြနိုင်ရန် သင်လက်ခံရရှိသည့်အချက်များအတွက် သင်ဝမ်းမြောက်ပေမည်။
သောကြာနေ့မွန်းလွဲပိုင်းအစီအစဉ်တွင် “အိမ်ထောင်မင်္ဂလာကို တည်မြဲသည့်အနှောင်အဖွဲ့ဖြစ်စေခြင်း”၊ “သင့်အိမ်သားများ၏ကယ်တင်ခြင်းအတွက် ကြိုးစားအားထုတ်ခြင်း” နှင့် “မိဘများ—သင့်ကလေးများသည် အထူးအာရုံစိုက်မှုလိုအပ်” စသည့်အကြောင်းအရာများပါဝင်မည်။ ယင်းအကြောင်းများနှင့်တစ်ဆက်တည်း လူငယ်များရင်ဆိုင်ရသည့်ပြဿနာများနှင့် ယင်းတို့ကိုသူတို့မည်သို့ကိုင်တွယ်နိုင်ပုံများကို အထူးအာရုံစိုက်ကြမည်။ မိမိတို့၏ဖန်ဆင်းရှင်ကိုယခုသတိရသောလူငယ်များ အမည်ရှိခေတ်သစ်ပြဇာတ်က သူတို့ကိုအားရှိစေသင့်သည်။
စနေနေ့အစီအစဉ်က နောက်ဆုံးကာလနှင့်ပတ်သက်သည့် ယေရှု၏ပရောဖက်ပြုချက်များနှင့် အထူးသဖြင့် ကိုယ်တော့်စကားများဖြစ်သည့် “ထိုကာလ၏ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ကနဲနေသည်မိုက်လိမ့်မည်” ဟူသောအချက်ကို တင်ပြမည်ဖြစ်သည်။ (မဿဲ ၂၄:၂၉) ထို “ဒုက္ခဆင်းရဲ” မည်သည့်အချိန်တွင်ဖြစ်ပျက်မည်နှင့်ပတ်သက်၍ ဆွေးနွေးခြင်းကို သင် ကြားနာလိုမည်။ စနေနေ့အစီအစဉ်က ခေတ်သစ်ယေဟောဝါသက်သေများ၏မှတ်တမ်းများကို ပြန်လည်တင်ပြပြီး သူတို့၏အောင်မြင်မှုများကိုဖော်ပြမည်ဖြစ်သည်။
တနင်္ဂနွေနေ့တွင်လည်း အလွဲမယူကြနှင့် ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ အမည်ရှိ နောက်ပြဇာတ်တစ်ခုက ယနေ့ခေတ်စားနေသည့်ဗွီဒီယိုနှင့်တေးဂီတများကြောင့် ခရစ်ယာန်တစ်ဦး၏သမာဓိ စိန်ခေါ်ခံရသည်ကို ဖော်ပြမည်။ မွန်းလွဲပိုင်းလူထုဟောပြောချက်တွင် “ခဲယဉ်းသည့်ကျွန်ုပ်တို့အချိန်တွင် အကူအညီဖြစ်စေသောသွန်သင်ချက်” ခေါင်းစဉ်ပါအကြောင်းကို ကြားနာရမည်။ အစီအစဉ်ကို “မြင့်မြတ်သည့်သွန်သင်ခြင်းကို ဆက်၍ကိုင်စွဲထားလေ” ဟူသောသွန်သင်ဆုံးမမှုဖြင့် နိဂုံးချုပ်မည်။
လေးရက်လုံးတက်ရောက်ခြင်းအားဖြင့် သင်အကျိုးခံစားရမည်မှာ သေချာသည်။ တက်ရောက်ရန် သင့်အားလှိုက်လှဲစွာခေါ်ဖိတ်ပါသည်။ သင့်အိမ်နှင့်အနီးဆုံးကျင်းပရာကိုသိရန် သင့်ဒေသရှိယေဟောဝါသက်သေများ၏နိုင်ငံတော်ခန်းမသို့ ဆက်သွယ်ပါ သို့မဟုတ် ဤမဂ္ဂဇင်းထုတ်ဝေသူများထံစာရေးပါ။ သို့မဟုတ် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဗြိတိန် နှင့် အိုင်ယာလန်နိုင်ငံများတွင် အစည်းအဝေးကျင်းပမည့်နေရာများပါရှိသည့် June 8 issue of Awake!, ကိုကြည့်ပါ။
ပါ။